Sunday, September 20, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ နအဖ အကျပ်အတည်းများ

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)

ဗိုလ်သန်းရွှေတို့ စစ်အုပ်စုကတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ အတုအယောင်ပန်းပွင့်ကြီးကို ဟန်လုပ်ပန်ဆင် ပြပြီး ကမ္ဘာကို အလှပြချင်ဇောအားကြီးနေပါပြီ။ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ အနှစ် (၂၀) ကျော်ကြာ လူရာမ ၀င်ဖြစ်နေရတဲ့ အနုတ်စုတ်ဂုတ်စုတ် စစ်အစိုးရတရပ်ကို ၂၀၁၀ ရွေးကောက်ပွဲဆိုတာနဲ့ နားလှည့်ပါးရိုက်ပြပြီး တရားဝင် ပြည်သူ့အစိုးရဖြစ်ကြောင်း ကမ္ဘာကို မျက်လှည့်ပြချင်နေတာပါ။

ဒါပေမယ့် စစ်အုပ်စု သွားချင်နေတဲ့ လမ်းကြောင်းမှာ အတားအဆီးဖြစ်နေတဲ့ အခုအခံ၊ ဖြေရှင်းရမယ့် ပြဿနာ တွေက တပုံတပင်ကြီးရှိနေလေတော့ ၂၀၀၉ ပြက္ခဒိန်စာရွက်တွေသာ သုံးချိုးနှစ်ချိုး စုတ်ပြဲသွားတယ်၊ နအဖခ မျာ သူ့လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို ကျိတ်ပြီးစည်းရုံးရေးဆင်းခိုင်း၊ ပြင်ဆင်ခိုင်းနေတာကလွဲလို့ အခုအ ထိ ဘယ်နေ့ဘယ်ရက်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ တိတိကျကျ ရေရေရာရာ လေသံမျိုး မဟနိုင်သေး ဘူး ဖြစ်နေတယ်။ မဟနိုင်လောက်အောင်ကိုလည်း နအဖအတွက် အကျပ်အတည်းမျိုးစုံ ဆိုက်နေတယ်။

နအဖက သူတို့လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံယုံကြည်စေချင်တယ်။ နိုင်ငံတကာက လက်ခံယုံကြည်မှလည်း သူတို့အပေါ် အရေးယူပိတ်ဆို့ထားတာတွေပြန်ပွင့်ပြီး ရှေ့ဆက်စခန်းသွားလို့ရမယ်လို့ သူတို့တွက်ဆထားပုံပေါ်တယ်။ အဲသလို တွက်ဆထားတဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုနေ တဲ့ (၁) ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရေး (၂) နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး (၃) လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ဆိုတဲ့ အချက် (၃) ချက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့ အသည်းအသန် လုံးပမ်းနေတယ်။

ဘယ်လိုပဲ လုံးပမ်းနေ လုံးပမ်းနေ စစ်အုပ်စုအနေနဲ့က အာဏာကို လက်မလွှတ်ချင်တဲ့ ထောင့်ကပဲတွေးပြီး အ ရာရာကို ဦးတည်လုပ်ဆောင်နေတာဆိုတော့ နဂိုက မရိုးသားတဲ့ စစ်အုပ်စုနဲ့ ရိုးရိုးသားသား ဖြောင့်ဖြောင့်မှန် မှန် အကောင်အထည်ဖော်မှဖြစ်မယ့် အချက် (၃) ချက် ထိပ်တိုက်ဝင်ဆောင့်မိပြီး အကျပ်အတည်းတွေပဲ တခု ပြီးတခု တိုးလာနေတော့တာပေါ့။ (အာဏာကိုလက်မလွှတ်ချင်တဲ့ အကျည်းတန် စစ်အုပ်စုက ရွေးကောက်ပွဲဆို တဲ့ မှန်ကလေးကို ခဏခဏ ထုတ်ကြည့်နေမှတော့ ကြည့်လေ အရုပ်ဆိုးလေဖြစ်နေတာ မဆန်းဘူးပေါ့လေ)။

အားလုံးပါဝင်ရေးဆိုတဲ့ ပထမအချက်အရ ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အန်အယ်လ်ဒီပါတီကို နအဖ က ပါဝင်စေချင်ပုံပေါ်တယ်။ ဒါပေမယ့် အန်အယ်လ်ဒီက ၂၀၀၈ ညောင်နှစ်ပင်အခြေခံဥပေဒပါ အချို့အချက် တွေကို ပြင်ဆင်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ... ဒါမှသာ ရွေး ကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လို့ ဆိုနေတဲ့အတွက် လိမ်လည်အတည်ပြုထားတဲ့ ညောင်နှစ်ပင် အခြေခံဥပေဒ ဘောင်အတွင်းကသာ အန်အယ်လ်ဒီကို ရွေးကောက်ပွဲဝင်စေချင်တဲ့ နအဖအဖို့ အကျပ်ဆိုက်နေလေတော့ တယ်။ ဒါ့အပြင် အန်အယ်လ်ဒီကိုသာ ရွေးကောက်ပွဲဝင်စေချင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှာကိုတော့ မ လိုလားတဲ့အတွက် တလောကတင် ယက်တောကို ပစ်ထည့်အမှုဆင်ပြီး နေအိမ်အကျယ်ချုပ် ထပ်တိုးလိုက်ရ ပြန်တယ် (နအဖတို့ ရုပ်ပျက်ဆင်းပျက် လုပ်နေရပုံများပေါ့လေ)။

အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေ ရွေးကောက်ပွဲမှာ ပါဝင်လာစေဖို့အတွက် စည်းရုံးသိမ်းသွင်းရာမှာလည်း နအ ဖအနေနဲ့ အကြီးအကျယ် အကျပ်အတည်း ဆိုက်နေပြန်တယ်။ နအဖက ညောင်နှစ်ပင်ဖွဲ့စည်းပုံအတိုင်း တခု တည်းသော တပ်မတော်ဖြစ်ဖို့အတွက် အပစ်ရပ်လက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်း ပြီး ရွေးကောက်ပွဲဝင်ဖို့ ဖိအားပေးရာမှာ အာခံမှုတွေနဲ့ချည်း ကြုံတွေ့နေရလို့ ကိုးကန့်အဖွဲ့ကို စစ်ရေးအရ စံနမူ နာပြု တိုက်ခိုက်ခြိမ်းခြောက်ပြရတဲ့ အခြေအနေကိုရောက်ခဲ့တယ်။

ကျန်အဖွဲ့တွေကိုတော့ ဆက်လက်တိုက်ခိုက်ခြင်းမရှိသေးဘဲ လတ်တလော စစ်ရေးပြင်ဆင်မှုတွေပြုလုပ်ပြီး မီး စတဘက် ရေမှုတ်တဘက် မူဝါဒနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်။ ဒါပေမယ့် နအဖနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးအပြီးမှာ ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့ဆီက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်ခံ မယ်ဆိုတဲ့အသံ ထွက်မလာဘဲ ပါတီအသစ်ထပ်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ တိုက်ကွက်သစ်တခုသာ ထွက်ပေါ်လာတာကို တွေ့ရတယ်။ မိုင်းလားအဖွဲ့နဲ့ ၀ အဖွဲ့လည်း နအဖက အတင်းအကျပ် ဖိအားထပ်ပေးလာ ရင် ကေအိုင်အိုနဲ့ မွန်ပြည်သစ်တို့လို တိုက်ကွက်အသစ်ပဲနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရနိုင်မှုကို ရှောင်လွှဲ ကြည့်မယ့်သဘော ရှိမယ်ထင်တယ်။ နအဖလိုချင်တဲ့ နယ်ခြားစောင့်တပ်အသွင်ကိုတော့ အသာတကြည် ပြောင်းမယ့်ပုံမပေါ်ဘူး (နအဖတပ် ဆက်ထိုးလာရင် ခုခံစစ် ဆင်နွှဲနိုင်တဲ့ အနေအထား တနည်းတဖုံ ပြင်ဆင် ထားကြလို့လည်း ဖြစ်နိုင်ပါတယ်)။

အဲဒီတော့ နအဖရဲ့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ရည်မှန်းချက်က အဲသလို အခြေအနေမှာပဲ တန့်နေ မယ်ဆိုရင် နအဖအနေနဲ့ ၂၀၁၀ မတိုင်မီ တခုတည်းသော တပ်မတော်ဖြစ်ရေးအတွက် ကျန်အပစ်ရပ်အဖွဲ့တွေ ကို ဆက်တိုက်မလား၊ တိုက်ရင် ကိုးကန့်တုန်းကလို လွယ်ကူပါ့မလား၊ ဘယ်လိုအကျိုးဆက်တွေကို နအဖ ရင် ဆိုင်ရမလဲ … စတဲ့ မေခွန်းတွေ တသီတသန်းကြီး ထွက်ပေါ်လာနေပါတယ်။

စစ်ရေးအရ ဆက်မတိုက်ချင်လို့ အဲသလောက်နဲ့ပဲ ကျေနပ်ပြီး ရွေးကောက်ပွဲကိုကျင်းပမယ်ဆိုရင်တော့ ၂၀၁၀ မတိုင်မီ တခုတည်းသော တပ်မတော်ဖြစ်ရေးဆိုတဲ့ သူတို့စိတ်ကြိုက်ဆွဲထားတဲ့ ညောင်နှစ်ပင်အခြေခံဥပဒေနဲ့ ကိုက်ညီတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အပစ်အခတ်ရပ်စဲခြင်းမပြုထားတဲ့ ကေအဲန်ယူနဲ့ SSA-S တို့လို လက် နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း နအဖအနေနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါဟာ လက်နက် ကိုင်အဖွဲ့အစည်း (အပစ်ရပ်၊ အပစ်မရပ်) တွေနဲ့ ပတ်သက်ပြီး နအဖရင်ဆိုင်နေရဆဲ မဟာအကျပ်အတည်းကြီး ပါ (နအဖကို ကြည့်ရတာ စာမေးပွဲနီးမှ ဟိုစာလည်းမပိုင်၊ ဒီစာလည်းမနိုင် ဖြစ်နေတဲ့ ကျောင်းသားတယောက် ခေါင်းမီးတောက်နေသလိုမျိုးပါပဲ)။

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေးဆိုတဲ့ ဒုတိယအချက်အတွက်လည်း နအဖ ခေါင်းခဲနေရတာပါပဲ။ ယုံကြည်ချက်၊ ရပ်တည်ချက် ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးအကျဉ်းသားမှန်သမျှကတော့ (နအဖဘက်က ဘယ် လိုနည်းနဲ့ပဲ မြှူဆွယ်မြှူဆွယ်၊ ထောင်ထဲမှာသာ အရိုးထုတ်သွားပါလိမ့်မယ်) ညောင်နှစ်ပင်ဖွဲ့စည်းပုံနဲ့ ကျင်းပ မယ့် ရွေးကောက်ပွဲကို လက်ခံကြမှာ မဟုတ်ပါဘူး။ လက်မခံရင် နအဖအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးဆိုတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ့် အ နေအထားမရှိပါဘူး။ ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင် ရွေးကောက်ပွဲမှာ နိုင်ငံတကာက ပါဝင်စေချင်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ အဲသလိုဖြစ်ခဲ့ရင် နအဖရဲ့ ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ ရဲ့ယုံကြည်မှုအနေအထားလည်း မြင့်တက်လာတော့မှာမဟုတ်လို့ လုပ်မောကြီးဆိုတဲ့ရလဒ်ပဲ နအဖအတွက် အဖတ်တင်ပါလိမ့်မယ်။

တတိယအချက်ဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုတဲ့အပေါ်မှာလည်း ရှေ့မှာ ၂၀၀၈ အခြေခံဥပေဒကို တက်သုတ်ရိုက် လိမ်လည်အတည်ပြုခဲ့တဲ့ သာဓက ပူပူနွေးနွေးက ရှိထားလေတော့ ယုံအောင်ဆိုပြီး ယုန်ရုပ်ရေးပြရင်တောင် ယုံကြမယ့် အနေအထားမရှိပါဘူး။ အခုအထိလည်း နအဖဘက်က လွတ်လပ်ပြီး တရာမျှတဲ့ ရွေးကောက်ပွဲတခု ကျင်းပနိုင်တဲ့ အခင်းအကျင်းမျိုး ဘာတခုမှ ခင်းကျင်းပေးနိုင်တာ မတွေ့ရသေးပါဘူး။

အခြေခံအဆင့် လွတ်လပ်စွာ အဖွဲ့အစည်းအသင်းအပင်း တည်ထောင်ခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့် … ဆိုတာတွေကိုတောင် ရဲရဲတင်းတင်း မပေးရဲသေးဘဲ တိုးလို့သာ ဖမ်းဆီး နှိပ်ကွပ် စောင့်ကြည့် တင်းကျပ် ဆင်ဆာဖြတ်နေတာကို တွေ့နေရပါတယ်။ သူတို့ရဲ့ လက်ကိုင်တုတ်အဖွဲ့အ စည်းတွေနဲ့ ရွေးကောက်ပွဲဆိုတဲ့အသံကြားရင် အချိန်အခါမရွေး အမြီးနှန့်ဖို့ ၀န်မလေးတတ်တဲ့ ပါလေရာလူစား မျိုးတွေကိုသာ စစ်အုပ်စုက မျက်နှာသာပေးပြီး ပြင်ဆင်လုပ်ကိုင်ခွင့်ပေးနေတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ ကို စောင့်ကြပ်ကြည့်ရှုမယ့် နိုင်ငံတကာက အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ဖို့ဆိုတာ ဝေလာဝေး တနေ့ တနေ့ ဘယ်နားက ထဆူလေမလဲဆိုတာကိုပဲ နအဖ အာရုံစိုက်နေရတဲ့ အခြေအနေပါ။ ရန်ကုန်မြို့ကို စစ်မြေ ပြင်အလား လုံခြုံရေးတင်းကျပ်ထားရတာကိုကြည့်ရင် သိနိုင်ပါတယ်။

အဲသလို အကျပ်အတည်းမျိုးစုံဆိုက်နေတဲ့ စစ်အုပ်စုက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မယ့် ၂၀၁၀ မှာ အားလုံးပါဝင်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို ကျင်းပပေးမယ်လို့ နိုင်ငံတကာလူကြီးမင်း များကို အာမဘန္တေခံထားလေသတဲ့။ “နားရှိလို့သာကြား ဟုတ်ပါ့မလား မောင်ကာဠုရယ်” လို့ပဲ နအဖဖော်လံ ဖား ဆောင်းပါရှင်ရဲ့ ခေါင်းစည်းနဲ့ ဗိုလ်သန်းရွှေတို့ စစ်ဗိုလ်တသိုက်ကို ပြန်လည်မေးခွန်းထုတ်လိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

2 comments:

HRmyanmar said...

၂၀၁၀ ရွေးကောက်ပွဲကို အရှက်ကြောဖြတ်ပြီး အကျပ်အတည်းတွေကြားကလုပ်မဲ့ နအဖ အထိနာမှာမြင်ယောင်မိတယ် ဒေါက်တာရေ...

Anonymous said...

But we can not do any good way except this way.So we can pass this way.Never only consider to protect SPDC Need to consider all views with world's situation for building our country without helping from other country.Because we will not get pure help .