ရေးဖြစ်ခဲ့သော မြားနတ်မောင် တာဝန်ခံအယ်ဒီတာစကား (၃)
အမြင်များပြောင်းလဲရေးနှင့် အိဒ်စ်ရောဂါပြဿနာ
ဒေါက်တာလွဏ်းဆွေ
အမြင်များပြောင်းလဲရေးနှင့် အိဒ်စ်ရောဂါပြဿနာ
ဒေါက်တာလွဏ်းဆွေ
ယခုအခါ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (Acquired Immune Deficiency Syndrome) ဖြစ်ပွားမှုပြဿ နာသည် တကမ္ဘာလုံး ရင်ဆိုင်ဖြေရှင်းရမည့် ထိပ်တန်းပြဿနာတရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။
၂၀၀၁ ခုနှစ် ဇွန်လ (၂၅) ရက်နေ့က ကျင်းပခဲ့သော အိဒ်စ်ရောဂါဆိုင်ရာ ကုလသမဂ္ဂ အထူးညီလာခံ ဖွင့်လှစ်ပွဲ အခမ်းအနား၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအနန်က အိဒ်စ်ရောဂါကြောင့် ယခုအချိန်အထိ ကမ္ဘာတ၀ှမ်းလုံးတွင် လူပေါင်း (၂၂) သန်းအထိ အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊ အိဒ်စ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်မှုရရှိစေရေးအတွက် ယင်းရောဂါနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ကြရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြောကြားသွားပါသည်။
အိဒ်စ်ရောဂါ ဖြစ်ပွားမှုပြဿနာကို မိမိတို့အနေဖြင့် ကိုယ်ကျင့်တရား ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း၊ အိဒ်စ် ရောဂါ ကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိတည်ရှိနေမှုများကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်း ဆန်ခြင်းဖြင့်လည်းကောင်း ယင်းပြဿနာကို မဖြေရှင်းနိုင်ကြောင်း၊ အိဒ်စ်ရောဂါဝေဒနာ ခံစားနေရသူများအား ချိုးနှိမ်ဆက်ဆံခြင်း၊ အရှက်တကွဲ အကျိုးနည်းအောင် ပြုလုပ်ခြင်း၊ အမှားဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြင့်လည်း ယင်းပြဿနာမှာ ပြီးပြတ်မသွားနိုင်ကြောင်း … စသည်ဖြင့် စဉ်းစားဖွယ်ရာ အချက်အလက်များကို ထည့်သွင်းပြောကြားသွားပါသည်။
*****
အိဒ်စ်ရောဂါ ဖြစ်ပွားမှုတွင် အထူးသဖြင့် အိဒ်စ်ရောဂါကူးစက်စေသည့် ဘေးအန္တရာယ်၏ ပကတိ တည်ရှိနေမှု များကို အသိအမှတ်ပြု ရင်ဆိုင်ဖြေရှင်းရန် ငြင်းဆန်ခြင်းသည် ရောဂါဖြစ်ပွားမှုနှုန်းကို ပိုမိုမြင့်မားစေသည့် အဓိ ကအချက်ဟု ထင်မြင်မိပါသည်။ အဆိုပါ ရင်ဆိုင်ဖြေရှင်းရမည့် ပကတိ တည်ရှိမှုများထဲတွင် ရောဂါကူးစက်မှု နှုန်းထား အများဆုံးဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာနှင့် လိင်အပျော်အပါး လိုက်စားခြင်းပြဿနာတို့ ကို ကိုင်တွယ်ဖြေရှင်းရေးသည် အထူးအရေးကြီးလှသည်ဟု ထင်မိပါသည်။မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာကို ဖြေရှင်းရာတွင် ရောင်းသူရှိ၍ ၀ယ်ယူသုံးစွဲမှုရှိနေခြင်းအပေါ် မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဖမ်းဆီးအရေးယူကာ အပြစ်ပေးခြင်းထက် စည်းရုံးသိမ်းသွင်းဖော်ထုတ်ပြီး စနစ်တကျ ဆေး ၀ါးကုသပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခဲ့သူများကို မနှစ်မြို့ဖွယ်ရာ လူများအဖြစ် မရှုမြင်စေရန် လူ့အဖွဲ့အစည်း သို့ ပညာပေးခြင်း၊ ဆေးကုသမှုခံယူပြီးသူများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ပါဝင်လှုပ်ရှားလာစေရေးအ တွက် စနစ်တကျ ပြန်လည်ထူထောင်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ပါသည် (သို့မဟုတ်ဘဲ ချိုးနှိမ်ပစ်ပယ် ထားပါက အမှားသံသရာထဲသို့ တကျော့ပြန် ရောက်ရှိသွားစေနိုင်ပါသည်)။ ဤသို့ မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ ကို စနစ်တကျ ထိန်းချုပ်လျော့ပါးစေခြင်းဖြင့် အိဒ်စ်ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်းစေမည် ဖြစ်ပါသည်။
တဖန် လိင်အပျော်အပါးလိုက်စားသည့် ပြဿနာနှင့်ပတ်သက်၍လည်း ပွင့်ပွင့်လင်းလင်း တင်ပြချင်ပါသည်။ ခန္ဓာကိုယ် ဓာတ်သဘာဝဖွဲ့စည်းမှုသည် လူတဦးနှင့်တဦး မတူညီကြသည့်အလျောက် ဇီဝကမ္မတောင်းဆိုမှု (Physiological Demand) ဖြစ်သည့် လိင်စိတ်ဖြစ်ပေါ်မှု ပမာဏသည်လည်း လူတဦးနှင့်တဦး မတူညီဘဲ အ နည်းအများ ကွာခြားကြသည်သာဖြစ်သည်။ လိင်စိတ်ဖြစ်ပေါ်မှု နည်းပါးသူက လိင်အပျော်အပါးလိုက်စားမှု နည်းပါးမည်ဖြစ်ပြီး လိင်စိတ်ဖြစ်ပေါ်မှု များပြားသူက လိင်အပျော်အပါးလိုက်စားမှု ရှိနေမည်မှာ လျစ်လျူရှု၍မရ သော ပကတိ တည်ရှိနေမှုများသာ ဖြစ်ပါသည်။
ထို့ကြောင့် လိင်ဆန္ဒကြီးမားသူများ လိင်အပျော်အပါးလိုက်စားရာတွင် ကျန်းမာရေးအသိရှိအောင် ပညာပေးဖို့ သာ လိုပေသည်။ ထို့အပြင် လိင်ဆန္ဒကြီးမားသူများအနေဖြင့် မိမိဝါသနာပါရာ အလုပ်တခုခုတွင် အာရုံစူးစိုက် လုပ်ဆောင်နေခြင်းဖြင့်လည်း လိင်ဆန္ဒကို လျော့ပါးစေကာ ရောဂါကူးစက်ဖို့ အခွင့်အရေး နည်းပါးလာမည်ဟု ထင်ပါသည်။
တဖန် ပြည့်တန်ဆာလုပ်ငန်း တည်ရှိနေမှုပြဿနာသည် မည်သည့်ခေတ် မည်သည့်အခါတွင်မှ ဖမ်းဆီးအရေး ယူခြင်းနည်းလမ်းဖြင့် အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့သည်မဟုတ်။ အဆိုပါ ပြဿနာသည် ဖုံးဖိဖြေရှင်း၍မရနိုင်ဘဲ စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှ ရမည်ဖြစ်သည့်အလျောက် ကျန်းမာရေးအသိတရား ကင်းမဲ့စွာ ပုန်းလျှိုးကွယ် လျှိုး လုပ်ကိုင်နေကြခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းထား အလွန်အမင်း မြင့်မားနေစေမည့်အစား ဘ၀ပေးအခြေ အနေအရ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း မပြုမဖြစ်ပြုနေရသည့် အမျိုးသမီးများကို ကျန်း မာရေးစစ်ဆေးကာ စနစ်တကျ ခွင့်ပြုလုပ်ကိုင်စေခြင်းက ရောဂါကူးစက်မှုနှုန်းထားကို သိသိသာသာ ကျဆင်း စေမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် အိဒ်စ်ရောဂါတိုက်ဖျက်ရေးတွင် ငြင်းဆန်မရသော ပကတိ တည်ရှိနေမှုများဖြစ်သည့် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင်အပျော်အပါးလိုက်စားခြင်း ပြဿနာများကို အမြင်ကျယ်စွာဖြင့် စနစ်တကျ ကိုင် တွယ်ဖြေရှင်းမှ ရောဂါကူးစက်မှုနှုန်ထား ကျဆင်းမည်ဖြစ်ရာ ယင်းပြဿနာများကို ရင်ဆိုင်ဖြေရှင်းရာတွင် လူ့ အဖွဲ့အစည်းအတွင်း မှီတင်းနေထိုင်သည့် လူအများစုကလည်း အမြင်များပြောင်းလဲရှုမြင်ကြဖို့ လိုအပ်ကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြလိုက်ရပါသည်။
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ သြဂုတ်လ၊ ၂၀၀၁ ခုနှစ်)
မှတ်ချက် ။ ။ အနီရောင်ဖြင့် ပြထားသည့် စာပိုဒ်မှာ ထိုစဉ်က စာပေစိစစ်ရေးမှ ဆင်ဆာဖြတ်ခဲ့ သည်ကို အနီးစပ်ဆုံး ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။
ယှဉ်တွဲဖတ်ရှုလိုပါက - အေအိုင်ဒီအက်စ်ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား click
1 comment:
စထဲကိုကမှားတယ်၊ ဒီရောဂါ တိုက်ဖျက်ရေး၊ အရေးကြီးခဲ့တာ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထဲက၊ခုတောင်တော်တော်ရိုးသွားပြီ၊
လွယ်လွယ်ပြောမနေနဲ့ prostitution တရားဝင်လုပ်တာ Asia မှာမရှိ၊
လုပ်အုန်းတော့၊ အကြံအဖန်ဆေးစစ်တာတွေနဲ့ ပိုတောင်ဆိုးမယ်၊ ကြားဖူးတာလေးတွေအော်မနေနဲ့ 
Post a Comment