ချစ်သော ဆရာဝသုန် (၂)
ဒေါက်တာလွဏ်းဆွေ
ဒေါက်တာလွဏ်းဆွေ
A Sketch of Wathone ဆိုသည့် Documentary Film နှင့် ဒါရိုက်တာ ကြည်ဖြူသျှင် ဆုရရှိကြောင်း အင် တာနက်စာမျက်နှာများတွင် သတင်းဖတ်ရသည့်နေ့က ကျနော် အတိုင်းမသိ ၀မ်းသာပီတိဖြစ်နေမိသည်။ ဒါ ရိုက်တာကြည်ဖြူသျှင်က ဆရာဝသုန်၏ ပန်းချီဆရာဘ၀နှင့် မိသားစုဘ၀ကို ရောယှက်၍ (၁၅) မိနစ်စာ မှတ် တမ်းတင်ရိုက်ကူးကာ National Geographic Magazine မှ ကြီးမှူးကျင်းပသည့် All Roads Film Festival တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ဝမ်းသာပီတိဖြစ်ရသည့်အကြောင်းမှာ ထိုမှတ်တမ်းရုပ်ရှင်တိုလေးကို ကြည့်ခွင့်ရလျှင် မတွေ့ရ မမြင်ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည့် ကျနော်ချစ်ခင်လေးစားရသော ဆရာဝသုန်၏ လှုပ်ရှားမှုပုံရိပ်စစ်များကို အ လွမ်းပြေ ခံစားရမည်ဖြစ်၍တကြောင်း၊ အတုမရှိ ထူးခြားပြောင်မြောက်လှသော ပန်းချီလက်ရာများပိုင်ရှင် ဆ ရာ၏ ပန်းချီဆရာဘ၀နှင့် မိသားစုဘ၀ပုံရိပ်များအား မှတ်တမ်းတင်ထားလိုက်နိုင်သည့်အပေါ် စိတ်ကျေနပ်မှု ဖြစ်မိ၍တကြောင်း ကျနော်ဝမ်းသာပီတိဖြစ်နေမိခြင်းဖြစ်ပါသည်။ မှတ်တမ်းတင်ရိုက်ကူးရန် စိတ်ကူးရသည့် ဒါ ရိုက်တာကြည်ဖြူသျှင်ကိုလည်း ကျနော် အဝေးမှပင် ကျေးဇူးစကားဆိုမိပါသည်။
လူတဦးနှင့်တဦး စိတ်ချင်းဆက်သွယ်မှု ရှိတတ်သည်ဆိုခြင်းကို ဆရာကွယ်လွန်ပြီးသည့်နောက် ကျနော် စိတ် ၀င်တစား စဉ်းစားနေမိသည်။ ဒါရိုက်တာကြည်ဖြူသျှင် ဆုရသည့်သတင်း မဖတ်ရမီ ရက်ပိုင်းအတွင်းက ပြည် တွင်းစာပေလောကကို ပြန်လည်လွမ်းဆွတ်နေမိရင်း ဆရာ့ကို နက်နက်ရှိုင်းရှိုင်း သတိရနေမိသလို ဆရာကျန်း မာပါစေကြောင်းလည်း စိတ်ထဲမှ ဆုတောင်းပေးနေမိသည်။ နောင်မှ ပြန်လည်တွက်ချက်မိသည်မှာ ထိုနေ့ သည် ဆရာ၏ ဘ၀နောက်ဆုံးနေ့များထဲက တနေ့ဖြစ်နေသည်။ မည်သူမဆို ဘ၀၏ နောက်ဆုံးအချိန်များတွင် ကိုယ်ချစ်ခင်သည့် မိတ်ဆွေရင်းချာများကို ယောင်ယမ်းတမ်းတတတ်သလို ၀င်သက်ထွက်သက် မကုန်ဆုံးမီ အချိန်ပိုင်းအလိုအထိ သတိကောင်းသေးပါက မှာတမ်းလည်း ခြွေတတ်ကြသည်ကို ကျနော်တွေ့ဖူး ကြုံဖူး သည်။
ထိုနေ့က မိတ်ဆွေရင်းချာများကို သတိရတမ်းတနေသည့် ဆရာ့မင်မိုရီရုပ်ရှင်ထဲ၌ ဖြတ်လျှောက်အဆင့် လောက် ကျနော်ပါနေ၍များ ကျနော်ကလည်း ဆရာ့ကို ပြန်လည်သတိရနေမိသည်လား ဆိုသည်ကို စဉ်းစား မိရင်း လူတဦးနှင့်တဦး စိတ်ချင်းဆက်သွယ်မှုအကြောင်းကို တွေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ဆရာ့ကို သတိရနေ ရင်း ဆရာဒဂုန်တာရာ၏ “တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ” ၀တ္ထုခေါင်းစီးကို စိတ်ကူးခံစားကာ ကျနော်တို့ ခေတ်ကိုသာ အလျင်အမြန် ရောက်ရှိခဲ့ပါက မတွေ့မဆုံရသည်မှာ အတော်ကြာပြီဖြစ်သည့် ဆရာ့ကို အရင်ဆုံး ပြေးတွေ့ချင်စိတ်တွေ ဖြစ်ပေါ်နေခဲ့ပါသည်။
မြားနတ်မောင်မဂ္ဂဇင်းတွင် လစဉ်ပုံမှန်နီးပါးရေးဆွဲသူ သရုပ်ဖော်ပန်းချီဆရာ ဆယ်ဦးခန့်ရှိပါသည်။ (ဆရာ)စံ တိုး၊ တင်မောင်မျင့်၊ ၀သုန်၊ မောင်မောင်သိုက်၊ မုတ်သုန်၊ ကိုကိုနိုင်၊ သန်းဋ္ဌေးမောင်၊ မောင်နိုး၊ စောမင်းဝေနှင့် ၀လုံးတို့ဖြစ်ကြပါသည်။ ထိုအထဲတွင် (ဆရာ)စံတိုး၊ တင်မောင်မျင့်၊ ၀သုန်၊ မောင်မောင်သိုက်တို့သည် ခေတ် ပြိုင်များဖြစ်ကြပြီး အသက်အရွယ်အားဖြင့်လည်း ကျန်ပန်းချီဆရာများထက် ကြီးရင့်သည့်အတွက် အကြီးတန်း ပန်းချီဆရာများဟု ကျနော့်စိတ်ထဲတွင် မှတ်ယူထားပါသည်။
ထိုအကြီးတန်းပန်းချီဆရာ လေးဦးထဲတွင် ဆရာ့ကိုမှ ထူးထူးခြားခြား သတိရဖြစ်သည့် နောက်အကြောင်းတ ချက်မှာ ဆရာနှင့် ကျနော့်ကြား ရင်းနှီးမှုက ဆရာစံတိုး၊ ဆရာတင်မောင်မျင့်၊ ဆရာမောင်မောင်သိုက်တို့ သုံးဦး ထက် ပိုသောကြောင့် ဖြစ်ပါလိမ့်မည်။ ဆရာလေးဦးထဲတွင် ၂၇ လမ်း အောက်ဘလောက်ရှိ မဂ္ဂဇင်းတိုက်နှင့် အဝေးဆုံးတွင် နေထိုင်သူမှာ ဆရာဝသုန်ဖြစ်သည်။ ဆရာက သင်္ကန်းကျွန်း ၁၆ ကွေ့တွင် နေထိုင်သည့်အ တွက် ဆရာစံတိုး (သိမ်ဖြူ-မဆလာစက်မှတ်တိုင်)၊ ဆရာတင်မောင်မျင့် (ရေကျော်-သံလမ်း)၊ ဆရာမောင် မောင်သိုက် (ကျောက်မြောင်း) တို့ထက်စာလျှင် မဂ္ဂဇင်းတိုက်နှင့် အဝေးဆုံးမှာ နေထိုင်သူဖြစ်သည်။ သို့သော် အဝေးဆုံးတွင်နေထိုင်သည့် ဆရာဝသုန်နှင့် မကြာခဏဆုံဖြစ်ပြီး ကျန်ဆရာသုံးဦးထက် တွေ့ဆုံမှုပိုများသော ကြောင့် ဆရာ့နှင့် ကျနော့်ကြား သံယောဇဉ်ပိုများနေခြင်းဖြစ်ပါလိမ့်မည်။
ကျန်ဆရာသုံးဦးနှင့် ဆက်ဆံရေးတွင် ပန်းချီပုံအပ်လျှင်ကော ပုံသွားယူလျှင်ပါ မဂ္ဂဇင်းတိုက်မှ အဖွဲ့ဝင် ကိုကို အောင် (စာရေးဆရာ ဆောင်းဝင်းလတ်၏ သားငယ်) သို့မဟုတ် တခါတရံ အမှုဆောင်အယ်ဒီတာ ဆရာဝင်း သူရ (ယခု မဟေသီမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) က သွားပို့သွားယူ ပြုလုပ်ရသဖြင့် ကျနော်နှင့် အထိအတွေ့ နည်းသည်ဟု ပြောရပါမည်။ အကြောင်းကိစ္စရှိ၍ သို့တည်းမဟုတ် ဆရာသုံးဦးနှင့် မဆုံဖြစ်တာကြာ၍ စကား လက်ဆုံကျချင်မှသာ ကျနော်ကိုယ်တိုင် ဆရာတို့ထံ ပုံအပ် ပုံရွေးသွားရင်း ဆုံဖြစ်သည်မျိုးရှိလေသည်။ စာနယ် ဇင်းပွဲတချို့နှင့် သာရေးနာရေးကိစ္စတချို့တွင် ရံဖန်ရံခါ ဆုံရတတ်သည်မျိုးလည်း ရှိပါသည်။
ဆရာဝသုန်ကမူ ၀တ္ထုသရုပ်ဖော်ပန်းချီရေးဆွဲပြီးလျှင် ဆရာကိုယ်တိုင် မဂ္ဂဇင်းတိုက်သို့ လစဉ်နီးပါး လာရောက် ပေးပို့လေ့ရှိသည်။ ဆရာက အရက်ကို ခုံမင်နှစ်ခြိုက်သူဖြစ်သည့်အတွက် သောက်ရင်း စွေသွားတတ်သည့်အ ခါမျိုးနှင့် နေထိုင်မကောင်းဖြစ်သည့်အခါမျိုးတွင်သာ ဆရာ့မိသားစုဝင်တဦးဦး လာပို့ သို့တည်းမဟုတ် မဂ္ဂဇင်း တိုက်မှ သွားယူရသည်မျိုးရှိပါသည်။ မဟုတ်လျှင် မဂ္ဂဇင်းတိုက်သို့ လစဉ်ပုံမှန် ဆရာရောက်လာတတ်မြဲဖြစ် သည်။
လည်ကတုံး အင်္ကျီအဖြူလက်ရှည်၊ ယောပုဆိုး နီညို၊ အနက်၊ ရေညှိရောင်တမျိုးမျိုးကို ၀တ်ဆင်လျက် ကချင် လွယ်အိတ် အနီရောင်လေးကိုလွယ်ပြီး ကျနော်၏ အယ်ဒီတာအခန်းကျဉ်းလေးထဲသို့ ဆရာ ၀င်ထိုင်တတ်မြဲ၊ ပိန်ပိန်လှပ်လှပ် ဖြူဖျော့ဖျော့ တွေ့ရတတ်သည့် ဆရာ့ကို စိုးရိမ်စိတ်နဲ့ကြည့်ရင်း “ဆရာ နေကောင်းတယ်နော်” ဟူသည့် နှုတ်ဆက်စကား ကျနော့်နှုတ်ဖျားမှ အလိုအလျောက် ထွက်သွားတတ်မြဲ၊ ဆရာက “ကောင်းပါတယ်” ဟု ပြောတတ်ပြီး လွယ်အိတ်ထဲမှ သတင်းစာစက္ကူနှင့် ပတ်ထားသည့် အလိပ်လေးတလိပ်ကို ထုတ်ပေးတတ် မြဲဖြစ်လေသည်။
ဆရာ၏ ထူးခြားချက်တခုမှာ မဂ္ဂဇင်းအတွက် ရေးဆွဲလာသည့် ပန်းချီပုံနှင့် ပေးထားသည့် စာမူကို သတင်းစာ စက္ကူနှင့် လိပ်ကာ တိပ်နှင့်ကပ်ထားပြီး လက်မ၀က်ခန့် အစွန်းထွက်နေသည့် သတင်းစာစက္ကူစ နှစ်ဖက်ကို အ လိပ်ထဲ ပြန်ထိုးထည့်ကာ သပ်သပ်ရပ်ရပ် ထုပ်ပိုး၍ ပေးတတ်ခြင်းပင်ဖြစ်သည်။ ပန်းချီပုံရသည်နှင့် ကျနော်က ဆရာ့ကို ဉာဏ်ပူဇော်ခချီးမြှင့်ပြီး မဂ္ဂဇင်းတိုက်နှင့် မျက်စောင်းထိုး မြေညီထပ်ရှိ လက်ဖက်ရည်ဆိုင်လေးကို ခေါ်သွားတတ်မြဲဖြစ်သည်။
လက်ဖက်ရည်ဆိုင်လေး၏ နာမည်က ‘အေးကဖီး’ ဖြစ်ပြီး အိမ်ဆိုင်ကလေးဖြစ်သည်။ အများအားဖြင့် လူရှင်း နေတတ်ပြီး အမည်နှင့် လိုက်ဖက်အောင်ပင် ထိုင်ရသည်မှာ စိတ်အေးလက်အေးရှိလှသည်။ ဆရာဝသုန်၊ ဆ ရာဝင်းသူရနှင့် ကျနော် သို့တည်းမဟုတ် တခါတရံ ဆရာနှင့် ကျနော်နှစ်ဦးတည်းသာ ရှိတတ်၍ အေးအေး ဆေးဆေး စကားပြောဖြစ်သည်။ ပန်းချီပုံကို ဆရာကိုယ်တိုင် တကူးတကလာပေးခြင်းမှာ ကျနော်တို့နှင့် စကား လက်ဆုံကျလိုခြင်းက အဓိကဖြစ်သည်။
“ကျနော် မြို့ထဲသိပ်မထွက်ဖြစ်ဘူး။ ထွက်ဖြစ်ရင်လည်း ချစ်ဝင်းမောင်ဆီ အရင်ဝင်မယ်။ ပြီးရင် ကိုလွဏ်းဆွေ ဆီ ၀င်မယ်။ ပုံဆွဲစက္ကူဝယ်မယ်၊ ပြပွဲရှိရင် လောကနတ် ခဏ၀င်မယ်။ ပြီးရင်ပြန်မယ်။ ဒါပဲ။ အကိုကြီး ကိုစံတိုး တို့၊ ကိုတင်မောင်မျင့်တို့၊ ကိုသိုက်တို့နဲ့တောင် ချိန်းပွဲရှိမှပဲ ဆုံဖြစ်တယ်” ဟု ဆရာပြောတတ်သည်။
အသံသြသြ လေးလေးနှင့် စကားကို အတည်အခန့် အလေးအနက်သာ ပြောဆိုတတ်သည့် ဆရာက တခါ သားတွင် “ခင်ဗျားတို့နှစ်ယောက်က အရင်ဘ၀ ရေစက်ကြောင့်လား မသိဘူးပေါ့ဗျာ။ ကျနော့်အနေနဲ့ ခင်မင် သက်ဝင်ချင်စိတ် နည်းနည်းပေါက်မိတယ်ပေါ့” ဟု အရွှန်းဖောက်ပြောဆိုရင်း လက်ဖက်ရည်ခွက်ကို ဇွန်းနှင့် မွှေကာ ရယ်နေလေသည်။ ထိုနေ့က စာနယ်ဇင်းပွဲတခုမှအပြန် မဂ္ဂဇင်းတိုက်ကို ၀င်လာပုံရပြီး ဆရာ မစိုစ လောက်ကလေး အရှိန်ရနေသည်ထင်သည်။ ဆရာဝသုန်ခင်မင်သည့် ဆရာချစ်ဝင်းမောင်က ရနံ့သစ်မဂ္ဂဇင်း နှင့် တက်လမ်းအားကစားဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်ပြီး တာမွေ ၁၆၅ လမ်းမှာနေသည်။ ထူးခြားသည်က ဆရာခင်မင်သည့် အယ်ဒီတာနှစ်ယောက်လုံးသည် ဇန်န၀ါရီလ (၄) ရက် လွတ်လပ်ရေးနေ့ဖွားတွေဖြစ်ပြီး ဆ ရာချစ်ဝင်းမောင်က ကျနော့်ထက် (၁၀) နှစ်တိတိ ကြီးလေသည်။
ကျနော်တို့နှစ်ဦး မွေးနေ့ပွဲကို ပူးပေါင်းကျင်းပဖြစ်တိုင်း ဆရာ့ကို သတိတရ ဖိတ်ခေါ်မြဲဖြစ်သလို ဆရာကလည်း သူနှင့်ပတ်သက်သည့် ပန်းချီပြပွဲဖြစ်စေ၊ စာနယ်ဇင်းပန်းချီဆရာကန်တော့ပွဲဖြစ်စေ၊ ဆရာ့အိမ်အနီးရှိ သင်္ကန်း ကျွန်းဓမ္မာရုံ၌ စာရေးဆရာကြီး လင်းယုန်သစ်လွင် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပလျှင်ဖြစ်စေ ဆရာ ကိုယ်တိုင် သို့မဟုတ် လူလွှတ်၍ တကူးတက ဖိတ်စာပို့တတ်မြဲဖြစ်သည်။
စန္ဒရားချစ်ဆွေ၏ ‘ချစ်အရိပ်’ တေးစီးရီးကို ကျနော်စီစဉ်နေချိန် ၁၉၉၉ ခုနှစ်လောက်ကဖြစ်မည်ထင်သည်။ တ နင်္ဂနွေတရက်တွင် စီးရီးကိစ္စ ဂီတမှူး စန္ဒရားမောင်လှအေးနှင့် ချိန်းဆိုထားသည့်အတွက် တောင်ဥက္ကလာ သု မင်္ဂလာလမ်းရှိ နေအိမ်သို့ တက္ကစီငှားပြီး ကျနော်ရောက်သွားခဲ့သည်။ အပြန်တွင် ရန်ကုန်မြို့ထဲသို့ သွားမည့် (၃၆) ဟိုင်းလပ်ကားများ ချောင်ချိနေသဖြင့် တက္ကစီမငှားတော့ဘဲ ထိုးဆိုက်လာသည့် ကား၏ ခေါင်းခန်းတွင် တက်ထိုင်ကာ လိုက်ပါလာခဲ့သည်။
သိပ်မကြာမီ ကားက လမ်းကျယ်တခုသို့ ချိုးကွေ့ပြီး မောင်းဝင်လာသည်။ နောက်ခန်းမှ စပယ်ယာ၏ ‘၁၆ ကွေ့ ပါတယ်’ ဟူသည့် အော်သံကြားမှ ဆရာဝသုန်၏ နေအိမ်နှင့် နီးနေမှန်း ကျနော်သိတော့သည်။ သို့နှင့် မြို့ထဲသို့ ပြန်မည့် အစီအစဉ်ကို ရုတ်ချည်းရပ်တန့်လိုက်ပြီး အပ်ထားသည့် ပန်းချီပုံရလျှင်လည်း တပါတည်းယူသွားမည် ဟု စိတ်ကူးကာ ၁၆ ကွေ့မှတ်တိုင်သို့ ကားဆိုက်သည်နှင့် ကားခပေးပြီး ကမန်းကတန်း ဆင်းလိုက်လေသည်။ ဆူးလေအထိစီးမည်လို့ ပြောထားသည့် ကျနော့်ကို ကားဆရာက ကြောင်ကြည့်နေသည်။
လမ်းဖြတ်ကူးပြီး ဆရာနေထိုင်သည့် သုဒဿန (၂) လမ်းသို့ လျှောက်လာခဲ့သည်။ ဆရာ့အိမ်က လမ်းထောင့် အိမ်ဖြစ်ပြီး နှစ်ထပ်တိုက်ကလေးဖြစ်သည်။ “ဆရာရှိလား” ဟု ၀င်းတံခါးရှေ့မှ အော်ရုံရှိသေး ဆရာက အိမ်ထဲ မှထွက်လာပြီး အပြင်ကို စိုက်ကြည့်သည်။ “အော် ကိုလွဏ်းဆွေ” ဟု ပြောပြီး ဆရာ တံခါးလာဖွင့်သည်။ “ပုံ လာယူတာလား” ဟု ဆရာက မေးသည်။ “မဟုတ်ဘူးဆရာ၊ ဟိုဘက်လမ်းက စန္ဒရားမောင်လှအေးဆီလာရင်း အပြန် ဆရာ့ဆီဝင်လာတာ။ ကျနော်က ဆရာ့အိမ်နဲ့ နီးနီးလေးမှန်း မသိဘူး။ မှတ်တိုင်နားရောက်မှ ၁၆ ကွေ့လို့ ကြားလို့ ကမန်းကတန်း ဆင်းလိုက်တာ” ဟု ပြောရင်း ဧည့်ခန်းတွင် ထိုင်လိုက်သည်။
ဆရာက “စာမူတော့ ဖတ်ပြီးပြီဗျ။ ပုံတော့ မရေးရသေးဘူး။ ကျနော်မြို့ထဲထွက်ရင်း လာပို့ပါမယ်” ဟု ပြော သည်။ ဆက်ပြီး “ကိုလွဏ်းဆွေ အခု အချိန်ရတယ်မဟုတ်လား” ဟု ကျနော့်ကို မေးပါသည်။ ကျနော်က “ဟုတ်ကဲ့” ဟု ပြောတော့ ဆရာက “ဒါဆို ခဏထိုင်ဦး” ဟုဆိုကာ အိမ်နောက်ထဲ ၀င်သွားသည်။ ခဏအ ကြာတွင် ပြန်ထွက်လာပြီး “လာဗျာ၊ ခင်ဗျားနဲ့ ကျနော် လမ်းထိပ်ကဆိုင်မှာ သွားထိုင်ရအောင်” ဟု ပြောလေ သည်။
မှောင်ရိပ်သန်းစပြုလာသည့် ဆည်းဆာရီထဲ ဆရာနှင့် ကျနော် လမ်းထိပ်သို့ လျှောက်လာခဲ့သည်။ Sunny ဟု အမည်ရသည့် ဘီယာစတေရှင်ကြီးထဲ မ၀င်မီ ဆရာက “ဒီနေ့ ခင်ဗျားကို ကျနော်စမ်းသပ်ထားတဲ့ ဖော်မြူလာနဲ့ ဧည့်ခံမယ်” ဟုပြောရာ ဘာဖော်မြူလာပါလိမ့်ဟု စိတ်ထဲမေးခွန်းထုတ်နေမိရင်း ဆိုင်ထဲသို့ ဆရာ့နောက်မှ လိုက်ဝင်သွားမိလေသည်။
ဒေါက်တာလွဏ်းဆွေ
(ဆက်လက်ဖတ်ရှုပါရန်)
- “ချစ်သော ဆရာဝသုန် (၁)” ကို ဖတ်ရှုလိုပါလျှင် ... click
1 comment:
ဆရာလွမ်း.. ဦးဝသုန် အကြောင်းဖတ်ရတာ အလွန်ကောင်းပါတယ်။ အနုပညာသမားစစ်စစ်တစ်ယောက် ဖြတ်သန်းမှုတစိတ်တဒေသကိုသိခွင့်ရတာ အဖိုးတန်လှပါတယ်။ ကြည်ဖြူရှင်ရဲ့ အဲဒီနာမည်ကျော် Documentary ကိုကြည့်ချင်လို့ရှာနေတာ မတွေ့နိုင်လို့..ဖြစ်နိုင်ရင် အစအဆုံးတင်ပေးစေချင်ပါတယ်။
လေးစားလျှက်။
Post a Comment