Monday, June 1, 2009

တချိန်က စူပါ ပါဝါတဲ့လား ...

တချိန်က စူပါ ပါဝါတဲ့လား ...
မြင့်သိန်းကြူ

နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေချိုးဖေါက်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်ရာ တရားခွင်ကို နိုင်ငံခြားသံရုံးတချို့က သံတမန်တွေ ကို သွားရောက် လေ့လာခွင့်ပြုခဲ့ပါတယ်။ ၂၀-၅-၂၀၀၉ နေ့ကပါ။ တရားခွင်ကို သွားရောက်ခွင့်ရခဲ့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ စင်္ကာပူနဲ့ ရုရှားနိုင်ငံရဲ့ သံရုံးကိုယ်စားလှယ်တွေပါ။ ဒီနိုင်ငံတွေဟာ ဘယ်လိုနိုင်ငံတွေလဲဆိုတာ အားလုံးသိပြီး သားမို့ စာရှည်မှာစိုးတဲ့အတွက် မဖေါ်ပြတော့ပါ။ ဒါတောင် ဒီသံရုံးကိုယ်စားလှယ်တွေမှာ စကားပြန်တို့၊ ကင်မ ရာတို့ ယူခွင့်မရကြပါ။

ဒီတရားစီရင်မှုအပေါ် ရုရှားသံကိုယ်စားလှယ် ပြောဆိုချက်ကတော့ “သူတို့နိုင်ငံ ပြည်တွင်းရေးကိစ္စသာ ဖြစ်ပါ တယ်”တဲ့။ ကျွန်တော် အံ့အားသင့်သွားပါတော့တယ်။ တချိန်က အမေရိကားနဲ့အပြိုင် သြဇာအာဏာကြီးထွားခဲ့
တဲ့၊ စူပါဝါပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံ၊ တချိန်က စူပါပါဝါရုရှားရဲ့ သံတမန်ပြောတဲ့ စကားပါ။ ဒီစကားကို ကြားလိုက်ရတဲ့ အခါ ရုရှားအပေါ် ကျွန်တော်သုံးသပ်မိတာကတော့ နိုင်ငံကြီးတနိုင်ငံအနေနဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လေး စားစရာ ခံယူချက်သဘောထား မရှိပါလားဆိုတာတဲ့ အချက်ပါပဲ။

နိုင်ငံရေးစကားလုံးတွေ အခြေအနေ အချက်အလက်တွေ၊ ကျမ်းကိုးများနဲ့ ခိုင်မာအောင် ပြောပြနိုင်စွမ်းမရှိပါ၊ ခံ စားရချက်ကို ရိုးရိုးရှင်းရှင်းသာ တင်ပြရခြင်းဖြစ်ပါတယ်။ တချိန်က ဆိုဗီယက်ရုရှားဟာ အလုပ်သမား၊ လယ်သ မား၊ လူထုလူတန်းစားများအတွက် ပေါ်ပေါက်လာရတာဖြစ်တယ်။ ရက်စက်တဲ့ ဇာဘုရင်အုပ်ချုပ်မှုကို ဖျက် သိမ်းပြီး ပြည်သူ့အစိုးရ တည်ထောင်ခဲ့တာဖြစ်တယ်။ ပြည်သူများ အားထားရာဖြစ်ပါတယ်။ အခုလက်ရှိရုရှားရဲ့ နိုင်ငံတကာအပေါ် သဘောထားကတော့ သန်း (၅၀) သော ဗမာပြည်သူတွေကို မျက်ကွယ်ပြုပြီး နအဖအစိုးရ အလိုကျ ပြောဆိုနေပါတယ်။

ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓာတ်နဲ့ ကိုယ်ကျိုးစီးပွားတခုထဲသာကြည့်ပြီး လုပ်ကိုင်နေပါတယ်။ ရိုင်း ရိုင်းပြောရရင် (မပြောချင်ပေမယ့်) သူခိုးဓားပြအားပေးနဲ့ ခိုးရာပါပစ္စည်း လက်ခံရောင်းချသူအဆင့်၊ တချိန်က ၀ါဒရေးရာပြိုင်ဘက် တရုတ်ရဲ့နောက်လိုက်ဘ၀ကို ရောက်နေပါပြီ။ တရုတ်ပြောသလိုပြောပြီး ကုလသမဂ္ဂ အ ထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံကို အပြစ်ပေးအရေးယူမယ့် ကိစ္စများကို တရုတ်လိုပဲ ဗီတိုအာဏာသုံး နေပါတယ်။ အမှန်တရားကို မျက်ကွယ်ပြုနေပါပြီ။ ဘာ့ကြောင့်ပါလဲ။

၁။ နအဖဟာ ဘယ်လိုအစိုးရလဲ၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ အားလုံးအသိမို့ အကျယ်မချဲ့တော့ပါဘူး။ ဒီလိုအ စိုးရမျိုးကို ပလဲနံပသင့်အောင်နေတယ်ဆိုတာ ကိုယ်တိုင်က ဒီလိုအာဏာရှင်အစိုးရမျိုး ဖြစ်နေလို့ဖြစ်မယ်။

၂။ မမြင့်မားတဲ့ ခံယူချက်စိတ်ဓာတ်နဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော သူ့အကျိုးစီးပွားကို မျှော်ကိုးနေလို့ လည်းဖြစ်မယ်။

ရုရှားဟာ တရုတ်နည်းတူ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ကမ်းလွန်နဲ့ ကုန်းတွင်းပိုင်းလုပ်ကွက်များမှာ ရင်းနှီးမြှုပ် နှံမှုပြုပြီး ရေနံရှာဖွေလုပ်ကိုင်နေတာတွေ့ရတယ်။ ဒါပေမယ့် အမည်သာရှိပြီး လုပ်ငန်းကိစ္စအ၀၀ကို မြန်မာ့ရေနံ နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကသာလျှင် လုပ်ကိုင်နေရကြောင်း ၀န်ထမ်းများမှာလည်း လစာ မရကြကြောင်း ရေနံမရလျှင်လည်း ရနိုင်သည့် ဓာတ်သတ္တုများ ရသလောက်ထုတ်ယူရန် ရည်ရွယ်ကြောင်း နောက်ဆုံးမည် သည့် သယံဇာတမှမရပါက သစ်ပင်စိုက်ပျိုးရန် ရုရှားနိုင်ငံမှ မြန်မာပြည်တွင်းရှိ ရုရှားကုမ္ပဏီသို့ ပေးပို့သည့် လျှို့ဝှက်စာမှာပါရှိကြောင်း ကြားသိရပါတယ်။

စာချုပ်ပါ အချက်အလက် စည်းကမ်းများနှင့် မကိုက်ညီလို့ လုပ်ကိုင်လို့မရနိုင်ပေမယ့် သူတို့ရဲ့ အတွင်းသဘော ကိုတော့ သိထားရမှာပါ။ အရည်အချင်းမပြည့်မီတဲ့ အစိုးရလက်ထက်မှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာလည်း ထည့်မတွက်လို့မရပါဘူး။

၃။ အမှန်တော ရုရှားဟာ နိုင်ငံတကာအလယ်မှာ ဆရာကြီးလုပ်လို့မရတော့တဲ့အတွက် မင်းသားကြီးမလုပ်ရ၊ ပတ်မကြီးထိုးဖောက်ဆိုသလို အမေရိကန်နဲ့ ဥရောပဒီမိုကရေစီနိုင်ငံများကို ကန့်လန့်တိုက်ပြီး သိက္ခာမဲ့တဲ့လုပ် ရပ်တွေ လုပ်ဆောင်နေတာလည်းဖြစ်နိုင်ပါတယ်။

ဒါတွေကိုကြည့်ခြင်းအားဖြင့် တချိန်က ကမ္ဘာ့စူပါပါဝါ နိုင်ငံအဖြစ်ကနေ အခုအလိမ်အညာ ၀ါစာကမာ နိုင်ငံအ ဖြစ် ဘာကြောင့် ကျဆင်းလာရသလဲဆိုတာလည်း သဘောပေါက်လောက်ပါပြီ။

နိဂုံးချုပ်လိုတာကတော့ တရုတ်၊ ရုရှားနဲ့ အာဆီယံတို့ရဲ့ သိက္ခာမဲ့လုပ်ရပ် အဆင့်မရှိတဲ့ ရပ်တည်ချက်တွေ ကြောင့် မြန်မာပြည်တစစီဖြစ်ပြီး သယံဇာတတွေ ကုန်ခမ်းသွားမှာကို စွဲမြဲသောသတိ၊ ထက်မြက်သောအသိနဲ့ ကြည့်နိုင်မြင်နိုင်ပြီး မြန်မာပြည်ကို ၂၁ ရာစု စီးပွားရေးနယ်ချဲ့သမားများ အန္တရာယ်မှကင်းဝေးအောင် မြန်မာ ပြည်သားတိုင်းမှာ တာဝန်ရှိကြောင်း တပ်လှန့်လိုက်ရပါတယ်။

မြင့်သိန်းကြူ
၂၅-၅-၂၀၀၉

No comments: