Friday, September 18, 2009

ဘယ်ယောကျာင်္းလဲ၊ ဘယ်မိန်းမလဲ

မင်းဒင်

(၁) လမ်းသစ်

တရုတ်ပြည်တွင် ၁၉၁၁ ခုနှစ်၌ သက်ဦးဆံပိုင် မန်ချူးမင်းဆက်ကို တော်လှန်သော သမ္မတစနစ် အရေးတော်ပုံ ကြီးပေါ်ခဲ့ရာမှ မန်းချူးမင်းကို နန်းချလိုက်ကြသည်။ ထိုမှသည် နန်းချအုပ်စုချင်းမညီညွတ်ပြန်၍ ဆွန်ယတ်ဆင် ဦးဆောင်သော တောင်ပိုင်း သမ္မတဝါဒီတို့နှင့် မြောက်ပိုင်း ဘုရင့်ဝါဒီတို့ ပြည်တွင်းစစ်ခင်းကြသည်။ ဆွန်ယတ် ဆင်ပါတီက ဆက်တိုက်အနိုင်ရခဲ့ပြီး မြောက်ပိုင်းနန်ကင်းမြို့ကို သိမ်းနိုင်ခဲ့သည်။

နန်ကင်းမြို့ကို အုပ်ချုပ်သော တောင်ပိုင်းစစ်တပ်သည် နန်ကင်းမြို့ဟောင်းကို ခေတ်မီသော တရုတ်နေပြည် တော် ဖြစ်လာအောင် ပြုပြင်ရာမှ အဘိုးအို လူချန်၏ ရေနွေးဆိုင် အဖျက်ခံရသည်။ အစကသော် အဘိုးအို လူ ချန်သည် သူ့ဆိုင်ကို ထိုက်သင့်သောလျော်ကြေးငွေ တသောင်းမပေးပါဘဲလျက် ဓားပြတိုက်သလို တိုက်ယူကြ သည်ဟု အစွဲရှိခဲ့သည်။ သို့သော် ထိုအရေးတော်ပုံကြီးကြောင့်ပင်လျှင် လက်ကြောမတင်းသော သူ့သား အမြင် မှန်ရ လက်ကြောတင်းလာပြီး လမ်းသစ်ဖောက်ရာတွင် ပါဝင်လာခဲ့ရာ နောက်ဆုံးလမ်းသစ်ကို အဘိုးအို လူချန် နားလည်လက်ခံလာနိုင်ခဲ့သည်။

အဆိုပါ လမ်းသစ် (New Road ) ကို အမေရိကန် စာရေးဆရာမကြီး ပါးလ်ဗတ် (Pearl S.Buck) က ရေး၍ ဆရာဇော်ဂျီက ‘လမ်းသစ်’ အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ အဆိုပါ ဝတ္ထုတိုတွင် ခေတ်အပြောင်းတွင် အယူအ ဆမတူသော်ငြား အဖေရော သားပါ ရိုးသားစွာ ဖြတ်ကျော်ခဲ့ကြသည်ဟူသော အချက်သည် အဓိကကျသည်ဟု ကျနော်မြင်သည်။

(၂) သူတို့ တမျိုးစီမြင်ကြသည်

ယခုမျက်မှောက်အချိန်၌ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာပြဿာများသည် နိုင်ငံနယ်နမိတ်ကို ဖြတ်လာ ခဲ့ရာ အန်ဂျီအိုအဖွဲ့များ၏ အခန်းကဏ္ဍ အရေးပါလာခဲ့သည်။ ဤတွင် ဆရာလူထုဦးစိန်ဝင်းက မြန်မာပြည်၏ လက်ရှိအခြေအနေ၌ လူငယ်များ အန်ဂျီအိုအဖွဲ့အသီးသီးတွင် အရှိန်အဟုန်နှင့် ပါဝင်လာကြရာမှ ကိုယ်ကျိုး ဖက်မှုများ တွေ့လာရကြောင်း၊ စေတနာရှင်းသန့်ရန်လိုကြောင်း စံပြပုဂ္ဂိုလ် မြန်မာ့အလင်း ဦးတင်နှင့် ချိန်ထိုး ထောက်ပြထားသည်။

အတုမြင် အတတ်သင်ကုန်ကြမည်စိုး၍ ကိုယ့်အားကိုယ်ကိုးကြရန် စံပြပုဂ္ဂိုလ်လိုကြောင်း၊ ဆိုင်းဘုတ်မျိုးစုံ အောက်တွင် နေ့ချင်းညချင်း လန်းလာကြသော အန်ဂျီအိုအမည်ခံ လူငယ်များ ပရဟိတသမားစစ်စစ်ဖြစ်စေလို ကြောင်း ဆရာက တပည့်ကို သွန်သင်သည့်သဘော စာအုပ်၊ ဘီဒို၊ သံမပါဘဲ အရပ်သုံးစကားပြော ခံစားသိဖြင့် ရေးပြထားသည်။

ကိုအောင်သူငြိမ်းကလည်း စာတတ်ပေတတ်ပီပီ ကျမ်းကိုးစကားကိုးနှင့် ပြဿနာပေါင်းစုံက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်သည့် ဂလိုဘယ်ခေတ်ကြီးမှာ မြန်မာနိုင်ငံပြဿနာကို ပြည်တွင်းက ဖြေရှင်းရုံနှင့် မလုံလောက် ကြောင်း ပြန်လည်ချေပသည်။

ယခုကာလတွင် လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင်သာမက အနာဂတ် နိုင်ငံပြန်လည်ထူ ထောင်ရေးအတွက် လက်ရှိအန်ဂျီအိုအဖွဲ့များပင် များနေပြီမဆိုနိုင်ကြောင်း၊ အန်ဂျီအိုဟူသည် လူမှုအရင်းအနှီး တရပ်အနေဖြင့် ခေတ်ပြောင်းရာမှာ မရှိမဖြစ်ကြောင်း ကြံဆသိဖြင့်ဆိုသည်။ ပြောရန်တချက်မှာ မြန်မာအစိုးရ ကျောထောက်နောက်ခံဖြင့် ဖွဲ့ထားကြလေသော ကြံ့ဖွံ့၊ မိခင်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ ... စသည့်အဖွဲ့များကိုပါ တန်းယှဉ်ထောက်ပြခဲ့ခြင်းကား မူလဘူတ၊ အရင်းခံရည်ရွယ်ချက်ခြင်း ကွာဟလှသည်ဖြစ် ၍ အယှဉ်လွှဲနေသည်ဟု ကျနော်ထင်သည်။

အဆိုကိုတင်သူရော ပြန်လည်ချေပသူပါ ခေတ်ကြီးအပေါ် ရိုးသားကြသည်ဟု ကျနော်ယူဆလေရာ ဆရာလူထု ဦးစိန်ဝင်းနှင့် ကိုအောင်သူငြိမ်းတို့မှာ ‘လမ်းသစ်’ ဝတ္ထုတိုထဲက အဘိုးလူချန်တို့ သားအဖ အစအဦးတွင် သ ဘောမတူညီမှုလိုမျိုးဟုသာ ကျနော်သဘောပိုက်ပါသည်။ သို့သော် ကျနော့်အမြင်မရှင်းသည်ကား ဆိုင်းဘုတ် မျိုးစုံက လက်တွေ့တွင် တကယ်အားမကိုးရသော စေတနာမသန့်ရှင်းသောသူများ၊ အဖွဲ့များ ဖြစ်ပါသည်။

(၃) ကိုယ်တွေ့အန်ဂျီအို

ကျနော်နေထိုင်ရာမြို့မှာရှိသော အန်ဂျီအိုအဖွဲ့တခုက ကျနော်ပါဝင်ဆောင်ရွက်နေသော ရွှေ့ပြောင်းလုပ်သား သာရေးနာရေးအသင်းသို့ ရုံးသုံးဘီဒို၊ စားပွဲကုလားထိုင် အပါအဝင် ဆေးဝါးများ ကူညီထောက်ပံ့ခဲ့ဖူးရာ ကိုယ် တိုင်လက်ခံရယူခဲ့ဖူးသည်။ ထောက်ပံ့သော ပစ္စည်းအားလုံး၏ တန်ဖိုးမှာ ထိုင်းဘတ်ငွေ ငါးသောင်းထက်မပို သော်ငြား လက်ခံရရှိကြောင်း ပြေစာတွင် ဘတ်တသိန်းကျော် လက်မှတ်ထိုးပေးခဲ့ရဖူးသည်။ ဤတွင် ကြားဝင် ညှိနှိုင်းပေးသော မြန်မာဆရာဝန်အမျိုးသမီးမှာ ပကတိစေတနာရှင်းသန့်လင့်ကစား အဆိုပါအဖွဲ့၏ အမြင့်ဆုံး တာဝန်ရှိပုဂ္ဂိုလ် ထိုင်းလူမျိုးက ဖန်တီးသောကိစ္စဖြစ်၍ သူလည်း ဘာမှမတတ်နိုင်ရှာ။

နောက်တကြိမ်မှာ ကျနော်တို့မြို့တွင်ပင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စာကြည့်တိုက်ဖွင့်ပေးရန် အဖွဲ့ တဖွဲ့ လာခဲ့ဖူးပြန်သည်။ တာဝန်ခံမြန်မာလူငယ်မှာ ညက သောက်ထားသောအရှိန် ပြေသေးဟန်မတူ။ “ကျနော့် ကားကို ကျနော်ကိုယ်တိုင် မောင်းလာတာ” ဟူသော စကားကိုပင် ထပ်ချည်းတလဲလဲပြော၍ သူပြောမျှ နား ထောင်မည့်နေရာနှင့် လူပုဂ္ဂိုလ်ကို တွေ့အောင်ရှာနေသည်။

အခြားသောအန်ဂျီအိုများ ရောက်လာခဲ့ပြန်သည့်အခါများတွင်လည်း အဖွဲ့ခေါင်းဆောင် အနောက်တိုင်းသားတို့ ကို မျက်နှာချိုသွေးကာ ဆန်ထွက်နိုင်မည့် မျောက်အုပ်စုကို လိုက်ရှာနေသည်နှင့်သာ တူတော့သည်။ ဤသည် မှာ ကျနော့်ကိုယ်တွေ့ အဖွဲ့အနည်းငယ်သာဖြစ်၍ အန်ဂျီအိုအားလုံးကို ဆိုလိုသည်တော့မဟုတ်ပါ။ အဓိက ပြော လိုသည်မှာ အနောက်ယဉ်ကျေးမှုကလာသော အန်ဂျီအိုရိုးရာကို အကောင်အထည်ဖော်ရာတွင် ကျနော်တို့မြန် မာလူငယ်များ စိတ်ထားရှင်းသန့်ဖို့၊ ကိုယ့်ကိုယ်ကို အထပ်ထပ် ဆန်းစစ်နေဖို့လိုသည်ဟု ကျနော်မြင်သည်။

(၄) ဆိုင်းဘုတ်များပါစေ၊ ပစ္စည်းစစ်မှန်ပါစေ

မနုဿဗေဒပညာရှင်ကြီးတဦးကို တယောက်သောသူက “ကမ္ဘာကြီးပေါ်မှာ မိန်းမနဲ့ ယောင်္ကျား ဘယ်ဒင်းက ပို တော်သတုန်း” ဟု မေးရာ အမေးခံရသောပညာရှင်က “ဘယ်ယောင်္ကျားတုန်း ဘယ်မိန်းမတုန်း” ဟု အမေးဖြင့် ပြန်တုံ့ခဲ့သည်ကို သတိရစရာကောင်းပါသည်။

ဒီရေတောဆိုင်းဘုတ်၊ အေ့ဒ်စ်ဆိုင်းဘုတ်၊ ပလပ်စတစ် ကြွပ်ကြွပ်အိတ် ဆိုင်းဘုတ်သာမက သားမက်နှင့် ယောက္ခမများ ပြေလည်စေရေးဆိုင်းဘုတ်အထိ မည်သည့်ဆိုင်းဘုတ်ထောင်သည်ဖြစ်စေ၊ ပစ္စည်းစစ်ဖို့လိုပါ သည်။ ဆိုင်းဘုတ်မည်မျှပင် ပေါ်ပေါက်လာပါစေ။ မြန်မာ့ပြဿနာအပါအဝင် ကမ္ဘာ့ပြဿနာမျိုးစုံကို အမှန်တ ကယ် ဝင်ရောက်ဖြေရှင်းနိုင်သော အန်ဂျီအိုများ၊ ယင်းကို အရင်းစိတ်ထားဖြူစင်စွာဖြင့် အကောင်အထည်ဖော် နိုင်သူများပေါ်လာရန်သာ လိုရင်းဖြစ်ပေလိမ့်မည်။ ဤသို့မဟုတ်လျှင်မူ မျောက်ပြဆန်တောင်းအဆင့်က ကျော် လွန်နိုင်မည်မဟုတ်ချေ ။

မျိုဆက်များကွာခြားလာသည်နှင့်အမျှ ရှုမြင်သုံးသပ်ပုံ၊ တွေးခေါ်ပုံများ မည်သို့ပင် ပြောင်းလဲလာသည်ဖြစ်စေ ရိုးသားမှုကို အခြေခံသင့်ခြင်း တည်းဟူသော ကမ္ဘာဦးတရားကြီး မမေ့လျော့သင့်သည်ကား သေချာလှပါသည်။
စေတနာရှင်းသန့်သော လူငယ်မျိုးဆက်သစ်လူငယ်များ အန်ဂျီအိုတွေမှာ ပါဝင်လာနိုင်သည့်အခါ အဘိုးအို လူ ချန်ကဲ့သို့ လမ်းသစ်အပေါ် အလိုလို အမြင်ရှင်းသွားသူများစာရင်းတွင် ကျနော်လည်း ပါဝင်ချင်ပါသည်။ အချုပ် အားဖြင့် ဂလိုဘယ်လိုက်ဇေးရှင်းက ဖောက်လုပ်လိုက်သော အန်ဂျီအိုလမ်းမကြီးသည် ကျနော့်တို့မြန်မာနိုင်ငံ အတွက် ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကြဉ်း သယ်ဆောင်လာသောအရာဟု ကျနော် အထူးယုံ ကြည်မျှော်လင့်လျက်ရှိပါသည်။

မင်းဒင်

2 comments:

ထက်စုနှင်းဆီ said...

အနည်းငယ် လျှာရှည်ခွင့်ပြုပါ..

အန်ဂျီအိုကို ဆိုင်းဘုတ်အမျိုးမျိုးတပ်ပြီး ဝင်လာတာ ကန့်သတ်ထားတဲ့ အချိန်အတိုင်းအတာအတွက်ပဲ ကောင်းပါတယ်. ရေရှည်မှာ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်တတ်ပါတယ်.

ဥပမာ အရေးပေါ်အခြေအနေမျိုးမှာ အရေးတကြီးလိုအပ်တဲ့
အစားအသောက်၊ ဆေးဝါး ထောက်ပံ့တာမျိုး လိုအပ်ပေမဲ့ ရေရှည်အတွက် အမြဲတစေ ထောက်ပံ့နေတာမျိုးက လူတွေကို အလုပ်မလုပ်ချင်တဲ့စိတ်၊ အချောင်ရလိုစိတ်၊ သူတပါးကို မှီခိုလိုစိတ် စသည့် စိတ်ဓာတ်ပျက်ပြားမှုကို ဖြစ်စေပါတယ်.. သူများပေးစာကမ်းစာယူမှုကြောင့် ဘာသာရေး လူမှုရေး ယဉ်ကျေးမှု လွှမ်းမိုးမှုများ ရှိလာပါတယ်..

အဲဒါကြောင့် နာဂစ်မုန်တိုင်းဖြစ်တုန်းက အမြော်အမြင် ရှိတဲ့ ဆရာတော်တွေက လူတွေကို အရေးပေါ်အစားအသောက် ဆေးဝါးထောက်ပံ့တာက လွဲပြီး ရေရှည်အတွက် အလုပ်အကိုင် အဆင်ပြေဖို့ ထွန်ယက်စိုက်ပျိုးဖို့၊ ကိုယ့်အားကိုယ်ကိုးဖို့၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ထောက်ပံ့ ကူညီခဲ့ပါတယ်... ဒါမျိုးပဲ ဖြစ်သင့်ပါတယ်..
နေ့စဉ်စားပြီးကုန်သွားတဲ့ အစားအသောက်မျိုးကို ဘယ်သူမှ ရေရှည်မှာ မပေးနိုင်ပါဘူး...

အန်ဂျီအိုတွေကို လက်ခံတဲ့ နေရာမှာလဲ.. လူတွေကို ရေရှည်မှာ အဆင်ပြေ ရပ်တည်နိုင်ဖို့ မိမိကိုယ်မိမိ အားကိုးပြီး အလုပ်အကိုင်အဆင်ပြေဖို့ ပညာပေးဖို့. ဟိုမျှော်ဒီမျှော် အချောင်စိတ်မဝင်ဖို့ အားပေးကူညီသင့်ပါတယ်..

လူအားလုံးက ကိုယ့်ရှူဒေါင့်ကကြည့်ရင် ကိုယ်ချည်း အမှန်ပါပဲ. အဲဒီလို မိမိရှုဒေါင့် ဘောင်ကျဉ်းကျဉ်း အမြင်ကျဉ်းကျဉ်းနဲ့ ကြည့်နေလို့ အငြင်းပွားမှုတွေ ဖြစ်နေရတာပါ.. အားလုံးကို ခြုံပြီး ဆရာဦးစိန်ဝင်းလို စာရေးသူ ဦးမင်းဒင်တို့လို ကြည့်တတ်မြင်တတ်မယ် ဆိုရင် အားလုံးရဲ့ အမြင်က တူညီသွားမှာပါ...

Unknown said...

စေတနာရှင်းသန့်သော လူငယ်မျိုးဆက်သစ် ဆိုလို့ပါဗျာ .. အဲ့ဒါက NGO ပိုင်းနဲ့ မဆိုင်တော့ဘူးလို့ ထင်ပါတယ်။ အဲ့ဒါက personal ပိုင်းနဲ့ဆိုင်ပါတယ်။ ဒီပတ်ဝန်းကျင်က သင်ပေးလိုက်တဲ့အတိုင်းပဲ လူက ဖြစ်လာမှာပါ။ (တကယ် အတွေ့အကြုံရှိတယ် ဆိုပါစို့ ... မြန်မာလူမျိုးများနဲ့ တခြားနိုင်ငံက လူမျိုးတွေရဲ့ စိတ်ဓာတ်တွေကို ယေဘူယျ သဘော ယှည်ထိုးကြည့်သင့်ပါတယ်။)