Saturday, July 4, 2009
လျှို့ဝှက်စွာ စီးဆင်းသွားတဲ့ မြစ် (ကဗျာ)
တနေကုန် လိုက်ကောက်ထားတဲ့
တအိုးစာ ထင်းခြောက်ကလေးတွေကလည်း
မတောက်နိုင်သေးတဲ့ မီးကို မွေးရင်းမွေးရင်းက
အခိုးအငွေ့တွေအဖြစ်နဲ့သာ …။
သူ့ အငိုမှာ
နို့ချိုတွေကလည်း ထွက်ကျမလာနိုင်တော့
ပျော့တွဲဘတ်လဘိုင်လိုက်နေတဲ့ သားမြတ်ပျဉ်းတွဲမှာ
သူ့ရင်သွေး ကလေးငယ်လေးရဲ့
သွားဖုံးကြိတ်ဒဏ်ရာတွေက သွေးစိမ်းရှင်ရှင် …။
ပင်လယ်ဟာ
ဘယ်ကိုမှ ထွက်ပြေးမရနိုင်ပါဘူးကွာ ... တဲ့
အဲဒါ ရှင်ပြောနေကျ စကားလေ။
နေလုံးကွယ်လုပြီ
လှိုင်းပုတ်သံတွေက
ခါတိုင်းညတွေထက် ကြမ်းတယ်
လှေငယ်ကလေးနဲ့ အိမ်ဦးရဲ့ အရှင်သခင်ရေ
ဒီည ရှင့်မျက်နှာကို
ကျမ မြင်ခွင့်ရမှဖြစ်မယ်။
ကျမသိပါတယ် …
ရှင်ဟာ ဘယ်တော့မှ
ဘ၀အပေါ် လက်နက်မချဘူးဆိုတာ ...။ ။
ကမာပုလဲ
(ဂျွန်-၁၃၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment