Monday, June 8, 2009
တရားစောင့် ခေတ်
အိမ်ရှေ့ မျက်နှာချင်းဆိုင် လမ်းကြားထဲကို အားလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြတယ်။ အရိပ်အယောင် မမြင်ရသေး။ အချိန်းအချက်က လုပ်ပြီးသား။ ဒီအချိန်ဆို ထွက်လာသင့်ပြီ။ ဒါပေမယ့် ခွေးတကောင် ကြောင်တ မြီးမှ မမြင်။ တွေးတောကြံစည်သမျှ အလုပ်ဖြစ်ပါ့မလားပဲ။ အချိန်တွေက နှေးကွေးလေးလံလှသလောက် ရင် ခုန်သံက ဆူညံပွက်နေပြီ။ ၁၅ မိနစ်၊ နာရီဝက်၊ တနာရီ တဖြုတ်ဖြုတ်ကျော်လွန်ပြီ။ မျှော်သူတွေအဖို့ မောလှပြီ။
ဟော ဟိုမှာ၊ အသက် ၃၀ နှစ်ကျော် အမျိုးသမီး၊ ကျီးကန်းတောင်းမှောက်အကြည့်နဲ့ ဒီဘက်ဆီ ခပ်သုတ်သုတ် လျှောက်လာပြီ။ အားလုံး အသင့်။ ကင်မရာရှေ့ ကွယ်နေတဲ့ လူတရပ်စာအမြင့်က အုန်းလက်တွေကို ဖယ်သူ ကဖယ်၊ ကင်မရာသမား မတ်တပ်တက်ရပ်တဲ့ ခွေးခြေကို မလှုပ်ခါရအောင် ထိန်းသူက ထိန်း၊ ရှင်းလင်းတဲ့ မြင် ကွင်းဖြစ်ဖို့ အကြံပေးသူက ပေး၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သူက ဖြစ်၊ ၀င်းထရံကြား ချောင်းသူက ချောင်း၊ အကုန်လုံး ကပျာကယာ ဖြစ်ကုန်တော့တယ်။ ရှေ့နေ ပေါက်စနတွေ၊ ကြီးကောင်ကြီးမားတွေ အလုပ်ရှုပ်ကြပြီ။
လုံးကြီးပေါက်လှ အပျိုကြီးမမက နောက်ကြောင်းမလုံလို့ နောက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ လာတာပါ။ သူ့ အိမ်နဲ့ ရှေ့နေတွေ စုစောင့်နေတဲ့ နေရာက ကိုက် (၁၀၀) လောက် ဝေးတယ်။ တဖြေးဖြေးနဲ့ နီးသထက် နီးလာ ပြီ၊ ကားနားကပ်ပြီ။ ဒီအချိန်မှာပဲ ကင်မရာရှေ့ ၁၅ ပေလောက်အကွာမှာ ရပ်ထားတဲ့ ဂျစ်ကားပေါ်က လူတ ယောက် ဆင်းချလာတယ်။ အပျိုကြီးကို လက်ဆွဲပြီး ကားပေါ်တင်လိုက်တယ်။ စက်နှိုးပြီးသား ကားက လီဗာ ကို တချက်ဖိနင်းလိုက်ပြီး မောင်းထွက်ပါလေရော။
ကင်မရာသမားကလွဲရင် တခြားလူတွေဟာ အားရ၀မ်းသာ၊ စပ်ဖြဲဖြဲ မျက်နှာတွေ ဖြစ်လို့။ ဓာတ်ပုံရိုက်သူ ခမျာ သာ တဖြတ်ဖြတ် ရိုက်နေရင်း ဟာ ဟင် အသံနဲ့ တောက်ခေါက်သံပါ ထွက်လာတော့တယ်။ သူ့ကင်မရာက ဒီ ဘက်ခေတ်လို ဒီဂျစ်တယ်မဟုတ်၊ မြင်ကွင်းကို ရိုက်ဖို့ ကင်မရာကို အပေါ်ကနေ ငုံ့ကြည့်ရတဲ့ ဟိုဘက်ခေတ် ကင်မရာကြီး။
ဖြစ်ပုံက ဒီလိုပါ။ ရှေ့နေတွေရဲ့ပါတနာ လူပျိုသိုး တရားရုံးစာရေးကြီးနဲ့ အစိမ်းရောင်တိုက်ကြီးပေါ်က အပျိုကြီး တို့ ခိုးပြေးတဲ့အဖြစ်။ လူကြီးတွေ သဘောမတူလို့ ဖြစ်ရတဲ့အပေါက်။ ဒါကို ၀ိုင်းလှော်သူ အားပေးသူ ရှေ့နေ တွေက ကားပေါ် အဓမ္မဆွဲတင်သွားတာမျိုး မဖြစ်ရအောင် ၀ိုင်းဝန်းစီစဉ်ပေးတာ။ စာရေးကြီးကို သေချာမှာပြီး သား၊ အမျိုးသမီးကို သူ့ဘာသာ ကားပေါ်တက်ပလေ့စေ၊ ကိုယ်က ခပ်ခွာခွာ အသာရပ်နေ၊ ဒီအကွက်ကို ဓာတ် ပုံရိုက် မှတ်တမ်းတင်၊ တစုံတရာ လွဲချော်လို့ အဓမ္မ ခိုးယူပေါင်းသင်းမှုဖြစ်ရင် သက်သေပြ ဖြေရှင်းရမှာ။
ဖြစ်ချင်တော့ ရင်တခုန်ခုန်နဲ့ စိတ်လှုပ်ရှားနေတဲ့ ကိုယ်တော်ချော လူပျိုကြီးက သူ့မမကို ပူးကပ်ကာ လက်ဆွဲပြီး ကားပေါ်တင်ခဲ့တယ်။ ဓာတ်ပုံထဲမှာကျ အလိုမတူဘဲ ကားတင်သလိုမျိုး ဖြစ်ကုန်ပါရော။ စည်းဝါးကိုက်ထားတာ အချည်းနှီးအလား။ ဒါပေမယ့် နောက်ပိုင်းမှာ သမီးရှင်ဘက်က ကောင်းကောင်းမွန်မွန် လက်ခံပြီး ပေးစားခဲ့ပါ တယ်။ သက်ပြင်းချကြရပါတော့တယ်။
ဥပဒေအကာအကွယ် ရယူနိုင်ရေး ရိုးသားစွာ ကြိုးစားခဲ့တာလေးတခုပါ။ ဥပဒေကို လက်တလုံးကြား လှည့်ဖြား ဖို့ အကြောင်းဖန်တာဆိုရင် တမျိုးပေါ့လေ။ အခုတော့ ရယ်ပဲရယ်မောရမတတ် သည်းထိတ်ရင်ဖိုဖြစ်ရပ်လေးပါ။ သူတို့တွေ အကွက်ဆင်ပုံလေးကို ပြောပါတယ်။
သူတို့အတွက် ဒါမျိုးအမှုတွေက နောကျေပြီးသား။ ပထမတုန်းက နှစ်ဦးနှစ်ဖက် အလိုတူလို့ ခိုးယူထွက်ပြေး၊ နောက်တော့ မိဘလက်ထဲ ပြန်အပ်၊ ဆွေမျိုးသားချင်းတွေက မိန်းကလေးကို ခြောက်တန်ခြောက်၊ ချော့တန် ချော့၊ ရုံးရောက် ဂတ်ရောက်၊ မိဘမှာထားတဲ့အတိုင်း မိန်းကလေးက ထွက်ဆို၊ ဒါနဲ့ပဲ အလိုမတူပေါင်းသင်းတာ၊ ထောင်ကျတန်းကျတာ ဖြစ်လိုဖြစ်။ အလားတူ အဖြစ်အပျက်တွေက ပုံစံအမျိုးမျိုးနဲ့ နေရာအနှံ့ ရောမွှေသမ ဗရ ပွ၊ အရုပ်ဆိုး အကျည်းတန်လှတာတွေလည်း ရှိပါတယ်။
ပေါင်နှံချေးငှား ပစ္စည်းဆုံး၊ မျက်မြင်သက်သေက မမှန်ထွက်ဆို အမှုပတ်၊ တရားလိုက ပြောင်းပြန် တရားခံဖြစ်၊ ရိုက်နှက်ပြီး အိမ်ထဲဆွဲသွင်း ကျူးကျော်အန္တရာယ်ပြုမှု။ နီလေးမောင်၊ ရဲဝန်ထမ်းဟောင်းတဦးနဲ့ ဖြစ်ရပ်မှန်မှုခင်း သတင်းဂျာနယ်တွေမှာ တပုံတခေါင်း။ ဒါပေမယ့် ပြင်ပလောက အဖြစ်မှန်ကနေ တရားဆိုင်ရာမှာ ကပြောင်း ကပြန် အသွင်ပြောင်းသွားတဲ့ ဖြစ်စဉ်တွေအကြောင်း ပါသင့်သလောက် မပါ။ မသမာ ပြုကျင့်ခံရသူတွေ၊ ဥပဒေ အကျိုးခံစားခွင့် မရသူတွေ၊ နေရင်းထိုင်ရင်း စီးပွားပျက် ဆုံးရှုံးနစ်နာရသူတွေအပြင် နောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်တာတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေက ချိုးကပ်နေပြီဖြစ်တဲ့ ခေါက်ရိုးကျိုး သက်တမ်းရှည် အမှုအခင်းတွေပါ။ မြန်မာနိုင်ငံမှာပေါ့။
ဒါမျိုးတွေထဲမှာမှ အာဏာပိုင်တွေ အဂတိလိုက်စား၊ ထောင်ခြောက်ဆင်၊ မတရား စွဲချက်တင်၊ မမှန်သက်သေ ထည့်သွင်းတာတွေလည်း ပေါပါတယ်။ စားဝတ်နေရေးကျပ်တည်း၊ တရားဥပဒေ စိုးမိုးမှုမရှိ၊ အုပ်ချုပ်သူတွေက ဖောက်ပြန်၊ မတရားဘက်လိုက်မှုတွေက လုယက်မှု အစ၊ ဓားပြမှု အလယ်၊ နိုင်ငံတော် လုံခြုံရေး အဆုံး မကြား ချင်အဆုံးပါပဲ။ အဖေနဲ့ အကိုရဲ့ အမှုလိုက်ကာလတွေမှာ ကြားခဲ့ရတာမျိုးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့ အမှုကရော ဘာထူးတာမို့လဲ။
မစ္စတာယက်တောကို ဒုတိယအကြိမ် ပြည်ဝင်ခွင့်ပေး၊ လုံခြုံရေးက မြင်ရဲ့သားနဲ့ မတား၊ သူတို့ကို အရေးမယူ၊ ပျက်ပြယ်ပြီး ၇၄ ဥပဒေအရ ပုဒ်မတပ် စွဲချက်တင်၊ ပြည်သူ့မျက်နှာစာ တရားခွင်မှာ မစစ်ဆေး၊ နေ့စဉ်ရက် ဆက် တက်သုတ်ရိုက်ပြီး ကမ္ဘာ့အံ့ဘွယ် ကြားနာတယ်၊ အကျယ်ချုပ် လွတ်ရက်စေ့ပေမယ့် ထောင်ထဲမှာထား စစ်ဆေး၊ ပြစ်ဒဏ် (၂) ပတ် ဧည့်စာရင်းမှုကရော ဘယ်မလဲ၊ လဲ .. လဲ .. လဲ။ လဲပေါင်းများစွာ။
ဘိန်းပစ်ဖမ်းသလိုမျိုးလို့ အန်ကယ် ဦးဝင်းတင်၊ ဦးဘိုလှတင့်၊ ဒေါက်တာဇာနည်တို့ ပြောကြ၊ ဥပဒေပညာရှင် တွေ၊ လေ့လာသူတွေက မနည်းလှတဲ့ ဥပဒေကြောင်းဆိုင်ရာ ကိုးကားထောက်ချင့်စရာတွေနဲ့ အကျယ်အပြန့် ဝေဖန်ပြောဆိုကြပါရဲ့။ သူတို့က စကောလောက်မှ စောက်မနက်တဲ့ ဉာဏ်တိမ်တိမ် အယုတ်တမာ စစ်အုပ်စုရဲ့ ဥပဒေသဘော ချိုးဖောက်မှုတွေ၊ ပြည်သူလူထုဆီ စိတ်ဓာတ်ရေးရာအရ ပယ်ပယ်နယ်နယ် သက်ဝင်ပျံ့နှံ့ပုံကို အထင်အရှား ဆိုလာပါတယ်။
တချိန်ထဲမှာ နိုင်ငံတကာကလည်း မကြုံစဖူး ထူးလှပါတယ်။ ဥရောပသမဂ္ဂ၊ ကုလ သာမက အာဆီယံအလှည့် ကျဥက္ကဋ္ဌ ထိုင်းကပါ၊ ငြိမ်းချမ်းရေးလိုလားသူ နိုဘယ်ဆုရှင်တွေနဲ့ နိုင်ငံတကာအစိုးရ ထိပ်သီးခေါင်းဆောင်များ သာမက ကမ္ဘာ့နာမည်ကြီး အလွှာအသီးသီးက ထိပ်တန်း ပုဂ္ဂိုလ်တွေကပါ၊ ကွန်မြူနစ်နိုင်ငံတွေ၊ အကြမ်းဖက် အစိုးရတွေနဲ့ မူဆလင်ကမ္ဘာကို ပျော့ပြောင်းတဲ့ လုပ်ဟန်နဲ့ ချဉ်းကပ်နေတဲ့ အမေရိကန်က ပိတ်ဆို့ရေး ပြန်သုံး သပ်ဖို့ ပြောအပြီး မကြာခင် အရေးယူသက်တမ်း တိုးပြခဲ့တာပါ။ အားလုံးက အန်တီစုကို တလွှတ်တည်းလွှတ်ဖို့ ပြောကြတာ။
ဒါပေမယ့်လည်း အာဏာရူး စစ်ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ စရိုက်ဆိုးဆိုး ဉာဉ်ဆိုးအတိုင်း မပြောင်းလဲ ပါဘူး။ သေးသိမ်ကျဉ်းမြောင်းတဲ့ အာဏာစက်က တရားစီရင်ရေးစနစ်ကို အပင်းသွင်းတဲ့ မြင်ကွင်းကို ပြကားပြ ရဲ့၊ ရိုင်းစိုင်းတဲ့ မမှန်ဥပဒေ ပြကွက်ရှည်ကို ထင်မိထင်ရာ ချဲ့ကားချဲ့ရဲ့၊ ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ကြံမိကြံရာ ရူးသွပ်စွာနဲ့ ပြုကားပြုရဲ့။ ဒါတွေအားလုံးဟာ ဆန့်ကျင်သူတွေကို နည်းမျိုးစုံနဲ့ ချေမှုန်းနေ တဲ့ အထဲက လုပ်ကွက်တကွက်၊ တရားတဘောင်ပျက်ယွင်းမှု။ (မစ္စတာယက်တောကတော့ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်တန်ခြေများပါတယ်။ ကြားမိသလောက် အချက်အလက်အရပါ၊ နောက်ကွယ်က အနေအထား မမြင်သာပါ။)
ဖြစ်ချင်တော့ အန်အယ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက် ထွက်အပြီး (၅) ရက်လောက်မှာ မစ္စတာယက်တော ခိုးဝင် တဲ့ အမှုကြီး ပေါ်ပေါက်လာတာပါ။
အန်အယ်ဒီက ဧပြီလ ၂၈-၂၉ ရက်နေ့ မျက်နှာစုံညီအစည်းအဝေးကြီးအပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ် ပေး၊ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၊ ၉၀ ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုမှုမရှိဘဲ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မှာမဟုတ်ကြောင်း ကြေညာတာပါ။ အန်တီစုဟာ တသဘောတည်း ရှိမှာပါ။ စစ်ခေါင်းဆောင်တွေက အန် အယ်လ်ဒီ ရွေးကောက်ပွဲမ၀င်ဘဲ ဝေးဝေးနေလေ ကြိုက်လေ။ ဒါပေမယ့် အန်အယ်လ်ဒီက ၂၀၀၈ ဥပဒေ လည် မျိုကို ရွှေဂုံတိုင်နဲ့ ထောက်ထားတယ်။ စစ်အုပ်စုအဖို့ တီကောင်ကို ဆားပက်သလို တွန့်လိမ်ကောက်ကွေး ဖြစ် စေတဲ့ အန်အယ်လ်ဒီ ရပ်တည်ချက်ပါ။
အန်တီစုလွတ်လာရင် စစ်အုပ်စုရဲ့လမ်းကြောင်း နစ်မြုပ်ဖွယ်ရှိပါတယ်။ ဒါက စစ်အုပ်စု အားထားရတဲ့ အဓိက နိုင်ငံရေးထွက်ပေါက်။ ဒီထွက်ပေါက်ကို ပိတ်ဆို့မယ့်သူကို လိုလားမှာမဟုတ်။ အန်အယ်ဒီကိုတော့ စိုးရိမ်ဟန် မပြ။ လွတ်လာရင် ရေငုံနှုတ်ပိတ်မနေမယ့် လူထုခေါင်းဆောင်ကိုသာ ဆက်ချုပ်ဖို့အရေးကြီးပါတယ်။ တိုင်းရင်း သား လက်နက်ကိုင်တွေရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေးကလည်း အတိမ်းအစောင်းမခံ ထွန့်ထွန့်လူးနေချိန်။ (အန် တီစုကို မလွှတ်ချင်လို့ ယက်တောကိစ္စနဲ့ ထောင်ခြောက်ဆင်ပြီးပြီ။ ဥပဒေနဲ့ နိုင်ငံတကာအခြေအနေအရ မ တတ်သာလို့ လွှတ်ရရင်လည်း တနည်းနည်းနဲ့ ချက်ချင်းနှိပ်ကွပ်မှာပါပဲ။) အများအားဖြင့်တော့ ဆက်လက်ချုပ် နှောင်ရေး။
ဘာပဲဖြစ်ဖြစ် ဆက်လက်ဖြစ်ထွန်းနေတာက ၂၀၀၈ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လက်မခံရေးပါပဲ။ မဖြစ်မ နေ ကျော်ဖြတ်သွားခဲ့ရင်လည်း တိုက်ပွဲတွေကတော့ ဆက်ရှိနေမှာပါ။
လတ်တလောပြောချင်တာက နိုင်ငံတော် အကြမ်းဖက်သမားစစ်အုပ်စုက မတော်တရော် ဥပဒေနဲ့ မမှန်မကန် လုပ်နေတဲ့ အောက်တန်းကျကျ လုပ်ရပ်ဆိုးကြီးကိုပါ။ တကမ္ဘာလုံးက မျက်စိဒေါက်ထောက်ကြည့်နေတဲ့ အချိန် ပါ။ ဒီပဲယင်းမှာလည်း အပြုခံရသူတွေပဲ ဖမ်းဆီးခံရ ထောင်တန်းကျနဲ့။ ကျူးလွန်သူတွေဘက်က ပျောက်ချက် သား ကောင်းနေခဲ့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။
စစ်ခေါင်းဆောင်တွေနဲ့ လက်ပါးစေတွေဟာ ဥပဒေမဲ့ မင်းမဲ့စရိုက်တွေနဲ့ပဲ နိုင်ငံသားတွေ၊ လူတန်းစားတွေ၊ လူ မျိုးတွေအပေါ် တလျှောက်လုံး ထင်တိုင်းကြဲခဲ့တဲ့ ပြစ်မှုပေါင်း သိန်းသောင်းချီ ကျုးလွန်ခဲ့ပြီးပါပြီ။ ဒါကြောင့် နိုင်ငံ သားအားလုံး၊ လူမျိုးပေါင်းစုံအတွက် တရားမျှတတဲ့ ဥပဒေစောင့်ရှောက်မှု ရဖို့ဆိုတာ မတရားတဲ့ ဥပဒေ စက်ယန္တယားကြီးနဲ့ သူ့ကို ထိန်းကြောင်းမောင်းနှင်နေတဲ့ အာဏာရူးဆိုးသွမ်းသူတစုကို ရိုက်ချိုးနင်းချေမှသာ လွတ်လပ်ပွင့်လင်းပြီး တရားစောင့်တဲ့ ခေတ်ကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။
ကျနော်တို့ တရားစောင့်တဲ့ခေတ်မှာပဲ ရှင်သန်ချင်လှပါတယ်။ တရားစောင့်တဲ့ ခေတ် …။
ရဲရင့်အောင် (နယူးဒေလီ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment