Saturday, June 26, 2010

အရင်းရှင်နိုင်ငံက လက်ဝဲပါတီ

အရင်းရှင်နိုင်ငံက လက်ဝဲပါတီ
နေသွင်ညိဏ်း

ဂီတသံက ခန်းမတခုလုံးကို လွှမ်းနေသည်။ ထွန်းထားသည့် မီးရောင်ကြောင့်လားမသိ၊ တခန်းလုံး အနီရောင် တွေချည်း မြင်နေရသည်။ ၀တ်စုံတွေ၊ လည်စည်းတွေ၊ ပုဝါတွေ၊ ဆိုင်းဘုတ်တွေအားလုံး အနီရောင်။ သောက် ထားသည့် အရှိန်ကြောင့်လည်း မျက်နှာတွေက နီထွေထွေ။ အခန်းထဲတွင် သန့်သန့်ပြန်ပြန့် ရည်ရည်မွန်မွန် လူ ငယ်တွေ၊ ခေတ်ဆန်ဆန် မိန်းမငယ်တွေက အများစုဖြစ်နေသည်။ ဘီယာခွက်၊ ၀ိုင်ခွက်ကိုယ်စီနှင့် အားလုံး ပြုံးပြုံးရွှင်ရွှင် …။

“ဒီတကြိမ် အကြီးအကျယ် ရှုံးမှာတော့ သေချာတယ်ကွ။ ဒါပေမယ့် ကိုယ့်ယုံကြည်ရာပေါ့ကွာ၊ ဆင်းရဲသားတွေ အတွက် ငါတို့ကို အခွန်တိုးကောက်လည်း ဘာမှပြသနာမရှိပါဘူး၊ ဆင်းရဲသားတွေကို တဘက်တလမ်းက ကူ ညီပေးတဲ့ သဘောပါပဲ။ ငါတော့ ကြိုက်တယ်”

အလာလမ်းတွင် အဲလ်ဘက်က ကားမောင်းရင်း ခုမနက် သူ ဆိုရှယ်လစ်ပါတီကို မဲပေးခဲ့တဲ့အကြောင်း ပြောပြ လာသည်။ တကယ်တော့ သူတို့ဆီက ဆင်းရဲချမ်းသာ ကွာဟချက်က ဘာမှ ပြောပလောက်သည်မဟုတ်။ ပါ လီမန်ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့တာ ကျနော်တို့ လွတ်လပ်ရေးထက် နှစ်တရာတိတိ စောသောနိုင်ငံ။ မည်သို့ မျှ နှိုင်းယှဉ်စရာမရှိ။ သို့သော် ကျနော် နှိုင်းယှဉ်စဉ်းစားနေမိသည်။ ပြည်တွင်းစစ်၊ ဆိုရှယ်လစ်အမည်ခံ တပါတီ အာဏာရှင်၊ စစ်အာဏာာရှင်၊ ခုတခါ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအမည်ခံ စစ်အာဏာရှင်စနစ်နှင့် ရင် ဆိုင်ရမည့် ကိုယ့်နိုင်ငံကို သတိမရဘဲ မနေနိုင် …။

“ဆိုရှယ်လစ်ပါတီရဲ့ အစကတော့ နယ်သာလန် ကွန်မြူနစ်ပါတီပေါ့ကွာ၊ မာ့စ် လီနင်ဝါဒကို အခြေခံခဲ့တာပဲ၊ ၁၉၇၀ လောက်ကျမှ ဆိုရှယ်လစ်ပါတီဆိုပြီး နာမည်ပြောင်းခဲ့တယ်လေ”

မီးပွိုင်မှာ ခဏရပ်ရင်း အဲလ်ဘက် သူတို့နိုင်ငံက ဆိုရှယ်လစ်ပါတီသမိုင်းကြောင်းကို ရှင်းပြသည်။ လမ်းဖြတ် ကူးသူက ဖြတ်ကူးနေဆဲ။ ကျနော့်တသက် ဒီမြို့မှာလောက် စက်ဘီးပေါတာ တခါမှ မမြင်ဘူးသေး။ အသက် အရွယ်ပေါင်းစုံ စက်ဘီးသမားတွေကို တမြို့လုံး အနှံ့တွေ့နေရသည်။ ရာသီဥတုက အေးအေးသက်သာ စက် ဘီးစီးနိုင်သည့် ရာသီဥတုမျိုး။ မြို့ကြီးဆိုပေမယ့် လေထုက ဆောင်းရာသီ ကျေးလယ်ကွင်းတွေကို ဖြတ်လာ သလိုမျိုး သစ်လွင်လတ်ဆတ်နေသည်။

“ငါတို့ဆီမှာလည်း ကွန်မြူနစ်ပါတီရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖေ၊ ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးသူ ရဲကောင်းဟာ ကွန်မြူနစ်ပါတီကို တည်ထောင်သူပဲ”

“ဒါပေမယ့် နောက်ပိုင်း သဘောထားကွဲလွဲတယ်မဟုတ်လား”

“ဟုတ်ပါတယ်၊ အခုတော့ ကွန်မြူနစ်ပါတီက မြေအောက်ပါတီအဖြစ်နဲ့ပဲ ရှိတော့တယ်။ တခါမှ အာဏာမရခဲ့ပါ ဘူး။ မင်းတို့ ဆိုရှယ်လစ်ပါတီလိုပေါ့”

ကားက ညာဘက်ကို ကွေ့ပြီးနောက် တံတားတခုကို ဖြတ်ရသည်။ တံတားပေါ်ကနေ မြစ်ထဲ လှေကလေးတွေ စီနေတာ တမျိုးကြည့်လို့ကောင်းသည်။ တချို့လှေတွေက လူနေအိမ်တွေလို့ အဲလ်ဘက်က ပြောပြသည်။ ဒီ မြို့မှာ လူတိုင်းလိုလို စက်ဘီးပိုင်သလို၊ အိမ်တိုင်းလည်း လှေပိုင်ကြသည်။ အမ်စတာဒမ်မြို့ဟာ ရှေးဟောင်း မြို့တမြို့လို သိပ်ချစ်စရာကောင်းတယ်လို့ အဲလ်ဘက် မကြာခဏ ပြောတတ်သည်။

“ဒါပေမယ့် ငါတို့ လက်ရှိဆိုရှယ်လစ်ပါတီက အရင်ကွန်မြူနစ်ပါတီနဲ့ ဘာမှ မဆိုင်တော့ဘူးကွ၊ ဟိုကျတော့ မင်းသိရမှာပါ”

လူထုစစ်တမ်းတွေ ထွက်လာကတည်းက ဆိုရှယ်လစ်ပါတီ အကြီးအကျယ် ရှုံးမည်ဆိုတာကို သိနေကြသည်။ လွှတ်တော်နေရာ တ၀က်လောက် လက်လွှတ်ရမလား၊ သုံးပုံနှစ်ပုံ လက်လွှတ်လိုက်ရမလား၊ ဒါပဲရှိမည်။ မဲရုံ တွေက ပိတ်ခါစပဲ ရှိသေးသည်။ နောက်ဆုံးရလဒ်တွေကို သန်ခေါင်းကျော်မှ သိနိုင်မည်။ အခန်းထဲက လူအား လုံး ခဏတိတ်ဆိတ်သွားပြီး ခန်းမညာဘက်ထိပ်က တီဗွီဖန်သားပြင်ပေါ် အာရုံရောက်သွားကြသည်။

သတင်းကြေညာသူက ခန်းမှန်းမဲရလဒ်တွေကို ဒတ်ခ်ျဘာသာနှင့် ပြောနေသည်။ ပါတီနာမည်တွေနှင့် ခန့်မှန်းမဲ ရလဒ်တွေကို ဇယားနှင့် ပြနေသည်။ အဓိက ပါတီ (၂) ခု ရကြသည့် အမတ်ဦးရေက မတိမ်းမယိမ်း၊ ဆိုရှယ် လစ်ပါတီ အလှည့်ရောက်တော့ အားလုံးက ‘ဟေး’ လို့ အော်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ် လွှတ်တော်နေ ရာ (၁၀) နေရာလောက် လက်လွှတ်လိုက်ရဖွယ်ရှိသည်။ သို့သော် အားလုံး ပျော်ပျော်ရွှင်ရွှင်ပင် …။

“ဒီရွေးကောက်ပွဲအပေါ် မင်းဘယ်လိုသဘောရလဲ”

အရပ် (၆) ပေကျော် အသက် (၅၀) တန်း ဆိုရှယ်လစ်ပါတီဝင်တယောက် အနားရောက်လာပြီး ရုတ်တရက် မေးခွန်းထုတ်ပါသည်။

“မပြောတတ်ဘူးလေ၊ ဒါပေမယ့် သေချာတခုတော့ ဒီမှာ အားလုံး ဒီညရှုံးမယ်ဆိုတာ သိပေမယ့် ပျော်နေကြ တယ်။ ပါတီပွဲလုပ်နေတာ ကျနေတာပဲ”

ခန်းမထဲဝင်ပြီး မိနစ်ပိုင်းအတွင်းမှာ ပေါ်လာသည့် အတွေးကို အရင်းအတိုင်း ပြောချလိုက်တော့ သူက ရယ်ပါ သည်။ မြန်မာပြည်မှာ နိုင်ငံရေးလုပ်ရတာ ဘယ်လောက်ခက်တဲ့အကြောင်း၊ ထောင်ဒဏ်နှစ်ရှည်တွေ ချတတ် တဲ့အကြောင်း၊ ရွေးကောက်ပွဲလည်း မရှိတဲ့အကြောင်း၊ ၁၉၉၀ တုန်းက ရွေးကောက်ပွဲရှိခဲ့ပေမယ့် အနိုင်ရတဲ့ ပါ တီကို အခုထိ အာဏာမလွှဲသလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောင်ချထားတဲ့အ ကြောင်း အတိုချုပ် ပြောပြလိုက်သည်။

“ဘာမှ မပူနဲ့ကွ။ စစ်တပ်က သိပ်အားကြီးနေရင် သူဘာသာ ကွဲမှာပဲ။ ဒါထုံးစံပဲ”

သူက တကယ်ယုံကြည်မှုအပြည့်ရှိပုံနှင့် ပြောသည်။

“ဒါနဲ့နေပါဦး၊ ခင်ဗျားတို့ပါတီက ကွန်မြူနစ်ပါတီကနေ ပြောင်းလဲလာတယ်ဆို”

“ဒါက အရင်တုန်းကပါကွာ၊ ငါ့ဘ၀မှာ ကွန်မြူနစ်ပါတီဝင်တခါမှ မဖြစ်ဖူးဘူး၊ ငါတို့ ပါတီကလည်း ကွန်မြူနစ်ပါ တီရဲ့ အမွေခံလည်း မဟုတ်ဘူး။ ဆိုရှယ်လစ်ဇင် Socialism ပါတီလည်း မဟုတ်ဘူး။ တကယ်တော့ Social ism ဆိုရှယ်အစ်ဇင်ကို ကျင့်သုံးတဲ့ပါတီ”

ကားပေါ်မှာ အဲလ်ဘက်စ်က ဆိုရှယ်လစ်ပါတီဟာ လူထုနဲ့ အနီးစပ်ဆုံးပါတီတခုပဲ၊ လူမှုရေးလုပ်ငန်းတွေမှာ အ ရမ်းတက်ကြွတယ်လို့ ပြောတာကို ပြန်သတိရမိသည်။

ဂီတသံတွေ ထွက်ပေါ်လာပြန်သည်။ အမျိုးသားတယောက်ကို အလယ်မှာထားပြီး မိန်းမငယ် (၄) ယောက် လောက်က တီးလုံးနဲ့ မြူးမြူးကြွကြွ လှုပ်ယမ်းနေသည်မှာ တမျိုးကြည့်ကောင်းနေသည်။ ပရိသတ်ထဲမှာလည်း ကသူက ကနေကြသည်၊

“အဲဒါသူတို့ မဲဆွယ်တုန်းက လူကြိုက်များတဲ့ သီချင်းပဲ”

အဲလ်ဘတ်က အနားကပ်ပြီး ပြောပြသည်။ ခြေလှမ်း (၁၀) လှမ်းလောက်အကွာတွင် ဆိုရှယ်လစ်ပါတီ ခေါင်း ဆောင်အား မီဒီယာများက ၀ိုင်းမေးနေကြသည်ကို တွေ့ရသည်။ အခန်းထဲက လူတွေအားလုံးနီးနီး အနီရောင် တွေ ၀တ်ထားသော်လည်း ပါတီခေါင်းဆောင်ကတော့ အနက်ရောင်ဝတ် စုံဝတ်ထားတာကို သတိထားမိ သည်။ ပါတီအရှုံးကြီးရှုံးသည့် ပွဲမို့ အနက်ရောင်ဝတ်လာသလား ဒါမှမဟုတ် အနီရောင်တွေထဲမှာ ထူးခြားသွား အောင် သီးသန့် အရောင်ရွေးခဲ့သလားတော့မသိ၊ အဲလ်ဘတ်က ပါတီခေါင်းဆောင်နှင့် အမှတ်တရ ဓာတ်ပုံတွဲ ရိုက်ရအောင်ဆိုပြီး အချိန်ကောင်းကို စောင့်နေသေးသည်။ သို့သော် သူက မီဒီယာတွေကို စကားပြောပြီး ခန်း မအလယ်တွင်ရှိသည့် စင်ဘက်သို့ လျှောက်သွားတော့သည်။ လူအုပ်ကြီး ခဏတိတ်သွားပြန်သည်။

“ဒီတခေါက် ကျနော်တို့ ရှုံးပေမယ့် နိုင်တဲ့ ပါတီကြီးကြီးငယ်ငယ် အားလုံးကို ချီးကျူးဂုဏ်ပြုပါတယ်”

“ဟေး”

ပန်းစည်းတွေ၊ ဆပ်ပြာပူပေါင်းတွေ၊ သီချင်းသံ၊ တီးလုံးသံတွေ၊ ဖန်ခွက်ချင်း တိုက်သံတွေ ခန်းမတခုလုံး ဆူညံ သွားတော့သည်။ သူနှင့် သိသည့် အသက်အငယ်ဆုံး လွှတ်တော် အမတ်တယောက်ကို ရှာဦးမည်ဆိုပြီး အဲလ် ဘတ် ထွက်သွားပြန်သည်။ တအောင့်အကြာတွင် အဲဒီလွှတ်တော်အမတ်ပါမလာဘဲ အမျိုးသမီး တယောက်ပါ လာသည်၊

“ဟေ့ ဒါ ငါတို့မဲဆန္ဒနယ်က အမတ်ပဲ၊ Kri Sta Van Velzen၊ မနက်က သူ့ကို ငါ မဲပေးခဲ့တာ”

လွှတ်တော်အမတ်ဆိုသော်လည်း အ၀တ်အစား၊ ပြောပုံဆိုပုံတွေက ဘာမှ ကိန်းကြီးခန်းကြီးမရှိ။ ပွင့်ပွင့်လင်း လင်း အားရပါရ စကားပြောပုံက အမျိုးသားတယောက်နှင့်ပင် တူနေသေးသည်။ မြန်မာပြည်မှာလုပ်မည့် ရွေး ကောက်ပွဲအကြောင်း မေးသည်။ အခုရွေးကောက်ပွဲက လွတ်လပ်တရားမျှတမယ် ထင်သလား၊ မကြာခင်မှာ လူထုလှုပ်ရှားမှုတွေပေါ်လာနိုင်မလား၊ သိချင်တာတွေ မေးသည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အကြောင်း၊ ရွေး ကောက်ပွဲဥပဒေအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အန်အယ်လ်ဒီက ရွေးကောက်ပွဲမ၀င်တဲ့အ ကြောင်း အတိုဆုံးပြောပြလိုက်သည်။

“ငါတို့မှာ ပါတီဝင်အင်အား (၄) သိန်းခွဲ ရှိတယ်။ သူတို့ရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေး မဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပဲ။ မြန်မာပြည်ဒီမိုကရေစီအရေးအတွက်လည်း လိုတဲ့ အကူအညီပြောပါ။ ဘယ် တော့မှ လက်မလျှော့ပါနဲ့”

တီဗွီဖန်သားပြင်ပေါ်တွင် မဲဆန္ဒနယ် အငယ်လေးတခုက မဲစာရင်းတွေကို ကြေညာနေပါပြီ။ နိုင်ငံတခုလုံး၏ နောက်ဆုံးတရားဝင်ရလဒ်တွေ ထွက်သည့်အထိတော့ စောင့်လိုမဖြစ်။ အဲလ်ဘတ်က သူ့အိမ်ကို (၁) နာရီ လောက် ကားမောင်းပြန်ရဦးမည်။ မနက်ဖြန်လည်း နယ်သာလန်က အကြီးဆုံး မီဒီယာတခုကို သွားလေ့လာဖို့ ရှိနေသေးသည်။

“ဟေ့ … အဲလ်ဘတ်၊ ငါတော့ မစောင့်ချင်တော့ဘူး။ အခန်းထဲရောက်မှပဲ တီဗွီစောင့်ကြည့်တော့မယ်ကွာ”

ဆိုရှယ်လစ်ပါတီဝင်တွေ စုရုံးနေသည့် ခန်းမက ပရင့်စန်ကရာ့လမ်းမနှင့် နီးသည့်အတွက် အန်နီဖရန့်တို့အိမ်ကို ကြည့်ဖို့ တူးမြောင်းတွေ ဘေးကနေ လမ်းလျှောက်ပြန်ခဲ့ကြသည်။ အန်နီဖရန့်တို့အိမ်ကတော့ ခုတော့ ပြတိုက် ဖြစ်နေပြီ။ ဒုတိကမ္ဘာစစ်အတွင်းက နာဇီတွေ အမ်စတာဒမ်မြို့ကို သိမ်းထားတုန်း အန်နီဖရန့်တို့မိသားစု ဒီအိမ် ထဲမှာ (၂) နှစ်ကြာ ပုန်းနေခဲ့ဖူးသည်။ (၂) နှစ်အတွင်း သူရဲ့နေ့စဉ်မှတ်တမ်း (The Diary of Anne Frank) က သူကွယ်လွန်တဲ့နောက် ကမ္ဘာကျော်စာအုပ်ဖြစ်လာသည်။ (အမှောင်ထဲက မှတ်တမ်းအဖြစ် ဆရာတက္ကသိုလ် နေ၀င်း မြန်မာပြန်) အခုတော့ အမ်စတာဒမ်၏ အကျည်းတန်သည့် သမိုင်းက အတိတ်မှာကျန်ခဲ့ပြီ။

“အဲဒါ အန်နီဖရန့် မှတ်တမ်းထဲက နာရီစင်ကြီးပဲ၊ ပုန်းနေတုန်း အဲဒီနာရီစင်က အသံကို သူ နားထောင်ခဲ့တာ လေ”

အဲလ်ဘတ်က ခပ်လှမ်းလှမ်း ဘုရားကျောင်းက နာရီစင်ကြီးကို ညွှန်ပြနေသည်။ ကားဂိတ်အထိ လမ်းလျှောက် ကြပြီး အဲလ်ဘတ်က ကောင်းသောညပါလို့ နှုတ်ဆက်ပြီး သူ့ကားဆီ သွားနေသည်။ ဟိုတယ်ဆီ လိုင်းကားစီး သွားရမည်။ ညသန်းခေါင်အထိ လိုင်းကားတွေက ပြေးနေတုန်း။ ကားမှတ်တိုင်တွင် ခဏရပ်နေတုန်း ခပ်လှမ်း လှမ်းစား သောက်ဆိုင်က ‘ဟေး’ လို့ စုအော်လိုက်သည့်အသံ တချက်ထွက်လာသည်၊ ရွေးကောက်ပွဲ နောက် ဆုံးရလဒ်အထိ သူတို့ စောင့်နေကြပေဦးမည်။ ဒီနှစ်ရွေးကောက်ပွဲက နှစ်ပေါင်း (၂၀) အတွင်း အကြိတ်အနယ် အရှိဆုံးမို့ စိတ်ဝင်စားစရာအကောင်းဆုံးလို့ အဲလ်ဘတ်က ပြောသည်။ ကျနော်တို့ဆီက ရွေးကောက်ပွဲကရော ဘယ်လိုလဲဟု ကားပေါ်မှာ တွေးနေမိသည်။ အနည်းငယ် အေးလာသဖြင့် အနွေးအင်္ကျီကို ကျောပိုးအိတ်ထဲက ထုတ်ဝတ်လိုက်သည်။ မီးရောင်အောက်မှ ညသည် အေးချမ်းလျက် …။

နေသွင်ညိဏ်း
၁၁၊ ဇွန်၊ ၂၀၁၀။

No comments: