Wednesday, December 30, 2009

ဒီမိုကရေစီ အသုဘ

ဒီမိုကရေစီ အသုဘ
ကိုမွှေး

ငုတ်ဆုံပစ် လွမ်းခဲ့ကြတာ
သေခြင်းဆိုးနဲ့ သေသွားနိုင်တယ်။

ခေတ်ကို ဖြစ်သလို ဖြတ်သန်းနေရင်
သံဃာစင်ပါမှောက်မယ် သိသိနဲ့
နေတတ် စားတတ် သိမ်ငယ်တတ်နေကြတုန်း ...။

ယဉ်ကျေးမှုအစိတ်သားဟာ
ပိတ်ကားပေါ်မှာ ပိုပိုသာသာ
ရေထိုးလာခဲ့ ...
ငါတို့ ဥပေက္ခာကင်ဆာကလည်း
ကုရာမဲ့။

တချို့လည်း
အကြောင်းအပေါင်းအထွေထွေနဲ့
ခေါင်းပေါင်းတွေ ဖုန်ခါလို့ ယုံစရာတွေ အပြောပြိုင်ကြဖို့
အကြောတွေအကိုင်ခံပြီး ယားလို့တောင် မကုတ်အားဆိုဘဲ။

ဒီကြားထဲ
ခရစ်စတိုဖာကိုလံဘတ်နဲ့ ဂေါက်ရိုက်ဖို့
နှလုံးသားအတွင်းတိမ်စွဲသူတွေက ပိုပိုသာသာ ကျင်းတွေတူးကြ
တမလွန်ပါ စိတ်ချရသပေါ့။

အရိပ်သုံးပါးနားမလည်
စကားဝယ် စကားရောင်း ပညာရှင်တွေမလည်း
သွက်လက်မှုတွေ ခြေနှုတ်ခြေသိမ်းနှေးနေပုံက
ဆင်အိုသစ်ဆွဲနေသလို ...။

ကိုယ့်ကျောရိုးကိုယ် ပြန်တွယ်ပတ်ရင်း
အညွန့်တလူလူဖြစ်အောင် ရုန်းကန်နေကြရသူတွေမှာတော့
ကာကာလက်ဖက်ရည်ဆိုင် မီးဖိုဘေးက ဇွန်ပန်းရုံကလေးလို ...။

ဖြစ်စဉ်တွေဟာ
ဆေးသားမတင်ရခင်
နေရောင်အောက်မှာ ဆွဲထုတ်ခံလိုက်ရတဲ့ ဖလင်ခွေလို
ဘာတွေပဲရှိခဲ့ ရှိခဲ့ ...။

ဇွန်းခက်ရင်းတစုံနဲ့
ငြိမ်းချမ်းရေးစကားတွေ သွားဖြဲ နားဖြဲ သွတ်သွင်းနေလိုက်ကြတာ
ကိုလက်စထရောတွေ များများပြီး ဗိုက်ပူလာကြတာပေါ့...။

အနုလုံပဋိလုံ ပြန်ကြည့်ဖြစ်ခဲ့တာ
လောကဓာတ်ပစ္စည်းတွေနဲ့ ရက်လုပ်ထားတဲ့
ဗန်းကြီးထဲမှာ ... ...
ကိုယ့်ကိုယ်ကိုယ် ဖျတ်ဖျတ်လူး ပစ်ချခဲ့ရပြီးတဲ့နောက်
ဒါ ပထမဆုံးပဲ ...။

လွမ်းစရာ သတိရစရာတွေကို
ထိုင်ထိုင်လုံးလာခဲ့တာ ကိုယ့်မျက်ရည်နဲ့ဖြစ်လာတဲ့
အဲဒီ ကန်ဘေးမှာပေါ့
ဟုတ်ပ ... အဲဒီလောက်စာလုံးတွေနဲ့
ကျုပ်ကိုယ်ကျုပ် ပစ်ပစ်ချခဲ့တာလည်း များလှပြီ။

ကိုယ့်အလွမ်းနဲ့ ကိုယ့်နှုတ်ခမ်း ကိုယ်ပြန်ကိုက်ရင်း
သက်ပြင်းတွေက မီဂါဝပ်တသန်းအားနဲ့
ထိန်ထိန်ညီး ခမ်းနားသွားနိုင်တယ်။

အဲသလိုနဲ့ လွမ်းမိလွမ်းရာ လွမ်းနေလိုက်ကြတာ
သေခြင်းဆိုးနဲ့ သေပါရောလား ...။ ။

ကိုမွှေး

2 comments:

မင်းဒင် said...

အနုလုံပဋိလုံ ပြန်ကြည့်ဖြစ်ခဲ့တာ
လောကဓာတ်ပစ္စည်းတွေနဲ့ ရက်လုပ်ထားတဲ့
ဗန်းကြီးထဲမှာ ... ...
ကိုယ့်ကိုယ်ကိုယ် ဖျတ်ဖျတ်လူး ပစ်ချခဲ့ရပြီးတဲ့နောက်
ဒါ ပထမဆုံးပဲ ...။
...
မှတ်သားလောက်ပါရဲ့။ ရက်လည်တော့လာခဲ့ အုံးမယ်ဗျို့ ။ ကူငွေလက်ခံမခံ သိပါရစေ ။

မင်းဒင်

မဆုမွန် said...

ဇွန်းခက်ရင်းတစုံနဲ့
ငြိမ်းချမ်းရေးစကားတွေ သွားဖြဲ နားဖြဲ သွတ်သွင်းနေလိုက်ကြတာ
ကိုလက်စထရောတွေ များများပြီး ဗိုက်ပူလာကြတာပေါ့...

အကုန် သေချင်းဆိုးတွေနဲ့သေကုန်ပါရောလား