ရာဇာလီ-ဂမ္ဘာရီ-ဘန်ကီမွန်း-ဂျင်မ်ဝက်ဘ်၊ ‘ရက်စက်တယ်’ နဲ့ ဒီမိုကရေစီပွဲကြိုက်ခင်များ
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)
အနှစ် (၂၀) အတွင်း မြန်မာပြည်ကို ရာဇာလီ လာလိုက်၊ ပီညဲရိုး လာလိုက်၊ ဂမ်ဘာရီ လာလိုက်၊ ကင်တားနား လာလိုက်၊ ဘန်ကီမွန်းကြီးကိုယ်တိုင် လာလိုက်၊ ဟော … အခုနောက်ဆုံး ဂျင်မ်ဝက်ဘ် ဆိုတဲ့ အမေရိကန်ဆီး နိတ်အမတ်ကြီး လာလိုက်နဲ့ တလာတည်းလာနေလိုက်ကြပုံများ ငယ်ငယ်တုန်းက ဇာတိမြို့ ဘုရားပွဲမှာ လာက တဲ့ ဇာတ်တွေကို သွားသတိရမိတော့တယ်။
ဘုရားပွဲမစခင် နှစ်ပတ်လောက်အလိုမှာ ‘ပုလင်းစိန်၊ အမြည်းစိန်၊ ဖန်ခွက်စိန်’၊ ဘုရားပွဲစခါနီးမှာ ‘ရွှေနန်းတင် သား နန်းဝင်း’၊ ဘုရားပွဲအစပိုင်းကျတော့ ‘သစ္စာမေတ္တာ ရွှေမန်းသဘင်’၊ ဘုရားပွဲအလယ်ကျတော့ ‘စိန်မာဒင် သား မိုးဝင်း’၊ ဘုရားပွဲဆုံးခါနီးတော့ ‘မန္တလေးသိန်းဇော်’၊ ဘုရားပွဲကြီးပြီးသွားပြန်တော့ ‘မြို့တော်အင်အားသစ်’ နဲ့ ဘုရားပွဲလေးကို အကြောင်းပြုပြီး တဇာတ်ပြီးတဇာတ် ၀င်ကလိုက်ကြတာ ဇာတ်တွေကို စုံလို့ပဲဆိုပါတော့ …။
အဲဒီဘုရားပွဲလေး ကျင်းပချိန်နီးပြီဆိုတာနဲ့ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာ လှုပ်လှုပ်ရွရွနဲ့ အလုပ်ရှုပ်ကြတော့ တာပါပဲ။ ဇာတ်တွေဝင်မလာခင်မှာ အဲဒီဇာတ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အဲဒီတုန်းက ဇာတ် သဘင်အကြောင်းတွေ ဖော်ပြလေ့ရှိတဲ့ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်မျက်မှန်၊ သဘင်မဂ္ဂဇင်းတွေမှာ ရှာဖတ်ကြ၊ ဖတ်ပြီးရင် ဘယ်မင်းသားက ဘယ်လိုချောကြောင်း၊ ဘယ်မင်းသားကတော့ သွားတက်ကလေးနဲ့၊ ဘယ်မင်း သားကတော့ ပြုံးလိုက်ရင် ဘယ်လို၊ ဘယ်မင်းသားကတော့ နှုတ်ခမ်းမွေး ရေးရေးလေး … စသဖြင့် မင်းသား တွေရဲ့ ရုပ်ရည်ရူပကာတွေအကြောင်း စားမြုံ့ပြန်ကြ၊ ပြောရင်းဆိုရင်း ကိုယ့်ရည်စားအမှတ်နဲ့ အူနုကျွဲခတ်ကြ၊ ဆံပင်ပြေးကောက်သူကောက်ကြ၊ ပုံသွင်းသူ သွင်းကြ၊ ပွဲကချိန်မှာ နေရာကောင်းက ရှုစားအားပေးခွင့်ရဖို့အ ရေး ဖျာလက်မှတ်တွေ ကြိုတင်ဘွတ်ကင်လုပ်ကြနဲ့ ရှုပ်ယှက်ခတ်နေကြတော့တာပါပဲ။
ဇာတ်အဖွဲ့တွေဝင်လာပြီဆိုရင်လည်း ၀င်လာတဲ့ဇာတ်အဖွဲ့က မင်းသားတွေဆီ ချိုင့်ကြီးချိုင့်ငယ်အသွယ်သွယ်နဲ့ အလုအယက် ချက်ပြုတ်ပို့ကြ၊ မိတ်ဆက်စကားပြောဖို့ မင်းသားရဲ့ ဇာတ်သေတ္တာဘေး၊ ခြင်ထောင်ဘေး စိတ် ရှည်လက်ရှည် စောင့်စားကြ၊ မင်းသားကို ယပ်ခတ်ပေးကြ၊ လက်ဆောင်တွေ ပေးကြ၊ မင်းသားတွေဆီက လိပ် စာတွေတောင်းကြ၊ အော်တိုအော်ရှည်တွေ ရေးခိုင်းကြ၊ ဇာတ်အဖွဲ့တွေ တဖွဲ့ပြီးတဖွဲ့ပြန်သွားလိုက်ကြနဲ့ နောက် ဆုံးတော့ ပွဲသွင်းသူ ကန်ထရိုက်ပဲ တိုက်ဆောက် ကားစီးသွားတယ်၊ မြို့မှာရှိတဲ့ ပွဲကြိုက်ခင်တွေခမျာတော့ မျက်တွင်းဟောက်ပက် အိပ်ရေးတွေပျက်နဲ့ ဖလက်ပြပြီး ဈေးမထွက်နိုင်၊ အလုပ်မလုပ်နိုင်၊ တမှိုင်မှိုင် တတွေ တွေ လွမ်းဖျားလွမ်းနာတွေကျ ကျန်ရစ်ခဲ့ကြပုံတွေကို ပြန်မြန်ယောင်နေမိတယ်။
တရက်မှာ အိမ်နံဘေးက အဖွားတယောက် သူ့မြေး ပွဲကြိုက်ခင်ကို မြည်တွန်တောက်တီးနေတာ ကြားရတယ်။ ဘာဖြစ်လို့ပါလိမ့်လို့ နားစွင့်ကြည့်တော့ သူ့မြေးပွဲကြိုက်ခင်က ပြန်သွားတဲ့ ဇာတ်အဖွဲ့က မင်းသားအကြောင်း နှုတ်ကမချ တဖွဖွပြောလိုက်၊ မင်းသား ရေးပေးသွားတဲ့ အော်တိုစာအုပ်လေးကို ဖွင့်ဖတ်လိုက်၊ စာအုပ်လေးကို ရင်ဘတ်ပေါ်ဖိထားလိုက်နဲ့ စိတ်ကူးတွေယဉ်နေလို့ပါတဲ့။
“ဟဲ့ကောင်မ၊ ညည်းအေ နေ့လည်း နေ့မို့၊ ညလည်း ညမို့ ဒီမင်းသားအကြောင်းပဲ ပြီးကိုမပြီးနိုင်တော့ဘူး။ စာ အုပ်ကို ရင်ဘတ်ပေါ်တင်လိုက် မွှေးမွှေးပေးလိုက်နဲ့ ညည်းရူးနေလား၊ မင်းသားဆိုတာ နယ်တကာ လှည့်ကနေ တဲ့အမျိုးဟဲ့၊ သူ့မှာ ညည်းလိုအရူးမတွေ အများကြီးနေမှာပေါ့အေ့။ ဒါကိုများ အရူးထပြီး တမ်းတနေလိုက်တာ ငါ … တယ် … မပြောလိုက်ချင်ဘူး။ သွား … သွား ... ညည်း ဈေးမထွက်တာ ဘယ်နှစ်ရက်ရှိပြီလဲ။ ကိုယ့်အလုပ်ကိုယ် လုပ်။ ထမင်းငတ်ရင် ညည်းကို ဘယ်မင်းသားကမှ လာကျွေးမှာမဟုတ်ဘူး။ ဒီပုံအတိုင်းဆို ညည်းအဖေ ခရီးက ပြန်လာရင်တော့ ဖနောင့်စာမိမှာ ငါမြင်ယောင်သေးတော့ အေ” ဆိုတဲ့ အဖွားလုပ်သူရဲ့ နန်းစတော့ပ် ဆူပူကြိမ်းမောင်းသံကို ပြန်ကြားယောင်ပြီး ပြုံးနေမိပါတယ်။
အခုလည်း ကျနော်တို့ မြန်မာနိုင်ငံရေးဇာတ်ခုံကြီးမှာ အဲဒီလို ဇာတ်ပွဲတွေနဲ့ ပွဲကြိုက်ခင်တွေရဲ့ အဖြစ်အပျက် မျိုးတွေ အတွေ့ရများခဲ့တာ ဒီမိုကရေစီတိုက်ပွဲသက် (၂၁) နှစ် ပြည့်မြောက်ခါနီးတဲ့အထိပါပဲ။ ပွဲသွင်းသူ နအဖ က ရာဇာလီဇာတ်အဖွဲ့ကို ခေါ်မယ်ကြေညာလိုက် ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များက ‘ရာဇာလီ မြန်မာ ပြည်ကို ကယ်တင်တော့မည်’ အထင်နဲ့ ရာဇာလီမလာခင် လေလှိုင်းကနေ ကြိုတင်ခန့်မှန်းတွေ ပြောကြ၊ ဘယ် လိုမြင်တယ် ဘယ်ဝါမြင်တယ် ဘယ်လိုဖြစ်နိုင်တယ်ဆိုပြီး အာလူးတွေ ဖုတ်ကြ၊ ရာဇာလီ မအောင်မမြင်နဲ့ ပြန် သွားတော့ ကြေညာချက်တွေထုတ်ပြီး ကန့်ကွက်ကြ၊ လေလှိုင်းတွေကနေ ရှုတ်ချပြောဆိုကြ၊ ပြောလို့မော အော်လို့ လည်ချောင်းကွဲတော့ ငြိမ်သက်သွားကြ …။
ဒီလိုနဲ့ ပွဲကန်ထရိုက် နအဖက ရာဇာလီဇာတ်အဖွဲ့နည်းတူ ပီးညဲရိုးဇာတ်ကို သွင်းခဲ့တယ်။
ဂမ်ဘာရီဇာတ်ကို အကြိမ်ကြိမ် အလီလီသွင်းခဲ့တယ်။
ကင်တာနားဇာတ်ကို သွင်းပြန်တယ်။
ဘန်ကီမွန်းဇာတ်ပွဲကြီးဆို နှစ်ကြိမ်နှစ်ခါကြီးများတောင် ကပြအသုံးတော်ခံခွင့်ပေးခဲ့တယ်။
အခုနောက်ဆုံး အမေရိကန်ဆီးနိတ်က မင်းသားကြီး ဂျင်မ်ဝက်ဘ် ဇာတ်သဘင်ကို သွင်းခဲ့လေတယ်။
နောက်ဆုံးမှာတော့ နအဖသွင်းတဲ့ဇာတ်ပွဲတွေကို စောင့်မျှော်ဝေဖန်ရင်း၊ ကြေညာချက်ထုတ် ရှုတ်ချရင်း၊ သံရုံး တွေရှေ့ ဆန္ဒပြရင်း၊ ကမ္ဘာပတ်ပြီး လှည့်တောင်းရင်းနဲ့ အချိန်တွေကုန်လာလိုက်ကြတာ မျိုးဆက်တဆက်စာနီး ပါး ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ နအဖစစ်အုပ်စုနဲ့ သူတင်ကိုယ်တင် ရင်ဆိုင်တိုက်ပွဲဝင်နိုင်မယ့် အင်အား၊ ညီ ညွတ်မှုမျိုး မတည်ဆောက်နိုင်ခဲ့ကြဘူး။ ဒီမိုကရေစီပွဲကြိုက်ခင်များ အဲဒီလိုအချိန်ကုန်နေချိန်မှာ ပွဲသွင်းသူ နအ ဖကတော့ သူလုပ်စရာရှိတာကို လုပ်ရင်း၊ လိမ်ရင်း၊ ညာရင်း၊ ရက်စက်ရင်း၊ ဖိနှိပ်ရင်း၊ သတ်ဖြတ်ရင်း၊ ချေမှုန်း ရင်းနဲ့ လာလိုက်တာ မကြာခင် ၂၀၁၀ ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲကြီးနဲ့ အာဏာကိုအပိုင်ကြံဖို့ အပူ တပြင်း လုပ်ဆောင်နေပါပြီ။
ဒါပေမယ့် အခုအချိန်အထိလည်း ကျနော်တို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ တိုက်ပွဲဝင်သူတွေ (အထူးသဖြင့် ပြည်ပရောက်တွေ) ဘက်က လေလှိုင်းတွေ၊ ရုပ်သံတွေမှာ လေကန်ကြ ဝေဖန်ကြ၊ လက်တော့ပ်လေးတွေ ကိုယ်စီနဲ့ ခေါင်းချင်းဆိုင်ပြီး ကြေညာချက်တွေထုတ် ရှုတ်ချလိုက်ကြ၊ သံရုံးတွေရှေ့မှာ ဆန္ဒပြလိုက်ကြနဲ့ပဲ ပြီး နေတုန်းပါပဲ။ အဲဒါတွေကိုကြည့်ပြီး ကွယ်လွန်သူ အဆိုတော် စိုးလွင်လွင်ရဲ့ သီချင်းတပုဒ်ကို သွားသတိရမိ တယ်။ သီချင်းခေါင်းစဉ်က ‘ရက်စက်တယ်’ တဲ့။ ခေါင်းစဉ်အတိုင်းပဲ သီချင်းတပုဒ်လုံးမှာလည်း ‘အကြင်နာဆုံး ရက်စက်တယ် xxx မောင်အချစ်ဆုံး ရက်စက်တယ် xxx ရီရီစိုး ရက်စက်တယ် xxx ရက်စက်တယ် xxx ရက် စက်တယ် xxx ” နဲ့ သီချင်းသာ ဆုံးသွားတယ် ‘ရက်စက်တယ်’ ချည်းပဲ ကြားလိုက်ရတယ်။
ကျနော်တို့ရဲ့အဖြစ်ကလည်း စိုးလွင်လွင်သီချင်းလိုပဲ အနှစ် (၂၀) လုံးလုံး နအဖ ရက်စက်တာကိုပဲ သက်သေပြ နေကြတယ်။ ကြေညာချက်တွေထုတ်၊ ဆန္ဒတွေပြ၊ လေလှိုင်းတွေ ရုပ်သံတွေကနေ လေကန်ဝေဖန်နဲ့ပဲ နအဖ ရက်စက်ကြောင်း ငြီးငွေ့စရာကောင်းလောက်အောင် သက်သေပြခဲ့ကြတယ်။ နအဖက ဒီမိုကရေစီလှုပ်ရှားသူ တွေ၊ ပြည်သူတွေအပေါ် မရက်စက်အောင် မရက်စက်နိုင်အောင် မရက်စက်ရဲအောင် ဘယ်လိုလုပ်ဆောင်မ လဲ၊ ဘယ်လိုခုခံမလဲ၊ ဘယ်လိုလက်ဦးမှုယူပြီး တိုက်ပွဲဝင်မလဲဆိုတာကို မစဉ်းစားခဲ့ကြဘူး။ ကြိုတင်မပြင်ဆင်ခဲ့ ကြဘူး။ အင်အားမတည်ဆောက်ခဲ့ကြဘူး (ရွှေဝါရောင်မှာ အသိသာဆုံးဖြစ်ပါတယ်)။ ပရိုပိုဇယ်နိုင်ငံရေး လောက်၊ သံတမန်ရေး ဖိအားလောက်၊ အော်ရုံ ရှုတ်ချရုံလောက်နဲ့ ဒီမိုကရေစီရမယ်ထင်ပြီး အချိန်ကုန်ခဲ့ကြ တယ်။
အခုတော့ ရင်ဆိုင်နေရတဲ့ ရန်သူနအဖရဲ့ အနေအထားက ဘန်ကီမွန်းလည်း မနိုင်၊ အာဆီယံလည်း လက်မှိုင် ချရတဲ့ အနေအထားရောက်ရပြီ။ အမေရိကန်ကြီး ဂျင်မ်ဝက်ဘ်ကလည်း သူ့အလုပ်သူလုပ် (ယက်တောကို လာထုတ်)၊ စားကောင်းသောက်ကောင်းလေးပြောပြီး ပြန်သွားပါချေပြီ။ “၀င်ရောက်ခိုနား ပြန်ထွက်သွားသော် ကိုင်းဖျားသိမ့်သိမ့်ကျန်ရစ်သတည်း” ဆိုတဲ့ ကဗျာစာသားလေးအတိုင်း ပြစ်မှုကျူးလွန်သူ ယက်တော ၀င်ရှုပ်ပြီး ပြန်ထွက်သွားပေမယ့် အပြစ်မဲ့ ကျန်ရစ်သူ ဒေါ်အောင်ဆန်းစုကြည်ခမျာမှာတာ့ (သေချာပေါက် လွတ်မြောက်ရ မယ့်အချိန်မှာ) အရင်လို အကျယ်ချုပ်ဘ၀မျိုးနဲ့ပဲ အဖတ်တင် ကျန်ရစ်ခဲ့ရချေပြီ။ မြန်မာပြည်သူတွေသာ ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အရေး ရတက်မအေးဖြစ်ကျန်ရစ်ခဲ့ရချေပြီ။
အဲဒီတော့ နောက်ဆုံးပိတ် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်လာတဲ့ ခရီးစဉ်အထိ အနှစ် (၂၀) ရလဒ်တွေကို ပြန်လည်သုံးသပ် အဖြေထုတ်ကြည့်မယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေ နဲ့ နအဖကို စိုးလွင်လွင်သီချင်းလို “ရက်စက်တယ် xxx ရက်စက်တယ်” ဆိုပြီး အော်ဟစ်နေရုံလောက်နဲ့မရဘူး ဆိုတာ ရှင်းနေပါပြီ။ နအဖ မရက်စက်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုသာ လက်တွေ့ကျကျ (အပ်တို တချောင်းကအစ ဘယ်လိုအသုံးချမလဲဆိုတာမျိုး) အကောင်အထည်ဖော်ဖို့၊ စနစ်တကျပြင်ဆင်ဖို့ အချိန်ကျ ရောက်နေပြီလို့ မြင်ပါတယ်။ နို့မဟုတ်ရင်တော့ အဖေပြန်လာရင် ဖနောင့်စာမိမယ့် ပွဲကြိုက်ခင်လို ကျနော်တို့ ဒီမိုကရေစီပွဲကြိုက်ခင်များနဲ့ ပြည်သူများလည်း နအဖပထွေး လိမ်ညာလုပ်ဆောင်မယ့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲလှည်းစုတ်ကြီး ဖြတ်ကြိတ်နင်းခြေသွားတာ ခံရနိုင်ကြောင်း သတိပေးခေါင်းလောင်းထိုးလိုက်ရပါ တယ်။
ဒေါက်တာလွဏ်းဆွေ
4 comments:
ကောင်းတယ်ဗျာ၊
That right, need to talk more to the people. listen and see how only ,
what should we do ? need to think individual case. time limited 20 years over is > * 5 political case.
welcome
Mr diamond
Post a Comment