Tuesday, June 9, 2009

(၈၉) နှစ်ပြည့် ဆရာဗန်းမော်တင်အောင်သို့ ဦးညွှတ်ဂုဏ်ပြုခြင်း

ဗန်းမော်တင်အောင်
သော်တာဆွေ

ထိုနေ့ နေ့လယ်ခင်းဝယ် ကျွန်တော်သည် ရှုမ၀တိုက်မှ ပြန်ခဲ့၍ ဗိုလ်ချူပ်ဈေးကို ဖြတ်ခဲ့ပြီး အနော်ရထာလမ်း ရောက်သည်၌ အမှတ် (၁၂) ဘတ်စ်ကားမှတ်တိုင်တွင် အခြား ကားစောင့်ခရီးသည်တွေ တပုံတပင်ကြီးထဲမှာ ဗန်းမော်တင်အောင်အား တွေ့ရသဖြင့် ကျနော် သူ့ဆီလျှောက်သွားကာ …

“ဟေ့လူကြီး … ခင်ဗျား ဘုန်းမောင်တကောင်ထဲလား။ ဘယ်သွားမလို့လဲ”
သူသည် ကျနော့်အသံကြားမှ ကျနော့်ကိုမြင်၍ ကျနော့်လက်ကို ဆွဲကိုင်ကာ …
“ဟာ … ကိုဆွေ၊ ခင်ဗျားနဲ့တွေ့ရတာ ၀မ်းသာလိုက်တာဗျာ၊ နေကောင်းတယ်နော်”
“ကျနော်ကတော့ နေကောင်းပါတယ်ဗျ။ ခင်ဗျားသာ ဆေးရုံနဲ့ ကူးသန်းနေတဲ့ လူ၊ အခု ဆေးရုံကဆင်းလာတာ ဘယ်လောက်ကြာပြီလဲ”
“အရက် (၂၀) လောက်ရှိသွားပြီဗျ။ ကျနော် ဆေးရုံတက်နေတုန်းက ခင်ဗျား ငွေ (၅၀) လာပေးတာ သိပ်ကျေး ဇူးတင်ပါတယ်ဗျာ”
“ခင်ဗျားကို လာပေးတာ မဟုတ်ဘူးဗျို့၊ အော် ... ဒီလူကြီး ဆေးရုံတက်နေရတာလည်း ကြာပြီ။ စာလည်းမရေး နိုင်တော့ ဘိုင်ကျမှာပဲဆိုပြီး အိတ်ထဲငွေလေး (၁၅၀) ပါခဲ့တာက ခင်ဗျားကို (၅၀) ပေးခဲ့တာ၊ တယ်ပြီးပေးချင် လှလို့ မဟုတ်ဘူးဗျို့၊ ခုတောင် တွေးတွေးပြီး ပြန်နှမြောနေသေးတယ်ဗျ”

သူသည် တဟီးဟီးရယ်မောလျက် …

“ကောင်းတယ်ဗျာ၊ ခင်ဗျားနဲ့ တွေ့ရတာ ရယ်ရတယ်”
“အော် … ဒါ ရယ်စရာပြောတာမဟုတ်ဘူး။ တကယ်ပြောနေတာ၊ နောက်ကို ခင်ဗျား ဆေးရုံလည်း မတက်ပါနဲ့၊ ကျုပ် ငွေလည်း လာမပေးပါရစေနဲ့၊ ကျန်းကျန်းမာမာသာ နေစမ်းပါ သိလား။ ခင်ဗျားကို သတိထားမိတယ်၊ ခင် ဗျားဟာ ထောင်ထဲမှာ နေရင်နေမယ်၊ ဒါမှမဟုတ် ဆေးရုံမှာ နေမယ်ဆိုတဲ့လူ၊ အိမ်မှာကို နေတယ်မရှိဘူး။ ဘာ လဲ ခင်ဗျား သားမယားနဲ့ အဆင်မပြေလို့လား”

သူသည် တဟီးဟီး ရယ်မောပြန်လျက် …

“ဟုတ်တယ်ဗျာ၊ ကျူပ်ကလည်း ခင်ဗျားပြောမယ်ဆို ပြောစရာပဲ”

ထိုစဉ်က သူသည် (လပိုင်းမျှ လိုတော့သည်) နောက်တကြိမ် ဆေးရုံသွားပြီး ဘ၀ဇာတ်သိမ်းတော့မည်ကို ကျ နော် ပသို့ တွေးထင်နိုင်ပါအံ့နည်း။ ကျနော့် ၀ါသနာအလျောက် ကိုယ်နှင့် ခင်မင်သူကို ကလိတိတိပြော၍ ရယ် မောစေခြင်းသာ ဖြစ်ပါသည်။

“ကိုယ့် အခုလက်ရှိအိမ်ထောင် အဆင်မပြေလည်း ကျနော့်လိုပဲ နောက်တမယားယူပေါ့ဗျာ၊ ဘာလို့ ထောင်ထဲ သွားလိုက် ဆေးရုံတက်လိုက် လုပ်နေရမှာလဲ”

ယင်းသို့ ပြောနေစဉ်မှာပင် ဘတ်စ်ကားရောက်လာ၍ လူပြွတ်သိပ်ခဲထဲမှာ သူ ကားပေါ်တက်ဖို့ ကြိုးစားသည်။ သို့သော် သူမရပါ။ သူ၏ ကိုယ်ခန္ဓာကျန်းမာရေး အခြေအနေမှာလည်း အခြားလူများကဲ့သို့ လက်တဖ၀ါး ခြေတ ဖ၀ါးမျှနှင့် ဘတ်စ်ကားကို တွယ်လိုက်သွားနိုင်လောက်အောင် အင်အားမရှိရှာပါ။

“မောင်းမယ် အကိုရေ့၊ ကျန်တဲ့လူတွေ နောက်ကားလိုက်” ဟူသော စပယ်ယာ၏ အသံနှင့်အတူ ဘတ်စ်ကား ထွက်သွားသောအခါ သူသည် သက်ပြင်းကြီးချလိုက်ပြီး အား နည်းသော မျက်နှာလေးနှင့် ကျနော့်ကို ကြည့်၏။ ဒီတော့ ကျနော်က သူ့ကို ပြန်၍ ရွှင်လန်းစေရန် …

“ဒီမှာ ကိုတင်အောင်၊ ခုနှယ် ဘတ်စ်ကားစီးရတာက ခင်ဗျား ထောင်ထဲသွားရတာလို၊ ဆေးရုံတက်ရတာလို လွယ်တာ မဟုတ်ဘူးဗျ။ ကဲ … ခင်ဗျား ဘယ်သွားမလို့လဲဆိုတာကို ကျနော့်မပြောသေးဘူး”
“ဟံသာဝတီလမ်းကိုဗျ”
“ဟာ … ဟံသာဝတီဆို … ကြံတောရောက်ရင် ရောက်တာပေါ့ဗျ”

ကြံတော ဆိုသည်မှာ ရန်ကုန်မြို့တော်၏ သင်္ချိုင်းဖြစ်နေ၍ ...

“ခင်ဗျားကလည်း ပြောရော့မယ်”
“အော် ... အဲဒါ ခင်ဗျားကိုအကောင်းပြောတာ ကြံတောသုဿာန်နဲ့ ဟံသာဝတီလမ်းဟာ ကပ်နေတယ်မဟုတ် လား၊ လာ ... လာ ခင်ဗျား အဲဒီကို လွယ်ကူစွာရောက်အောင် ကျနော်ပို့ပေးမယ်။ သက်တောင့်သက်သာ ကား စီးရမယ်။ အဆင်သင့်ရင် မှန်ကားအကောင်းစားကို စီးရမယ်” ဆိုပြီး ကျနော် သူ့အား သိမ်ကြီးဈေးဘက်သို့ လက်ဆွဲ၍ ခေါ်ခဲ့တော့သည်။ သူ မလိုက်ချင် လိုက်ချင်နှင့် ပါလာ လျက် ...

“ဟုတ်မှလည်း လုပ်စမ်းပါဗျ”
“အို … ခင်ဗျား ဒုက္ခိတကို ကျုပ်ကူညီမလို့ပါ။ ခင်ဗျား ခန္ဓာကိုယ်ဟာ ခုနှယ်မှာ ဘတ်စ်ကားစီးဖို့ကို မကောင်း ဘူး”

ထိုအချိန်တွင် အမှန်ပဲ ဗန်းမော်တင်အောင်၏ကျန်းမာရေးမှာ မကောင်းတော့ပါ။ လူမှာ ပိန်ညှောင်လျက်၊ မျက် တွင်းဟောက်ပက်နှင့် နားထင်နားရင်းချိုင့်၍ နေချေသည်။ သူ၏ နဂိုမူလရုပ်နှင့် များစွာကွာခြားလျက်ရှိလေပြီ။ စင်စစ် ဗန်းမော်တင်အောင်သည် လူချောလူခန့်တယောက်ဖြစ်၏။ အရပ်အမောင်း ကောင်းသည်။ မျက်လုံး မျက်ဖန်၊ နှာတံ၊ နှုတ်ခမ်း လှပသူဖြစ်သည်။ သူ့ကို ဆရာသုခက ရုပ်ရှင်မင်းသားလုပ်ဖို့ပြောခဲ့ဖူးသည်။ ရွှေလင်း ယုန်၏ ‘သူ’ ၀တ္ထုကို ဗန်းမော်တင်အောင်နှင့် ရိုက်ရန် ဆရာသုခ ကြံစည်ခဲ့သည်။ သို့သော် ဗန်းမော်ကြီးက သူ ရုပ်ရှင်မင်းသား မလုပ်ချင်ပါဘူးဟု ငြင်းခဲ့၍ ထိုဇာတ်ကားကို မောင်သင်နှင့် ဆရာသုခ ရိုက်ခဲ့ခြင်းဖြစ်၏။ ကျနော်က ဗန်းမော်တင်အောင်အား …

“ခင်ဗျားက ဘာဖြစ်လို့ ရုပ်ရှင်မင်းသား မလုပ်ချင်ရတာလဲ” မေးတော့ သူက ရယ်ကျဲကျဲနှင့် ...

“ကျနော်က ရှက်တတ်တယ်ဗျ”

ဒါကို ကျနော်က မကျေနပ်၊ သူ့အား စာရေးဆရာ ရုပ်ရှင်မင်းသား ဖြစ်စေချင်သော စေတနာရှိ၍ …

“ရှက်တယ်ဆိုတာ အကြောင်းမဟုတ်သေးပါဘူးဗျာ၊ ဘာမဆို ကိုယ်မလုပ်ဖူးတဲ့အလုပ်ကို အစမှာတော့ ရှက်သ လို ရှိကြတာချည်းပါပဲ။ သို့သော် ဒါကို ငါမဖြစ်မနေလုပ်တော့မဟေ့လို့ အားမာန်တင်းလိုက်တယ်ဆိုရင် ဒီအပရိ က ဖြစ်တတ်တဲ့ အရှက်ဟာ သူ့အလိုလို ပျောက်သွားတော့တာပါပဲ”

ကျနော် အလေးအနက် ပြောမှန်းသိတော့ သူ့မျက်နှာ တည်သွားကာ …

“ကိုဆွေပြောတာ ဟုတ်ပါတယ်၊ သို့သော် ကျနော်က ဒီရုပ်ရှင်အလုပ်ကို ၀ါသနာ မပါဘူးဗျ”
“အေး၊ ဒါတော့ ဟုတ်ပြီ၊ လူဆိုတာ ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို ဘယ်လိုမှ မလုပ်ချင်ကြဘူး”

စင်စစ် ဗန်းမော်တင်အောင် ၀ါသနာပြင်းသည်က စာပေနှင့် နိုင်ငံရေး။ သည်နှစ်ခုတွင် သူ့ဘ၀ကို အပ်နှင်းမြုပ်နှံ ထားသူဖြစ်သည်။ ဗန်းမော်တင်အောင်၏ နိုင်ငံရေးအမြင်၊ နိုင်ငံရေးအယူအဆ ဘယ်လိုနေသနည်း။ ကျနော် လုံးဝမသိ။ ကျနော်က သူ့လို နိုင်ငံရေးဝါသနာပါသူ မဟုတ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ဖြင့် တခါမှ စကားမစပ်မိခဲ့ကြ။ အေး … သူ့စာပေလက်ရာတော့ ကျနော်အများကြီး သတိထားခဲ့ဖူးသည်။

ဗန်းမော်တင်အောင်သည် လူ့အသက်အားဖြင့် ကျနော့်ထက် တနှစ်ထက်ငယ်သော်လည်း စာပေသက်တွင် သူ က ကျနော့်ထက် တနှစ်လောက်ကြီးသည်။ သူ၏ ပထမဦးဆုံးသော လုံးချင်းဝတ္တု “ဘုန်းမောင်တယောက်ထဲ ရယ်” ရွှန်းရွှန်းဝေနေချိန်မှာ ကျနော်သည် မန္တလေးမြို့ ဆရာကြီး ရွှေဥဒေါင်းအိမ်တွင် ကလောင်ကိုင်စ တာစူရုံ မျှရှိသေးသည်။ ဗန်းမော်တင်အောင်၏ ‘ဘုန်းမောင်တယောက်ထဲရယ်’၊ ထိုစဉ် ၁၉၄၇ ခုနှစ်က နာမည်အကြီး ဆုံး လူပြောအများဆုံးဖြစ်နေ၍ ဆရာကြီး ရွှေဥဒေါင်းက ကျနော့်အား ...

“ဟေ့ကောင် မင်းမှာ အဲဒီစာအုပ်ရှိလား၊ ငါ့ဖတ်ပြစမ်းကွာ” ဆိုသဖြင့် ကျနော်က ဖတ်ပြလိုက်ရသည်။

ထိုစာအုပ်ထဲတွင် ဗန်းမော်တင်အောင်၏ အရေးအသားမှာ အခြားဘယ်စာအုပ်ထဲတွင်မှ ကျနော်တို့ မတွေ့ခဲ့ဖူး သေးသော “တော့ကာသာဖြင့်ရယ်ဘဲ” တွေ ထပ်တလဲလဲ တွေ့ရသည်။ “ဘဲ” နှင့် “အား” စာလုံးတွေကို အများ ကြီးသုံးသည်။ “ကို” ဆိုတာ သူမသုံးတတ်သလောက်။ ဥပမာ - အထက်၌ အမဲစာလုံးဖြင့် ကျနော် ပြထားသည် ကို ကြည့်ပါ။ သူသာဆိုလျှင် (“ဘဲ” နှင့် “အား” စာလုံးတွေအား အများကြီးသုံးသည်) ဟု ရေးပေလိမ့်မည်။ သူ့ စာတွေသည် ၀က်နင်းတွေများလှသည်။ ထောင့်ထောင့်အောင့်အောင့် ရှိလှသည်။ ထို့ကြောင့် ဤစာအုပ်ကို ဆရာကြီးအား ကျနော်ကြာကြာပင် ဖတ်မပြလိုက်ရပါ။ ဆယ့်လေးငါးမျက်နှာလောက်ဖြင့် ဆရာကြီးမှာ သည်းမ ခံနိုင်တော့ဘဲ ...

“ဟေ့ကောင် တော်တော့ကွာ၊ တော်တော့ နားကလောလှတယ်” ဟု ကျနော့်ကို အော်ငေါက်ပါတော့သည်။

သို့သော် ထိုခေတ် ထိုအခါက ‘ဘုန်းမောင်တယောက်ထဲရယ်’ သည် လူငယ်တို့၏ အသည်းစွဲ။ ဒုတိယကမ္ဘာစစ် ကြီးအတွင်း ဂျပန်ခေတ်၌ ကျနော်တို့ မြန်မာပြည်တွင် စာပေအလျင်ပြတ်နေရာမှ စစ်ကြီးအပြီး ဝေါကနဲပေါ်လာ သော ဗန်းမော်တင်အောင်၏ ‘ဘုန်းမောင်တယောက်ထဲရယ်’ သည် ထိုစဉ်က ၀တ္ထုဖတ်ရမှန်းသိစ လူငယ်ပိုင်း နှင့် တန်းတိုးခြင်း ဖြစ်ပေတော့သည်။

ထိုအချိန်က ဗန်းမော်တင်အောင်၏ စာပေသြဇာ မည်မျှသက်ရောက်သွားပါသနည်း။ ဤ ‘ဘုန်းမောင်တ ယောက်ထဲရယ်’ ၀တ္ထုထဲက ဇာတ်လိုက်သည် “ဘုန်းနိုင်” ဖြစ်လေရာ၊ ဟော ... ယခု နာမည်ကြီး စာရေးဆရာ “တက္ကသိုလ်ဘုန်းနိုင်” သည် ဤနာမည်ယူကြောင်း ၀န်ခံပေသည်။

သို့သော် ထိုစဉ်က ဗန်းမော်တင်အောင်၏ အရေးအသားကို ကျနော်တို့အရွယ် စာဖတ်သက် တော်တော်ရင့်နေ သူများ အနေနှင့်ကား မကြိုက်၊ မနှစ်သက်ကြပါ။ ဆရာကြီးပြောသလို “နားကလော” လှပါသည်။ ထို့ကြောင့် ဗန်းမော်တင်အောင်လည်း နာမည်ကြီး စာရေးဆရာ၊ သော်တာဆွေလည်း နာမည်ရ စာရေးဆရာ၊ နှစ်ယောက် သား ရင်ဘောင်တန်းမိကြသောအခါ ကျွန်တော်သည် သူ့အရေးအသာကို သရော်သော စာတွေ ကျနော့်ဝတ္ထု တွေများထဲ၌ တော်တော်များများ ရေးခဲ့ဘူးပါသည်။ သူ့စာအရေးအသားတွင် “ဘဲ” တွေ “အား” တွေ များလွန်း အားကြီး၍ သူ့ကို “ဘဲကျီးကန်းကြီး” ဟု ကျနော်က ကင်ပွန်းတပ်ခဲ့ဖူးသည်။

ဤသို့ ကျနော်ရေးသားရာတွင် ကျနော်က မုန်းတီးစိတ်၊ မလိုတမာစိတ် လုံးဝမရှိခဲ့ပါ။ ကျနော်ကလည်း သူ့ကို မနာကြည်းစေရန် ဟာသဖြင့် သရော်ခြင်းသာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျနော်၏ “ဖြူဝါပူစီ” ၀တ္ထုတွင် အ ပျိုကလေးနှစ်ယောက် အိမ်ပေါ်တွင် စာဖတ်နေကြစဉ် အိမ်အောက်က အောင်နက်က ဆောင့်ကြောင့်ထိုင်ကာ ပါးစပ်ကြီးပြဲ၍ သွားရည် တမြားမြားကျနေသည်။ ထိုစဉ် ဂုတ်ကျားရောက်လာလျက် …

“ဟေ့ ... အောင်နက်ရ၊ မင်းက သွားရည်တမြားမြားနဲ့ ဘာတွေ သဘောကျနေတာလဲကွ” မေးတော့၊ အောင် နက်က …

“ရှီး … နားထောင်စမ်း၊ ကျီးကန်းသံတွေလို တအားအားနဲ့ ဘဲတွေ အများကြီးကြားရတယ်ကွ၊ ဧကန္တ ငါ့အိမ်သား တွေဟာ နက်ဖန်ခါ ဘဲသားဟင်း ၀ယ်ချက်တော့မယ် ထင်တယ်ကွ။ ဒီတော့ ငါဘဲသား အရိုးအရင်း စားရတော့ မယ်ကွ” ဟုပြောသဖြင့် ဂုတ်ကြားက ခေတ္တမျှ နားစွင့်၍ထောင်ပြီးနောက် ရယ်မောလျက် ...

“ဘယ်ကလာပြီး ကျီးကန်းသံနဲ့ ဘဲသားဝယ်ချက်မှာ ဟုတ်မလဲကွ၊ အဲဒါ နှုတ်ခမ်းနီ ပါးနီလေးတွေရဲ့ အသည်းစွဲ ဗန်းမော်တင်အောင်ရဲ့ ၀တ္ထုကို ကောင်မလေးတွေက တယောက် တယောက် ဖတ်ပြနေတာကွ”

ကျနော်ရေးတာက ဒါမျိုးတွေပ ဖြစ်သည်။ စင်စစ် ဗန်းမော်တင်အောင်သည် လူပုဂ္ဂိုလ်အနေအားဖြင့် အင်မတန် သဘောသကာယ ကောင်းမွန်သူဖြစ်ရကား သူ့ကို ကျနော် ဘယ်လိုပင်ရေးရေး၊ ဘယ်တော့မှ စိတ်ဆိုးသူမ ဟုတ်သည့်ပြင် ဖဆပလခေတ်၌ သူသည် သူ့ထုံးစံအတိုင်း ထောင်ထဲသို့ နှစ်ပေါင်းများစွာ သွားရောက်နေထိုင် ခဲ့ပြီး ပြန်ထွက်လာသောအခါ ကျနော့်အား ပြောဖူး၏။

“ကိုဆွေ … ခင်ဗျား ကျနော့်ကို သရော်စာတွေရေးခဲ့တာ မှန်တယ်ဗျ။ ကျနော် အခုထောင်ထဲရောက်သွားတော့ မှ မြန်မာစာတွေကို တော်တော်များများ ဖတ်ရှုလေ့လာခွင့်ရခဲ့တယ်။ ဟုတ်တယ်ဗျ။ ကျနော့်စာ အရေးအသား တွေဟာ အများကြီး ညံ့ဖျင်းခဲ့တယ်။ အခု ကျနော် ပြင်တော့မယ်”

ဟုတ်ပါသည်။ နောက်ပိုင်း၌ သူ့အရေးအသားသည် အတော်ကောင်းမွန်လာပါသည်။ ကျနော်၏ စိတ်သဘော မှာလည်း တစုံတယောက်အကြောင်းကိုရေးလျှင် ထိုသူကို ချစ်ခင်လို့သာဖြစ်၏။ ဗန်းမော်တင်အောင်၏ အရေး အသားနောက်လိုက်၍ ၀ါကျတွေ ချို့ယွင်းနေခဲ့သော တက္ကသိုလ်ဘုန်းနိုင်ကိုလည်း မြ၀တီမဂ္ဂဇင်းတွင် ဆောင်း ပါးတပုဒ်ဖြင့် သူ့ဝတ္ထုတွေ ကျနော် ဝေဖန်ခဲ့ဖူးသည်။ ဘုန်းနိုင်လည်း နှစ်သက်လက်ခံ၍ ၀ီစကီတပုလင်းဖြင့်ပင် လာ၍ ကန်တော့ခဲ့ပါ၏။ ထိုနောက် သူ၏ ၀ါကျတွေလည်း လှပ၍ လာခဲ့ပေတော့သည်။

စင်စစ် စာပေအနုပညာ၌ အဘယ်မှာလျှင် “ပြီးပြည့်စုံပြီ” ရှိပါအံ့နည်း။ တစုံတယောက်သည် တခုခု၌ ချို့ယွင်း ချက်ရှိမည်သာ။ ကျနော့်မှာလည်း ရှိပါလိမ့်မည်။ ကျနော်၏ ချို့ယွင်းချက်ကို ပြသပြုပြင်ပေးမည်ဆိုပါက ကျ နော်သည် ၀မ်းသာအားရ လက်ခံဖို့ အသင့်ပင်။

ဗန်းမော်တင်အောင်သည် စာပေအရာ၌လည်းကောင်း၊ သူယုံကြည်သော နိုင်ငံရေးရာ၌လည်းကောင်း မည်သို့ ပင်ရှိလင့်ကစား လူပုဂ္ဂိုလ်အနေအားဖြင့်ကား အင်မတန်ချစ်စရာကောင်းသူဖြစ်၏။ စိတ်နှလုံး သိမ်မွေ့နူးညံ့၏။ မည်သူနှင့်မဆို ပြုံးရွှင်ဖော်ရွှေစွာ နေတတ်သူဖြစ်၏။

သူသည် သေရည်သေရက် သောက်စားခြင်း၊ လောင်းကစားခြင်းနှင့် အခြားအပျော်အပါးတွင် လုံးဝကင်းရှင်းသူ ဖြစ်၏။ ဖော်ပြခဲ့သည့်အတိုင်း သူ၏ ဘ၀ကို စာပေနှင့် နိုင်ငံရေးတွင်သာ မြုပ်နှံထားသူဖြစ်၏။ သို့နှင့် သူ အ သက် (၅၀) ကျော်သည့်အပိုင်းရောက်သည်၌ ကျန်းမာရေးချို့ယွင်းလာခဲ့သည်။ ကုသရန်ခဲယဉ်းသော ကင်ဆာ ရောဂါ စွဲကပ်ခဲ့သည်။

ကျနော်၏ ယခု စာအစ၌ ဖော်ပြခဲ့သောအချိန်မှာ သူ့ကျန်းမာရေးသည် လွန်စွာချို့ယွင်းခဲ့၍ ဘတ်စ်ကားတွင် တိုးလျှိုးတွယ်ကပ်စီးနိုင်သော အခြေပင် မရှိတော့ပါ။ ထို့ကြောင့် သူသွားလိုသည့် ဟံသာဝတီလမ်းသို့ လွယ်ကူ စွာ သွားရောက်နိုင်သော နည်းလမ်းကို ကျနော်စဉ်းစားမိသဖြင့် သူ့အား (၁၂) ကားမှတ်တိုင်မှ အနော်ရထာ လမ်းတလျှောက် အရှေ့ဘက်သို့ ခေါ်ခဲ့ခြင်းဖြစ်ပါသည်။

လေဟာပြင်ဈေးထောင့် ရောက်သည်၌ ရွှေတိဂုံဘုရားလမ်းကို ဖြတ်၍ ဆေးရုံကြီးဝင်းထဲ သူ့ကို ခေါ်ခဲ့သည်၌ သူက …

“ဟေ့လူ ... ကျနော်တို့ အခု ဘယ်သွားမလို့လဲ”
“ခင်ဗျား သွားချင်တဲ့ ဟံသာဝတီလမ်းကို ရောက်အောင်လဗျာ၊ ဟောဒီမှာ ကြည့်လိုက်စမ်း၊ အဲဒီ ကားကြီးကား ငယ် အသွယ်သွယ်တွေဟာ ကြံတောသုဿန်ကို မသာပို့သွားကြမှာချည်းပဲ၊ ခင်ဗျား ကြိုက်တဲ့ကား တက်စီး သွား”

ရုတ်တရက် သူ့မျက်နှာ ကြောင်အမ်းအမ်းဖြစ်လျက် …

“ဟာ … ဖြစ်ပါ့မလားဗျ”
“ဘာဖြစ်လို့ မဖြစ်ရမှာလဲ၊ ဒီမသာ တို့ချည်းပို့မယ်၊ မင်းမပို့ရဘူးလို့ ဘယ်သူကမှ မတားဘူး။ ဘာမှမစိုးရိမ်နဲ့၊ ကျ နော်လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့မှာပဲ။ အစဦးတော့ နံပါတ် (၉) စီး အိမ်ပြန်တော့မလို့ဘဲ။ ခုတော့ ခင်ဗျားနဲ့ ကြုံတာနဲ့ ကျနော်လည်း ကြံတောလိုက်ပြီး နောက်နာနတ်တောဖြတ်ပြီး ပြည်လမ်းရိပ်သာက အမကြီး ခင်မျိုး ချစ်အိမ် သွားမယ်။ ခင်ဗျားကတော့ ဟံသာဝတီလမ်း သွားပေရော့”

ဒီတော့မှ သူ့မျက်နှာ ပြုံးရွှင်လာကာ ...

“ဟုတ်ဗျာ”
“ဒါနဲ့ ခဏနေဦး၊ ဒီကားအုပ်စု ကြံတော မဟုတ်ဘဲ တာမွေသုဿန်ဖြစ်နေမှာလည်း စိုးရသေးတယ်၊ ကျနော် သွားစုံစမ်းလိုက်ဦးမယ်” ဆိုပြီး ဘတ်စ်ကားဒရိုင်ဘာတယောက်ထံ သွားမေးလိုက်ရသည်။

“ဟုတ်တယ်ဗျို့၊ ကြံတောပဲ၊ လာ … လာ၊ လူချောင်တဲ့ကား တက်စီးရုံပဲ၊ အား ... အား နေဦးဗျို့၊ အလောင်းက အသုဘယာဉ်ပေါ် တင်သေးတာမဟုတ်ဘူး။ အချိန်ရှိသေးတယ်။ ပရိုက်ဗိတ်ဆလွန်းကား စီးရအောင် ကျနော့် အသိကားများ လာမလားကြည့်လိုက်ဦးမယ်” ဆိုပြီး ကျနော်မျက်စိကစားလိုက်တော့ အဆင်သင့်ပင် ကျနော့် မိတ်ဆွေ ဆရာဝန်လင်မယား သူတို့ ချက်ပလက်ကား ကြီးကြီးရှည်ရှည်ကြီး လင်မယားနှစ်ယောက်ထဲ ရှေ့ခန်း ထိုင်လာတာမြင်တော့ ကျနော် ဗန်းမော်တင်အောင်အား လက်ဆွဲခေါ်သွားလျက် …

“ဟဲလို ... ဒေါက်တာ၊ ခင်ဗျားတို့ ဒီဒေါ်မြဇင်မသာ ပို့ရအောင်ပဲလား”

ဘတ်စ်ကားနံရံပေါ်မှာ ဒေါ်မြဇင် အသက် (၇၅) နှစ် ဆိုသည်ကို ကျနော်က ဖတ်ပြီးသား။ ဆရာဝန်ကလည်း …

“ဟုတ်တယ်ဆရာ၊ ဆရာတို့ကော”
“ဒီအဖွားကြီး ကျနော်တို့နဲ့ အင်မတန် ခင်တာခင်ဗျာ”
“ဆရာတို့ ကားပါလား”
“မပါဘူး၊ ကြုံရာကားနဲ့ လိုက်မလို့ဘဲ”
“ဒါဖြင့် လာဆရာ၊ ကျနော်တို့က နှစ်ယောက်ထဲရှိတာပဲ” ဟု ဆိုပြီး သူ့ကား နောက်တံခါးဖွင့်ပေးလေတော့ ကျ နော်တို့မှာ အကြီးအကျယ် ငြိမ့်ကျသွားလေသတည်း။ ချက်ပလက် ဘဲလ်အဲယား ကားကြီးဗျ။ ထိုဆရာဝန်အား ကျနော်က ဗန်းမော်တင်အောင်ကို မိတ်ဆက်ပေးလိုက်တော့ ဆရာဝန်ကလည်း စာဖတ်သမားဖြစ်လေရာ ...

“ဟာ … ကျနော်တို့ ငယ်ငယ်က ဆရာရဲ့ ဘုန်းမောင်တယောက်ထဲရယ် ကို အသည်းစွဲပေါ့ဆရာ”

ဤဆရာဝန်လည်း ယခု တက္ကသိုလ်ကျောင်းဆရာကြီးဖြစ်နေသော တက္ကသိုလ်ဘုန်းနိုင်၏ အရွယ်ပေတည်း။ စင်စစ် ဗန်းမော်တင်အောင်၏ စာဖတ်ပရိသတ်ဖြစ်လျှင် ဘုန်းမောင်တယောက်ထဲကို ရှေးဦးစွာ သတိရရမည်။ နောက် ကွန်ဗင့်ကျောင်းသူ ဂါဝန်ပြာမလေးဆီက မုန့်ဖိုးတောင်းစားသော ပါမောက္ခ။ သူအင်္ဂလိပ်စာ သင်ပေး သော ကျောင်းသားလေးတွေထံမှ “ပေါ့ကက်မန်းနီး” တောင်းလေ့ရှိသော ဒေါက်တာ အုန်းကျော်၊ တော၏ သ မီးပျို၊ ဆန့်ကျင်ဘက်၏ သမီးပျို၊ “ကျနော်က ဘာတတ်နိုင်တော့ဦးမည်နည်း” ဟူသော ဗန်းမော်တင်အောင် ၀တ္ထုထဲက ဇာတ်လိုက်၏ ညည်းညူသံ။

ကျနော်တို့ ချက်ပလက်ကားကြီးပေါ်ရောက်ပြီး မကြာမီမှာပင် ဒေါ်မြဇင်၏ အသုဘယာဉ်သည် ဆေးရုံကြီးဝင်း ထဲမှ ထွက်ပြီဖြစ်၍ ကားတွေ တသီတသန်းကြီး လိုက်ကြလေရာ ကျနော်တို့ကားလည်း ငြိမ့်ညောင်းစွာပင် များ စွာသော ကားယာဉ်ကြော၌ မျောလေပြီ။

ဤကားကြီးက ကိုယ်ထည်ရှည်လျားလှသဖြင့် ဆရာဝန်လင်မယားနှင့် ကျနော်တို့သည် တော်တော်လှမ်းနေ ၏။ သည်လိုကားမောင်းနေစဉ်မှာ စကားခပ်တိုးတိုးပြောလျှင် ရှေ့နှင့်နောက် မကြားနိုင်။ ထို့ကြောင့် ကျနော်က ဗန်းမော်တင်အောင်အား ပညာပေး၏။

“နောက် မှတ်ထား၊ တာမွေသွားချင်တယ်ဆိုရင် နေ့လယ် (၁၂)နာရီကျော် မသာချချိန်တွေမှာ ဒီဆေးရုံဝင်းထဲ ကိုသာ လာခဲ့၊ အသုဘပို့တဲ့ ကားတွေဟာ မပြတ်ရှိနေတာဘဲ။ ကားလည်း မကြပ်ဘူး၊ ပိုက်ဆံလည်း တပြားမှ မပေးရဘူး”

သူသည် ကျနော့်လက်ကို ဖျစ်ညှစ်လျက် …

“ခင်ဗျားပြောတာ ဟုတ်တယ်ဗျာ”
“ဒါတင် မကသေးဘူး။ ဒီမသာ ဘယ်နေ့ ရက်လည်ဆွမ်းသွပ်မလဲဆိုတာ မေးထားပြီး သွားလည်း စားနိုင်သေး တယ်ဗျ။ ဒီလို ပရိုက်ဗိတ်ကားများများနဲ့ လူချမ်းသာပုံပေါ်တဲ့ မသာကို သတိထား၊ ဒန်ပေါက်နဲ့ အိုက်စ်ကရင် တောင် စားရတတ်တယ်ဗျ”

ဗန်းမော်တင်အောင်သည် ရယ်မောလျက် …

“နှိပ်လိုက်လေဗျာ … ခင်ဗျားအကြံ”
“အဲဒါ ခင်ဗျားအတွက် ပြောနေတာ၊ အခု ခင်ဗျားဆေးရုံက ဆင်းစ၊ နာလန်ထမှာ အစားကောင်း အသောက် ကောင်း လိုနေတယ်မဟုတ်လား။ ဒါကို ဘိုင်ကျလို့ “ကျနော်က ဘာတတ်နိုင်တော့ဦးမည်နည်း” တွေ ဘာတွေ ညည်းမနေနဲ့၊ အဲဒီမသာမျိုးတွေသာ ရှာကြံစား၊ နေ့တိုင်း မနက်စာတနပ်တော့ အိုကေပဲ၊ နေ့စဉ်သတင်းစာတွေ မှာ နာရေးကြော်ငြာတွေ ဖတ်ဗျာ၊ ဘယ်မသာ ဘယ်လောက်ချမ်းသာတယ်၊ ဘယ်နေ့ ရက်လည်ဆွမ်းသွပ်မယ် ဆိုတာ သိနိုင်တာပဲ။ ဖိတ်စာနဲ့တကွ ကြွပါဆိုတာ ဘယ်မသာမှ မရှိဘူး။ ကျုပ်တို့ စာရေးဆရာတွေ စာပေဆု ပေးပွဲမှာသာ ရှိတာဗျ”

ဗန်းမော်တင်အောင်သည် သဘောကျစွာ ရယ်မောလျက်ရှိ၏။ ကိုတင်အောင်၏ ပင်ကိုယ်စရိုက်မှာ သည်လို ရယ်စရာ မောစရာမျိုးတွင် သူများနှင့် စကားပြိုင်ပြောလေ့မရှိ။ ဆိတ်ငြိမ်စွာသာ နားထောင်နေတတ်သူဖြစ် သည်။ ကျနော်စကားပြောနေစဉ် ပြုံးရွှင်လျက်ရှိ၍ ကျနော်စကားပြတ်လျှင် သူ့မျက်နှာညှိုးငယ်သွားတတ်သည် ကို ကျနော်သတိထားမိသည်။ ထိုစဉ်မှာ သူ၏ ကျန်းမာရေးသည်လည်းကောင်း၊ စာရေးဆရာ မကျန်းမာတော့ ငွေရေးကြေးရေးသည်လည်းကောင်း ချို့တဲ့လျက်ရှိမည်ကို အထူးစဉ်းစားပြီး မျက်နှာမရွှင်လန်းနိုင်ခြင်း ဖြစ်ပေ သည်။ ဒါကို ကျနော်က တွေးတောမိလေတော့ ကျနော့် သူငယ်ချင်းအတွက် ရယ်မောစရာဖြစ်အောင် ကြိုးစား ရပါသည်။

ကျနော်တို့ မသာပို့ကားများသည် ဘုရားလမ်းမှ ဦးဝိစာရလမ်းချိုး န၀ရတ်ရိပ်သာရောက်တော့ ကျနော် ခေတ္တ စကားပြတ်ခဲ့ပြီးနောက် ဟံသာဝတီအ၀ိုင်းနားရောက်တော့မှ ကျနော် ပြောစရာတွေ့ပြန်ပါသည်။ ကြံတောသု ဿန်နှင့် ပတ်သက်သော ကာရန်တွေ စဉ်းစားမိ၍ ...

“ဒီမှာဗျ ကိုတင်အောင်”

သူ့မျက်နှာသည် အမှုမဲ့ အမှတ်မဲ့ ငေးကြောင်ကြောင်နေရာမှ …

“အမှန်ပြောရမှာဖြင့် ကြံတောက သုဿာန်ဗျ”

သူက ကျနော် ဘာရည်ရွယ်သည်ကို မသိသေးဘဲ …

“ဟုတ်တာပေါ့ဗျ”
“မြှုပ်နှံတာက လူသေများဗျ။ အပူတွေ ပွားတာက မသာ့ရှင်၊ ကျမလင် ဆိုတာက သူ့မယား”

ဒီတော့မှ ကျနော် ရယ်စရာပြောပြီကို သူသိလာ၍ သူ့မျက်နှာပြုံးရွှင်လာပါသည်။ ကျနော်က ဆက်လက်၍ ...

“ကျမလင်ဆိုတာက သူ့မယား၊ မုသားဆိုတာက မဟုတ်တာအပြော၊ သမုဒ္ဒရာမျောတာက ဆင်သေနဲ့ကျီးကန်း ဟင် … လင်သေလို့ မပြီးစတမ်းဆိုရင်ဖြင့် မုဆိုးမချည်းပေါ့ဗျ။ ကျုပ်တို့ဂိုးရမယ့် ခရီးလမ်းကလည်း ဒါပဲ။ အနှေး နဲ့ အမြန်ဆိုတော့ အတွေးနဲ့ ကြံလိုက်ရင် ဒီမှာ ကိုတင်အောင်ရေ ... ခင်ဗျားတို့ သျှင်ဥက္ကဋ္ဌက လူသေရင် ဘာ ဖြစ်သတဲ့ဗျ”

ဒီတော့မှ သူရွှင်ပြီး စကားတလုံး ထွက်လာ၏။

“လူသေ လူဖြစ်သတဲ့ဗျာ”
“အဲဒါ မသေချာဘူး၊ ပြာဖြစ်တာကတော့ မသာအစစ်ပဲဗျို့၊ အခုကြည့်ပါလား ဒေါ်မြဇင် မသာ မီးသင်္ဂြိုဟ်တဲ့ စက်ရှေ့မှာရပ်ပြီး”

မှန်ပါသည်။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ မိတ်ဆွေကြီး ဗန်းမော်တင်အောင်လည်း ၁၉၇၈ ခု အောက်တို ဘာလ (၂၃) ရက်နေ့တွင် သေဆုံး၍ ထိုလ (၂၇) ရက်နေ့၌ ဤကြံတောသုဿန်မှာပဲ ပြာဖြစ်သွားပါပြီတည်း။

သော်တာဆွေ

- “ဗန်းမော်တင်အောင် - တိုင်းပြုပြည်ပြု စာရေးဆရာ၊ သတင်းစာဆရာ” စာအုပ်မှ ကူးယူဖော်ပြသည်။

No comments: