Thursday, June 18, 2009

ပုံမဝေးဘူး ရောက်လုပါပြီ

မြင့်သိန်းကြူး

ရက်များမကြာမီက စင်္ကာပူဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊လတ်တလော စီနီယာဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ဗိုလ်ခြောက်ထောင် အဲ ... အမည်ရင်းက ဂိုချုပ်တောင်လို့ထင်ပါရဲ့၊ မြန်မာပြည်ကို လာသွားသတဲ့။ မြန်မာပြည် က သူတို့နဲ့ပုလင်းတူဘူးဆို့ ဗိုလ်ချုပ်တွေဆီက နမူနာယူစရာရှိတာယူဖို့ လာတာဖြစ်မှာပါ။ သူတို့လည်း ဘာထူး လို့လဲ ၀န်ကြီးချုပ်လုပ်ပြီးမှ ခုတခါ စီနီယာဝန်ကြီးလုပ်ပြန်သတဲ့။

သူ့အရင်က ခေါင်းဆောင်ကြီးဆိုတဲ့ လီကွမ်ယူးဆိုတာလည်း အဲလိုပဲ။ ၀န်ကြီးချုပ်အဖြစ် ရိုးအီပြီး ၀သွားအောင် လုပ်ပြီးမှ စီနီယာဝန်ကြိးဆိုပြီး တခါပြန်လာတာပဲမဟုတ်လား။ ဒါဟာ တိုင်းပြည်ကို ချစ်လွန်းလို့ မသေမချင်း အ လုပ်အကျွေးပြုချင်လို့ပဲလား၊ ဒါမှမဟုတ် သူတို့လောက်တော်တဲ့သူ စင်္ကာပူမှာ မရှိတော့လို့ပဲလား။ မြန်မာ ဗိုလ်ချုပ်တွေလို ထိုင်ပြီးရင် ထမပေးချင်လို့ပဲလား။ ဒါဟာ နောက်လူကို အလှည့်မပေးချင်တဲ့သဘော၊ အာဏာ ကို ဆုပ်ကိုင်ထားတဲ့ သဘောပဲပေါ့။ ဒါကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ပုလင်းတူဘူးဆို့လို့ ပြောရတာပါ။

အဲဒီဝန်ကြီးချုပ်ဟောင်း ဗိုလ်ခြောက်ထောင်က မြန်မာပြည်လာတယ်။ ဗိုလ်ချုပ်သိန်းစိန် ဖိတ်လို့တဲ့။ မြန်မာပြည် နဲ့ ပတ်သက်ပြီး နိုင်ငံတကာက သူတို့ကို ဖိအားပေးတဲ့အတွက် လူကြားကောင်းအောင် နည်းနည်းပါးပါး ပြောဖို့ ဆိုဖို့ပဲ နေမှာပေါ့။ တကယ့်ကို လူကြားကောင်းရုံလေးပါ။ အတိုက်အခံတွေ တောင်းဆိုထားတာကို အလေးအ နက်ထားပြောဆိုတာ တခုမှမရှိပါဘူး။ စစ်အစိုးရက လုပ်မယ်လို့ပြောထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ထောက် ခံတာနဲ့ ဘာထူးလဲ။ နိုင်ငံတကာက လက်ခံနိုင်တဲ့ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုတယ်သာပြောပေမယ့် အဲဒီ လိုမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အတိုက်အခံတွေ တောင်းဆိုတာ လိုက်လျှောဖို့ နအဖကို မပြောခဲ့ဘူး။

အမျိုးသားပြန်လည်ညီညွှတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်မပါလို့ မဖြစ်ဘူးလို့ ပြောပေမယ့် ဒေါ်အောင် ဆန်းစုကြည်ကို မတရားဖမ်းပြီး ထောင်ချဖို့ ကြိုးစားနေတာကိုတော့ ဒါဟာ ပြည်တွင်းရေးသာ ဖြစ်သတဲ့။ ဒါ့ ကြောင့် ဦးဝင်းတင်က ပြည်တွင်းရေးထက်ပိုတဲ့ ထူးခြားတဲ့ အမြင်မျိုးနဲ့ ကြည့်ဖို့လိုကြောင်း ပြောတာပါ။ ၀ိနည်း လွတ်ရုံ ပြောဆိုလုပ်ကိုင်နေတာပါ။ ဒါ့ကြောင့် လူကြားကောင်းရုံလေးသာ လုပ်ဆောင်နေတာ လို့ပြောရတာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်းရုံးခွင့်ပြုမှသာ မျှတတဲ့ရွေးကောက်ပွဲဖြစ်မယ်လို့ ပြောတာမျိုး ကြားမိပြန်တော့ ကိုယ်လိုချင်တဲ့ စကားမျိုးမဟုတ်ပေမယ့်၊ သံတမန်နည်းနဲ့ နှစ်ဘက်လက်ခံနိုင်ဖွယ် ပြောဆို သွားတာလို့ ယူဆပြီး အကောင်းမြင်လိုက်ပါတယ်။ နဂိုက သူတို့အပေါ်မြင်ထားတဲ့ ကျနော့်အမြင်တော့ ပြောင်း တော့ ပြောင်းလဲမသွားသေးဘူး။ သူတို့ဟာ အမှန်တရားကို ထုတ်မပြောရဲဘူး။ အကြောင်းရှိလိမ့်မယ်။

အမှန်တော့ သူတို့ဟာ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီ အာဏာရလာမှာ လိုလားတာ မဟုတ်ပါဘူး။ အသုံးမကျတဲ့ စစ်အစိုးရ ပြုတ်မကျရအောင်သာ ကျားကန်ပေးလိုတာပါ။ မြန်မာပြည်ဟာ ကမ္ဘာ့ အတိုင်းအတာထိ သယံဇာတ ပေါကြွယ်ဝတယ်လို့ ပြောချင်မှပြောနိုင်ပေမယ့် ဒေသအတွင်းမှာတော့ သယံဇာ တ ပေါကြွယ်ဝတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာတိုင်းရင်းသားအားလုံးဟာလည်း လူညံ့တွေ မဟုတ်ကြပါဘူး။ ဒါ့အပြင် ကမ္ဘာကျော် ကမ္ဘာသိ ပုဂ္ဂိုလ်ကျော်တွေ ပညာရှင်တွေလည်း ပေါ်ထွန်းတယ်။ ဒီတော့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းရှိတဲ့ လူသားအရင်းအမြစ်လည်းရှိတယ်လို့ ဆိုရမယ်။ ဒီလိုဆိုရင် ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့၊ တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာထားတဲ့၊ အရည်အချင်းရှိတဲ့ အစိုးရသာတက်လာ ရင် မကြာခင် ဒေသတွင်းမှာ ထိတ်တန်းကို ရောက်နိုင်တာ မြေကြီးလက်ခတ်မလွဲပါ။

ဒီအဖြစ်မျိုးကို သူတို့လို လားချင်မှ လိုလားမယ်၊ ပုထုဇဉ်တွေကိုး။ ဒါမှမဟုတ် ယုတ်ညံ့တဲ့အစိုးရကို တပည့်အ ဖြစ်မွေးပြီး ဆရာကြီးလုပ်ချင်နေလိုလည်း ဖြစ်နိုင်တယ်။ ဒီလိုဆရာကြီးလုပ်တော့ သူတို့ဘာအကျိုးရှိမှာလဲ မေး စရာရှိတယ်။ ဒီလိုအပြောမျိုးဟာ ကလေးဆန်တယ်၊ အခြေအမြစ်မရှိဘူး စသည်ဖြင့် ဆိုချင်ဆိုကြမယ်။ ဒါပေ မယ့် ယုတ္တိယုတ္တာကင်းမဲ့တာတော့ မဟုတ်ဘူး။ စစ်အစိုးရပြုတ်မကျရင် အနိမ့်ဆုံးအဆင့် သယံဇာတကို ဈေးချို ချိုနဲ့ရတာပေါ့။

ဟိုတလောက ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တော့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်းက အဘီဆစ်ကို သတိပေးတာ၊ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ ဖြစ်လို့ သတိထားဆက်ဆံဖို့ ပြောဆိုတာဟာ လက်တွေ့ထင်ရှားတဲ့ သာဓကပါ။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင် နအဖနဲ့ပေါင်းပြီး အကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်သွားခဲ့တယ်ဆိုတာလည်း အများအသိပါ။ တပည့်မွေး ပြီး ဆရာကြီးလုပ်ချင်နေလို့ ဆိုတဲ့စကားကိုလည်း သေးသိမ်တဲ့ စကားလို့ ယူဆကြချင်ယူဆကြမယ်။ ဒါပေမယ့် အမိုက်တိုက်ဖုံးလွမ်းနေတဲ့ လူဆိုး၊ လူမိုက်တသိုက် အုပ်ချုပ်နေတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆူဒန်၊ မြောက်ကိုရီးယား၊ အီရန်၊ ချာတူးလန်အဖြစ် ကျန်ခဲ့တဲ့ မြန်မာနိုင်ငံ စတာတွေကို ပလဲနံပသင့်အောင်ပေါင်း၊ သြဇာညောင်းအောင် လုပ်နေတဲ့ တရုတ်နိုင်ငံက သာဓကပါ။

ကျနော့်အနေနဲ့ကတော့ ရှင်းပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ်၊ လက်နက်ဆိုလို့ အပ်တိုတောင်မပါတဲ့ အတိုက်အခံ ဒီမိုကရေစီလိုလားသူတွေအပေါ်၊ မေတ္တာဝါဒီ ဘုရားသားတော် သံဃာတော်တွေအပေါ်၊ ညစ်ချင် တိုင်းညစ် ယုတ်ချင်တိုင်းယုတ်နေတဲ့ နအဖရဲ့လုပ်ရပ်ဟာ “ပြည်တွင်းရေးသက်သက်လို့ပြောတဲ့ ဒီလိုလူမျိုးတွေ ကို၊ စင်္ကာပူနိုင်ငံကို ဘယ်လောက်ချမ်းသာအောင် လုပ်နိုင်တယ်ပြောပြော အထင်မကြီးဘူး။

ကိုယ်ကျိုးစီးပွားမထိခိုက်သမျှ ဘယ်သူတွေ ဘာလုပ်လုပ် ငါနဲ့မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ဟာ သာမန်လူသား တိုင်းမှာတောင် မရှိပါဘူး။ ဒီလိုလူတွေဟာ သူတို့ရဲ့ဘေးအိမ်မှာ တာဝန်မဲ့တဲ့ အိမ်ထောင်ဦးစီးက မူးယစ်ရမ်း ကားပြီး အပြစ်မဲ့တဲ့ သားမယားကို ရိုက်နှက်နှိပ်စက်နေရင်လည်း ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး တာဝန်မဲ့ရပ်ကြည့်နေ မယ့် လူစားမျိုးတွေပါ။ ဒီလိုလူတွေကို အဖက်လုပ်ပြီး ဝေဖန်၊ ရေးသား ပြောဆိုနေတာတွေဟာ တကယ်တော့ အချိန်ကုန် လူပန်းပါ။

ဒီတော့ ကိုယ့်စခန်း ကိုယ်ရောက်အောင် ကိုယ့်လမ်းကိုယ်သာ လျှောက်ရမှာပါ။ လူဆိုတာ ကိုယ်အဘိဓမ္မာနဲ့ ကိုယ်နေကြတော့ မကောင်းသော်လည်း၊ မမြင့်မြတ်သော်လည်း အပြစ်ဆိုဖွယ်ရာ မရှိပေဘူး။ ဒီလိုလူတွေ၊ ဒီလို နိုင်ငံတွေကြောင့် ငါတို့ ဒီမိုကရေစီရဖို့ ဒီလောက်ခက်ခဲနေတယ် ပြောရအောင်ကလည်း သူတို့နိုင်ငံတွေက ကိုယ့်နိုင်ငံထက် ဒီမိုကရေစီရှိတယ်။ အနောက်နိုင်ငံတွေလောက်မှ ကိုယ်တို့ ဒီမိုကရေစီလမ်းစဉ်ကို အားမပေး ဘူး ပြောရအောင်ကလည်း ဟိုတလောက စာရေးသူတယောက် ထောက်ပြသလို ပြင်သစ်ရဲ့ တိုတယ်လ်ရေနံ ကုမ္ပဏီကလည်း မြန်မာပြည်ထဲမှာပဲ ရှိသေးတယ်။ စစ်အစိုးရအတွက် ၀င်ငွေများစွာ ရရှိစေတဲ့ ကုမ္ပဏီပေါ့။ အ မေရိကားရဲ့ Chevron ကုမ္ပဏီကလည်း ဒီမှာ ရင်းနှီးမြှုပ်နှံနေဆဲတဲ့။

အာရှထိပ်သီး နိပွန်ကြီးကလည်း အပျော့ဆွဲပါပဲ။ ကိုယ့်နိုင်ငံရဲ့ သတင်းထောက်တယောက် ပစ်သတ်ခံထားရ တာတောင် အသည်းမနာနိုင်ဘူး ပြောရမလား။ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒီမိုကရေစီဆိုတဲ့ ကုလားကြီးကကော ဘာထူး။ သူဌေးဖြစ် နောက်ကျမှာစိုးလို့နဲ့တူရဲ့။ တရုတ်နဲ့အပြိုင် ခွက်စောင်းခုတ်နေကြတယ်။ ဒီတော့ ဘယ်သူ့ အပြစ်ဆိုရမလဲ။ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လား။ ဘယ်သူမပြုမိမိမှုပဲပေါ့။

ခြုံပြောရရင် ကိုယ့်လူမျိုးတမျိုးလုံး အသိဉာဏ်နုံနဲ့လို့ ဒီဘ၀ရောက်ကြရတာ။ ကိုယ်စီတာဝန်ယူမှု နည်းခဲ့ကြလို့ ဒီလိုဖြစ်ကြရတာ။ ကိုယ်နဲ့ဆိုင်သလောက်၊ နိုင်သလောက်၊ ပိုင်သလောက် တာဝန်ယူခဲ့ကြရင်၊ မဟုတ်တာမ လုပ် မမှန်တာမပြော၊ အတိုင်းအတာတခုအထိ ကိုယ်ကျိုးစွန့်နိုင်ကြမယ်၊ နအဖရဲ့ အမိန့်အာဏာ၊ ခိုင်းစေသမျှ မမှန်ရင် ခေါင်းငုံ့မခံ ငြင်းဆန်ကြမယ်ဆိုရင် နအဖ ဒီလောက်သက်ဆိုးရှည်စရာမရှိဘူး။

ဒါပေမယ့် သာမန်ပြည်သူ သာမန်ဝန်ထမ်းမပြောနဲ့ ထိပ်တန်းပညာရှင်ဆိုတဲ့ ပြည်သူ့ဝန်ထမ်းကြီးတွေကတောင် ကိုယ့်အကျိုးစီးပွားအတွက် နအဖ အကြိုက် လိုက်လုပ်နေတယ်။ နအဖ ခိုင်းသမျှ မကောင်း မမှန်မှန်းသိရက်နဲ့ မလုပ်နိုင်ဘူးဆိုပြီး ငြင်းဆန်ပြီးထွက်လာခဲ့တဲ့ ထိပ်တန်းဝန်ထမ်းကြီးဆိုတာ မတွေ့ဖူးဘူး။ မှန်မှန် မှားမှား အ သက် (၆၀) ပြည့်လို့တောင် မနားချင်သေးဘဲ Extension ဆိုပြီး ဆက်လုပ်နေတဲ့ လူကြီးတွေပဲ တွေ့တယ်။ ၀န် ထမ်းဟာ အရေးကြီးဆုံးပဲ၊ အစိုးရရဲ့ ဒေါက်တိုင်ပါ။ အခုချိန်မှတော့လည်း ပြည်သူအချင်းချင်း အပြစ်ဖို့မနေ သင့် တော့ဘူး။ အနှစ် (၄၀) ကျော် ညံ့ဖျင်းတဲ့ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်မှုကြောင့်လို့ပဲယူဆပြီး ပြည်ဖုံး ကား ချရတော့မယ်။ ဆက်ပြီး စဉ်းစားဆင်ခြင် အဖြေရှာနေရင် ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အစ၊ ရှာမရသ လိုဖြစ်မယ်။

ဒီအချိန်ကစပြီး ရှေ့ရှောက်လှမ်းရမှာက တလမ်းထဲပဲရှိတယ်။ ဒီမိုကရေစီပန်းတိုင်ဆီ အရောက်ချီတက်ဖို့ပဲ။ သ ဘောမကွဲဘဲ အားလုံးစိတ်တူကိုယ်တူ ရှိဖို့လိုတယ်။ ညီညွတ်ဖို့လိုတယ်။ အသက်အရွယ်အရ၊ အတွေ့အကြုံအရ ဘ၀ပေးအခြေအနေအရ တယောက်နဲ့တယောက် တာဝန်ယူမှုပမာဏ၊ လုပ်နည်းလုပ်ဟန် ကွာချင်ကွာနိုင်ပေ မယ့် ဒီမိုကရေစီပန်းတိုင် ရောက်ချင်စိတ်ရှိမှုမှာတော့ တူညီရပါမယ်။

တချို့က ရုံးထဲကနေ ဆန္ဒပြမှုကို ထောက်ခံတယ်၊ တချို့က ရုံးအောက်လမ်းပေါ်ရောက်တယ်၊ တချို့က ရှေ့ တန်းက ဆန္ဒပြတယ်။ တချို့ အသေခံတယ်။ တချို့ ထောင်ထဲဝင်ဝံ့တယ်။ တချို့ နိုင်ငံခြားထွက်ပြေးပြီး သူတို့ နည်း သူတို့ဟန်နဲ့ ကြိုးစားကြတယ်။ တချို့က နအဖခိုင်းတာ မလုပ်တဲ့နည်းနဲ့ ဆန့်ကျင်တယ်။ တချို့က မ ပေါင်းဘူး၊ တချို့က မတရားတဲ့အမိန့် မနာခံဘူး၊ တချို့ ဘုရားမှာဆုတောင်းတယ်၊ တချို့က မေတ္တာပို့လမ်း လျှောက်ရင်းနဲ့ ဆန္ဒဖေါ်ထုတ်တယ်။ အကြမ်းမဖက် အနုနည်းနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်ကြတယ်။

တချို့က တောင်းလို့မရ၊ ချမှရမယ်ဆိုပြီး လက်နက်ကိုင်တိုက်ပွဲဝင်ကြတယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နည်း လမ်းပေါင်းလည်း စုံပြီ။ ဘာကြောင့်လဲ။ အနုနည်းကပဲ ပျော့လို့လား။ အကြမ်းနည်းကပဲ လျော့လို့လား။ ဘယ် လမ်းကိုစွန့်ပြီး ဘယ်နည်းကို ကျင့်ရမလဲ။ ဒါဆို ဘယ်လမ်းက သင့်လို့လဲ။ ဘယ်အကျင့်က မြင့်လို့လဲ။ ကျနော့် အမြင်ကတော့ ကိုယ်သန်ရာလမ်းနဲ့ ကိုယ်စွမ်းသလောက်ဟာ အမှန်ဆုံး၊ အသင့်ဆုံးပဲ။

ဒီမိုကရေစီပန်းတိုင် ရောက်ချင်စိတ်ရှိဖို့သာ ပဓာန။ ညီညွတ်ဖို့သာ အဓိက။ သူမှားတယ်၊ ကိုယ်မှန်တယ် မလုပ် ဖို့၊ သူသာတယ်၊ ကိုယ်နာတယ်မရှိဖို့ အရေးကြီးပါတယ်။ တိုက်ပွဲရှည်ကြာတာနဲ့အမျှ သဘောထားကွဲပြားလာ ကြတာ စည်းလုံးမှုလျော့ရဲလာတတ်တာဟာ သဘာဝပါ။ တချို့က ပန်းတိုင်အရောက် ဇွဲမလျော့ဘဲ ချီတက်လို တယ်။ တချို့က အသာမျှောပြီး ကမ်းဘေးကပ်ချင်တယ်။ တချို့က နောက်ပြန်လှည့်ချင်ကြတယ်။ ဒီလူတွေကို စည်းရုံးသိမ်းသွင်းပြီး ဖေးမကူညီသင့်တယ်။ မရတော့လည်း သူတို့သဘောပေါ့။ သူတို့သဘောထား အများသိ အောင် ဖွင့်ချတာလည်း အပြစ်ဆိုစရာ မရှိပါဘူး။

သို့သော် ရုန့်ရင်းကြမ်းတမ်းတဲ့ အရေးအသားမျိုးနဲ့ သိက္ခာချ စော်ကားတာမျိုးတော့ မပြုသင့်ဘူး။ ဒီအပြုအမူ ဟာ ကိုယ့်အသားကိုယ်လှီးတာနဲ့ တူတယ်။ ပြင်ပရောဂါပိုး ၀င်လာနိုင်တယ်။ ဖတ်ရတဲ့သူအဖို့လည်း နှလုံးမသာ မယာဖြစ်ရတယ်။ သဘောထားအမျိုးမျိုးရှိတာ ဖေါ်ပြသင့်တယ်ဆိုပေမယ့် အများလည်း အကျိုးမရှိ၊ ကိုယ့်အ ချင်းချင်းလည်း စည်းလုံးမှုပြိုကွဲတာပဲ အဖတ်တင်တယ်ဆိုရင် ဖွင့်မပြတဲ့ မူကိုပဲ ကိုင်စွဲလိုတယ်။

နအဖအစိုးရကို ဆွဲလှဲဖို့ဆိုတာ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲ။ သူက လက်ရှိအာဏာလက်ဝယ်ကိုင်ထားသူ၊ လက်ထဲမှာ သေနတ်နဲ့။ ဒီမိုကရေစီသမားတွေက လက်နက်မဲ့၊ ဒါပေမယ့် အားလျော့စိတ်ပျက်စရာမဟုတ်ပါ။ လုပ်စရာရှိတာ ဆက်လုပ်ဖို့ပဲလိုပါတယ်။ နိုင်ငံတကာရဲ့ သိုင်းဝိုင်းမှုက အရင်တုန်းကနဲ့မတူအောင် ရရှိနေတာ ပါပဲ။ ညီညွတ်မှုရှိရင် မြန်မြန်ရောက်မယ်။ ဒေ၀ဒတ်ကို မြေမျိုတာဟာ မြတ်စွာဘုရားရဲ့ဆန္ဒအရ မဟုတ်ပါဘူး။ သူ့အကုသိုလ်က သူ့ကိုဖြိုလှဲသွားတာပါ။ ကာယကံရှင်တွေရဲ့ ဆန္ဒနဲ့ အားထုတ်မှုပါတဲ့ ဒီအရေးအခင်းဆိုရင် ...

ပုံမဝေးဘူး ရောက်လုပါပြီ။

မြင့်သိန်းကြူး
၁၇-၆-၂၀၀၉

1 comment:

Kane said...

SPDC will ruin Burma until it becomes a Desert. People will suffer as they are already in hell alive. BIE (Beggars-in-Exiles) who are absolutely same version like Ruling Junta will be richer as they are saving the donations in the accounts as they are looking forward to their own interest. Any Burmese who is realistic and knows to leave this shit as soon as possible and could make it for somewhere else will enjoy Peace, Prosperity, Honor,Pride,Dignity..etc which 99.9 % of the Myanmars dare not dream. Myanmars will become International Slaves and always live in Pain, Hunger,Disgrace and Anxiety as long as they live.This is the Real Aftermath of Immature and Early Independence.. Poor Nation..