Saturday, October 31, 2009
ဒီသီချင်းကို အလွမ်းနဲ့ ရေးတယ်
တနေ့မှာ
ပြန်ဆုံဖို့ အခွင့်ရှိခဲ့ရင် ...။
ခြေရာ၊ ခြေလှမ်းနဲ့ ခြေသံအချို့
အစားထိုး နေရာယူလာတဲ့
ပင့်သက်နဲ့ မျက်ရည်စတို့
စာသင်ကျောင်းကလေးတွေကလည်း
သိပ်တော် အပြစ်ကင်းစင်တဲ့ မျက်နှာကလေးတွေ
လူမသိ သူမသိ တစစ ပျောက်ကင်းသွားခဲ့ပုံ …။
၂၁ နှစ်တဲ့
ခုဆို ဒင်းကလေးဟာ
လူအိုရင့်မကြီးစစ်စစ် ဖြစ်နေတော့မှာပေါ့
သားတွေ သမီးတွေနဲ့
တောထဲ တောင်ထဲ …
တရားမ၀င်တဲ့ မြို့ကြီးပြကြီးထဲ
မျက်စိလည် လမ်းမှားနေမှဖြင့် …
ကြားကြားနေရတဲ့
လေထုတွေက
ရှုပ်ရှုပ်ပွေပွေ …။
ရေဒီယိုကလေးတွေကလည်း
သူတို့အကြောင်း
တိတိပပ ပြောပြဖို့ကို
ခုတော့ …
ဈေးကိုင် မေ့လျော့နေသလိုပဲ။
သံလွင်ကရော
ကမ္ဘာမကြေဘူးလို့
အားကောင်းမောင်းသန် သီဆိုနေဆဲလား
သောင်ရင်းမြစ်နဒီကလည်း
အရင်လို ….
တော်လှန်တေးတွေ ဟစ်ကြွေးရင်း
ပြောင်းပြန် စီးစင်းနေဆဲလား။
သားတို့သမီးတို့ရဲ့ ညတွေမှာ
ခက်ခက်ခဲခဲ ရည်တွက်မကုန်အောင်
ကြယ်တွေ အစင်းစင်းကြွေခဲ့မယ် …။
ခေတ်အဆက်ဆက် စောင့်ချင်စောင့်ရပစေ
အလျော့ပေးဆုံးရှုံးမှု ဦးခေါင်းတွေနဲ့တော့
အိမ်ကို ပြန်မလာနဲ့
ဘယ်ကိုမှလည်း
ကိုယ်လွတ်ရုန်း ထွက်မပြေးရဘူးနော်
ရေရှည်မြှုပ်နှံ …
ပြီးတော့
အဆုံးသတ်တိုက်ပွဲအတွက်
အခွင့်အခါကောင်းကိုစောင့် …
မျှော်လင့်တမ်းတရလွန်းလို့
လူညွှန့်တုံးမသွားနိုင်ပါဘူး
ဒီသီချင်းကို …။ ။
ကမာပုလဲ
၃၁၊ ၁၀၊ ၂၀၀၉
Subscribe to:
Post Comments (Atom)
1 comment:
အဆုံးသတ်တိုက်ပွဲ ကနီးလာပါပြီ။
Post a Comment