Wednesday, October 29, 2008

ချစ်သော ဆရာဝသုန် (၁)

ချစ်သော ဆရာဝသုန် (၁)
ဒေါက်တာလွဏ်းဆွေ

၂၀၀၃ ခု နှစ်ဆန်းစ ရက်တရက်တွင် “ဆရာ … ဖုန်းလာတယ်၊ ဆရာဝသုန်” ဟု မဂ္ဂဇင်းအဖွဲ့ဝင် ကိုကိုအောင်က လှမ်းပြောသဖြင့် ကျပ်ကျပ်တည်းတည်း မြားနတ်မောင်အယ်ဒီတာအခန်းကျဉ်းလေးထဲမှ ကမန်းကတန်း ပြေးထွက်ပြီး ကျနော် ဖုန်းကိုင်လိုက်သည်။
“ဟဲလို … အမိန့်ရှိပါဆရာ”
“ကိုလွဏ်းဆွေ … ကျနော် ၀သုန်ပါ”
အသံလုံးကြီးကြီး ခပ်သြသြ ဆရာပန်းချီဝသုန်အသံကို နာမည်မပြောလည်း ကျနော်ကျက်မိနေသည်။
“ဟုတ်ကဲ့ ဆရာ ပြောပါ”
“ဟိုဒင်းဗျာ … လာမယ့် ဇန်န၀ါရီ ၆ ရက်နေ့ ညနေ ကျနော်တို့လင်မယား အိမ်ထောင်သက် ၃၄ နှစ် ပြည့် ပွဲကလေး အိမ်မှာ လုပ်မလို့၊ အဲဒါ ကိုလွဏ်းဆွေကို လှမ်းဖိတ်တာ၊ လာဖြစ်အောင် လာစေ့ချင်တယ်။ လူအများကြီးလည်း မဖိတ်ဘူး။ ငါးယောက် အဲ … ခင်ဗျားနဲ့ဆို ခြောက်ယောက်ပေါ့။ အဲဒါပဲ ကျနော် ဖိတ်ထားတယ်”
“စိတ်ချဆရာ၊ ဆရာဖိတ်တာပဲ ရောက်အောင်လာမှာပေါ့”
“အဲဆို ဒါပဲနော်” ဟု ပြောပြီး ဆရာဝသုန် ဖုန်းချသွားသည်။

ပွဲကျင်းပသည့် ညနေ သင်္ကန်းကျွန်း ၁၆ ကွေ့ရှိ ဆရာဝသုန်၏ နေအိမ်ပေါ်သို့ လှမ်းအတက်တွင် “လာ လာ ကိုလွဏ်းဆွေ အခုမှ စတာ၊ ခင်ဗျားကို စောင့်နေတာ သီချင်းဆိုခိုင်းရမယ်” ဟု အိမ်နောက်ဖေးမှ ထွက်လာသည့် ဆရာဝသုန် က ဆီးပြောလေသည်။ ၀ိုင်းထဲဝင်မထိုင်မီ အိမ်ရှေ့ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ၀ိုင်းဖွဲ့နေကြသည့် ဧည့်သည်များ ကို ကျနော်တချက်ဝေ့ကြည့်လိုက်သည်။ အသက် (၇၀) နှင့် (၈၀) ကြားဟု ကျနော်ခန့်မှန်းမိသည့် ဆံပင်ဖြူဖြူ ဖွေးဖွေးနှင့် အဘိုးအိုတဦးက တယောထိုးနေပြီး ဆရာပန်းချီမောင်မောင်သိုက်က ဂီတနက်သန် ကိုစော ညိန်း၏ နာမည်ကျော် ‘ချစ်ပြုံးနှင်းဆီ’ သီချင်းကို မျက်စိမှိတ်ကာ ဖီလင်အပြည့်နှင့် သီဆိုနေသည်။ ဆရာပန်းချီ ကျော်သောင်းနှင့် ဆရာပန်းချီမောင်ညိုဝင်းတို့က ခေါင်းတညိတ်ညိတ် လက်တဖျောက်ဖျောက်နှင့် စည်းချက် လိုက်နေကြသည်။ ကျနော် ဆရာကျော်သောင်းနှင့် ဆရာမောင်ညိုဝင်းတို့ကြားတွင် ၀င်ထိုင်လိုက်သည်။ ၀ိုင်း ကလေးက စိုပြေစပြုနေပေပြီ။

“ချစ်ပြုံးနှင်းဆီတပွင့်ကို မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ် xxx ဘယ်ရာသီဝယ် မာလာရယ် ပွင့်မှာ လည်းကွယ် xxx တငုံထဲ မငုံဘဲ နည်းနည်းလည်း လျှော့စေချင်ပါတယ် xxx သဘာဝတရား မတားသာပဲမို့ကွယ် xxx ပြုံးလိုက်ပါတော့လားကွယ် xxx သနားမမျှတဲ့ အလှနှင်းဆီရယ် xxx”

ဆရာမောင်မောင်သိုက်အသံ အက်ရှရှလေးကို နားထောင်နေရင်း ဖုန်းထဲ၌ ဆရာဝသုန် ပြောခဲ့သည့် ဧည့်သည် ခြောက်ယောက် စုံပြီလားဟု ကျနော် ရေတွက်မိသည်။ ကျနော်ပါအပါ ဧည့်သည့် ငါးယောက်သာ တွေ့ရသေး သည်။ ကျန်သည့်တယောက်သည် ဆရာပန်းချီတင်မောင်မျင့် ဖြစ်လိမ့်မည်ဟု ကျနော် တထစ်ချ တွေးနေဆဲ မှာပင် ဆရာမောင်မောင်သိုက်နှင့် ဆရာမောင်ညိုဝင်းကြား ၀င်ထိုင်လိုက်သည့် ဆရာဝသုန်က “ကိုတင်မောင် မျင့်ကလည်းဗျာ အရေးထဲမှာ နေမကောင်းဖြစ်နေတယ်၊ အရေးမပါတာ” ဟု အရှိန်ရကာစ အသံနှင့် ဆရာတင် မောင်မျင့်ကို တလိုက်ရာ ကျနော့်အတွေးနှင့် ထပ်တူကျမှုအပေါ် ကျေနပ်ပြုံးလေး ပြုံးလိုက်မိလေသည်။ ဆရာ တင်မောင်မျင့်လာနိုင်ရင် ကောင်းမှာပဲဟုလည်း စိတ်ထဲမှ တောင့်တနေမိသည်။

နောက်ထပ် ဆရာဝသုန် သေချာပေါက် လာစေချင်သည့် ဧည့်သည်တဦးလည်း ရှိသေးမည်ကို ကျနော်သိနေ သည်။ သို့သော် ထိုဧည့်သည်ကို ဆရာဖိတ်ခွင့်မသာတော့။ ထိုဧည့်သည်က ဆရာ့ထက်စောပြီး တမလွန်ကို ခရီးထွက်ခွာသွားနှင့်လေပြီ။ သူကား အကိုကြီးတယောက်လို ဆရာဝသုန် အလွန်ချစ်ခင်လေးစားသည့် ဆရာ ပန်းချီစံတိုးပင်ဖြစ်သည်။

သီချင်းအဆုံးတွင် ဆရာဝသုန်က ဧည့်သည်များနှင့် ကျနော့်ကို မိတ်ဆက်ပေးသည်။ ၀ိုင်းထဲတွင် ကျနော်မသိ သည်မှာ တယောထိုးနေသည့် အဘိုးတဦးတည်းသာ ရှိသည်။ သို့သော် ဆရာက ၀ိုင်းထဲရှိ ဧည့်သည်တ ယောက်ချင်းစီနှင့် ကျနော့်ကို မိတ်ဆက်ပေးနေသည်။


“ကိုလွဏ်းဆွေကို မိတ်ဆက်ပေးရဦးမယ်။ ကိုသိုက်နဲ့တော့ မိတ်ဆက်ပေးစရာမလိုဘူး၊ မြားနတ်မောင်ရဲ့ ပင် တိုင်ပန်းချီဆရာပဲလေ (ဆရာမောင်မောင်သိုက်က ကျနော့်ကို ပြုံးပြီးကြည့်နေသည်။ ဆရာမောင်မောင်သိုက်ကဲ့သို့ပင် ဆရာဝသုန်၊ ဆရာတင်မောင်မျင့်နှင့် ဆရာစံတိုး တို့သည်လည်း မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၏ ပင်တိုင်ပန်းချီဆရာများ ဖြစ်ကြသည်။)။ ဒါက အကိုလေး မောင် ညိုဝင်း၊ ဒါက အကိုကြီး ကိုကျော်သောင်း၊ အကိုတို့နှစ်ယောက်ကိုလည်း ကိုလွဏ်းဆွေသိမှာပါ” ဟု ဆရာဝသုန်က ပြောသည်။ “ဟုတ်ကဲ့” ဟုပြောရင်း ဆရာတို့နှစ်ဦးကို ကျနော် ခေါင်းညိတ်ပြုံးပြလိုက်သည်။ ဆရာဝသုန် ပြောသလိုပင် ဆရာမောင်ညိုဝင်းနှင့် ဆရာကျော်သောင်းကို နာမည်ကျော် ပန်းချီဆရာများအဖြစ် စာနယ်ဇင်းအ သိုင်းအ၀ိုင်း၏ သာရေးနာရေးကိစ္စများတွင် မကြာခဏ တွေ့ဖူးနေပြီး လူချင်းတော့ တရင်းတနှီး မရှိလှပေ။

လူချင်းမရင်းနှီးသည့် အကြောင်းတွင် ဆရာတို့နှစ်ဦး မဂ္ဂဇင်းသရုပ်ဖော်ပန်းချီ မဆွဲဖြစ်တော့သည်က အဓိက ဖြစ်မည်ထင်ပါသည်။ မြားနတ်မောင်ကို ကျနော်တာဝန်ယူနေသည့် ကာလများတွင် ဆရာမောင်ညိုဝင်းကို စိတ် ပါ(ဖီလင်လာ)မှ ပန်းချီရေးဆွဲသူအဖြစ် ကျနော်သိထားသည်။ ဆရာပန်းချီမုတ်သုန်နှင့်အတူ မြောက်ဒဂုံရှိ ဆရာ့ အိမ်သို့ တခေါက်ရောက်ခဲ့ဖူး၍ ဆရာက ကျနော့်ကို မှတ်မိနေသည်။ ဆရာကျော်သောင်းကိုတော့ နောက်ပိုင်း ကိုယ်ပိုင်ပန်းချီအရောင်းပြခန်း ဖွင့်လှစ်၍ ပန်းချီကားများသာ အဓိကရေးဆွဲနေသည်ဟု ကျနော်သိထားသည်။ သို့သော် ဆရာတို့နှစ်ဦး၏ စာနယ်ဇင်းသရုပ်ဖော်ပန်းချီများနှင့်တော့ ကျနော် မစိမ်းခဲ့။

စာနယ်ဇင်း အစုအဆောင်းကောင်းသည့် ကျနော့်ဖခင်၏ ကျေးဇူးကြောင့် ဆယ်ကျော်သက်အရွယ် စာဖတ်ဝါသ နာပါစဉ်ကတည်းက အိမ်ရှိ မဂ္ဂဇင်းပေါင်းစုံနှင့် လုံးချင်းစာအုပ် မျက်နှာဖုံးများတွင် ဆရာတို့၏ လက်ရာများကို ယဉ်ပါးနေခဲ့သည်။ (ဆရာတို့ဆိုသည်မှာ ဆရာကျော်သောင်းနှင့် ဆရာမောင်ညိုဝင်းတို့ နှစ်ဦးနှင့်အတူ စားစား သွားသွား သောက်သောက် တပူးတွဲတွဲ တွေ့ရလေ့ရှိသည့် ဆရာစံတိုး၊ ဆရာတင်မောင်မျင့်၊ ဆရာဝသုန်၊ ဆရာ မောင်မောင်သိုက်တို့ကိုပါ ဆိုလိုခြင်းဖြစ်သည်။)

မောင်သာရ၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ နုနုရည်(အင်းဝ) ကဲ့သို့သော ဘ၀သရုပ်ဖော် စာရေးဆရာများ၏ ၀တ္ထု တို/ရှည်များနှင့် လုံးချင်းဝတ္ထုများတွင် ဆရာကျော်သောင်း၏ လက်ရာများကို အထူးစွဲလန်းခဲ့ရပြီး ဆရာမောင် ညိုဝင်းနှင့် ပတ်သက်၍မူ ၈၈ အရေးအခင်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ ဂီတအနုပညာ အသိုင်းအ ၀ိုင်းမှ ဆရာရင်ခုန်ယုံကြည်သည့် ပုဂ္ဂိုလ်များ၏ ဈာပနတွင် မေတ္တာဖြင့် ရေးဆွဲဂုဏ်ပြုခဲ့သည့် စုတ်ချက်ကြမ်း ကြမ်း ပုံတူပန်းချီကားများကို ကျနော်အထူးစွဲလန်းခဲ့ရလေသည်။ ထို့အပြင် ဆရာမြသန်းတင့်၏ “တောင်သမန် ရွှေအင်းက လေညင်းဆော်တော့” စာအုပ်ကို နှစ်တွဲခွဲ၍ ထုတ်ဝေစဉ်က ဒုတိယတွဲတွင် ဆရာမောင်ညိုဝင်း ရေး ဆွဲခဲ့သည့် မျက်နှာဖုံးပန်းချီကို ယခုအထိတိုင် ကျနော့်မျက်စိထဲ မြင်ယောင်ခံစားနေမိလေသည်။ ထိပ်တုံးခတ်ခံ ထားရသည့် အကျဉ်းစံတော်လှန်ရေးသမား မြန်မာမျိုးချစ်ကြီးများ၏ ဇာတိမာန်ကို ဆရာမောင်ညိုဝင်း ဖော် ကျူးထားပုံမှာ ကြက်သီးမွေးညင်းထချင်စရာပင်။ ဆရာတို့နှစ်ဦးကလည်း မြားနတ်မောင်မဂ္ဂဇင်းကို ဖတ်ဖြစ် ကြောင်းနှင့် ကျနော် မြန်မာသံတေးစီးရီးခွေ ထုတ်ထားသည်ကို သိရှိကြောင်း ပြောပါသည်။

ထို့နောက် ဆရာဝသုန်က တယောထိုးနေသည့် အဘိုးဘက်သို့လှည့်၍ “ဆရာကြီးကိုတော့ ကိုလွဏ်း ဆွေ သိချင်မှသိမယ်၊ ဆရာကြီးက ကျနော်တို့ အင်မတန် ချစ်ခင်လေးစားရတဲ့ ပန်းချီဆရာကြီးပေါ့၊ ဆရာကြီး ဦးသက်ညွန့်၊ နောက်တနည်း ထပ်မိတ်ဆက်ပေးရရင်တော့ဗျာ၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဖခင်ပေါ့” ဟု မိတ်ဆက်ပေးရာ ကျနော် အံ့အားတသင့်ဖြစ်ပြီး အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားမိလေ သည်။ ဆရာကြီးက တယောထိုးနေတာကို ရပ်၍ ရှေ့တည့်တည့်ကို ကြည့်ပြီး ကျနော့်ကို အသိအမှတ်ပြု ပြုံးပြသည်။ ဆရာဝသုန်က မိတ်ဆက်မှု အစီအစဉ်ကို မရပ်သေးဘဲ “ဆရာကြီး သူက မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ ဒေါက်တာလွဏ်းဆွေပါ။ သီချင်းလည်းဆိုတယ်။ စီးရီးလည်းထုတ်တယ်” ဟု ဆရာကြီးဦး သက်ညွန့်ကို ကျနော်နှင့် ပြန်လည်မိတ်ဆက်ပေးနေသည်။ နောက်ဆုံးတွင် “ကျနော်ကတော့ ၀သုန်ပါ” ဟု အ ရွှန်းဖောက်ကာ မိတ်ဆက်မှု အစီအစဉ်ကို အဆုံးသတ်လိုက်လေသည်။ ဆရာကြီးဦးသက်ညွန့်က “လူငယ်တွေ ခေတ်ပဲ၊ လုပ်ကြရမယ်” ဟု ခပ်တိုးတိုးပြောကာ တယောကို ဆက်ထိုးနေလေသည်။

အိမ်အပြန် တက္ကစီပေါ်တွင် ကျနော်လေးစားတန်ဖိုးထားသည့် ပန်းချီဆရာကြီးများနှင့် ပျော်ပျော်ပါးပါး ကြုံဆုံရ သည့်ပွဲသို့ တက်ရောက်ခွင့်ရခဲ့ခြင်းအပေါ် ဖိတ်ကြားသည့် ဆရာဝသုန်အား စိတ်ထဲမှ ကျေးဇူးစကားဆိုနေမိ သည်။ ထိုနေ့က နိုင်ငံကျော်ပန်းချီဆရာကြီး (၅) ဦးနှင့် အယ်ဒီတာပေါက်စ ကျနော်တို့ ဆုံတွေ့ကြသည့် ဆရာ ၀သုန်ဇနီးမောင်နှံ၏ (၃၄) နှစ်ပြည့် မင်္ဂလာပွဲလေးသည် သီချင်းတအေးအေး ရင်တနွေးနွေးဖြင့် ပျော်ရွှင်ကြည် နူးစရာအတိ ဖြစ်ခဲ့လေသည်။ ထိုနေ့က ကျနော် ကိုစောညိန်း၏ ‘မိုးသက်လေနှင်’ သီချင်းကို ဆိုဖြစ်ခဲ့သည်ထင် သည်။ ၀ါသနာအလျောက် မြန်မာသံတေးစီးရီး သွင်းဖြစ်ခဲ့သော်လည်း တယောနှင့် သီဆိုသည့် အလေ့အ ကျင့်မရှိသဖြင့် တယောနှင့် လိုက်ဖက်သည့် သီချင်းများကို ကျနော် အလွတ်မရ။ ထို့ကြောင့် တပုဒ်ဆိုပြီး ဆရာတို့အား ကျနော်တောင်းပန်ကာ ဆရာမောင်မောင်သိုက်နှင့် ဆရာကျော်သောင်းတို့၏ သီဆိုသံများကိုသာ သောက်ရင်းစားရင်း အားပေးနေမိသည်။

ဆရာမောင်ညိုဝင်းကတော့ ကုလားထိုင်လက်တန်းကို မေးတင်ရင်း ဆရာကြီးဦးသက်ညွန့်၏ တယောသံကို အာရုံစိုက် ခံစားနေလေသည်။ ဆရာဝသုန်က တချက်တချက် ၀င်ဆိုလိုက် လက်ခုပ်တီးလိုက် ရင် ဘတ်နွေးအောင်မော့ချလိုက်နှင့် ပျော်ရွှင်နေသည်ကို တွေ့ရသည်။ ဆရာဝသုန်၏ဇနီးနှင့် သားသမီးများကလည်း အ လျှံအပယ် ဧည့်ဝတ်ကျေပွန်ကြသည်။ အထူးသဖြင့် ထိုနေ့က ပွဲကလေးတွင် နိုင်ငံရေးအရ ကျနော်လေးစားပြီး ထိုအချိန်က ပထမအကြိမ် နှစ်ရှည်အကျဉ်းကျခံနေဆဲဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကို မင်းကိုနိုင်၏ မွေးသဖခင် ပန်းချီဆရာကြီး ဦးသက်ညွန့်နှင့် ဆုံဆည်းခွင့်ရခဲ့ခြင်းအပေါ် ဖော်မပြတတ်အောင် ပင် ပီတိဖြစ်ခဲ့ရလေသည်။

(ဆက်လက်ဖတ်ရှုပါရန်)

ဒေါက်တာလွဏ်းဆွေ

No comments: