ပျောက်သောလမ်းမှာ စမ်းတဝါးဝါး လမ်းလျှောက်ရခြင်းအကြောင်း
မားဆိုး
မားဆိုး
ညီလေးရေ ...
အရောက်လှမ်းဖို့ ခက်နေရော့သလားကွယ်။
မင်းရော ငါပါ ငတ်မွတ်တဲ့ နှင်းမြမြ အရုဏ်ဦးဆိုတာကြီးက
ဆင်းဒဝှစ်ခ်ျတခု၊ ကာဖီရည်တခွက်နဲ့
သာမန်မနက်ခင်းတခုပါပဲကွဲ့။
ညီလေးရေ ...
လူတချို့က
သိုးဆောင်းစကားလုံးတွေကို တညင်းသီးဆားစိမ်လို သဘောထား
ငါးပိရည်ခွက်ထဲမှာ တို့စားကြသတဲ့။
လူတချို့က
ခေတ်နဲ့အညီ ရင်ဘောင်တန်း၊ လက်ရုံးကို ဆန့်လို့
ငါတို့သာ ဤကမ္ဘာအား အလင်းပေး
အမှောင်ခွာပြေးစေတဲ့
အီလစ်(ပရိုမီးသီးယတ်စ်)လို့ ကြွေးကြော်ကြသတဲ့။
ငါတို့တွေကတော့
ငါတို့ မမွေးဖွားခင်ကတည်းက မပိုင်ဆိုင်ခဲ့ရတဲ့
အာတိတ်ရာသီဥတုကို ခံတွင်းချဉ်မိလို့ တံတွေးတပျစ်ပျစ်ထွေး
လမ်းဘေးမှာ အိပ်ကြတယ်။
ငါ့အစ်ကိုတွေကတော့
ရွှေ့ပြောင်းအိပ်မက်တွေနဲ့ အသားကျပြေး
နောက်ဖေးလမ်းကြားမှာ လက်သီးပုန်းပြကြလေရဲ့ကွယ်။
သူ ...
ဘယ်တော့ပြန်လာမှာလဲဟင်
ညီလေးရဲ့မေးခွန်း အစ်ကို့ရင်ကို မချိစေဘူးကွဲ့။
ကိုယ်က မင်းကို
သူလိုငါလို ဂလိုဘယ်ဖန်လည်း မပေးနိုင်ဘူးကွယ်။
လူအလစ်မှာ ပစ်ချလိုက်တဲ့ အမှိုက်တထုပ်လို
မင်းအရှိုက်ကို ထိစေပြီလား။
မနက်ဖြန်ဆိုတာအတွက် လေအဆန်မှာ ပျံသန်းမိလို့
မြားချက်သင့်ခဲ့ရတဲ့ မင်းရဲ့အစ်ကိုပါကွယ်။
ရွှေဘုန်းက ဆုတောင်းပေးဖူးတယ် ...
“ဒေါင်းရုပ်လေးလိုပဲ
မင်းရဲ့အတ္ထုပ္ပတ္တိဟာ အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လို ပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ အရပ်ရပ်မှာ မင်း ...
မော်ဖူးရခြင်းများနဲ့ ကင်းဝေးပါစေ” တဲ့ကွယ်။
ညီလေးရေ ...
မင့်နှလုံးသားလေး ဘယ်မှာလဲကွယ်။
ခြသေ့င်္နှစ်ကောင် ဆီးကြိုအပ်သော အမိရင်ရိပ်မှာလား ...
မင်းမနမ်းရှိုက်ဖူးခဲ့တဲ့
ခရေဖူးလေးများ ဝေလေသော မြက်ခင်းစိမ်းစိမ်းတွေ ကြားထဲမှာလား ...
နှုတ်ခမ်းကို သန္တာရောင်ခြယ်သလေသော လုံခြည်တိုမလေးများဆီမှာလား ...
ဒါမှမဟုတ် တံတားနီပေါ်မှာ ခြေသံတဖျပ်ဖျပ်ပေး
အတိတ်ကနေ ထွက်ပြေးနေရော့သလား ...
မင်းအမေက မေးလို့ ကိုယ့်အမေက ဖြေရတဲ့အခါ
သူတို့မျက်နှာ ဘယ်သို့ရှိပ။
ကဲ ... ကိုယ့်ဆီလာ၊ ပြန်ကြမယ်ကွယ်။
ကိုယ့်လက်ကိုတွဲ ဖေးမ
မင်းပုဆိုးနွမ်းလေး ဖုန်သုတ်ပါဦး
မင်းနဲ့ ကိုယ့်ရဲ့စာသင်ခုံလေး
အလင်းတမှုန်တောင် မှန်မှန်ရှူနိုင်ပါ့မလား။
ညီလေးရေ ...
ပြန်ကြမယ်ကွယ်။
ဒါပေမယ့် ... ညီလေးရေ ...
မနက်ဖြန်မှာ ရေ၊ မီးစုံဖို့တော့ ကိုယ်အာမမခံနိုင်ဘူးကွယ်။
ကိုရီးယားရုပ်ရှင်ကို ဘာသာပြန်၊ အလွမ်းရွာမှာနေပြီး
ချိုပေါ့ကျတခွက် မင်းကို တိုက်ပါ့မယ်။
အီလစ်တွေနဲ့ စကားစီးချင်းထိုး
မင်းဆိုးသမျှကို လည်စင်းခံပါ့မယ်။
လေလာရာ ဖင်ပေးပြီး မင်းဥသမျှ လေဥတွေအတွက်
အမှန်တရားကို ခေါင်းပေါ်ရွက်လို့
စကားလုံးဈေးသည်ကြီးလုပ်ပါ့မယ်။
ညဘက် ... ညဘက် မင်းအိပ်တဲ့အခါ
တထောင့်တညသော
လမ်းပြမြေပုံတွေနဲ့ ချော့သိပ်လို့
အံကြိတ်ငိုပါ့မယ်။
ညီလေး ...
ပီလွန်ကို ခေါ်ခဲ့
ကိုယ်ခိုးထားတဲ့ “ကြက်တကောင်နဲ့ ဝိုင်တပိုင့်”
မင်းတို့ တနပ်စာရစေ့မယ်။
မင်း တခါမှ အရိပ်အယောင်မမြင်ဖူးလေသော
ငွေတဆယ့်နှစ်ကျပ် မင်းကို ပေးမယ်
မြို့ရိုးကြားမှာ မူနေရှာတဲ့
အသပြာ လေးရွေး
မင်းမလိုချင်လည်း ပေးမယ်။
ကိုယ်ပေးမယ်
ညီလေးရယ် ...။
ကိုယ့်ကို အဲဒီလို မကြည့်လိုက်ပါနဲ့ ညီလေးရယ်။
မင်းရဲ့အစ်ကိုက လက်ညှိုးတချောင်းနဲ့ လုပ်စားနေတဲ့
လမ်းလျှောက်ပွဲစားပါကွဲ့။
မင်းလိုချင်တာ ကိုယ့်ကိုပြော
ဒီ ... ကြက်ဆူတောမှာ ရှိသမျှအနှစ်
မင်းအတွက် ဖြစ်စေရမယ်။
(... ... ... ... ... ... ... ... ... ... ... ... ... ...
... ... ... ... ... ... ... ... ... ... ... ... ... ... ...)
အင်း ... အင်း ...
ဟုတ်ပါပြီကွယ်။
ခုလိုဆိုတော့လည်း မင်းလေးက အဆိပ်တော့ပြင်းသား
ညီလေးကို မရိရပါဘူးကွယ်။
လေတချက်တိုးတိုင်း
မင်းလေး ဖုန်ထလေမလားလို့
စိုးရိမ်စိတ်နဲ့ ခနဲ့တာပါ။
ညီလေးဆီမှာ မခင်ဦး မရှိဘူး။
ကိုယ့်အနားမှာလည်း မခင်ဦး မရှိပါဘူး။
ကိုယ်တို့တွေ ... (ကိုယ်တို့တွေ)
မခင်ဦးမှမရလည်း ဘာအရေးလဲကွာ။
တောင်ပြန်လေ၊ မြောက်ပြန်လေ စောင့်နေမှာထက်
ကိုယ့်လှေကို ကိုယ်စီလက်ထိုးလှော်
‘ဒီ’ မိုး၊ ညှိုးပစေပေါ့။
လာ ....
အခုလက်ချင်းချိတ်စမ်း
အတိတ်က ရွှေထီးကို မဆောင်းလေနဲ့
နိဗ္ဗာန်ဆိုတာ တောင်းဆုခြွေရုံနဲ့မရဘူး။
လွယ်အိတ်ကို ထုံး
ပုဆိုးတိုတို ပြင်ဝတ်
ကျောင်းတံခါးကြီးအလှစ်မှာ
ကျောင်းထဲပြန်ဝင်ကြစို့ရဲ့။ ။
မားဆိုး
၁၄-ဒီဇင်ဘာ-၂၀၀၉
တနင်္လာ၊ ည ၁၂း၀၀ နာရီ
(ရွှေဘုန်းလူရဲ့ ကဗျာဟောင်းလေးတပုဒ် ပြန်ဖတ်မိတဲ့အခိုက်
ကျနော့်ရင်ဘတ်ထဲက လွတ်ကျကုန်တဲ့
ဆက်စပ်မဲ့ စားကြွင်းစားကျန် အမှိုက်တွေပါ)
3 comments:
ဖတ်သွားပါတယ်ရှင်
မမ
မင်းလိုချင်တာ ကိုယ့်ကိုပြော
ဒီ ... ကြက်ဆူတောမှာ ရှိသမျှအနှစ်
မင်းအတွက် ဖြစ်စေရမယ်။
................
ကရိကထများပါဘိ ၊ လက်တကမ်းမှာ ရှိတာသာ ထုတ်လိုက်ပါလေ။ ကျနော်နေတတ် စားတတ် ပါပြီ ....။
မင်းဒင်
မားဆိုးဆိုတာ မောရရစ်မားဆိုးလား
စည်းအပြင်ကလူ ဖြစ်မယ်ထင်တယ်။
သိတယ်ဆိုရင် တော်ချိန်၊ ရပ်သင့်ချိန်မှာ ရပ်စေချင်တယ်။
ရင်းနှီးခဲ့သူတဦးပါ။
Post a Comment