Saturday, July 10, 2010

ပြောင်းလဲချင်စိတ်သာ ပဓာနပါ

မောင်ဂဒိုး

စကြာဝဠာကြီးအတွင်းမှာ အရာခပ်သိမ်း ဖြစ်ပျက်ပြာင်းလဲနေကြတာပါ။ လူ့လောကနဲ့ လူမှုဘဝတွေဟာလည်း တည်မြဲတယ်ရယ်လို့မရှိ၊ အစစ ဖြစ်ပျက်ရွေ့လျော ချုပ်ငြိမ်းပျောက်ကွယ်နေကြပါတယ်။ အတည်မကျတဲ့ လောကသဘာဝပါ။ တရွေ့ရွေ့ဖြစ်စဉ်ဆိုတော့ ပြောင်းလဲတယ်လို့ မမြင်နိုင်ဘူး။ တည်မြဲနေတယ်လို့ ထင်ကြ တယ်။ ပျက်နေတာမြင်နေလျက်နဲ့ပဲ ရက်တွေကြာတယ်လို့ထင်တယ်။ မျက်စေ့တမှိတ် ခေါင်းတညိတ်အတွင်း မှာ မလိုချင် မမြင်ချင်တာအားလုံး ဘုံးဘုံးလဲကွယ်ပျောက်စေချင်ကြတယ်။ ပုထုဇဉ်များရဲ့သဘာဝပါပဲ။

ဖြစ်စေချင်တာအားလုံး ဖြစ်မလာရသေးတာကတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု လျော့နည်းနေသေးလို့ ဖြစ် ရင်ဖြစ်၊ ဒါမှမဟုတ် အချိန်မကျသေးလို့။ အစွမ်းကုန် ကြိုးစားအားထုတ်ပြီးရင်တောင် အခြေအနေပြောင်းလဲဖို့ အတွက် ရင့်မှည့်တဲ့အချိန်အခါကို စောင့်ရပါတယ်။ ဘေးပယောဂဆိုတာ အနည်းအကျဉ်းပဲဆိုင်ပါလိမ့်မယ်။ လူ့ အဖွဲ့အစည်းတခုလုံးနဲ့ ဆိုင်တဲ့ကိစ္စဆိုရင်လည်း လူအများစု ကိုယ်စီတာဝန်ကျေပြွန်မှုရှိဖို့ လိုအပ်ပါတယ်။ “လူ မှုတော်လှန်ရေးတခု ဆင်နွှဲအောင်မြင်တယ်ဆိုတာ လူ့အဖွဲ့အစည်းတခုလုံး ပူးပေါင်းပါဝင်ကြလို့” လို့ သမိုင်းမှာ ဆိုပါတယ်။

ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းက “တော်လှန်ရေးအောင်မြင်ဖို့ အခြေခံက တော့ လူထုကြီးရဲ့နိုးကြားထကြွမှု၊ တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲ ဆိုတဲ့အပေါ်မှာတည်ပါတယ်” လို့ပြောခဲ့ပါတယ်။ ဒါ့ကြောင့် အရည်အချင်းရှိရုံမက တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ဘဝနဲ့ အသက်ကိုတောင် ပေးအပ်ထားကြ တဲ့ ဒီမို ကရေစီနဲ့ လူ့အခွင့်အရေးခေါင်းဆောင်တွေ ရှိနေပါလျက်နဲ့ ရည်မှန်းချက်ပန်းတိုင် မရောက်ရသေးတာ ဟာ ပြည်သူလူထုအတွင်းမှာ လိုအပ်ချက်တွေ ရှိနေသေးလို့ ဒါမှမဟုတ် အချိန်မကျသေးလို့ ဆိုတဲ့သဘောပါ ပဲ။

တဦးတယောက် တသင်းတဖွဲ့ အားနည်းညံ့ဖျင်းလို့၊ ခေါင်းဆောင်လုပ်တဲ့သူ တာဝန်မကျေပြွန်လို့ ... စသဖြင့် တော့ ယူဆလို့ရမယ်မထင်ပါဘူး။ အတိတ်မှာ အန်အယ်လ်ဒီခေါင်းဆောင်အချို့ရဲ့ အားနည်းချက်၊ ချို့ယွင်း ချက်တွေ ရှိခဲ့ပေမယ့် အဲဒါဟာ ပြည်သူလူထုလက်ထဲကို အာဏာမရောက်ရသေးတာရဲ့ အဓိကတရားခံလက် ညှိုးထိုးစရာတော့ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့အခါတိုင်း၊ အခြေအနေက တောင်းဆိုတဲ့အခါ တိုင်း၊ မတရားတဲ့ အုပ်ချုပ်မှုကို တော်လှန်ဆန့်ကျင်ခဲ့ကြတာတွေကိုထောက်ရှုရင်တော့ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များနဲ့ ကျောင်းသားပြည်သူ၊ သံဃာတော်များပါမကျန် အားလုံးတာဝန်ကျေပြွန်ကြတယ်လို့ ယေ ဘုယျအားဖြင့် ဆိုရပါမယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒပေးသူ ၈၀ % ကျော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးထောက်ခံခဲ့ကြတာမို့ ပြည်သူတွေ နိုင်ငံရေးအသိ နိုးကြားတက်ကြွမှုမှာလည်း နောက်တန်းမကျဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အနှစ် (၂၀) ကျော်ကြာတဲ့တိုင် ပြည်သူတွေလက်ထဲ အာ ဏာရောက်မလာနိုင်သေးတော့ ပုထုဇဉ်သဘာဝ အကြောင်းပြစရာ လက်သည်တရားခံ ရှာချင်လာကြတယ်။ တကယ်တော့ အရွေးကောက်ခံထားရတဲ့ အစိုးရရှိပါလျက်နဲ့ အာဏာလွှဲမပေးတဲ့ အဆင့်မရှိ အောက်တန်းကျ လှပြီး ညစ်ပတ်စုတ်ပဲ့တဲ့ နအဖမှတပါး ဘယ်သူ့ကိုမှ လက်ညှိုးထိုး အပစ်ဆိုဖို့မရှိပါ။

ဒါကြောင့် တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ အမြင်အယူအဆ လုပ်နည်းလုပ်ဟန် နည်းဗျူဟာ ဘယ်လိုပင် ကွာခြားနိုင် ပေမယ့် အခြေခံအကြောင်းတရား မဟာဗျူဟာအနေနဲ့ကတော့ “အရည်အချင်းမရှိ၊ လူချင်းမတူတဲ့ အစိုးရ” ဖြစ်တဲ့ နအဖကို တွန်းလှန်ဖြိုဖျက်ဖို့သာလျှင်ဖြစ်တယ်။ နအဖလုပ်သမျှ ပြည်သူအကျိုးပါတာမဟုတ်လို့ နအဖ ရဲ့ မတရားတဲ့ ဥပဒေ၊ မတရားတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတရပ်လုံးက အမြဲဆန့်ကျင်နေဖို့ လိုပါတယ်။ ဒါဟာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတိုင်းရဲ့အနိမ့်ဆုံးတာဝန်ပါ။ ဒီတာဝန်ကို လက်တွေ့ထမ်းရွက်ရမယ့်အချိန် မကြာခင်ရောက်လို့လာတော့မှာဖြစ်ပါတယ်။

နအဖလုပ်ရပ် မှန်လိမ့်နိုးနိုး ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်တာ၊ စောင့်ကြည့်ဖို့လိုပါတယ် စသဖြင့် ပြောတာတွေ ဟာ ငုံးကလေးများ အမြီးပေါက်နိုးနိုးနဲ့ စောင့်ကြည့်နေရသလိုမျိုးမို့ အချိန်ဖြုန်းတီးမှုသက်သက်ပဲဖြစ်ပါတယ်။ အမှားအမှန် ဝေခွဲမရသူတွေ၊ အခွင့်အရေးမျှော်သူတွေ၊ ပြည်သူလူထုအရေး သစ္စာဖောက်သူတွေရဲ့ အလုပ် သာ ဖြစ်ပါတယ်။ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနဲ့ မှန်ကန်တဲ့ ခေါင်းဆောင်များအဖို့ကတော့ ပြည်သူ လူထုထဲဝင်ရောက်ပြီး ထိထိရောက်ရောက် ပညာပေး စည်းရုံးလှုပ်ရှားရမယ့် အချိန်ပါ။ ဒီမိုကရေစီအရေးမှာ ပြည်သူတွေဘက်ကလည်း အမှန်တကယ် တာဝန်ကျေပြွန်ပါတယ် ဆိုတာကိုတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ သာ မှတ်ကျောက်တင်ရမှာ ဖြစ်တယ်လို့ ဆိုချင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အစိုးရကို ပြည်သူလူထုက မကြောက်မရွံ့ ဘယ်လောက်အထိ ဆန့်ကျင် အာခံနိုင်မလဲ ဆိုတာကိုပြဖို့ စိန်ခေါ်တဲ့ပွဲလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တပြည်လုံးအတိုင်းအတာအထိ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်ကြောင်း ပြသနိုင်တဲ့ အခွင့်အရေးမို့ အမိအရ ဆုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဥပဒေ ဘောင်အတွင်းက မိမိရဲ့ရပိုင်ခွင့်ဖြစ်တဲ့ မဲမပေးပဲနေခြင်းအားဖြင့် နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ ကြောင်း ဖော်ပြဖို့လိုအပ်ပါတယ်။ သေနတ်ပြောင်းဝကို ရင်ဆိုင်စရာမလိုဘဲ၊ တရားဥပဒေကို ဆန့်ကျင်စရာမလို ဘဲ မိမိရဲ့မလိုလားမှုကို ဥပဒေဘောင်အတွင်းက အေးအေးဆေးဆေး ပြသနိုင်တဲ့ အခွင့်အရေးပါ။

လက်ဝယ်ရောက်လာတဲ့ ဒီတာဝန်ကိုကျေပြွန်မှသာ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီကို တကယ်လိုချင် ကြောင်း၊ ထိုက်တန်ကြောင်း၊ ပြည်သူတွေဘက်က လိုအပ်ချက်မရှိကြောင်း ပြသရာရောက်မှာပါ။ ဒီလိုမှမ ဟုတ်ဘဲ ပါးစပ်က ဟောင်ဖွာဟောင်ဖွာ ပြောရုံနဲ့တော့ နအဖက အိပ်ရေးပျက်တယ်လို့ပဲ သဘောထားမှာ၊ အ ရေးလုပ်မှာမဟုတ်ပါဘူး။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတာကိုတောင် ဂရုမစိုက်ဘူးဆိုတာ နေအိမ်အကျယ်ချုပ်ကျ ခံနေရသူတွေ၊ နှစ်ရှည်ထောင်ကျခံနေရသူတွေက သက်သေခံနေပါတယ်။

နအဖဟာ အာဏာကို ရာသက်ပန်ဆုတ်ကိုင်ထားနိုင်ဖို့အတွက် စီမံကိန်းချဆောင်ရွက်နေတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို ရောင်းလို့ရတဲ့ ဒေါ်လာငွေတွေကို နိုင်ငံခြားမှာ ခိုးဖွက်ထားတယ်။ အာဏာကို ချုပ်ကိုင် ထားတဲ့ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများနဲ့ အစိုးရရုံးများကို ပျဉ်းမနားကြပ်ပြေးကို ရွှေ့ပြီး နေပြည်တော်ရယ်လို့ မြို့သစ်တည် အခန့်သားနေတယ်။ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံနဲ့ လုပ်ငန်းကြီးတွေကို ပုဂ္ဂလိကပိုင် လုပ်သလိုလိုနဲ့ သူတို့နဲ့ အလွမ်းသင့်ရာ ခေတ်ပျက်သူဌေးတွေနဲ့ ဝိသမလောဘသား ဘိန်းဘုရင်တွေဆီ ထိုး အပ်တယ်။ အကုန်ကျများလှတဲ့ မြေအောက်လိုဏ်ခေါင်းများကို ပြည်သူအကျိုးမပါဘဲ သူတို့ပုန်းခိုရှောင်ရှားဖို့ အတွက် ဖောက်လုပ်ထားတယ်။ ငွေကုန်ကြေးကျသာမက အန္တရာယ်ပါများလှတဲ့ နျူကလီးယားလက်နက်စီမံ ကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်။

ဒီတော့ သဘောမတူဆန့်ကျင်ကြောင်း လမ်းထွက်ဆန္ဒပြ အော်နေရုံနဲ့တော့ နအဖက အာဏာလွှဲအပ်ပြီး ဆင်း ပေးလိမ့်မယ်မဟုတ်ဘူး။ နေရာတိုင်းမှာ တတ်နိုင်သမျှ ပြည်သူလူထုက အာခံဆန့်ကျင်နေမှ သူတို့လုပ်ရပ်ကို ဟန့်တား နှောင့်ယှက်ရာ၊ သူတို့ယန္တရားကို ဖြိုဖျက်ရာ၊ သူတို့ကို ဖိအားပေးရာရောက်မှာပါ။ အဆိပ်မရှိရေမြွေ လို တုံ့ပြန်တတ်တဲ့ အကျင့်မရှိဘဲ၊ ယုံကြည်ချက်မရှိ ကိုယ်ကျိုးလိုတဲ့အခါတိုင်းလည်း လက်နောက်ပစ် ခေါင်းငုံ့ ပြီး ကပ်ပါးရပ်ပါး လုပ်တတ်တဲ့ ပြည်သူတွေများနေလို့ကတော့ ဒီမိုကရေစီအရေးဟာ ရွှေပြည်တော်မျှော်တိုင်း ဝေး ဖြစ်နေလိမ့်မယ်။ ဒီပြည်သူတွေ သတ္တိရှိရှိ ဆန့်ကျင်အာခံနိုင်ဖို့ကိုတော့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ များနဲ့ နိုင်ငံရေးပါတီ၊ အဓိက NLD ပါတီတို့က ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးလှုံ့ဆော်ပညာပေးရမှာဖြစ်ပါတယ်။
တကယ်တော့ ပြည်သူကိုကိုယ်စားပြုတဲ့ ပြည်သူ့ပါတီတရပ်ဟာ ပြည်သူထဲမှာရှိနေရမှာပါ။

ဒါမှ မိမိရဲ့ရပ်တည်ချက်ကို ပြည်သူလူထုထံ အမြဲတမ်းချပြပြီး ပြည်သူလူထုရဲ့လိုအပ်ချက်ကိုလည်း နားစွင့် ဖြည့်ဆည်းပေးနေနိုင်တာမို့၊ ပြည်သူလူထုရဲ့အသည်းနှလုံးကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိမှာပါ။ မိမိခေါ်ဆောင်ရာ နောက်ကို ပြည်သူလူထု ထပ်ချပ်မကွာ လိုက်ပါလာနှိုင်မှာပါ။ ဒါမှ ပြည်သူ့အာဏာပိုင်စိုးတဲ့ ပြည်သူ့အစိုးရဖြစ် လာမှာပါ။ အခုအချိန်ဟာ NLD အဖို့ “တိုင်းချုပ်ထားတဲ့ ကမ္ဗလာ မိုးရွာတာနဲ့ အတော်ပဲ” ဆိုသလို နအဖရဲ့ ကျေးဇူးတော်ကြောင့် လူထုကြားကို အလိုလိုရောက်သွားပါပြီ။

နိုင်ငံရေးပါတီထောင်ပြီး စည်းရုံးရတာကမှ တကူးတက ဆန်နေသေးတယ်။ လူထုလိုအပ်ချက်တွေ ဖြည့်ဆည်း ပေးရင်း၊ လူထုအသံ နားထောင်ရင်းနဲ့ လုထုကို စည်းရုံးပညာပေး၊ နိုင်ငံရေးအသိမြှင့်တင်ပေး စတဲ့အလုပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရမှာဖြစ်တယ်။ ဒါတွေဟာ အခြေခံအကျဆုံးနဲ့ အလုပ်သင့်ဆုံး နိုင်ငံရေး အလုပ်ပဲဖြစ်တယ်။ ပြည်သူလူထု နိုင်ငံရေးအသိမြင့်မားမှသာ ကိုယ်စီတာဝန်ယူမှုကြီးမားပြီး နအဖကို မြန်မြန် ဖြိုလှဲနိုင်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို မြန်မြန်ရောက်မှာ၊ ရရှိပြီးသား ဒီမိုကရေစီတည်တန့်ခိုင်မြဲမှာဖြစ်ပါတယ်။

ယုတ်မာပက်စက်တဲ့ နအဖကို တော်လှန်ဆန့်ကျင်ရာမှာ ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး တရားပါတယ်။ လူစု လူဝေး အုံနဲ့ကျင်းနဲ့ လမ်းပေါ်ထွက်ဆန္ဒပြ တိုက်ပွဲဖော်တဲ့နည်းနဲ့လည်း ဆန့်ကျင်နိုင်ပါတယ်။ ဒါပေမယ့် နအဖ က ရက်စက်ယုတ်မာလွန်းတော့ ထက်မြက်ပြီး စွန့်လွှတ်စွန့်စားတဲ့ ခေါင်းဆောင်တွေ ဆုံးရှုံးရတာ၊ နေအိမ်အ ကျယ်ချုပ်ကျခံရာကနေ၊ နှစ်ရှည်ထောင်ဒဏ်ကျခံရာကနေ၊ ပြန်လွတ်မြောက်အောင်တောင် ဘယ်သူမှလုပ်မ ပေးနိုင်သေးတာကြောင့်မို့၊ ဒီနည်းကိုချည်း ထပ်ခါကျင့်သုံးဖို့ဆိုတာ လက်တွန့်စရာဖြစ်လာပါတယ်။

တကယ်တော့လည်း အာဇာနည် လူနည်းစုလေးရဲ့အားကိုချည်း အသုံးချအားကိုးမနေသင့်ဘဲ လူထုအားကို တွင်တွင်ကျယ်ကျယ် အသုံးချနိုင်အောင် ကြိုးစားအားထုတ်တာ၊ နအဖကို လူထုက လုပ်ငန်းခွင်တိုင်းမှာ ကျယ် ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုမျိုးပြုလုပ်အောင် စည်းရုံးလှုပ်ရှားတာ ... စတာတွေကသာ အထိရောက်ဆုံးနဲ့ အမှန် ကန်ဆုံးပါ။

လူထုအားကို ထိရောက်အောင် အသုံးချနိုင်မှု နည်းသေးလို့သာ၊ တနည်းအားဖြင့် ပြည်သူလူထု ကိုယ်စီတာဝန် ယူမှု နည်းနေသေးလို့သာ အာဇာနည်ပုဂ္ဂိုလ်များရဲ့ ပေးဆပ်ရမှုဟာလည်း များနေတာလို့ ယူဆမိပါတယ်။ လူ တိုင်းလူတိုင်းဟာ မဟုတ်တာမမှန်တာကို မလုပ်ကိုင်ရုံသာမက အားပေးထောက်ခံမှုလည်းမရှိဘူးဆိုရင် မ ဟုတ်တာတွေနဲ့သာ လုံးထွေးရစ်ပတ်နေတဲ့ နအဖ ဘယ်လိုလုပ်ပြီးတည်မြဲနိုင်မလဲ။ အာဇာနည်ပုဂ္ဂိုလ်ဆိုတာ လူအများအတွက် အနစ်နာခံဆောင်ရွက်ဖို့ ဖြစ်ထွန်းလာရတာပါလို့ ဆိုချင်ရင်ဆိုနိုင်ပေမယ့် ကိုယ့်သွေးသား ဆိုတဲ့အနေမျိုးနဲ့ စဉ်းစားကြည့်မယ်ဆိုရင် စာနာစိတ်တွေပေါ်လာပြီး သူတို့ထမ်းရွက်တဲ့ တာဝန်တွေကို မျှဝေ ယူချင်စိတ်တွေ ဖြစ်ပေါ်လာမှာ အမှန်ပါပဲ။

ဒါကြောင့် အန်အယ်လ်ဒီပါတီအနေနဲ့ ပြည်သူလူထုအတွင်းမှာ စာနာစိတ်နဲ့အတူ အမှန်တရားကို မြတ်နိုးစိတ်၊ နိင်ငံအကျိုးသယ်ပိုးလိုစိတ် ... စတာတွေ ဖြစ်ထွန်းလာအောင် ပညာပေးစည်းရုံးလှုံ့ဆော်ဖို့ အလွန်လိုအပ်ပါ တယ်။ လူထုကိစ္စတွေဆောင်ရွက်ရင်းနဲ့ လူထုကြားထဲရောက်သွားရတာဟာ “ချိန်ခါအသင့် ပန်းနှယ်ပွင့်” ဆို သလို အချိန်ကိုက်ဖြစ်ပေါ်လာတာပါ။ သဘာဝတရားကိုက ရှောင်လွှဲလို့မရတဲ့နည်းနဲ့ ပို့ပေးလိုက်တာမို့ သမိုင်း ပေးတာဝန်လို့ သဘောထားပြီး လက်လွှတ်မခံဘဲ ထိထိရောက်ရောက် ဆောင်ရွက်သင့်လှပါတယ်။

ဖြစ်ထွန်းလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်မယ်ဆိုရင် ပြည်သူလူထုဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်နိုင်လာကြပါလိမ့်မယ်။ မတရားမှု၊ အကျင့်ပျက်ချစားမှုတွေ ပြွမ်းတည်းနေတဲ့ နအဖ ဒေါက်တိုင် ဝန်ထမ်းဘဝကကို စွန့်လွှတ်နိုင်လာကြပါလိမ့်မယ်။ စစ်မှုထမ်းများထဲက သေနတ်ပြောင်းဝကို စစ် ဗိုလ်ချုပ်ကြီးများဘက်ကိုလှည့်မယ့် သူရဲကောင်းစစ်သည်များ ပေါ်ထွန်းလာပါလိမ့်မယ်။ နအဖကို ရပ်တည်လို့ ရအောင် ပံ့ပိုးဝန်းရံနေတဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ခေတ်ပျက်သူဌေး ဝိသမလောဘသား များကို ရွံရှာဆန့်ကျင်လာကြပါလိမ့်မယ်။ နအဖ ကမကထပြု ဆောင်ရွက်တာမှန်သမျှ ဘောလုံးပွဲအစ ရာသီ အလိုက်ကျင်းပတဲ့ ပွဲလမ်းသဘင်အလယ်၊ ကတ္တရာခင်း လမ်းပြင်တာအဆုံး အားလုံး ကျီးနှင့်ဖုတ်ဖုတ် ဆိုသလို ဖြစ်လာပါလိမ့်မယ်။

ပြည်သူက အအုပ်ချုပ်မခံသမျှ ဘယ်အစိုးရမှ မတည်မြဲနိုင်ပါဘူး။ လမ်းပေါ်ထွက်ဖို့မလိုပါဘူး။ တဦးချင်းဆီ မိမိ အခွင့်အရေးရှိသလောက် မတရားတဲ့ ဥပဒေအမိန့်ဟူသမျှ အာခံဆန့်ကျင်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြည်သူကြားမှာ နအဖကို အမှန်တကယ် ဆန့်ကျင်ပြောင်းလဲပစ်လိုတဲ့ စိတ်မျိုး ဖြစ်ပေါ် လာအောင် ထိထိရောက်ရောက် မျိုးစေ့ချပေးဖို့ တိုက်တွန်းတင်ပြလိုက်ရပါတယ်။

မောင်ဂဒိုး

No comments: