Tuesday, August 10, 2010

လူညွန့်ခူးချိန်

လူညွန့်ခူးချိန်
ကိုမွှေး

စိတ်ပြေလက်ပျောက်မရှိမှုတွေ ခံတွင်းတွေ့လှလွန်းပြီ
စိတ်ရဲ့လန်းဆန်းမှုတွေ ချဉ်ဖတ်အိုးထဲခွေခေါက်
စိတ်ပျက်လက်ပျက်ကိစ္စတွေချည်းပဲ ပန်းဝင်ကုန်ကြသလိုလို
ဟုတ်စ ...။

ဒီမှာ နာတာရှည်ဆင်းရဲခြင်းကို
သီဟရာဇာ ပဉ္စငါးပါး ကျိုသောက်လို့လည်း
ပျောက်ဖို့ ကြိုးစားခဲ့ဖူးပြီးပြီ ...။

အဲဒီမှာ အာလုတ်မကျင်းတဲ့ ပါးစပ်တွေက
တရေးနိုးထ
ပြောကြတယ် ...
သူတို့ပြောကြတယ်......
ပြောပြီးရင်း ပြောနေတဲ့ကောင်တွေကြားက
ပြောပြောဆိုဆို ထပြောရုံ အားမရလို့
တချို့ဆို ခုန်ပြောကြတယ် ...။

ဖုန်တောင်မထပါဘူး
ဖုန် လေး တစက်တောင် ထ မသွားပါဘူး
သို့ပေသည့် ပြောကြတယ် ...။

ရွေးကောက်ပွဲ ...
ဒီမိုကရေစီ ...
... စသည်ဖြင့် ...။

ဘိုင်စကုတ်လက်မှတ် တန်းစီရင်း
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့ သိပ်ချစ်တဲ့ တို့ မင်းနောက်မှာလို့
တင်ကိုင် ခါးကိုင် လုပ်ပြီး
ကြော်ငြာအထိုးမှာ
အမှောင်ထုအားကိုးနဲ့
ရည်းစားကို
နသားပါးယားလုပ်ဖို့ ကြိုးစားတဲ့ လူပျိုပေါက်လောက်တောင်
စွန့်စားမှုမရှိတဲ့ အပြောတွေနဲ့ ပြောကြတယ်
အဲသလို အားကိုးလောက်စရာကောင်းပုံတွေနဲ့ ...။

ဒီမယ် ... လူညွန့်ခူးဖို့ဆိုတာ
လိမ္မော်သီးဆွတ်သလို မန်ကျည်းသီးလှုပ်သလို
လုပ်လို့ရတဲ့အမျိုးမှမဟုတ်တာ ကိုယ့်လူတို့ရယ် ...။

မင်းတို့ခူးသမျှ
မိန့်မိန့်ကြီးခွတုတ်မယ့်
အ၀ယ်ဒိုင်က
စတိုင်အပြည့်နဲ့
အေ့ကနဲ ...
နိုင်ငံခြားဖြစ် အရည်သွေးမြင့် ယမကာနဲ့ ဖော်စပ်ထားတဲ့
လေချဉ်ကလေးတောင် တက်နေသေး ။ ။

ကိုမွှေး

3 comments:

seinnmyanaddy said...

ကောင်းလိုက်တဲ့ကဗျာလေး။

Unknown said...

မကောင်းပါဘူး။ အတုကြီး။။

Unknown said...

ထပ်ပြောမယ် ကိုယ်ကျရှုံးခဲတိုင်း အရာရာကို အငေါ်မတူးနဲ့။ ကိုယ်ရွေးခဲ့တဲ့လမ်းပါ။ ဘယ်သူမှ ရိုက်မပုတ်လိုက်ပါဘူး။