Tuesday, July 14, 2009
မင်းကိုနိုင်၊ မိုးသီးဇွန် မှသည် ‘သီးလေးသီး’ သို့ … (ဟာသ)
ဒီနေ့ မိုးက ရွာနေလိုက်တာ မနက်မလင်းခင်ကတည်းက လမ်းတွေပေါ်ရေတွေတက်၊ ကျောင်းဘေးက လယ် ကွင်းတွေမှာလည်း ရေအဖွေးသားနဲ့ပေါ့။ မိုးအေးလို့ထင်ပ၊ ကျောင်းထဲက ကလေးတွေ သွေးအေးပြီး ငြိမ်ချက် သားကောင်းနေကြလေရဲ့။
ကလေးတွေကို မိုးအေးအေးနဲ့ မပျင်းရလေအောင် သူ့တို့ စိတ်ဝင်စားမယ့်အကြောင်းတွေ ရယ်စရာတွေ ပြောပြ နေရင်းနဲ့ ရှစ်လေးလုံးအရေးတော်ပုံအကြောင်းကို ရောက်သွားပါလေရော။ ရှစ်လေးလုံးဖြစ်တုန်းက ဒီကလေး တွေက ဘယ်လာမွေးဦးမလဲ၊ ခုမှ သူတို့က ကိုးတန်းကျောင်းသားအရွယ်တွေ။
အဲဒီကာလတုန်းက ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်လာတာ၊ နေ၀င်းစစ်အစိုးရက ကျောင်းသား ကျောင်းသူတွေကို အင်လျားကန်ဘောင်မှာ ရိုက်သတ်၊ ရေနှစ်သတ်လုပ်ခဲ့တာတွေ၊ ပြည်သူတွေတရပ်လုံး အ ရေးတော်ပုံထဲ ပါလာတာတွေ၊ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရှစ်လေးလုံးည စစ်တပ်က ရက်ရက်စက်စက် မောင်းပြန်သေနတ်တွေနဲ့ ပစ်သတ်တာတွေကို ပြောပြနေချိန်မှာ အကြောင်းအရာအလိုက် ကျောင်းသားတွေရဲ့ မျက်နှာမှာ ရှစ်လေးလုံးကာလ ပုံရိပ်တွေကို သူတို့စိတ်ကူးလေးတွေနဲ့ ဖမ်းယူထင်ဟပ်နေကြတယ်ပေါ့။
ဒီအရေးတော်ပုံကြီးကပဲ ဒေါ်အောင်ဆန်းစုကြည်လို အမျိုးသားခေါင်းဆောင်တွေ၊ ရဲရဲတောက် ကျောင်းသား ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တယ်ဆိုတာကို ဆက်ပြီးရှင်းပြနေရင်း အတန်းထဲက ကျောင်းသူကျောင်း သားကလေးတွေကို ရှစ်လေးလုံးအကြောင်း သူတို့ဘယ်လောက်သိထားသလဲ၊ သိနေပြီလဲဆိုတာ စမ်းကြည့် ချင်တာနဲ့ သူတို့ကို အဲဒီကာလက ဦးဆောင်ခဲ့တဲ့၊့ ဒီနေ့အထိလည်း ဦးဆောင်နေဆဲဖြစ်တဲ့ ကျောင်းသားခေါင်း ဆောင် နာမည်တွေကို မေးကြည့်လိုက်တော့ တတန်းလုံးက ‘မင်းကိုနိုင်’ လို့ ထအော်ကြတယ်။ ငါ့တပည့်တွေ တယ်ဟုတ်ပါလားပေါ့။
ဒါနဲ့ဆက်ပြီး နောက်ထပ် ကျောင်းသားခေါင်းဆောင်တယောက်ရဲ့ နာမည်ကို ထပ်မေးလိုက်တော့ အားလုံးငြိမ် ပြီး စဉ်းစားနေလိုက်တာ နည်းနည်းကြာသွားတယ်။ ဖြေနိုင်တဲ့သူ တယောက်တလေများ ပေါ်လာမလားလို့ ကျောင်းသားတွေကို လှမ်းကြည့်မိတော့ ခေါင်းငုံ့တဲ့လူကငုံ့ အကြည့်လွှဲတဲ့သူကလွှဲနဲ့ ကိုယ့်တပည့်တွေ ဖြစ်နေ လိုက်တာ …
“ငါ့တပည့်တွေ မင်းကိုနိုင်ကိုတောင် သိသေးတာပဲ၊ သူက ရှစ်လေးလုံးကာလမှာ ကိုမင်းကိုနိုင်နဲ့ ခေါင်းနဲ့ပန်းလို ဖြစ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တယောက်ကွာ။ မင်းတို့ ဒီမှာကြားဖူးနေတဲ့ ကျောင်းသားအဖွဲ့တခုမှာ သူက ခေါင်းဆာင်လည်း လုပ်ခဲ့သေးတယ်လေ။ ကျောင်းသားဆန္ဒပြပွဲတွေမှာ ပြည်သူလူထုကြီးကိုယ်တိုင် ပူးပေါင်းပါ ၀င်လာအောင် သူ့အပြောအဟောတွေနဲ့ လှုံ့ဆော်စည်းရုံးခဲ့သူလည်းဖြစ်တယ်လေ”
အဖြေမပေးနိုင်သေးသော ကျောင်းသူကျောင်းသားလေးများကိုကြည့်ရင်း ကျနော် စိတ်မရှည်ဖြစ်လာမိတယ်။ ဒါနဲ့ …
“ကဲ .. ကဲ .. ငါ့တပည့်တွေ စဉ်းစားရခက်နေရင် အစဖော်ပေးမယ် သူ့နာမည်မှာ ‘သီး’ ပါတယ်” လို့ ပြောလိုက် တော့ ကျောင်းသားတွေအားလုံး အားရ၀မ်းသာနဲ့ တခဲနက်ပြန်ဖြေလိုက်တဲ့ အသံဟာ ဟိန်းကနဲ ထွက်ပေါ်လာ ပါတယ်။
“သီးလေးသီးပါ ဆရာ” တဲ့ …။
“ပျော်ရွှင်ကြစေ … ပြည်သူတွေ … အေးချမ်းကြစေ … မိတ်ဆွေတို့ရေ … သာယာမှုနဲ့ ပြည့်စုံပါစေ … တည်ငြိမ် မှုနဲ့ … ပြည့်စုံပါစေ … ဆေးရောင်စုံ အဖွဲ့သားတွေ … ဆုတောင်းမေတ္တာခြွေ …”
ကျောင်းသူကျောင်းသားတွေရဲ့ တခဲနက် အားရပါးရ ဖြေဆိုလိုက်သံကြောင့် အဆိုပါသီချင်းသံနဲ့အတူ လူရွှင် တော်အ၀တ်အစားဝတ်ပြီး မိန့်ခွန်းပြောဖို့ စင်ပေါ်ကိုတက်လာနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကို ကျနော့်အတွေးထဲ မြင်ယောင်နေမိပါတော့တယ်ဗျာ …။
(မှတ်ချက် ။ ။ ဒီကနေ့အထိ လေးစားရင်းစွဲရှိနေသော ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်နှင့် နိုင်ငံရေးကို အနုပညာဖြင့် ပြက်လုံးထုတ် တိုက်ပွဲဝင်လျက်ရှိသော ကိုဇာဂနာနှင့် သူ၏မျိုးဆက် သီးလေးသီးအဖွဲ့တို့အား လေးစားအမှတ်ရ ....)
ခန့်အောင်
Subscribe to:
Post Comments (Atom)
5 comments:
အဟိ.. ရီရတယ်.
တူတယ် လူရွှင်တော်နဲ့.သီးငါးသီးပေါ့.
ဆောင်းပါးက ဟာသဆိုပေမယ့် အတော့ကို အတွေးကြွယ်စရာ ဖြစ်ရပါတယ်။ ကျနော်တို့ နိုင်ငံမှာ တကယ့်ကို ကြေကွဲဖွယ်ဖြစ်ပျက်နေတဲ့ အုပ်စိုးမင်းမူနေသူတွေအဆက်ဆက်က စနစ်တကျဖျက်ဆီးနေတဲ့ သမိုင်းအမှောင်ဖုံးထားမှုပါ။ ကိုမိုးသီးတို့ကို မသိယုံတင်မကဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို ဗိုလ်ချုပ်အောင်ဆန်းသမီးလို့ မသိကြဘူး။ အာဇာနည်နေ့ ဘယ်လိုဖြစ်ခဲ့တယ်။ ဘာကြောင့် တိုင်းပြည်ရဲ့ အဇာနည်တွေ အဖြစ်သတ်မှတ်ခဲ့တယ်ဆိုတာလည်း သမိုင်းတန်ဖိုးဆိုတာထက် ကိုယ့်နိုင်ငံရဲ့ မသိမဖြစ် သမိုင်းအဖြစ်အပျက်တွေကိုလည်း သိခွင့်မရခဲ့တဲ့ မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အဖြစ်ပါ။ ပြည်တွင်းမှာ စာသင်ခန်းထဲရှိနေရမယ့် ကလေးငယ်တွေက လမ်းမပေါ်မှာ ဟစ်ဟော့ပ်သီချင်းနဲ့ တောင်းစားနေရတယ်။ အင်တာနက်မီဒီယာခေတ်ကြီးရဲ့ ကွန်ပြူတာ သီတင်းအချက်အလက်တွေ ဆိုတာကလည်း လူကုံထံပစ္စည်းနဲ့ ကန့်သတ်ချုပ်ချယ်ခံထားရတဲ့ အကျဉ်းကျ မီဒီယံတွေ အဖြစ်သာ။ ဒီကြားထဲ နအဖ စစ်အုပ်စုက နာဇီဖက်ဆစ် အာဏာရှင် ဟစ်တလာလို သမိုင်းကို ပြောင်ကျကျ ဖိအားပေး လိမ်နေတာ။ ကလေးတွေဟာ ခေတ်ရဲ့ တည်ထွင် ဖန်တီးမှုရှိတဲ့ ဇာတ်လိုက်၊ ဇာတ်ဆောင်တွေဖြစ်နေရမှာ ခုတော့ မျက်စိသားငယ်၊ နားသငယ်နဲ့ သားကောင်တွေလို ဖြစ်နေရတယ်။ ကဲ ကျနော်တို့ ဘာလုပ်ကြမလဲ၊ ဘာတွေလုပ်နေသလဲလို့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲ မကြည့်ရဲအောင် ဖြစ်နေရတယ်။
ရီစရာလိုဆိုပေမဲ အတွေးတွေအများကြီးပါပါတယ်။
ဒီဟာကိုဖတ်ပြီးကိုမိုးသီးဇွန်တယောက် သဘောပေါက်လိမ့်မယ်လိုထင်ပါတယ်။ ဘယ်သူကတကယ်ပေးဆပ်နေသလဲဆိုတာ အဖြေပေးလိုက်သလိုပါဘဲ။ တိုက်ပွဲထဲမှာရှိနေတဲ့ သူကို အားလုံးသိကြတာအစမ်းမှမဟုတ်တာ။ ကိုယ်ကဘယ်နေရာမှာရှိနေသလဲဆိုတာကို အားလုံးသဘောပေါက်ဖိုကိုလည်းမီးမောင် ထိုးပြလိုက်သလိုပါဘဲ။ စာရေးတင်ပြတဲ့ကိုခန့်အောင်ကို ကျေးဇူးအထူးပါဗျာ။
i very repect ko min ko naing.he can sacrify himself for people.his sacrifice is not only by words from internet.
Post a Comment