Sunday, May 10, 2009

သမိုင်းသည် မဆုံး ... (ဆရာဒဂုန်တာရာ ၉၀ ပြည့်မွေးနေ့ အမှတ်တရ)

ဒဂုန်တာရာ
သရုပ်ဖော် - ဧကစာချို

(က)

သမိုင်းသည် ဘယ်မှာဆုံးမည်လဲ။ သမိုင်းခေတ်ဆိုသည်မှာ တခေတ် နှင့် တခေတ် ဆက်စပ်မွေးဖွား ကြီးပြင်းလာရသည်။ မျိုးဆက်ဟူသော စကားဖြင့် ခြားနားထားသော်လည်း မျိုးဆက်တို့သည် ဆက်စပ်နေ သည်။ ပထမမျိုးဆက်သည် ဒုတိယမျိုးဆက်ကို မွေးဖွားသည်။ ဒုတိ ယမျိုးဆက်သည် တတိယမျိုးဆက်ကို မွေးဖွားသည်။ သို့သော် မွေး ဖွားပေးသည့်အတွက် ခေတ်တို့သည် ထပ်တူထပ်မျှ အမြွှာပုံသဏ္ဍာန် တော့မဖြစ်နိုင်။ ကမ္ဘာကြီးတွင် သမိုင်းခေတ်တို့သည် ပြောင်းလဲလျက် ရှိသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အပြီးတွင် ပြောင်းလဲမှုများဖြစ် ပေါ်နေသည်။

သမိုင်းခေတ်တို့သည်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သမိုင်းခေတ် ပြောင်းလဲသည်ဆိုရာတွင် လျင် လျင်မြန်မြန် ပြောင်းလဲခြင်းနှင့် လေးလေးနှေးနှေး ပြောင်းလဲခြင်းသာ ကွာခြားသည်။ အထူးသဖြင့် အာရှနှင့် အာဖရိကတိုက်တို့တွင် အပြောင်းအလဲ မြန်ဆန်သည်။ ဖျတ်ခနဲဖျတ်ခနဲ ယင်းအပြောင်းအလဲကို လေ့လာလိုက် လျှင် သမိုင်းတခေတ်နှင့်တခေတ် ဆက်စပ်နေသည်ကို တွေ့နိုင်သည်။ သည်တော့ ကျွန်တော်က သမိုင်းသည် မဆုံးဟု ပြောနေခြင်းဖြစ်သည်။

(ခ)

အစတုန်းကတော့ မျိုးဆက်အကြောင်းကို သိပ်မသိ။ သမိုင်းခေတ်များကို ဖြတ်သန်းသွားသောအခါ အခြေအ နေများကို ဝေဖန်သုံးသပ်မိသည်။ မျိုးဆက်၏ ခံစားမူကို ကျွန်တော်ကြီးပြင်းလာရသော မျိုးဆက်ခေတ်များနှင့် ယှဉ်၍ ကျွန်တော်နားလည်လာရသည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကစ၍ ကျွန်တော်သည် လူထုလှုပ်ရှားမှုနှင့် စတင်တွေ့ရှိလာသည်ဟု ဆိုနိုင်သည်။ ထို့နောက် ၁၉၃၈ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာသည်။ ထိုအခါ အမျိုးသားလွတ်လပ်ရေးသမိုင်းတွင် အရေးကြီးလှသည့် ၁၉၃၈-၃၉ အထွေထွေသပိတ် (၀ါ) ၁၃၀၀ ပြည့် အ ရေးတော်ပုံကြီးကို ထိတွေ့ခဲ့ရသည်။

၁၉၃၆ ကျောင်းသားသပိတ်သည် ဒုတိယသပိတ်ဟု သမိုင်းဆရာတို့က အမှတ်အသားပြုခဲ့သည်။ ၁၉၂၀ ကျောင်းသားသပိတ်ကိုတော့ ကျွန်တော်တို့ မမီလိုက်။ ကျွန်တော်မွေးပြီး နောက်တနှစ်တွင် ယင်း ၁၉၂၀ ကျောင်းသားသပိတ် ဖြစ်ခဲ့သည်။ သို့သော် ကျွန်တော်သည် အမျိုးသားကျောင်းများတွင် စာသင်ကြားခဲ့ရာ အ မျိုးသားနေ့ကို ဆင်နွှဲခဲ့ရသည်။ ယင်းအမျိုးသားနေ့၊ အမျိုးသားကျောင်းဆိုသည်မှာ ၁၉၂၀ ကျောင်းသားသ ပိတ်နှင့် ဆက်စပ်နေသည်။ ထိုအတိတ်ကို ကျွန်တော်တို့ကိုယ်တိုင် ခံစားထိတွေ့သည်မဟုတ်။ သို့သော် သမိုင်း ခေတ်များကို ဖြတ်သန်းရင်းက အတိတ်ကို လေ့လာရသည်။ ထိုအခါ အတိတ်ကာလကို မီသော၊ ကျွန်တော့် ထက် အသက်များစွာကြီးသော သူများထံမှ မေးမြန်းရသည်။ အတိတ်၏ သမိုင်းခေတ်များကို သိရသည်။

၁၉၃၉ - ၄၀ လောက်တွင်မူ ကျွန်တော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မျက်ဝါးထင်ထင် ထိတွေ့ရ သည်။ တက္ကသိုလ်သမဂ္ဂတွင် ဆင်နွှဲသော အမျိုးသားနေ့တရားပွဲအပြီးတွင် ကျွန်တော်သည် ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို ၊ သခင်နု စသော ကျွန်တော့်ထက် အသက်ကြီးသော နိုင်ငံရေးခေါင်းဆောင် များကို မော်တော်ကားဖြင့် တရားပွဲသို့ပို့ပေးရန် တာဝန်ကျသည်။ ကျွန်တော်က ကားရှေ့ခန်းက ထိုင်သည်။ သူတို့စကားပြောသံကို ကျွန်တော်ကြားရသည်။ ထိုနောက်တွင်ကား သူတို့နှင့်ခင်မင်ရင်းနှီးလာသည်။ သူတို့ထံ မှ အတိတ်သမိုင်းခေတ်များကို သိနေရသည်။ ကျွန်တော်တို့ မမီခဲ့သော ၁၉၂၀ ကျောင်းသားသပိတ်ခေတ်၊ အ မျိုးသားတက္ကသိုလ်ခေတ်၊ ၀ံသာနုခေတ်၊ ဂျီစီဘီအေခေတ်များ အကြောင်းကို ဆရာကြီးထံမှ သိရသည်။ ဂျပန် ခေတ်တွင်လည်း ဆရာကြီးနှင့် ကျွန်တော် နီးနီးကပ်ကပ် နေရသည်။ ၁၉၅၂တွင် တရုတ်ပြည်သို့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် သွားရာ ဆရာကြီးနှင့် ပိုမိုရင်းနှီးလာရသည်။

ဆရာကြီးမှာ ကျွန်တော့်ထက် အသက် ၄၃ နှစ်ခန့်ကြီးသည်။ ကျွန်တော်တို့နှင့် မျိုးဆက်ချင်း ဆက်မိလာသည်။ အစကတော့ မျိုးဆက်ချင်းဆက်သည် ဟူသောအသိ သိပ်မရှိ။ ထို့နောက်မှ သမိုင်းခေတ်များအကြောင်း ရေးဖွဲ့ ရင်းက သိရှိလာသည်။ ယင်းသည် မျိုးဆက်ချင်း ဆက်မိသည့်အကြောင်းဖြစ်သည်။ သစ်ပင်ပန်းပင်တို့သည် မျိုးစေ့မှတဆင့် အဆင့်ဆင့်ပေါက်ဖွားလာကာ ပွားများခဲ့ကြသည်။ ယင်းသဘောပင်။ သမိုင်းခေတ်တို့သည် မျိုး စေ့မှ ပေါက်ဖွားလာသကဲ့သို့ ဆင့်ပွားလာသည်ဟု နားလည်ရသည်။

(ဂ)

၁၉၄၀ ခုနှစ်လောက်က ရန်ကုန်အရှေ့ပိုင်း မက်သဒစ်ကျောင်းအထက်တန်းတွင် ပေါက်ဖွားစတင်သော ပထမ ဦးဆုံး စာရေးဆရာအဖွဲ့ဖြစ်သော မြန်မာပြည်စာရေးဆရာအစည်းအရုံးတွင် ဒီးဒုတ်ဦးဘချိုနှင့်အတူ အမှု ဆောင်အဖွဲ့တွင် ပါဝင်ခဲ့ဖူးသည်။ ဒီးဒုတ်ဦးဘချိုက ဥက္ကဋ္ဌ၊ ကျွန်တော်က အမှုဆောင်အဖွဲ့ဝင်။ ကျွန်တော်က ကျောင်းသားအဖွဲ့ဝင်။ ဦးရန်အောင်၊ ဦးသိန်းဖေမြင့် (ထိုအခါကတော့ တက်ဘုန်းကြီးသိန်းဖေ) တို့မှာ အမှု ဆောင်အဖွဲ့ တွင် ပါဝင်ကြသည်။ ကျွန်တော့်ထက် အသက်အရွယ်ကြီးသူများဖြစ်သည်။

ယင်းပထမဦးဆုံး မြန်မာပြည်စာရေးဆရာအဖွဲ့ ဖွဲ့စည်းရာတွင် သခင်စိုးလည်းပါသည်။ ကျွန်တော်တို့သည် ယင်းစာရေးဆရာအဖွဲ့အစည်းကြီး ဖွဲ့စည်းရန်အစည်းအဝေးကို သခင်စိုးနှင့်အတူ သွားခဲ့ကြသည်။ ထိုအခါ ၃၅ လမ်းအနီးရှိ ကော်မက်ရှင်လမ်းပေါ်တွင် တည်ရှိသော ကုလားလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်အတူ သောက်ပြီးနောက် ကျောင်းသို့လာခဲ့ကြသည်။ သို့သော် အမှုဆောင်အဖွဲ့ ဖွဲ့သောအခါ သခင်စိုးသည် အမှု ဆောင်အဖွဲ့တွင် သူမပါလိုဟုပြောပြီး ပြန်သွားသည်။ ကျွန်တော်တို့ထက် ၁၀ နှစ်ကျော်ကျော်ကြီးသော သခင် လေးမောင်၊ သခင်လှဘော် စသူတို့နှင့် ထိတွေ့ခဲ့ရသည်။

ပြန်၍ကြည့်လိုက်သောအခါ ယင်းတို့သည် မျိုးဆက်ချင်းခြားသည့် သဘော။ ၁၉၅၂ တွင် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့ စည်းသောအခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဥက္ကဋ္ဌ။ သခင်လေးမောင်၊ ကျွန်တော်တို့သည် သူတို့ထက် ငယ်သည်။ သူတို့ထံမှ သမိုင်းခေတ်ပုံပြင် အများကြီးရသည်။

ထိုအခါက ဆရာကြီးမှာ အသက် ၆၅ နှစ်၊ ဒီးဒုတ်ဦးဘချိုကတော့ ၅၀ခန့်ဖြစ်သည်။ ကျွန်တော်က ထိုအခါက အသက် ၂၀၊ ဆရာကြီးက ခေါင်းပေါင်းကို ခပ်ဖွဖွလေးမျှသာ ပေါင်းတတ်သည်။ ဆရာကြီးကို တောင်ရှည်ပု ဆိုးနှင့် ကျွန်တော်တွေ့ရတတ်သည်။ ဆရာကြီး ဦးဘချိုကလည်း ခေါင်းပေါင်းနှင့်၊ ပင်နီရင်ဖုံး၊ ယောလုံချည်၊ ကတ္တီပါ ပိန်းတန်းဖိနပ် စီးတတ်သည်။ ခပ်နွဲ့နွဲ့အမူအရာ၊ နှုတ်ခမ်းမွေး ရေးရေး။ ကျွန်တော်သည် ဆရာကြီး ဦး ဘချိုထံသို့လည်း ရောက်လာတတ်သည်။ စောင်းတီးသည်ကို ကျွန်တော်ကြားဖူးသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းထံမှ နိုင်ငံရေးရာနှင့် သမိုင်းခေတ်များအကြောင်း သိရသည်။ ဆရာဦးဘချိုထံ မှာတော့ စာပေရေးရာ၊ ဂီတရေးရာများကို ကြားရသည်။ ဆရာကြီးတို့၏ ၀တ်ပုံ၊ စားပုံ၊ ဆင်ယင်ပုံ၊ စကားပြော ဟန်၊ စကားလုံးတို့သည် ထိုခေတ်က ထူးခြားနေသည်ဟု ကျွန်တော်ခံစားမိသည်။ အမျိုးသားဟန် ရှိကြသည်။ သခင်များ၏ ပုံစံကတော့ တမျိုး၊ ပင်နီဖျင်ကြမ်းများ ၀တ်သည်။ လုံချည် ခပ်တိုတို။ ဂျပန်ခေတ်တွင် သခင်သိန်း မောင်က ထမင်းစားဖိတ်၍ ကျွန်တော်ပါသွားသည်။ သခင်ဗဟိန်းက ခေါ်၍ ပါသွားခြင်းဖြစ်သည်။ ကိုဗဟိန်းမှာ သူသွားတိုင်း ကျွန်တော့်ကို ခေါ်သည်။

သခင်သိန်းမောင်မှာ ထိုအခါက အင်းလျားကန်ဘေးရှိ အိမ်တအိမ်တွင် နေသည်။ ဘီအိုင်အေခေတ် (ဂျပန် ခေတ်ခေါ်)၊ ဗမာ့လွတ်လပ်ရေးတပ်မတော်ခေတ်က သခင်များသည် ယင်းသို့သော အိမ်များတွင် နေထိုင်ကြ သည်။ သူက အနောက်တိုင်းဝတ်စုံ ၀တ်ထားသည်။ ကျွေးမွေးပုံမှာ အနောက်ဆန်သည်။ သူသည်လည်း အင်္ဂ လန်တွင် ပညာသင်ကြားဖူးသည်။

ကိုလိုနီအတွင်းဝန် အင်္ဂလိပ်စစ်ဗိုလ်နှင့် စကားများပြီး ထီးနှင့်ရိုက်သည်ဟု ကြားရဖူးသည်။ ပုံပြင်လား၊ တကယ် လားတော့ ကျွန်တော်မသိ၊ ကျွန်တော်ကတော့ သခင်များကို ကြည်ညိုနေသည်။ သခင်အောင်ဗလဆိုသော သခင်တယောက်ကို မြင်ဖူးသည်။ သူကတော့ အနောက်တိုင်းဝတ်စုံနှင့် တွေ့ရတတ်သည်။ သူက ရှေ့နေ။ သ ခင်လေးမောင်ကိုတော့ အမြဲ ပင်နီအင်္ကျီနှင့် တွေ့ရတတ်သည်။ သူသည် ကျွန်တော့်ထက် ၁၀ နှစ်ကျော်ကျော် ကြီးသည်။ သူသည် ကိုလိုနီခေတ်က အစောဆုံး ဘီအက်စ်စီခေါ် သိပ္ပံဘွဲ့ရ ပညာတတ်တဦး ဖြစ်ပြီးလျှင် နိုင်ငံ ရေး အစောဆုံးဆောင်ရွက်သူထဲတွင် ပါဝင်သူတဦးဖြစ်သည်။ အင်မတန် သဘောထားကြီးသည်။ သူ့ထက်အ သက်များစွာ ငယ်သောသူများက ဝေဖန်သော်လည်း သူဘာမှပြန်မပြော။ ဘယ်တောမျှ စိတ်ဆိုးသည်မရှိ။ သို့ သော် တခါတရံတော့ စိတ်တိုတတ်သည်။

သခင်စိုးကိုကား အပေါ်အင်္ကျီနှင့် မတွေ့ရတတ်။ သူက ရိုးရိုးပင် ၀တ်ဆင်သည်ကို တွေ့ရသည်။ မ၀ယ်နိုင်သော လက်ဝဲစာအုပ်များကို စာအုပ်ဆိုင်တွင်ပင် ရပ်၍ဖတ်ရှုလေ့ရှိကြောင်း သိရသည်။ သူ့ကို စိတ်ဝင်စားသည်။ အ ထင်ကြီးခဲ့ရသည်။ သခင်သန်းထွန်းကတော့ တမျိုး၊ သူ့ကို အမြဲတမ်း ပိုးအပေါ်အင်္ကျီ၊ ပိုးလုံချည်နှင့် လှလှပပ တွေ့ရတတ်သည်။ လူက ခပ်နွဲ့နွဲ့။ ကျွန်တော်တို့ ကျောင်းသားများမှာ ဒို့ဗမာအစည်းအရုံးများမှ သခင်များကို စိတ်ဝင်စားပြီး သူတို့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် ဆောင်ရွက်ခြင်းကို အားကျမိခဲ့သည်။ နှစ်သက်စွဲ လမ်းမိခဲ့သည်။

သခင်တင်မောင်ဆိုလျှင် ဆံပင်ကောက်ကောက်၊ အမြဲတမ်း ပင်နီဖျင်ကြမ်းနှင့်။ ကျွန်တော်တို့ ကျောင်းဆောင် များသို့လာကာ စကားပြောဖြစ်ကြသည်။ သူသည် ကျောင်းသားဘ၀တွင် ရာဇ၀င်ဂုဏ်ထူးတန်း တက်သည်။ လှေလှော်အသင်းတွင် ပါဝင်သူဟုသိရသည်။ လွန်ခဲ့သော အနှစ် ၆၀ ကျော်က ကျွန်တော် ခင်မင်ရင်းနှီး အား ကျမိခဲ့သော ဒို့ဗမာအစည်းအရုံးဝင် သခင်များ၏ ကိုယ်ကျိုးမဖက် ဆောင်ရွက်ပုံကို ပြန်၍ပေါ်လာကာ ယနေ့ အမျိုးသားနိုင်ငံတော်၊ လွတ်လပ်သောနိုင်ငံအဖြစ် တည်ရှိခဲ့သည်မှာ သူတို့၏ ကြိုးပမ်းဆောင်ရွက်မှုပါကလား ဟု ကျေးဇူးကို သတိရမိနေသေးတော့သည်။

စစ်အပြီး စစ်နှင့်တော်လှန်ရေးကို ကျွန်တော်ဖြတ်သန်းအပြီးတွင် စာပေလောကသို့ ၀င်ရောက်စပြုလာသည်။ ထိုအခါက ကျွန်တော်ဖြတ်သန်းခဲ့သော စစ်နှင့်တော်လှန်ရေး အတွေ့အကြုံများဖြင့် စာပေများကို ဖွဲ့နွဲ့မိသည်။ မဂ္ဂဇင်းထုတ်ဝေခဲ့သည်။ သမိုင်းသည် မဆုံး။

ဒဂုန်တာရာ
(ရာပြည့်အတွေးဆောင်းပါးများ - ၁၉၉၇) မှ ...

No comments: