Friday, September 18, 2009

အတ္တလား၊ ပရဟိတလား

အတ္တလား၊ ပရဟိတလား
ငြိမ်းချမ်း

လူထုဦးစိန်ဝင်းရဲ့ ပြည်တွင်း၊ ပြည်ပအန်ဂျီအိုများရဲ့ လုပ်ရပ်များနဲ့ လူထုကို ဘန်းပြ မျောက်ပြဆန်တောင်းဖြစ် အောင်လုပ်စားမှုမျိုးကို လူငယ်တွေအတုမြင်အတတ်သင်ပြီး မပျက်စီးကြစေဖို့ တိုက်တွန်းနှိုးဆော်ချက်ကို ဖတ် မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ ‘လမ်းသစ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ တုံ့ပြန်ချေပချက်ကိုလည်း ဖတ်လိုက်မိပါတယ်။ ကိုအောင်သူငြိမ်းရဲ့ မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာ တာပါပဲ ဆိုတဲ့ ချုပ်နှုတ်ပြောဆိုချက်ကိုလည်း စိတ်ထဲမှာ တရားရပြီး သဘောကျမိတယ်။

တခုအံ့သြမိတာက ကိုယ်တိုင်မျောက်ပြဆန်စား လုပ်ခံခဲ့ရတာမျိုး ကြုံခဲ့ရတုန်းက ညည်းညူပြောဆိုခဲ့တဲ့ ကို အောင်သူငြိမ်းတယောက် ကိုယ်ကိုယ်တိုင် အန်ဂျီအိုအသိုင်းအ၀ိုင်းထဲ ရောက်လာတဲ့အခါ အရင်က ကိုယ်ကိုယ် တိုင်မြင်ခဲ့တဲ့ ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ သူ့ဘာသာသူ ကွာခြားသွားခဲ့ပြီလားဆိုတာပါပဲ။ ထိုင်နေတဲ့နေ ရာ မတူတော့၊ ရပ်တည်တဲ့နေရာ မတူတော့တဲ့အခါ ကိုအောင်သူငြိမ်းတယောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ် ပုံတွေ ကွဲပြားခြားနားလာတာလား ဆိုတာကိုတော့ ကိုအောင်သူငြိမ်းကိုယ်တိုင် သေသေချာချာ တွေးတော ကြည့်မှ သိနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။ မျောက်အဖြစ်မှာ ရောက်နေတုန်းကတော့ ကျနော်တို့အမြင်တွေက တမျိုး ဖြစ်နေနိုင်ခဲ့ပြီး အခုကိုယ်က မျောက်ပြတဲ့သူနေရာမျိုးမှာ ရောက်တဲ့အခါမှာလည်း ကျနော်တို့အမြင်က ကျနော် တို့ရပ်တည်နေရာနဲ့ ကျနော်တို့ရဲ့လုပ်ရပ်ကို ကာကွယ်တဲ့အမြင် ရှိလာနိုင်သေးပါလားဆိုတာကို သတိထား ကြည့်ဖို့ သံဝေဂလည်းရစေခဲ့ပါတယ်။

အန်ဂျီအိုဆိုတိုင်း မကောင်းဘူးဆိုတဲ့အမြင်နဲ့ ပြောတာမျိုးကတော့ တရားနည်းလမ်းကျလိမ့်မည်မဟုတ်ပါ။ ဂ လိုဘယ်လိုက်ဇေးရှင်းနဲ့ လူထုအကျိုးပြု လူမှုအဖွဲ့အစည်းတွေ မတူညီကြတာကိုတော့ ကိုအောင်သူငြိမ်း လေ့ လာစေလိုပါတယ်။ လူထုအကျိုးပြု လူမှုအဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေ အများစုကို ဂလိုဘယ်လိုက်ဇေးရှင်း ဆိုင်ရာ ဆန့်ကျင်ဆန္ဒပြပွဲတွေမှာတွေ့ရတာကိုလည်း မမြင်ချင်ယောင်မဆောင်စေလိုပါ။ အစိုးရလက်ဝေခံ အန် ဂျီအိုအမည်ခံမျိုးတွေကလွဲရင် ရပ်တည်ချက်တခုခုနဲ့ရပ်တည်တဲ့ အန်ဂျီအိုတွေအများစုက ဂလိုဘယ်လိုက်ဇေး ရှင်းဆိုတာကို ကန့်ကွက်နေတာကိုလည်း သတိပြုမိစေလိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာကို ကမ္ဘာကပဲ၊ အန်ဂျီအိုတွေကပဲ သူတို့တတွေပေါင်းပြီး ၀ိုင်းဝန်းဖြေရှင်းပေးမှာလား၊ မြန်မာနိုင်ငံက လူတဦးအတွက် နိုင်ငံခြားအထောက်အကူရရှိမှုဟာ ဆယ်ဂဏန်းတောင်မကျော်ဘူးဆိုတာတွေ အတွက် ကျနော်ဘာမှနားမလည်ပါ။ အမေရိကန်နိုင်ငံသားတယောက်၊ ဗြိတိန်နိုင်ငံသားတယောက်၊ ဥရောပ နိုင်ငံတွေက နိုင်ငံသားတယောက်အနေနဲ့ အပြည်ပြည်ဆိုင်ရာက အကူအညီတွေ ဘယ်လောက်ရတယ်ဆိုတာ ကို ကိုအောင်သူငြိမ်းက ယှဉ်ပြတာကို မတွေ့ရတာတော့ သတိပြုမိပါတယ်။

တချိန်တည်းမှာပဲ ဦးနေ၀င်းလက်ထက် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ကြေညာရတဲ့ သူ့အမြင်ကောင်း ကွက်ကို ပြန်ရှင်းပြတာကိုလည်းပြန်သတိရရင်း ကိုယ့်လူတွေအားလုံး ဒီလမ်းသွားနေကြပြီလားဆိုပြီး မစဉ်းစား တတ်အောင်ဖြစ်လာပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ရတဲ့အတွက် ကမ္ဘာကနေ အကူအညီတွေ အများကြီး ရနိုင်တယ်ဆိုတဲ့ သူတောင်းစားလမ်းစဉ်ကို ချပြရဲခဲ့တဲ့ ဦးနေ၀င်းကို အံ့သြမဆုံးခင်မှာ အခုတခါ အန်ဂျီအိုတွေ များလာလေလေ ကျနော်တို့ မြန်မာနိုင်ငံသားတွေ သူများပေးစာကမ်းစာ ပိုရလာနိုင်လေလေဆိုတဲ့ တွေးခေါ် စဉ်းစားချက်မျိုး တွေ့လာရတာကိုလည်း ချီးကျူးမိပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ အပြည်ပြည်ဆိုင်ရာကို သူတောင်းစားလို မှီခိုနေရမှုက အလွန်ကွာ ဟတယ်ဆိုတာကိုလည်း မေ့ပြီး ကျော်သွားသလားတော့ မသိပါ။ ကမ္ဘာမှာ အတူတကွ နေထိုင်နေကြရလို့ နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမှာ သေချာပါတယ်။ ဒါပေမယ့် ဒါက နိုင်ငံတကာထဲက မှီခိုပြီး တောင်း စားနေရတာနဲ့ လုံးလုံးကွာခြားပါတယ်။ နိုင်ငံတကာမှာ ကျနော်ကြားဖူးနေတဲ့ self sufficiency and sustain-ability ဖြစ်လာဖို့ ကြိုးစားအားထုတ်နေကြတာ တွေ့ရမှာပါ။ ဒါလုပ်လို့ နိုင်ငံတကာနဲ့ အဆက်ဖြတ်ပြီး သီးသန့် နေတာကို ဆိုလိုတာမဟုတ်ဘဲ အခြားနိုင်ငံတွေအပေါ် မှီခိုနေရတာကို နည်းနိုင်သမျှနည်းအောင် လုပ်တာပါ။

အမေရိကန်နိုင်ငံဆိုလည်း အာရပ်နိုင်ငံတွေအပေါ် လောင်စာဆီ မှီခိုအားထားနေရမှုကို ရပ်တန့်ပြီး ကိုယ့်ဘာ သာ လောင်စာဆီ လုံလောက်နိုင်အောင် နည်းလမ်းရှာဖွေနေကြတာကို တွေ့ရပါလိမ့်မယ်။ ပြောတာတွေလည်း ကြားရပါလိမ့်မယ်။ နောက် အန်ဂျီအိုတွေအများစု ပြောနေချမှတ်နေတဲ့ မူတွေကလည်း လူတွေကို သူများအ ပေါ် မှီခိုအားထားနေရတာတွေကနေပျောက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် အားကိုးရပ်တည်နိုင်တဲ့သူတွေဖြစ် လာအောင် လုပ်ပေးနိုင်ဖို့ဆိုတာပဲဖြစ်ပါတယ်။ သူတောင်းစားစိတ်ဓာတ်သွင်းပေးဖို့မဟုတ်ပါ။

အန်ဂျီအိုတိုင်းကို ခြုံပြီး မကောင်းဘူးပြောလို့ရှိရင် မှားမှာဖြစ်သလို အန်ဂျီအိုတိုင်းက အကောင်းချည်းပဲလုပ်နေ တယ်ဆိုရင်လည်း မှန်မှာမဟုတ်ပါဘူး။ လူထုအတွက်လုပ်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နောက်လူထုအ တွက်ကို မှန်မှန်ကန်ကန်လုပ်မယ်ဆိုတဲ့ အဖွဲ့တွေအနေနဲ့ လုပ်စားတာတွေ၊ အာဏာရှင်စံနစ်ရဲ့ အညစ်ကြေးတ ခုဖြစ်တဲ့ ဖြတ်စားတာတွေကို ကာကွယ်ဖို့ မှန်မှန်ကန်ကန် ရှင်းတမ်းတွေ ထုတ်ပြန်ကြရမှာ ၀န်လေးစရာမရှိပါ ဘူး။ ဘာလုပ်ငန်းတွေ လုပ်နေတယ်၊ ဘယ်နေရာမှာ ဘာလုပ်ငန်းတွေ ဘယ်လိုလုပ်သွားပြီးပြီ၊ ဘယ်လောက် ဘယ်လိုကုန်ကျသွားတယ်ဆိုတာတွေကို လူထုအတွက် တာဝန်ခံလုပ်ပေးမယ်ဆိုတဲ့ အဖွဲ့အစည်းတွေက လူ ထုကို ရှင်းလင်းပြရမှာ ၀န်လေးစရာမလိုကြလောက်ဘူးလို့ထင်ပါတယ်။ ဒီလို လူထုကို ရှင်းလင်းပြမှုမလုပ်ရဲရင် မလုပ်ကြရင် ဒီအဖွဲ့အစည်းတွေအနေနဲ့ လူထုအတွက်က ဘယ်လောက်၊ ကိုယ်ကျိုးအတွက်က ဘယ်လောက် ဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်သလို ဒီလိုလုပ်ငန်းကို တကယ်လူထုအတွက် အကျိုးပြုတဲ့လုပ်ငန်းအဖြစ် လည်း သတ်မှတ်လို့ရမှာမဟုတ်ပါဘူး။

အချို့အပြည်ပြည်ဆိုင်ရာကော၊ ဒေသခံအန်ဂျီအိုတွေကကော လုပ်ရမယ့် လုပ်ငန်းတွေမှာ အသုံးစရိတ်တွေ ကုန်ကျတာများတာထက် အပြည်ပြည်ဆိုင်ရာ ခရီးသွားစရိတ်တွေ၊ အဖွဲ့အစည်းအမည်ကို ကြော်ငြာနေမှုတွေ၊ အဖွဲ့အစည်းရဲ့ အပြင်ပန်း ဟန်ပန်အသွင်အပြင်ကို ခြယ်သနေမှုတွေမှာ အလုံးအရင်းနဲ့ သုံးကြပြီး တကယ့်လုပ် ငန်းမှာ အသုံးပြုငွေကျတော့ ဘာမှမရှိတာမျိုးတွေ လုပ်တဲ့အဖွဲ့တွေလည်း တပြုံကြီးပါပဲ။

ဒီအဖွဲ့အစည်းတွေက လူမှုအဖွဲ့အစည်းတွေကို ဘယ်လိုအကျိုးပြုမှာလဲ ဆိုတာကိုလည်း စဉ်းစားကြည့်စရာပါ။ လူထုဦးစိန်ဝင်း စိုးရိမ်သလို လူငယ်တွေက ဒါတွေကို အတုမြင်အတတ်သင်လုပ်ကြပြီး အဲ့သလို လိုက်လုပ်စား ကြရင်ဖြင့် မျောက်ပြဆန်တောင်းလုပ်ခံရမယ့် လူထုအတွက်နဲ့ ဖျက်ဆီးခံရမယ့် လူငယ်တွေအတွက် ရင်လေးမိ စရာဖြစ်ရတာကို သဘာဝမကျဘူးလို့ အနက်ပေါက်အောင်ပြောရင်ဖြင့် ကိုယ့်စကား ဘယ်သွားသလဲ စဉ်းစား စရာပါ။ ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်းနဲ့ လူထုကို လုပ်ငန်းကော၊ ကုန်ကျစရိတ်ရော၊ ဘာတွေဘယ်မှာ သုံးနေတယ်ဆိုတာမျိုးတွေကောကို ချပြမှုရှိတဲ့ transparency မရှိတဲ့အဖွဲ့တွေကိုလည်း အန်ဂျီအိုအမည်ခံ၊ လူ မှုအဖွဲ့အစည်းအမည်ခံ လုပ်စားကြတာမျိုးကို မျောက်ပြပြီးဆန်တောင်း လုပ်စားတဲ့အဖွဲ့တွေလို့မပြောရင် ဘယ် လိုများပြောရမလဲဆိုတာကို ကိုအောင်သူငြိမ်းအနေနဲ့ ပညာတတ်ပီပီ စကားလုံးလှလှ ရှာပေးနိုင်ရင်တော့ ကောင်းမှာပါ။

လူထုကို အကျိုးပြုတာမဟုတ်ဘဲ၊ လူထုအတွက် လုပ်သယောင်ယောင် လူထုကိုမျောက်ပြပြီး ဆန်တောင်းလုပ် စားနေကြတာတွေ မရှိပါဘူးလား။ နောက်ပြီး ကိုအောင်သူငြိမ်းတို့အဖွဲ့အပါအ၀င် မြန်မာနိုင်ငံထဲမှာ လုပ်နေတဲ့ အဖွဲ့အများစုက လူထုအတွက် ဘာတွေဘယ်လိုလုပ်ပေးနေတယ်၊ ဘယ်လုပ်ငန်းတွေမှာ ဘယ်လောက်အသုံး ချနေတယ်၊ overhead cost ဆိုတဲ့ အပြင်ပန်းကုန်ကျစရိတ်တွေမှာ ဘယ်လောက်သုံးနေသလဲ ဆိုတာတွေကို လူထုကို ရှင်းလင်းပြတဲ့အဖွဲ့ဘယ်နှစ်ဖွဲ့ရှိပါသလဲ။ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကိုတော့ ဒါတွေမရှင်းပြဘဲ နဲ့ ဘယ်လိုမှ နောက်ထပ်အကူအညီရနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုရှင်းပြသလို လူထုကိုကော ဘာလို့ရှင်းပြရမှာ ကြောက်ကြရတာပါလဲ။ ဒီလိုရှင်းပြမှုတွေ မရှိခဲ့လို့ လူထုဦးစိန်ဝင်းလို စိုးရိမ်မှုတွေဖြစ်တာတွေကကော လူကြီး တွေ အသက်ကြီး အမြင်တုံးကုန်ပြီဆိုရမှာလား ... သိချင်နေတဲ့ မေးခွန်းတွေပါ။

ငြိမ်းချမ်း

6 comments:

ထက်စုနှင်းဆီ said...

ပြောချင်နေတာနဲ့ ကွက်တိပဲ.
ကျေးဇူးပဲ. ရေးစရာမလိုတော့ဘူးးး

ထက်စုနှင်းဆီ said...

ပုံလေးကလဲ မိုက်လိုက်တာ..
ရေးထားတာနဲ့ စပ်ဟပ်တယ်..

userone said...

ကွန်းမန့်တော့ ရေးလေ့မရှိပေမယ့် တိုက်ဆိုင်လို့ ဝင်ရေးလိုက်ပါတယ်။ နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြို့သားတစ်ယောက်အနေနဲ့ မြင်နေတာတွေကို အရှိအတိုင်း ပြောချင်ပါတယ်။ NGO ဝန်ထမ်းတွေ လစာ အရမ်းကောင်းပါတယ်။ လစာကောင်းလို့ မဟုတ်တာ မလုပ်ဘူး မထင်ပါနဲ့ ။ ဝါးလုံးတွေ သစ်တွေ ဝယ်ရင်၊ တခြားဘာညာတွေ ဝယ်ရင် စာရင်းကို လစ်ရင်လစ်သလို ပိုပိုသာသာလေး တင်တတ်ပါတယ်။ သစ်ဝါးရောင်းသူကိုယ်တိုင်က ဖွင့်ပြောပြပါတယ်။ ပဲ့ထောင်သမားလည်း ဘာထူးလဲ။ ဆီမပိုပိုအောင် ဖန်ပြီး ဘုံးပါတယ်။ ဝံပုလွေလို့ မြို့ခံတွေက သတ်မှတ်ထားသူတွေက အကပ်ကောင်းလို့ မန်နေဂျာဖြစ်တာလည်း ရှိသပေါ့။ အရင် ကြက်ခြေနီက စားဖားကြီးတွေလည်း နေရာကောင်းကောင်းမှာ နှပ်နေကြပေါ့။ တခါမှ မရဖူးတဲ့ လုပ်ခလစာတွေ ရလာတော့ ရွာကိုဆင်းတဲ့ ရေလမ်းခရီးမှာပဲ ပေါပေါလောလောရတဲ့ ပိုက်ဆံနဲ့ ဖဲဝိုင်းထောင်ကြတယ်။ ပျော်ကြပါသည်..။ NGO များ ပြန်သွားရင် လက်ကြောမတင်းသော လူပေါကျော့လေးများ အဖြစ် ကျန်ရစ်မည်ဟု ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟလာသူများလည်း မနည်း။ ဟီး..ထအောင် လှပကော့ညွှတ်နေတဲ့ ဒီတီဆိုင်ကယ်ကြီးပေါ်က ဝန်ထမ်းတွေက လမ်းဘေးက နာဂစ်ဒဏ်ခံကလေးတွေ ဝင်မတိုက်မိပါစေနဲ့ ဆုတောင်းမိပါတယ်။ မြို့နဲ့ မလိုက်ဖက်အောင် လှပတဲ့ ပါဂျရိုးကြီးများလည်း ပိုမိုစီးနိုင်ကြပါစေလို့ ဒီမြို့သားလေးက မုဒိတာပွားလိုက်ပါတယ်။

Unknown said...

I think ပေါ့နှော .. ဦးစိန်ဝင်းရော၊ ဦးငြိမ်းချမ်း ရောပေါ့နှော .. ကိုယ့်အတဿတကို အလေးထား ရေးကြတယ်လို့ ထင်ပါတယ်။ ဆရာ အောင်သူငြိမ်း တုန့်ပြန်စာက ဆရာတို့ရဲ့ အတဿတရဲ့ အခြား တဖက်မှာပါ ..

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

လောဘဆိုတာ ကြောက်ဖို့ကောင်းပါတယ်။ ရုပ်ဝထ္ထူချမ်းသာသူတွေကို သူရဲကောင်း သဖွယ် ဂုဏ်ပြုနေတရွေ့ ရတဲ့နည်းနဲ့ ချမ်းသာအောင်လုပ်ကြမှာပဲ။ မတရားတာတွေ တရားတာတွေ ဂရုစိုက်မှာ မဟုတ်ဘူး။ ပိုက်ဆံရမယ်ဆိုရင် ဘနဖူးသိုက်တူးမှာပဲ။ NGO တွေက မျောက်ပြ ဆန်တောင်း မှ ပိုက်ဆံရမှာမိုလို့ မျောက်ပြဆန်တောင်းတာပေါ့ဗျာ။ နိုင်ငံရေးသမား၊ ဆရာဝန်၊ အင်ဂျင်နီယာ ၊ စစ်သား၊ ရဲ၊ ၀န်ထမ်း ၊ကုန်သည်၊ အလုပ်သမားတွေသာမကပဲ နောက်ဆုံး သံဃာတော်တွေ အတွင်းမှာတောင် စည်းစိမ် အတွက် မသမာမှုတွေ လုပ်နေကြတာပဲ။ လူ့ထုကြီးက လောဘရဲ့ အပြစ်တွေကို မြင်ဖို့လိုပါတယ်။ (လောဘနည်းတာနဲ့ အပျင်းကြီးတာ အဓိပါယ်ချင်းမတူပါဘူး) လောဘနည်းဖို့ ပညာပေးဟောပြောမှုတွေ မလုပ်တရွေ့ အကျင့်ပျက်ခြစားမှုတွေကတော့ ဆက်လက်တိုးတက်နေမှာပါပဲ။ ဒါ့ကြောင့် ခင်ဗျားတို့ ကလောင်အစွမ်းနဲ့ ဝေဖန် အပုတ်ချချင်သလောက်ချပါ။ လူထုကို စာရင်းတွေချပြခိုင်းချင်သလောက် ချပြခိုင်းပါ။ လိမ်မယ့်သူကလည်း နည်းလမ်းအသစ်တွေသုံးပြီး လိမ်ညာမှာပဲ။ အဲဒါတွေဟာ လောဘရဲ့ အကျိုးတရားဖြစ်ပါတယ်

မြန်မာလူမျိုးစစ်စစ်
ဇော်မျိုး

Fun said...

where can I read ကိုအောင်သူငြိမ်းရဲ့ ‘လမ်းသစ်’?