Friday, August 27, 2010

ထိပ်တန်းစစ်ဘက်ဆိုင်ရာ အကြီးအကဲများ စစ်ဘက်ရာထူးမှ နှုတ်ထွက်ကြောင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏သား ဦးအောင်သက်မန်း အတည်ပြုပြောကြား

ဒီဗွီဘီ (၂၇-၈-၂၀၁၀)
မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် မြန်မာစစ် တပ် ထိပ်ပိုင်းခေါင်းဆောင်တွေ စစ်ဘက်ရာထူးကနေ နှုတ်ထွက်သွား တယ်လို့ ရန်ကုန်နဲ့ နေပြည်တော် စစ်တပ်အသိုင်းအ၀ိုင်းအရ သိရပါတယ်။ မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ဗိုလ်ချုပ်တွေ အများအပြား စစ်ဘက်ရာထူးကနေ ဒီကနေ့မှာ နှုတ်ထွက်လိုက်ရတယ်လို့ မြန်မာစစ်တပ်အသိုင်းအ၀ိုင်းက သိ ရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယကာကွယ်ရေး ဦး စီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှုတ်ထွက်တယ်လို့ ရန်ကုန်က လာတဲ့ သတင်းများအရ သိရပေမယ့် သီးခြားအတည်ပြုချက်တော့ မရရှိပါ ဘူး။

ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ အရေးအပါဆုံး နေရာကို တာဝန်ယူထားတဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း တပ်မတော်ကနေ အနားပေးတဲ့အထဲမှာ ပါဝင်တယ်လို့ ဗိုလ် ချုပ်ကြီး သူရရွှေမန်းရဲ့ သားဖြစ်သူ ဦးအောင်သက်မန်းက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ နိုင်ငံတော် ကနေ တပ်မတော်သားအဖြစ် မလိုအပ်တဲ့အချိန်မှာ နှုတ်ထွက်ခွင့်ပြုတဲ့အတွက် ကျေကျေနပ်နပ် လက်ခံပါ တယ်လို့ အခုလို ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ ဒါကတော့ နိုင်ငံတော်ရဲ့ အစီအစဉ်အတိုင်း ဖြစ်ပါလိမ့်မယ်။ အဲဒီဟာကတော့ နိုင်ငံတော်ရဲ့ လို အပ်ချက်ပဲ။ ကျနော်တို့အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူး။ အခုလက်ရှိ မူလတုန်းက စစ်သားဖြစ်ခဲ့တဲ့ ကျ နော်တို့ စစ်သားသားသမီးတွေအနေနဲ့ပဲ လက်ခံနေတယ်”

“ပြီးတော့ နိုင်ငံတော်ရဲ့လိုအပ်ချက်အရ လိုအပ်ချက်အတိုင်း နိုင်ငံတော်က မလိုအပ်တော့ဘူးဆိုတဲ့ အချိန်ကျ ရင်လည်း မလိုသလိုဘဲ ကျနော်တို့ကတော့ ကျေကျေနပ်နပ် လက်ခံပါတယ်”

မြန်မာစစ်အစိုးရပိုင် သတင်းဌာနတွေကတော့ အခုလို စစ်တပ်အကြီးအကဲတွေ အများအပြား နှုတ်ထွက်လိုက် တဲ့ သတင်းကိုတော့ ယခုအချိန်အထိ ကြေညာထုတ်ပြန်တာ မရှိသေးပါဘူး။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောင်တက်လာမယ့် လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံ မှာဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ ဒုတိယသမ္မတများ ဖြစ်မယ် လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

“အဲဒါကတော့ ရွေးကောက်ပွဲရဲ့ သူ့ရဲ့ဥပေဒေအတိုင်းပဲဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပေဒေမှာ အားလုံး လွှတ်တော်ကိုယ်စားလှယ်တွေ ၀င်ပြိုင်ရမယ်။ ပြိုင်ပြီးမှ အဲဒီမှာ ကိုယ်စားလှယ်အ ချင်းချင်းကနေ ပြန်လည်ရွေးချယ်တင်မြှောက်မှသာလျှင် ဆိုတဲ့ဟာပါတယ်။ အဲတော့ အဲဒီသတင်းတော့ မဖြစ် နိုင်ဘူး”

ဦးအောင်သက်မန်းကတော့ ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကနေ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ဒီသတင်း မမှန်ပါဘူးလို့ ငြင်းဆိုသွားပါတယ်။

No comments: