Saturday, December 1, 2007

ဒီဇင်ဘာ(၁)ရက် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ် ဆောင်းပါး

အေအိုင်ဒီအက်စ်ရောဂါဖြစ်တာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသလား
ဒေါက်တာလွဏ်းဆွေ

မြန်မာပြည်တွင်း၌ ရှိစဉ်က တလတွင် ကျနော် တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်နေသည့် မြားနတ် မောင်မင်္ဂလာမဂ္ဂဇင်း၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သည့် အယ်ဒီတာ့ အာဘော်တခု ရေးသား ဖြစ်ခဲ့သည်။ ‘အမြင်များ ပြောင်းလဲရေးနှင့် အေအိုင်ဒီအက်စ်ရောဂါ’ ဟူသည့် ခေါင်းစဉ်နှင့် ဖြစ်သည်။ စာပေစိစစ် ရေးမှ တာဝန်ရှိသူများက ကျနော်ရေးသည့် အယ်ဒီတာ့ အာဘော်ကို တပုဒ်လုံး ခွင့်မပြုဘဲ အရေးကြီးသည့် စာပိုဒ် တပိုဒ်ကို ဆင်ဆာ ဖြတ်လိုက်သည့်အတွက် အာဘော်ပျောက်ပြီး ဘာဆိုလိုမှန်း မသိဖြစ်ခဲ့ရသည်။

ကျနော်ရေးခဲ့သည့် စာသားအတိုင်း အတိအကျကို မမှတ်မိတော့။ ကျနော်၏ အာဘော်မှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု၊ အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှုန်းထားကို လျော့ကျအောင် ထိန်းချုပ်လိုလျှင် ရောဂါပိုး ကူးစက်နိုင် သည့် လမ်းကြောင်းများကို ဖြတ်တောက်ဖို့ ကြိုးစားရမည်။ အန္တရာယ် နည်းနိုင်သမျှ နည်းအောင် အကာအကွယ် ယူကြဖို့ ဆွေးနွေး ပညာပေးရမည်။ ထိုအပြင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လိင်ကိစ္စအပေါ် ရှုမြင်သည့် မြန်မာ့လူ့အဖွဲ့ အစည်း၏ အမြင်တချို့ကိုလည်း ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသားခဲ့သည်။

ဥပမာအားဖြင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းရာမှတဆင့် ကူးစက်သည့်နှုန်းကို လျော့ကျအောင် လုပ်ဆောင်မည်ဆိုလျှင် အာဏာပိုင်များ အနေနှင့် ရောင်းဝယ် ဖောက်ကားသည့် လမ်းကြောင်းကို အရင်ဆုံး ဖြတ်တောက်ဖို့ ကြိုးစားရမည်။ ရောင်းသူရှိ၍ သုံးစွဲသူ ရှိနေခြင်းအပေါ် သုံးစွဲသူများကို ဖမ်းဆီး အရေးယူနေခြင်းသည် မှန်ကန်သည့် နည်းလမ်းဟုတ်မဟုတ် ပြန်လည် သုံးသပ်သင့်သည်။ အရေးယူမည့်အစား ဆွေးနွေး ပညာပေးခြင်းဖြင့် သုံးစွဲမှု လျော့နည်းအောင် လုပ်ဆောင်ရမည်။ မသုံးစွဲရလျှင် မနေနိုင်၍ သုံးစွဲနေရသူများကိုလည်း ပုန်းလျှိုးကွယ်လျှိုး ဖြစ်သလို လုပ်နေကြမည့်အစား ရောဂါပိုး ကူးစက်မှု လျော့နည်းအောင် တခါသုံး ဆေးထိုးအပ်တွေ သုံးစွဲဖို့ အကြံပြုရမည်။ မူးယစ်ဆေးဝါး ဖြတ်ပြီး လူကောင်း ပကတိ ပြန်ဖြစ်လာသူများကိုလည်း ‘ဘိန်းစား၊ ဖိုးသမား’ ဟူသည့် ရှေးရိုးစွဲ အမြင်များနှင့် ၀ိုင်းပယ် မထားကြဘဲ လူ့အသိုင်းအ၀ိုင်းထဲ ပြန်လည် ၀င်ဆံ့လာနိုင်အောင် လက်တွဲ ခေါ်ဆောင်ဖို့အတွက် လူတဦးချင်းစီ၏ အမြင်များ ပြောင်းလဲဖို့ လိုအပ်ကြောင်း ရေးသားခဲ့သည်။

လိင်ကိစ္စနှင့် ပတ်သက်၍လည်း လူမှန်လျှင် ဇီဝကမ္မ တောင်းဆိုမှု (Physiological Demand) ရှိကြောင်း၊ လူတဦးနှင့် တဦး ဇီဝကမ္မ တောင်းဆိုမှု မတူညီသည့် အလျောက် လိင်စိတ် နိုးကြားမှုလည်း မတူညီကြောင်း၊ ထို့အတွက် လိင်ဆက်ဆံမှု အကြိမ်ရေ အနည်းအများသည် တဦးနှင့်တဦး မတူညီနိုင်သလို လိင်ဆက်ဆံခြင်း အပေါ်လည်း ရှက်စရာ အမှုကိစ္စအဖြစ် မရှုမြင်ကြစေလိုကြောင်း၊ ပြည့်တန်ဆာ လုပ်ငန်းများနှင့် ပတ်သက်၍ လည်း လုံးဝပပျောက်အောင် မလုပ်နိုင်ဘဲ ပုန်းလျှိုးကွယ်လျှိုး ရှိနေမည့် အတူတူ ကျန်းမာရေး စစ်ဆေးပြီး စနစ်တကျ လုပ်ကိုင်စေခြင်းက ရောဂါကူးစက်မှု နှုန်းထားကို အကြီးအကျယ် ကျဆင်းစေနိုင်ကြောင်း အကြံပြု ရေးသားခဲ့သည်။

အိပ်ခ်ျအိုင်ဗွီပိုး အဓိက ကူးစက်ရာ လမ်းကြောင်းများသည် (၁) အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံ ခြင်း (၂) ပိုးသတ် သန့်စင်ထားခြင်း မရှိသည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် အ ကြောဆေးများကို တယောက်ပြီး တယောက် အကြောထဲ ထိုးသွင်းခြင်း (၃) သေချာစွာ စမ်းသပ် စစ်ဆေးထားခြင်း မရှိသည့် သွေး၊ သွေးရည်ကြည်နှင့် သွေးတွင် ပါရှိသော ဓာတ်ပစ္စည်း တမျိုးမျိုးကို သွေးကြောထဲသို့ ဆေးထိုးအပ်၊ ပိုက်များနှင့် ထိုးသွင်းခြင်း (၄) အိပ်ခ်ျအိုင်ဗွီပိုး ရှိသည့် မိခင်မှတဆင့် ကလေးငယ်ဆီသို့ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်နှင့် နို့တိုက်ချိန်များတွင် ကူးစက်ခြင်းတို့ဖြစ်သည်။

ထိုသို့ အဓိက ကူးစက်နိုင်သည့် နည်းလမ်း(၄)ခုအနက် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်မှု အန္တရာယ် (၀.၁-၁%)၊ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းကြောင့် ကူးစက်နိုင်မှု အန္တရာယ်(၀.၅-၁%)၊ မိခင်မှ ကလေးသို့ ကူးစက်နိုင်မှု အန္တရာယ်(၂၀-၄၀%)၊ သွေး၊ သွေးရည်ကြည်နှင့် သွေးမှ ဓာတ်ပစ္စည်း တမျိုးမျိုး သွင်းခြင်းဖြင့် ကူး စက်နိုင်မှု အန္တရာယ်(၉၀%) ကျော်ရှိသော်လည်း တကမ္ဘာလုံးတွင် နည်းတနည်းချင်း အလိုက် ကူးစက်ထားသည့် အရေအတွက်တွင်မှု လိင်ဆက်ဆံခြင်းကြောင့် ကူးစက်မှု ၈၀%၊ မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းကြောင့် ကူးစက်မှု ၉%၊ မိခင်မှ ကလေးသို့ ကူးစက်မှု ၈%နှင့် သွေး၊ သွေးရည်ကြည်နှင့် သွေးမှ ဓာတ်ပစ္စည်း တမျိုးမျိုးကို သွင်းခြင်းကြောင့် ကူးစက်မှု ၃% ရှိသည်ကို လေ့လာ စစ်တမ်း ကောက်ယူမှုများအရ သိရှိရပေသည်။

အထက်ပါ အညွှန်းကိန်းများကို သုံးသပ်ကြည့်လျှင် လိင်ဆက်ဆံခြင်းနှင့် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းခြင်းတို့သည် ကူးစက်နိုင်မှု အန္တရာယ် အနည်းဆုံး နည်းလမ်း(၂)သွယ် ဖြစ်ကြသော်လည်း ကူးစက်ထားသည့် အရေအတွက်တွင်မူ အများဆုံး ဖြစ်နေသည်ကို တွေ့ရပေသည်။ ထို့ကြောင့်လည်း ကျနော်၏ အယ်ဒီတာ့စကားတွင် အရေအတွက် အများဆုံး ကူးစက်မှု ဖြစ်ပွားနေသည့် အထက်ပါနည်းလမ်း(၂)သွယ်ကို အဓိကထား ဖြတ်တောက်ဖို့ အကြံပြု ရေးသားခဲ့ခြင်းဖြစ်သည်။ စာပေစိစစ်ရေးက မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်သည့် အကြံပြုတင်ပြမှုကို ခွင့်ပြုသော်လည်း လိင်ဆက်ဆံခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် တင်ပြမှုများကိုမူ ခွင့်မပြုခဲ့ပေ။

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ အာဏာပိုင် ပုဂ္ဂိုလ်များနှင့် ပြည်သူအများစုက မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လိင်ကိစ္စအပေါ် ပွင့်လင်းသည့် အမြင်သဘောထားများနှင့် လက်ခံရှုမြင်မှု မရှိကြသေးဘဲ မကောင်းမှု ဒုစရိုက်ကိစ္စ၊ ရှက်စရာ ရွံစရာ ကိစ္စရပ်များ အဖြစ်သာ ရှုမြင်နေကြဆဲ ဖြစ်သည်ကို တွေ့ရပေသည်။ အေအိုင်ဒီအက်စ်ရော ဂါနှင့် ပတ်သက်၍လည်း ‘ဘယ်သူမပြု မိမိမှု’ ဆိုသည့် ဆောင်ပုဒ်ဖြင့် ကူးစက်ခံစားရသူ ဝေဒနာသည်များအပေါ် အပြစ်ဖို့သည့် သဘော သတိပေး နှိုးဆော်သည်များကိုသာ တွေ့ရပေသည်။ ‘ဘယ်သူမပြု မိမိမှု’ ဟူသော ဆောင် ပုဒ်သည် မူးယစ်ဆေးဝါးကို အကြောထဲ ထိုးသွင်းမှုကြောင့်နှင့် လိင်အပျော်အပါး လိုက်စားမှုကြောင့် အေအိုင်ဒီ အက်စ်ရောဂါ ကူးစက်ခံစားရသူ ဝေဒနာသည်များအတွက် ဆီလျော်မှု ရှိကောင်းရှိမည် ဖြစ်သော်လည်း အခြား နည်းလမ်း(၂)ခုဖြင့် အပြစ်မဲ့စွာ ကူးစက်ခံစားရသူ ဝေဒနာသည်များ အတွက်မူ ရက်စက်လွန်းရာကျသည့် ဆောင် ပုဒ်တခု ဖြစ်နေသည်ကို တွေ့ရပေသည်။

ယနေ့အချိန်အခါတွင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည်များအား လူအများစုက ၀ိုင်းပယ်ကြသည့် အဓိက အကြောင်းတရားသည် မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လိင်အပျော်အပါး လိုက်စားတို့အပေါ် အပြစ် မြင်သည့် သဘောထားကြောင့် ဖြစ်သည်။ ထိုသို့ အပြစ်မြင်ပြီး ရှက်စရာ၊ ဂုဏ်သိက္ခာ ကျဆင်းစရာ ရောဂါတခုဖြစ် ပွားသည်ဟု သဘောထားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည် များနှင့် မပတ်သက်ချင်ကြခြင်း၊ ကိုယ့်ဆွေမျိုး သားချင်းပင် ဖြစ်လင့်ကစား ဝေးဝေးနေလိုကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်ရှိ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်အမြင် အသီးသီးမှ ကြည့်လျှင်လည်း ထိုကိစ္စများအပေါ် အပြစ်မြင်သည့် သဘောထားများ ရှိကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လူတဦးချင်းစီ၏ လူသားဆိုင်ရာ အခွင့်အရေး ရှုထောင့်အရ ကြည့်လျှင်မူ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် လိင်အပျော်အပါး လိုက်စားခြင်းတို့ကို ကိုယ်ကျင့်တရား ပျက်ပြားသည့် ဂုဏ်သိက္ခ္ခာကျ၊ အရှက်ရစရာ ကိစ္စရပ်များအဖြစ် ရှုမြင်စရာ အကြောင်းမရှိပေ။ ရောင်းသူ(စီးပွားရှာသူ)နှင့် ၀ယ်သူ(ဆန္ဒရှိသူ) နှစ်ဦးနှစ်ဖက် သဘောတူ ကြည်ဖြူ၍ လုပ်ကြသည့် ကိစ္စရပ်များအဖြစ် နားလည် ကြည့်မြင်ပေး၍ ရပေသည်။ သို့သော် ရောဂါကူးစက်ရန် အခွင့်အရေးများသည့် အုပ်စု (Risk Group) များဖြစ်၍ တတ်နိုင်ပါက ဖြတ်တောက်ဖို့၊ မဆင်ခြင်နိုင်၍ ပြုလုပ်ပါက အကာအကွယ် ယူကြဖို့ တိုက်တွန်း သတိပေးရပေမည်။

အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားနိုင်သည့် အပြုအမူ ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသူ ဒေါက်တာ ခင်မောင်လွင် (လမ်းမတော်)က ‘ပုထုဇဉ်တွေဟာ ကာမဘုံ လူသားတွေပါ။ ကာမဂုဏ် အာရုံတွေကို နှစ်နှစ်ခြိုက်ခြိုက် လိုက်စားသူတွေပါ။ ………. ခက်တာက တဏှာနဲ့ ကိုယ်အချင်းချင်း သူက ပိုဆိုးတယ်လို့ လက်ညှိုးထိုး အပြစ်တင်တတ်တဲ့ လူ့သဘာဝ ပါပဲ။ ဒုက္ခရောက်သူကို အပြစ်ပုံချတာမျိုးတွေဟာ အေအိုင်ဒီအက်စ်ကိစ္စမှာ မူးယစ်ဆေးဝါးထက် ပိုပြီးသိသာထင်ရှားလာပါတယ်။ မကောင်းမှုပြုတဲ့ သူတွေ ကိုယ်ဖြစ်ကိုယ်ခံ။ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို လူ့အသိုက်အ၀န်းနဲ့ ဝေးရာပို့ထားရမယ်ဆိုတဲ့ စိတ်ကူးတွေ လွှမ်းမိုးခဲ့ဖူးပါတယ်။ ဒါတွေဟာ အိပ်ခ်ျအိုင်ဗွီ ပြဿနာ ကြီးထွားစေတဲ့ အကြောင်းရင်းပါပဲ’ဟု လိင်ကိစ္စနှင့် ပတ်သက်၍ အပြစ်မြင်တတ်ကြပုံကို သူ၏ ဆောင်းပါးတွင် ထိုသို့ ထည့်သွင်း ရေးသားခဲ့သည်။

အချုပ်အားဖြင့် ဆိုရလျှင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာသည်များကို လူ့အသိုင်းအ၀ိုင်းက ပစ် ပယ်ကြခြင်းသည် ဂုဏ်သိက္ခာကျ အရှက်ရစရာ ရောဂါဖြစ်နေသူများဟု ရှုမြင်မှုကြောင့် အဓိကဖြစ်သည်ကို တွေ့ မြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်ကြခြင်းသည် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ လက်ခံရာ ကျင့်သုံးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၏ သြဇာလွှမ်းမိုးမှုများနှင့်လည်း များစွာ သက်ဆိုင်နေသည်ကို တွေ့ရပေသည်။ ထိုသို့မဟုတ်ဘဲ လူသားဆိုင်ရာ အခွင့်အရေးရှုထောင့်မှ ပြောင်းလဲ ကြည့်မြင်ပေးလျှင်မှု ထိုဝေဒနာသည်များကို အသက်အန္တရာယ်ရှိသည့် ကူးစက်ရောဂါ ခံစားရသူများ အဖြစ်သာ ရိုးရိုးရှင်းရှင်း ရှုမြင်နိုင်မည် ဖြစ်ပေသည်။ ထိုအခါ ဝေဒနာသည်များကို ၀ိုင်းပယ်ဖို့ မစဉ်းစားကြတော့ဘဲ ကူညီဖေးမချင်စိတ်များ ဖြစ်ပေါ်လာပေမည်။ ထိုသို့ အပြစ်မမြင် ချစ်ခင်ကြင်နာသည့် စိတ်ဓာတ်များဖြင့်သာ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ပြန့်ပွားမှု နှုန်းထားကို ကျဆင်းအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည့်အတွက် ‘အေအိုင်ဒီအက်စ် ကြုံတွေ့သူ၊ စာနာကြည်ဖြူ လက်တွဲကူ’ ဟူသော ဆောင်ပုဒ်အတိုင်း ကျင့်ကြံနိုင်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

ဒေါက်တာလွဏ်းဆွေ

(ခေတ်ပြိုင်ဂျာနယ် ၂၀၀၇ခုနှစ်၊ ဇန်န၀ါရီလထုတ်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

1 comment:

Development as a human right said...

Very good points.

The discriminatory practices to HIV patients are one of the worst public health problems in Burma.

Burma needs "information transparency" and reform of institutional practices. Realization of entitlements of HIV patients for non-discrimination need to be convinced to medical practitioners and the concerned stakeholders.

Sadly speaking, medical practitioners themselves, due to lack of information transparency and lack of good public health practices,they themselves practice discrimination.The right to health and the importance of equality and non-discrimination needs to be seriously convinced to Burmese medical society and all civil societies (even thug civil societies) in Burma.

Another institutional reform is to target Burmese perception of Karma. Burmese wrongly think that you suffer from HIV is due to your past deeds of Karma and so you alone is responsible for this suffering. In this perception,many HIV families and patients try to tolerate their own without seeking the proper help from community or structures that can provide help.This concept of Karma is seriously affecting health seeking behavior in Burmese/(Mon) Buddhists' community.

Not only in Burmse society, India that has 5 million HIV patients who believe the same basic principle of Karma think in the same way:"Sarbay Satha Karam Sarka" and many HIV patients try to suffer HIV in their own without alerting the community for help hoping that they will become better in life.

The State is the most responsible institutional structure in researching the HIV problems and preventing and fighting against HIV.Not like this concept, you have to bear your own burden of HIV.The State has to convince its serious obligation and people have to realize their entitlements.

Best luck for our people's ambiguous future,
Burmakin
http://www.burmakin.blogspot.com/