မောင်ခင်အေးတင့် (မဒေါက်)
မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ နိုင်ငံရေးလေရူးတွေ စတိုက်လာတာနဲ့ တချို့ဘုသိဘသိတွေကော ဘုမသိဘမသိတွေကော ဘာလေးညာလေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကြီးအကျယ် အလုပ်ရှုပ်နေ ကြပါတော့တယ်။ နအဖစစ်ကောင်စီရဲ့ မီးစတဘက် ရေမှုတ်တဘက် ပေါ်လစီအရ နည်းပုံသဏ္ဍာန်မျိုးစုံနဲ့ စည်းရုံးသိမ်းသွင်း လုပ်ဆောင်နေတာကိုလည်း မြင်နေကြားနေရတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် မိမိတို့ရဲ့ ရပ်တည်မှုအထိုင်ကနေ ရှု့မြင်သုံးသပ်ကြတဲ့အတွက် အမြင်သဘောထားများ၊ အယူအဆများ၊ မတူညီကွဲပြားစွာ ဆွေးနွေးငြင်းခုန်နေကြတဲ့ အသံတွေဟာလည်း လေလှိုင်းထဲကတဆင့် ပြည် တွင်းမှာရော ပြည်ပမှာပါ တော်တော်လေးကို ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။
အဲဒီလိုအနေအထားမှာပဲ စက်တင်ဘာလ (၂၈) ရက်နေ့က တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) က တိုင်း ရင်းသားတွေကို ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းနှိုးဆော်တဲ့ ထုတ်ပြန်ကြေညာချက်လို စာတစောင်ကို အမေရိ ကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဆီပို့လိုက်တော့ စိတ်ထဲမှာ မရှင်းမလင်းဖြစ်သွားမိပါတယ်။ စိုးရိမ် ပူပန်သွားခဲ့ရပါတယ်။ အဲဒီကြေညာချက်က အချို့သော တိုင်းရင်းသားအဖွဲ့တွေအပါအ၀င် စစ်အာဏာရှင်စနစ် ဖယ်ရှားပစ်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်တ၀ှမ်းလုံးက လူမျိုးစုံ ပြည်သူလူထုကြီးတ ရပ်လုံးကို အတွေးအခေါ်အရ၊ အယူအဆအရ သဘောထားအမြင်တွေ ရှုပ်ထွေးရောယှက်ေ၀၀ါးသွားစေမှာ ဖြစ်လို့ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ တကယ့်ကို အင်မတန်မှအရေးပါတဲ့ နောက်ဆုံးအဆင့်လို့ ထင်သွား မြင်သွားမှာ စိုးလို့ပါ။ တကယ်တော့ အားလုံး သိထားကြတဲ့အတိုင်း ဘာမှအရေးပါတဲ့၊ ရေးကြီးခွင်ကျယ် ရွေး ကောက်ပွဲမျိုး မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲလုပ်လုပ် မလုပ်လုပ် ကျနော်တို့ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ် လုံးအတွက် ဘာမှကို ကောင်းလာစရာအကြောင်းမရှိပါဘူး။ ပိုပြီးထူးခြားတိုးတက်လာစရာ ဘာတခုမှမမြင်မိပါ ဘူး။ တိုင်းရင်းသားလူမျိုးစုတွေအတွက် အခြေခံရပိုင်ခွင့်တွေ မပါရှိသလို တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန် တီးခွင့်ဆိုတဲ့ နိုင်ငံရေးညီမျှမှုအခွင့်အလမ်းလည်းမရှိပါဘူး။ ကလေးသူငယ်တွေအတွက်ဆိုရင်လည်း ပညာရေး ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ အစရှိတဲ့ မူလအခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို အာမခံကာကွယ်ပေး ထားတာတွေ တခုမှကိုပါတာ မဟုတ်ပါဘူး။
နောက် အမျိုးသမီးအရေးနဲ့ ပတ်သက်လို့ ကြည့်မယ်ဆိုရင်လည်း သဘာဝတရားအရ ကိုယ်ဝန်ဆောင်ရမှုအပါ အ၀င် အခြားသော အမျိုးသမီးထုတရပ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘ၀ကာကွယ်စောင့်ရှောက်ပေးမှု၊ ယုံ ကြည်အားကိုးရမယ့် ဘ၀လုံခြုံရေးအာမခံချက်ဖော်ပြထားမှု အစရှိတဲ့ မွေးရာပါ မူလအခွင့်အရေးဆိုလို့ ဘာတ ခုမှကို ရေးသားပြဌာန်းထားတာ မတွေ့ရပါဘူး။ ဒီလို ဦးစားပေး လုပ်ကိုင်ဆောင်ရွက်ပေးသင့်တဲ့ တိုင်းရင်းသား အရေး၊ ကလေးသူငယ်များအရေး၊ အမျိုးသမီးအရေးတွေတောင် ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ မပါရှိရင် အခြားသော လူထုလူတန်းစား အလွှာပေါင်းစုံက ပြည်သူတွေအတွက်ဆိုရင်တော့ ထည့်သွင်းစဉ်းစားဖို့ကို မလိုအပ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ လက်တဆုပ်စာ အပေါင်းအပါ စစ်ကောင်စီဝင်တွေက ထင်များထင် နေကြသလား မသိပါဘူး။ ဒီလိုသာဆိုခဲ့ရင်တော့ ကျနော်တို့ လူမျိုးစုံ ပြည်သူလူထုတရပ်လုံးကို ဘယ်လောက်များ မိုက်ရိုင်း စော်ကားလိုက်ပါသလဲ။ စစ်အုပ်စုခေါင်းထဲမှာရှိနေတာက စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်ဖို့သာ အဓိကပါ။ နိုင်ငံရေးအာဏာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးကသာ မူလဘူတဖြစ်ပါတယ်။
ဒီ၂၀၁၀ ဆိုတဲ့ဟာက ဘယ်ကနေဖြစ်ပေါ်လာတာလဲဆိုတာ ပြန်ကြည့်လိုက်ရင်ကို ရှုပ်ထွေးစရာေ၀၀ါးစရာအ ကြောင်းလုံးဝမရှိပါဘူး။ ကွင်းကွင်းကွက်ကွက် ထင်ထင်ရှားရှားကြီးကို မြင်သာလှပါတယ်။ နအဖစစ်ကောင်စီရဲ့ လမ်းညွှန်မြေပုံ (၇) ချက်ကနေ လာတာပါ၊ အဆင့် (၄) ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆင့် (၅) ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ အတည်ပြုပြဌာန်းဖို့လုပ်တဲ့ လုပ်ရပ်တခုပါပဲ။ အဲဒီလို အတည်ပြုနိုင်မှ သူတို့ပြောတဲ့ ၂၀၁၀ ဆိုတဲ့ဟာကြီးက သူတို့စစ်အာဏာရှင်စနစ်နဲ့ စစ်ဗျူရိုကရက်ယန္တရားကြီးကို ဆက်လက်မောင်းနှင်လည် ပတ်စေနိုင်မှာဖြစ်ပြီး ပြည်သူလူထုတရပ်လုံးအပေါ် တရားလက်လွတ် ထင်ရာစိုင်း လူသတ်ခွင့်၊ ရိုက်နှက်ခွင့်၊ ဖမ်းဆီးချုပ်နှောင်ခွင့်၊ လယ်မြေယာမြေသိမ်းခွင့်နဲ့ အနိုင်ကျင့်ဗိုလ်ကျရမ်းကားပိုင်ခွင့် အစရှိတာတွေကို ဥပဒေ အရ တရားဝင်လိုင်စင် ထုတ်ပေးလိုက်တာမျိုး ဖြစ်သွားတော့မှာမို့လို့ပါ။
ဒီနေရာမှာ ကျနော်တို့တွေ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ဆန်းစစ်ရလိမ့်မှာဖြစ်ပါတယ်။ ၉၂.၄၈ ရာခိုင်နှုန်းနဲ့ကို ပြည် သူလူထုကြီးက တခဲနက် ထောက်ခံအတည်ပြုပေးထားတာလို့ စစ်အုပ်စုကတော့ ထုတ်ပြန်ကြေညာသွားခဲ့ပါ တယ်။ မဲဆန္ဒကောက်ယူတဲ့အချိန်က မေလထဲမှာပါ၊ နာဂစ်လေမုန်တိုင်းကြီး လူသားအသက်ပေါင်းများစွာကို တခဏလေးအတွင်းမှာ ၀င်ရောက်ဆွဲမွှေ့ ၀ါးမျိုသွားတဲ့အချိန်ကလည်း မေလ (၂) ရက်နေ့ပါ၊။ ပြည်သူလူထု (၁) သိန်းကျော် (၂)သိန်းနီးပါးလောက် သေကြေပျက်စီးပြီး လူ (၁) သန်းနီးပါးလောက်ဟာ အိုးမဲ့အိမ်မဲ့စားစရာ မဲ့ နေစရာမဲ့ဘ၀ကို တမဟုတ်ချင်းရောက်ရှိသွားခဲ့ကြပါတယ်။ အချို့ကျေးရွာတွေဆို ရွာလုံးကျွတ် ရေအောက် ကို စုံးစုံးမြုပ်သွားခဲ့ရပါတယ်။ အချို့ကျေးရွာတွေဆို ဒူးလောက်ပေါင်လောက်ရှိတဲ့ ရေထဲမှာပဲ ကျေးရွာသူကျေး ရွာသားတွေဟာ ရက်ပေါင်းများစွာ နေခဲ့ကြရပါတယ်။ လူသေအလောင်းကောင်တွေ၊ တိရစ္ဆာန်အသေကောင် တွေဆိုတာဟာ မြင်မကောင်းလောက်အောင် ရေထဲမှာပေါလောမျောပါနေခဲ့တာ မမြင်ချင် မတွေ့ချင်လောက် အောင် ဖြစ်ခဲ့ရပါတယ်။ ဒီအထဲမှာ လူလားမမြောက်သေးတဲ့ ကလေးအလောင်းတွေကို မြင်ရတာ စိတ်ထိခိုက် တုန်လှုပ်ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်ခဲ့ရပါတယ်။ အလွန်တရာမှကို ကြေကွဲဝမ်းနည်းစရာ သဘာဝ ဘေးဆိုး အန္တရယ် အနိဌာရုံကြီးပါ။
ဒီလိုအခြေအနေမျိုးမှာတောင်မှ နိုင်ငံတော်အကြီးအကဲလို့ ခံယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖစစ်ကောင်စီဟာ သူတို့ရဲ့ မူလဘူတ ကနဦးရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံရေးအာဏာဆုပ်ကိုင်ထားနိုင်ရေး အပြီးသတ်ဖို့ကိုသာ သဲကြီးမဲကြီး အကြောက်အကန် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ နာဂစ်လေမုန်တိုင်း ကြီးကြောင့် လတ်တလောကြုံတွေ့လိုက်ရတဲ့ အိပ်မက်ဆိုးကြီးကို ခါးစည်းကျိတ်မှိတ်ရင်ဆိုင်ရင်း ပူဆွေးသော ကအပြည့်နဲ့ မျက်ရည်စီးကြောင်းကြီးတွေရဲ့ကြားမှာ ခိုကိုးရာမဲ့ဖြစ်နေကြတဲ့ ပြည်သူထုကြီးဆီက ဆန္ဒမဲတွေကို ခြိမ်းခြောက်ချော့မြူတဲ့နည်း၊ အတင်းအဓမ္မ အကျပ်ကိုင်တဲ့နည်းမျိုးစုံနဲ့ ဒရောသောပါး မရမက ထောက်ခံမဲဖြစ် အောင် ဓားမြတိုက်လုယူသွားတာပါ။ ရွာလုံးကျွတ် ထောက်ခံမဲဖြစ်သွားရတဲ့ ရွာတွေကတော့ နာဂစ်ကြောင့် ရေအောက်ကို စုံးစုံးနစ်မြှုပ်သွားတဲ့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၉၂.၄၈ ရာခိုင်နှုန်းဆိုတာ ဘာမှကို အံ့သြစရာမရှိပါဘူး။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတုန်းကလည်း ၉၀.၁၁ ရာခိုင်နှုန်းရတယ်လို့ ထုတ်ပြန်ကြေ ညာ အတည်ပြုသွားခဲ့တာပါပဲ။ အာဏာရှင်တွေရဲ့ မူရင်းသရုပ်သကန်အတိုင်း ဖြစ်တဲ့အတွက် ဘာမှကို အထူး တလည် အံ့အားသင့်စရာကိစ္စမဟုတ်ပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာ ပါဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု (NDF)၊ ဒီချုပ်အမတ်များ အပါအ၀င် အခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများက ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ် (၄၃၃) ဦးအနက် (၂၅၁) ဦးက လုပ်ပိုင်ခွင့် (Mandate) ပေးထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ် စားပြုကော်မီတီ (CRPP)၊ ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ဒီမိုကရေစီအင်အားစုများအားလုံးက ဒီ ၂၀၁၀ ကို ခေါင်းထဲထည့် သွင်းထားတာ မဟုတ်ပါဘူး။ သာမာန်သဘောမျိုးလောက်သာ သဘောထားကြတာပါ။ မဖြစ်မနေ ပြောရဆိုရ မယ်ဆိုရင်လည်း ၂၀၁၀ ကို လက်မခံဘဲ ဆန့်ကျင်သပိတ်မှောက်ကြဖို့က အားလုံးရဲ့ ဘုံတူညီချက် သဘော ထားပဲ ဖြစ်ပါတယ်။
ခိုင်လုံတဲ့ အကြောင်းပြချက်ကလည်း ရှိနေတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ၁၉၉၃ ခုနှစ် ဇန်န ၀ါရီလ (၉) ရက်နေ့ကနေ စတင်ဖွင့်လှစ်ခဲ့တဲ့ အတုအယောင် ညောင်နှစ်ပင်အမျိုးသားညီလာခံကနေ (၁၄) နှစ်တိုင်ကြာအောင် ရပ်လိုက်နားလိုက် ပြန်ကျင်းပလိုက်နဲ့ လုပ်ခဲ့ရတဲ့ စစ်အုပ်စုရဲ့ စိတ်ကြိုက် တဖက်သတ်ရေး ဆွဲ အနားသတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေလို့ပါပဲ။ ဒီမိုကရေစီအခြေခံ လွတ်လပ်ခွင့်ဆိုလို့ လုံးဝဘာ တခုမှကိုမရှိပါဘူး။ မျှတသင့်တော်မှုလည်း မရှိဘူး။ ပိုဆိုးသွားစေတာကတော့ ၅/၉၆ ဥပဒေကို စစ်အုပ်စုက ထုတ်ပြန်လိုက်တာပါ။ လွတ်လပ်စွာ စုဝေးခြင်း၊ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခြင်းဆိုတဲ့ ဒီမိုကရေစီအခြေခံအ ချက်တွေကို ယင်းဥပဒေက တားမြစ်ပိတ်ပင်လိုက်တဲ့အတွက် ဖြစ်ပါတယ်။ ဒါတွေကြောင့် အားလုံးက ၂၀၀၈ ဖွဲ့ စည်းပုံကို လုံးဝလက်ခံဖို့မဖြစ်နိုင်ကြတော့ဘဲ သူ့ကို ဆက်လက်အသက်သွင်းပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို တညီတညွတ်တည်း ဆန့်ကျင်သပိတ်မှောက်ကြတာပါ။ စစ်အုပ်စု၊ စစ်ကောင်စီအတွက်တော့ ဘယ်သူမပြု မိမိ မှုလို့ ဆိုရမှာပါပဲ။ ကိုယ့်ရှုးကိုယ်ပတ်တာတော့ ကိုယ့်ဖာသာခံရပေဦးပေါ့။
ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ၀ါရင့်သတင်းစာဆရာကြီးတဦးရဲ့ သင်ခန်းစာယူ မှတ်သားဖွယ်လေး တခုကို အလျဉ်းသင့်လို့ ကိုးကားတင်ပြပါရစေ။ “ရွေးကောက်ပွဲဝင်ရေး-မ၀င်ရေးဆိုတာကို ဆရာ ဘာမှဝေဖန် ပြောကြားခြင်းမပြုလိုဘူး၊ တခုပဲ ဆရာက ပြောချင်တယ်၊ ၇၄ တုန်းကလိုဖြစ်မှာ ဆရာ သိပ်စိုးရိမ်တယ်၊ ၇၄ တုန်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုကောင်းတာပေါ့ ဆိုပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီး အတည်ပြုခဲ့ကြတယ်။ ရွေးကောက်ပွဲတွေ လုပ်ခဲ့ကြတယ်။ သို့သော်လည်းပဲ တိုင်းပြည်အ ခြေအနေကတော့ ဒုံရင်း ဒုံရင်းပဲ၊ ဘာမှ သိပ်မထူးဘူး၊ အဲဒီလိုဖြစ်မှာပဲ ဆရာ့အနေနဲ့ စိုးရိမ်တယ်။ ဘာမှမထူး ခြားတဲ့အပြင် အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ကူးပြောင်းသွား တာပဲ အဖတ်တင်တယ်လို့ ဆရာတော့မြင်တယ်။ အဲဒါကြောင့်မို့ အဲဒီလိုဖြစ်မှာကို ဆရာ သိပ်စိုးရိမ်တယ်” အဲဒါ ကတော့ ၀ါရင့်သတင်းစာဆရာကြီး လူထု ဦးစိန်ဝင်းပြောခဲ့တဲ့ စကားရပ်လေးပါပဲ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးလည်းဖြစ်၊ အာဏာပိုင်တို့က မေးမြန်းစရာရှိ တယ်လို့ဆိုပြီး (၁)ရက်ကြာ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရပြီး မကြာခင်လေးတင်ကမှ ပြန်လည်လွှတ်ပေးခြင်း ခံရတဲ့ အသက် (၈၁) နှစ်ရှိပြီဖြစ်တဲ့ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သင်ခန်းစာယူသတိပြုဖို့ အောက်မှာဖော်ပြထားတဲ့ စကားရပ်လေးကို ပြောကြားခဲ့ပါတယ်။
“၉၀ ရလဒ်ဟာ ပြည်သူကအပ်နှင်းထားတာ ဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် စွန့်လွှတ်ခွင့်မရှိဘူး၊ ၉၀ ရ လဒ်ကို လက်နက်သဖွယ် ဓားသွားသဖွယ် သဘောထားပြီး ချွန်မြထက်မြက်အောင် သွေးနေရမယ်၊ ၉၀ ရလဒ် နဲ့သာ နှောင်ကြိုးတွေကို ဖြတ်တောက်နိုင်မယ်” ... အဲဒါကတော့ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင် ပြောခဲ့တဲ့ စကားရပ်လေးပါပဲ။
ဒါ့အပြင် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြတဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအ ဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နဲ့ ဇိုမီးအမျိုးသားကွန်ကရက် အစရှိတဲ့ တိုင်းရင်းသားပါတီတွေထဲက ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ...
- ၂၀၀၈ ဖွဲ့စည်းပုံသည် တိုင်းရင်းသားများအား ပြည်နယ်များ၊ အထူးဒေသများ၊ တိုင်းများ ချမှတ်ဖွဲ့စည်းထား သော်လည်း စစ်တပ်မှ (၂၅) ရာခိုင်နှုန်းအာဏာရယူထားသကဲ့သို့ တိုင်းရင်းသားပြည်နယ်များအတွင်းရှိ ဥပဒေ ပြုကောင်စီကိုလည်း စစ်တပ်မှ ဆက်လက်ချုပ်ကိုင်ထားမည်ထင်ကြောင်း၊
- လမ်းစဉ်ပါတီခေတ်မှာ ပြည်နယ်ဦးစီးတွေကို တိုင်းရင်းသားတွေ ပြန်ပြီးနေရာပေးထားတာပဲ၊ ကိုယ့်ပြည်နယ် အတွက် ဘာပြောနိုင်ဆိုနိုင်လို့လဲ၊ အခုလည်း ဗဟိုဦးစီးပုံစံမျိုးပဲဖြစ်ကြောင်း၊
- ဒီမိုကရေစီနိုင်ငံတခုအတွက် ရွေးကောက်ပွဲတခု လိုအပ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို အခြေပြုသည့် ရွေး ကောက်ပွဲသည် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ပေးနိုင်မည်ဟု မထင် ကြောင်း၊ ရွေးကောက်ပွဲဝင်လျှင်လည်း အကျိုးမရှိနိုင်ကြောင်း၊
- အာဏာဟူသမျှ တပ်က ယူထားတယ်၊ ဒါကြောင့် ရွေးကောက်ပွဲဝင်လို့ အကျိုးမရှိဘူး၊ တိုင်းရင်းသားအခွင့်အ ရေး ရမှာမဟုတ်ကြောင်း၊
- ၁၉၉၀ ခုနှစ်တွင် အနိုင်ရရှိထားသော ပြည်တွင်းရှိ တိုင်းရင်းသားပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် သဘောတူဆုံးဖြတ်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင် ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အား ချွင်းချက်မရှိလွှတ်ပေးမှသာ တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ရန် စဉ်းစား မည်ဖြစ်ကြောင်းနှင့်
- ဆက်လက်၍ ပြည်တွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများ ညီညွတ်စွာ တိုက်ပွဲဝင်ရန်လိုကြောင်း၊ စစ်အစိုးရ ပြုလုပ်သည့် အမျိုးသားညီလာခံတွင်လည်း တိုင်းရင်းသားအဖွဲ့အစည်း များ၊ အပစ်ရပ်အဖွဲ့များ တက်ရောက်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေး များကို ဆွေးနွေးခဲ့သော်လည်း မှတ်တမ်း တင်သည်ဟုဆိုကာ ပယ်ချခဲ့ကြောင်း၊
- ၁၉၇၄ ခုနှစ် မဆလပါတီဖွဲ့စည်းပုံအား နိုင်ငံရေးသမားတချို့ထောက်ခံပြီး (၂၆) နှစ်လုံးလုံး ပူးပေါင်းလုပ် ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့မှုကို သင်ခန်းစာယူသင့်ကြောင်း .... ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) အ တွင်းရေးမှူးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေး သာအောင်က ဝေဖန်သုံးသပ်ပြောကြားခဲ့ပါတယ်။
အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒု-ဥက္ကဌဖြစ်တဲ့ စောဒေးဗစ်တာကပေါကလည်း ENC ရဲ့ တိုင်းရင်းသားများအပေါ် ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၀င်ရောက်ယှဉ်ပြိုင်သင့်ကြောင်း တိုက်တွန်းပြော ကြားချက်နဲ့ စပ်လျဉ်းလို့ ...
- ကျနော်တို့သဘောထားကတော့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ထက် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန် လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးပဲ ဖြစ်ကြောင်း၊
- ENC ရဲ့ မူလရည်ရွယ်ချက်က သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက်ဖြစ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲဝင် ရောက်ရန် ရည်ရွယ်ချက်မဟုတ်ကြောင်း၊
- ENC က ယခုလို ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းခြင်းသည် စစ်အစိုးရ၏ရွေးကောက်ပွဲကို ထောက်ခံ ရာရောက်မည်ဖြစ်ပြီး စစ်တပ်က ရေးဆွဲသည့် ဖွဲ့စည်းပုံအား အတည်ပြုပေးရာရောက်မည်ဖြစ်ကြောင်း၊
- ပြည်သူများ၊ ဒီမိုကရေစီအင်အားစုများနှင့် ဒီမိုကရေစီကိုထောက်ခံသည့် နိုင်ငံခြားတိုင်းပြည်များအား တွေဝေ သွားစေရန်အတွက် လှည့်စားမှုတခုနှင့်သာတူကြောင်းနှင့်
- အာဏာသိမ်းထားတဲ့ စစ်အစိုးရကို ပြည်သူတွေကြားထဲမှာ တရားဝင်လို့ ထင်သွားမယ်၊ ဒီရွေးကောက်ပွဲဟာ တဖက်သတ်လုပ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး တိုင်းရင်းသားအရေးမပါဘူးဆိုတာကို ထောက်ပြရမယ်ဟု ဝေဖန်သုံး သပ်ပြောကြားခဲ့သလို ...
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း စစ်အုပ်စုရဲ့ ၂၀၁၀ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အချုပ်အားဖြင့် ပြောမယ်ဆိုရင်တော့ နအဖစစ်အုပ်စု၊ စစ်ကောင်စီဝင်တွေရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေဟာ မကြာသေးခင်က စစ်မှုထမ်းဟောင်းများညီလာခံမိန့်ခွန်းမှာ ပြောကြားခဲ့သလို လမ်းပြမြေပုံရဲ့ အဆင့် (၅) ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပ သွားမယ်၊ အခြေခံဥပဒေကိုလည်း ပြင်စရာအကြောင်း လုံးဝမရှိဘူးလို့ ခပ်မာမာခပ်ထန်ထန် ပြောထားတဲ့ကြား က ကျနော့်ထက် ပိုလို့အများကြီး သိနားလည်ထားကြတဲ့၊ ၂၀၀၈ အခြေခံဥပဒေကို ဖင်ပြန်ခေါင်းပြန် လေ့လာ ဖတ်ရှု့ထားကြတဲ့ ၀ါရင့်သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်ဆိုသူ အချို့သောပုဂ္ဂိုလ်ကြီးများက ဘာဖြစ်လို့များ တိုင်းရင်းသားလူမျိုးစုတွေကို သေတွင်းထဲပို့မယ့် ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ကြဖို့ တိုက်တွန်းရတာလည်း ဆိုတာကို စဉ်းစားရခက် နားမလည်ရအောင်ကို ဖြစ်ရပါတယ်။
နည်းနည်းလေးမှ အတိမ်းအစောင်းမခံတဲ့ ကိစ္စကြီးပါ။ နှမ်းစေ့လေး တစေ့စာလောက် တိမ်းစောင်းသွားခဲ့ရင် တောင်မှ (၅၈) သန်းသော လူမျိုးစုံ မြန်မာပြည်သူလူထုကြီးတရပ်လုံးဟာ နောင်နှစ်ပေါင်းမြောက်မြားစွာ ဟိုး ဘိုးစဉ်ဘောင်ဆက်အထိ စစ်တပ်ရဲ့ ကျေးကျွန်ဘ၀ကို အလိုလိုသက်ဆင်း ရောက်ရှိသွားရတော့မှာ ဖြစ်ပါ တယ်။ ဥပဒေကြောင်းအရကို ဆွေစဉ်မျိုးဆက် စစ်ကျွန်ဇာတ် သွတ်သွင်းခံရပြီး ဘ၀ဇာတ်သိမ်း နိဂုံးချုပ်သွား မှာသာဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်လေးတွေပါ ကျနော်တို့ရဲ့ နှမ်းတစေ့ကြောင့် လူလုံးမလှ လူ ညွန့်တုံးသွားရတော့မှာဖြစ်ကြောင်းနဲ့ မိမိတို့ဘ၀လွတ်မြောက်ရေးအတွက် လူမျိုးစုံပြည်သူတရပ်လုံးရဲ့ သွေး စည်းညီညွတ်မှု အင်အားစွမ်းပကားနဲ့ မိမိတို့ကိုယ်တိုင် ရုန်းထတော်လှန် တိုက်ပွဲဝင်သွားရမှာသာဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ရဲ့ ကြေညာချက်စာအပေါ်ကို စဉ်းစားသုံးသပ်နိုင်ရန် ပြန်လည်တုန့် ပြန်တင်ပြလိုက်ရပါတယ်။
မောင်ခင်အေးတင့် (မဒေါက်)
၂၀၀၉ ခုနှစ် အောက်တိုဘာလ (၂၅) ရက်
Saturday, October 31, 2009
နှမ်းတစေ့လေးတောင် အတိမ်းအစောင်းမခံတဲ့ပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment