Sunday, May 10, 2009

ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ (၉၀) ပြည့်မွေးနေ့ ဂုဏ်ပြုကဗျာများ (မောင်လွမ်းဏီ၊ အောင်ဝေး)

အဝေးကပို့တဲ့ ဖိတ်စာ
မောင်လွမ်းဏီ
သရုပ်ဖော်ပန်းချီ - မင်းကျော်ခိုင်

လူထုတေးသံ
ဗဟုဝါဒ၊ အလှဗေဒ
မှိုင်းဗေဒ၊ ပင်မရေစီး
ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ
စက်ရုံကျေးလက်မဲဇာ
ဇာတိရွာကို ဖြတ်သန်း
မြစ်ဝကျွန်းပေါ် … မုန်းမှသည် …။

ထိုနေ့က
ပိတောက်နေ့က၊ အမှတ်တရ
- - - - - - - - - -
- - - - - - - - - - - - -
ယူခဲ့ကြသည် ပိတောက်များ …။ *

မွေးနေ့ဆိုတာ
တခါဖူးမျှ၊ မကျင်းပခဲ့
ကျင်းပစရာ၊ ငါ ဘာမျှမဟုတ်
နမူနာမဟုတ်၊ စံပြုရာမဟုတ်
ခံစားမှုအား၊ ဖွဲ့နွဲ့ရေးသား
ခေတ်ပြိုင်သမား၊ စာသမားပဲ
သို့သော်လည်းလေ၊ တနွေကသစ်
၄၀ နှစ်က၊ အမှတ်တရ
ဘ၀အစ၊ ၄၀ က ဟု
ဆိုစ စကား၊ အမှတ်ထား၍
မွေးနေ့တနေ့ လုပ်ခဲ့ဖူး၏ …။ *

ဆယ်စုနှစ်များ
မမှတ်မသား၊ ကုန်လွန်သွားခဲ့
မွေးနေ့ကြုံလျှင် …။ *

အသက် ၆၀ က
အမှတ်တရ၊ ကဆုန်လနွေ
ရွှေပြည်သာယာ၊ သာမိုင်းခမ်းတွင် …။ *

ကဆုန်တောင်မှာ၊ နံနက်စာစား
ငါ၏မွေးနေ့ ဖြတ်သန်းသွား …။ *

ညဥ့်ယံရောက်လည်း၊ ပိတောက်သင်းမြ
ထိုနေ့က … ပိတောက်နေ့က …။ *

ယူဂျင်းပေါ်တီယာ
နိုင်ငံတကာရင်ခုန်သံ
ဇော်ဂျီ၊ မင်းသုဝဏ် တပ်လှန့်ပြန်
ပီကာဆိုရဲ့ ချိုးကူသံ
နီရူဒါ မအမာ၊ ကဗျာ ပိတောက်
ကြိုင်လှောက်ဝင်းပ၊ လင်းစ လမြ
ဖိတ်လွ ကျဲမွ၊ လွမ်းတ ဆွတ်သ
ကြယ်စ မှန်စ၊ ဘ၀မှန်ကူကွက်။ *

လူထုရဲ့ မေ ၉၀
တာရာရဲ့ မေ ၉၀
တနယ်ထဲသား ဆိုပါလေ။

မဆုံထိုက်လည်း
မကြုံကြိုက်လည်း၊ တိုက်ပွဲထဲက
မှန်းဆကြည်ညို နေမအိုသေးသဖြင့် …။

ငြိမ်းချမ်းရေးတေးသည်
အငတ်ဘေးကို
ရေအေးတစက်မျှ
ထာဝရမဟုတ်လား ။ ။

(ဆရာဒဂုန်တာရာ ၉၀ ပြည့်မွေးနေ့သို့ …)

မောင်လွမ်းဏီ
၅-၅-၀၉

* ဆရာဒဂုန်တာရာ၏ ပိတောက်နေ့ကဗျာမှ (ပေဖူးလွှာ၊ ဇွန် ၁၉၉၀)


အလွမ်းဆုံးမော်ကွန်း
အောင်ဝေး

ငြိမ်းချမ်းရေးနှင့်
စိမ်းလန်းမွှေးမြ
လှပဘုံကဗျာ
ဒဂုန်တာရာ

သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ

ပေါ်တီယာ
ရင်ခုန်သံ
နိုင်ငံတကာ
ဒဂုန်တာရာ

ပျဉ်းမနားအစိမ်း
ဂေါ်ဂင်အနီ
ဝေါ့ဒစ္စနေအပြာ
ဒဂုန်တာရာ

ခေတ်ပြိုင်ခံစားမှု
တပ်ပေါင်းစု
ဗဟုအဘိဓမ္မာ
ဒဂုန်တာရာ

ဗန်းမော်တင်အောင်ရဲ့
ကြည်အေးရဲ့ 
ဟေမာနေ၀င်းရဲ့
ဒဂုန်တာရာ

အရှေ့ကနေ၀န်းထွက်သည့်ပမာ
တို့ခေတ်ကိုတော့
ရောက်ရမည်မှာမလွဲပါ
ဒဂုန်တာရာ

အောင်ဆန်း (သို့မဟုတ်) အရိုင်း
ဗဟိန်း (သို့မဟုတ်) ကဗျာ
ဒဂုန်တာရာ (သို့မဟုတ်)
ဒဂုန်တာရာ ။ ။

(ဆရာဒဂုန်တာရာ ၉၀ ပြည့်မွေးနေ့သို့ …)

အောင်ဝေး

No comments: