Tuesday, March 3, 2009

လေနှင်ရာ Slumdog များ

လေနှင်ရာ Slumdog များ
ရဲရင့်အောင် (နယူးဒေလီ)

(က)

ဆေးခြောက်၊ အရက် ဘာလိုချင်လဲ။ ဒီဂွင်ထဲမှာ အကုန်ရှိတယ်။ ကျီးကန်းတောင်းမှောက် ကိုယ့်ပုံစံကိုကြည့်ပြီး သူတို့က မျက်နှာရိပ်၊ မျက်နှာကဲ ပြတတ်တယ်။ မျက်နှာသစ်ဆိုရင် ပိုတောင်ဂရုစိုက်သေး။ စကားမတတ်လည်း အဆင်ပြေတယ်။ မျက်နှာပေးတွေ၊ ခြေဟန်လက်ဟန်တွေနဲ့တင် အလုပ်ဖြစ်တယ်။

လိုချင်တာရလို့ လှည့်ပြန်ချင်ပြန်၊ မပြန်ဘဲ ဟိုဟိုဒီဒီ စပ်စုရင်း ဆက်တိုးဝင်လို့ကတော့ ချော်တောငေါ့ပြီသာ မှတ်။ ၄-၅ ဧက အ၀န်းအ၀ိုင်းအတွင်းမှာ အိမ်လေးတွေက ပြွတ်သိပ်နေတာ။ အိမ်ကြိုအိမ်ကြား လမ်းလေးတွေ က လူနှစ်ကိုယ် ပွတ်သီးပွတ်သပ် ရှောင်သာလှည့်သာရုံပဲ။ ဒီလိုကြားထဲမှာပဲ သူတို့တွေ တပျော်တပါးကြီး နေ နေတာ။ ဆူသံအော်သံတွေ ပွက်လောရိုက်လို့ပဲ။ ကုလားတိုက် ကျားဝင်ကိုက်တယ်ဆိုတာ အဲဒါမှ။

သွပ်၊ ပျဉ်၊ ဓနိ၊ သက်ကယ်၊ ထန်းလက်၊ ၀ါးကပ် အိမ်တွေ မဟုတ်။ အုတ်နဲ့ ဆောက်ထားတာ။ တချို့နေရာတွေ ကျ ပလပ်စတစ်အမည်းတွေနဲ့ တဲလေးတွေ။ တခုတည်းသော အခန်းက လူ ၇ ယောက်လောက် ကပ်အိပ်လိုက် ရင် ပြည့်သွားပြီ။ အမိုးတွေက ခေါင်းနဲ့ မလွတ်တလွတ်။ လူကြီးတွေအဖို့ ကုန်းကုန်းကွကွ။ တချို့နေရာဆို အိမ် က နှစ်လုံးဆင့်ထားလိုက်သေး။

လမ်းဘေးတွေမှာ စက်ဘီး လေထိုးကျွတ်ဖာ၊ ကွမ်းယာဆိုင်နဲ့ ဆံပင်ညှပ်ဆိုင် ဖွင့်တယ်။ သစ်သီးဖျော်ရည်၊ လက်ဖက်ရည်၊ သိုဝှက်လျှိုကာ ယမကာနဲ့ အကြော်ဆိုင်တွေရှိတယ်။ နွေရာသီမှာ ရေခဲခြစ်၊ ရေခဲချောင်း၊ အ သီးအနှံ၊ ဟင်းသီးဟင်းရွက် လက်တွန်းလှည်းနဲ့ ဆိုက်ကားနင်းတယ်။ ပွဲလမ်းတွေမှာ ထောက်ဒိုးတီးတယ်၊ သံ စုံဘင်ခရာဝိုင်းတွေ လိုက်တယ်။

မည်ကာမတ္တ ကုန်စုံဆိုင်တွေ၊ ၀က်သား၊ ကြက်သားဆိုင်လေးတွေ ရှိပါ့။ လမ်းဘေး သန့်ရှင်းရေး၊ အမှိုက်ကျုံး၊ ဆောက်လုပ်ရေး၊ ဂက်စ်အိုးသယ်၊ လမ်းဖောက် လမ်းပြင်၊ အ၀တ်လျှော်၊ အိမ်ဖော်၊ မီးအိုးတိုက်နဲ့ အစောင့်၊ အောက်ခြေသိမ်း အလုပ်တွေ အကုန်လုပ်တယ်။ ပုလင်း၊ စက္ကူနဲ့ ဂျပ်ထူ၊ သံတိုသံစနဲ့ ပလတ်စတစ် အစအန တွေလည်း ကောက်တယ်။ လက်လီလက်ကား ရောင်းဝယ်တယ်။

နယူးဒေလီက မြန်မာတွေနေတဲ့ ဂျနပ်ပူရီနဲ့ ဗီကပ်စ်ပူရီ ရပ်ကွက်နားက ၃ မိုင်ပတ်လည်လောက် အတွင်းမှာကို ဒီလိုနေရာစုလေးတွေက ၅ နေရာလောက် ရှိတယ်။ အုပ်စုအကြီးအသေး အစုံပဲ။

မနက်စောစောနဲ့ ညနေပိုင်းမှာ မှောင်ရိပ်ခိုရင်း မြောင်းဘေးနဲ့ ချုံပုတ်တွေဆီ ရေပုလင်းကိုယ်စီနဲ့ သူတို့တွေက အစီအရီ။ အလေးအပေါ့ သွားပုံက ယိုသူမရှက် မြင်သူရှက်။ လူကြီး ကလေး ပေါ်တင်ပါပဲ။ ရေကို ဘုံပိုင်နဲ့ စည် ပင်ရေကားတွေကနေ ယူတယ်။ လျှပ်စစ်မီးက ထိပ်မှာချိတ်တပ်ထားတဲ့ ၀ါယာကြိုးကို ဓာတ်တိုင်မီးကြိုး တုပ် တုပ်တွေဆီ လှမ်းချိတ်လိုက်ရုံပဲ။ လေတိုက်လို့ ပြုတ်မကျအောင် ကြိုးတွေမှာ အုပ်ခဲတွေ ဆွဲထားတာက ကြက် သီးထစရာ။

၃-၄ အိမ်ခြား ဆိုသလို ရုပ်မြင်သံကြား ရှိကြပါ့။ ကေဘယ်လ်ကြိုးတပ်ပြီး သတင်း၊ ရုပ်ရှင်၊ ဟိန္ဒူဇာတ်လမ်းတွဲ၊ ခရစ်ကက်ပွဲတွေကြည့်တာ ၀ါသနာပါတယ်။ ရုပ်ရှင်သီချင်းတွေဆို ကလေးတွေကအစ အလွတ်ရတယ်။ ကကြ ကြေးဟေ့ဆို သူ့ထက်ငါ မဆိုင်းမတွ ပိုးထကြတယ်။ မိန်းမယောက်ျားမရွေး တွန့်လိန်ကောက်ကွေး တဟေး ဟေး တ၀ါးဝါးနဲ့။ ပျော်စရာ ကောင်းမှကောင်း။

သတင်းစာဖတ်တာ သဘောကျစရာ။ ကိုယ်သန်ရာ သတင်းစာမျိုးတွေ ရှိတယ်။ အတင်းအဖျင်းတွေကအစ ရုပ် ရှင်မင်းသားမင်းသမီး၊ ခရစ်ကက်မင်းသားတွေနဲ့ မှုခင်းတွေအလယ် နိုင်ငံရေးနဲ့ ဘာသာရေးအဆုံး အကုန်ပဲ။ ဖတ်ပြီးလို့ကတော့ အပေါစား ဆေးလိပ် ဘီဒီလေးတွေနဲ့ လက်ဖက်ရည်သောက်ရင်း ပွားကြ၊ အာကြတာပေါ့။ အလုပ်လုပ်လိုက်၊ လေပေါလိုက်။

မြောင်းပုပ်၊ စက်ဆီ၊ ညှော်နဲ့ မစင်အနံ့တွေကြားမှာနေကြတာ။ ဖုန်တထောင်းထောင်း၊ ယင်တလောင်းလောင်း နဲ့။ နွေရာသီမှာ ချွေးသီးချွေးပေါက်နဲ့၊ မိုးရာသီမှာ ဗွက်ပေါက်ဗွက်ထ။ နွေမိုးဆောင်းဒဏ် ကောင်းကောင်း ခံခဲ့ရ တဲ့သူတွေမို့ ခံနိုင်ရည်ဗရပွ ရှိကြပါ့။ သူတို့ဟာ မြို့ငယ်တွေ အစွန်အဖျားနဲ့ ကျေးလက်တွေကနေ လာတာ။ ကျောမွဲ သူတို့နဲ့ မြို့ပေါ်က နိုင်ငံရေးသမားတွေရဲ့ မျှော်လင့်ချက် ဆုံချက်က တွန်းပို့လိုက်တာ။

ရွေးကောက်ပွဲအကြိုဆိုရင် မြို့ပေါ်က မြေလွတ်မြေရိုင်းနဲ့ ကွက်လပ်တွေမှာ နေ့ချင်းပြီး၊ ညချင်းပြီး ဂျူကီတဲ တွေ ဆောက်ပစ်တတ်တယ်။ (ဒီနှစ်ထဲမှာ ဟောလိဝုဒ် အော်စကာ ၈ ဆု၊ ဗြိတိသျှ Golden Globes ၄ ဆု၊ ဗြိတိ သျှရုပ်ရှင်နဲ့ ရုပ်မြင်သံကြား အနုပညာအကယ်ဒမီ - BAFAT ၇ ဆုရတဲ့ Slumdog millionaire ရုပ်ရှင်ကားမှာ တော့ ဂျိုပရီးလို့ တွင်တွင်သုံးခဲ့တယ်။) နယ်ဘက်ဆင်းပြီး စည်းရုံးထားတဲ့ သူတို့ကို ကားကြီးတွေနဲ့ ခေါ်ချလာ တယ်။ နောက်တရက်မှာ voting card (မဲပေးခွင့်ကတ်)၊ ration card (ဂျုံစေ့၊ ဆန်၊ သကြား၊ ရေနံဆီ အစိုးရ ဈေးနဲ့ ထုတ်ခွင့်ရတဲ့ ရာရှင်ကတ်) လက်ထဲရောက်လာမယ်။

ဘယ်ပါတီက ဘယ်သူ့အတွက် မဲပေးရမယ်ဆိုတာ သိပြီးသား။ လိုလိုလားလားလာခေါ်ပြီး နေရာချပေးတဲ့ဘက် သစ္စာရှိရုံပဲ။ ဒီလူတွေအာဏာရှိရင် သူတို့အတွက် အလားအလာကောင်းမယ်ဆိုပြီး ပစ်ပျက်ယုံလိုက်ရုံပေါ့၊ မဲ ပေးချလိုက်တာပေါ့။

အများအားဖြင့် ဒီလိုနည်းနဲ့ သူတို့တွေ မြို့ကြီးပြကြီးပေါ် ပေါက်ချလာတယ်။ တနွယ်ငင်တစင်ပါ နောက်ထပ် လည်း အလျှိုလျှိုဝင်လာတယ်။ အလုပ်က ခုနပြောသလို ကြုံရာကျပန်း။ တယောက်ထဲသမားအတွက် တနေ့ကို ရူပီး ၂၅-၃၀ လောက် ရရင်ကို လုံလောက်တန်ရဲ့။

စားတာက ဒီလိုပါ။ မြေကြီးနဲ့ မံထားတဲ့ မီးဖိုပေါ် ဒယ်ပြား ပစ်တင်၊ နွားချေးခြောက်၊ သစ်ကိုင်းခြောက်တွေနဲ့ မီး မွှေး၊ တကီလိုဂရမ် (၆၅ ကျပ်သား) ကို အပြင်ပေါက်ဈေး ၁၅ ရူပီးနဲ့ ပေးဝယ်ရတဲ့ အာတား(ဂျုံကြမ်း)ကို ဆီမပါ ပြားမပါ ကင်၊ အာလူးလေး ပဲလေး ဟင်းသီးဟင်းရွက်လေး ရောချက်တဲ့ ဟင်းနဲ့ စား၊ ရေနဲ့ မျှောချလိုက်တာ။

နို့ချဉ်ရယ်၊ ပြီးတော့ ငရုပ်သီး၊ ခါကြက်ဥအနီ၊ သရက်သီး သံပုရာသီးတွေနဲ့ အချဉ်တည်ထားတဲ့ အကျားတို့၊ ကျက်တနီးတို့နဲ့ ရောစားကား စားရဲ့။ ဂျုံ တစ်ကီလိုဂရမ်ဆိုရင် မိသားစု ၇ ယောက်လောက် ဗိုက်ကားအောင် စားနိုင်တယ်။ ထုတ်ဈေးနဲ့ရတဲ့ ဂျုံစေ့ကို ကြိတ်ဆုံမှာချေပြီး စားတာမျိုးလည်းရှိရဲ့။ တချို့က လုံးတီးဆန်နဲ့ စား တယ်။ တရက်ကို နှစ်ခါစားရင် တော်ပြီ။ တရုတ်လို ရှာ၊ ကုလားလို စု၊ ဗမာလို မဖြုန်းနဲ့ဆိုတာကိုး။

စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားတွေက မကြာခဏ ပညာပေး၊ ကုသရေးတွေ လာလုပ်ပေးတတ်တယ်။ အတားအဆီးမရှိ ကလေးမွေးလို့ သတိပေးတားမြစ်ရတာလည်း အမော။ တီဘီ အဆုတ်ရောဂါ ပေါမှ ပေါ။

ကလေးတွေကို ကျောင်းထားလား ထားရဲ့၊ မထားရင်လည်း အသေးစား စက်မှုလက်မှု အလုပ်လေးတွေမှာ သင်ခိုင်းတာပေါ့။ ကူရင်း၊ ဆဲဆိုကြိမ်းမောင်းခံရင်း သင်ရတာမျိုး။ ဂျူကီကထွက်လာတဲ့ ကလေးတွေကသိသာ တယ်။ ပေပေရေရေလေးတွေ။ တချို့ဆို ဖိနပ်တောင်မပါဘူး။ ဆံပင်က ဆီမပါ ဘုတ်သိုက်၊ နှပ်ချေးတွဲလောင်း၊ ခြေချောင်း လက်ချောင်းတွေက ချေး(ဂျေး)ညှော် အထပ်ထပ်၊ ဖုန်မှုန့်တွေက ရစ်ပတ်လို့။ တွေ့ရာမြင်ရာ ကောက်ရဲတယ်။ လွယ်အိတ်နဲ့ အင်္ကျီတွေကလည်း ညစ်ညစ်ပတ်ပတ်၊ စုတ်စုတ်ပြတ်။

(ခ)

မွန်ဘိုင်း (ယခင် ဘုံဘေမြို့)ဟာ အိန္ဒိယရဲ့ ဘဏ္ဍာရေး၊ ရုပ်ရှင်နဲ့ အကြီးမားဆုံး မြို့တော်၊ အနောက်တိုင်းခရီး သွားတွေအတွက် အိန္ဒိယဂိတ်ဦး။ မြစ်ကြောင်းပေါင်းစုံ စီးဝင်ရာ ပင်လယ်ပြင်ကြီးက ဆီးလို့ကြိုလို့၊ ပွေ့ပိုက်လို့။ အလတ်စားနဲ့ ကျိကျိတက် လူချမ်းသာတွေ ပေါလွန်းတော့ အလုပ်အကိုင်တွေက များလိုက်ခြင်း။ ဒါကြောင့် လည်း အိန္ဒိယအနယ်နယ်အရပ်ရပ်က လူမျိုးစုံက မွန်ဘိုင်းလို မြို့ကြီးဆီလည်း ရေကြည်ရာမြက်နုရာ ဦးတိုက် စရာဖြစ်လာတယ်။ ထင်ရှားတဲ့ နိုင်ငံရေးသမားကြီးက Slumdog တွေကို ဆွဲဆောင်ခေါ်ယူခဲ့တော့ အလိုက်သင့် လေး အခြေချလာတာလို့ အဆိုရှိတယ်။ အာရှတိုက်မှာ ယာယီတဲအိမ်တွေနဲ့ လာရောက်အခြေချတဲ့ Slum တွေ အများဆုံးရှိတာ မွန်ဘိုင်းပါပဲ။ တနေရာထဲကွက်ကွက် လူဦးရေက ၁၀ သိန်းအထက် ရှိတယ်။

ဂျူကီ လေလွင့်ကလေးသူငယ်များလို့ လှလှလေး ပြောနိုင်တဲ့ Slumdog တွေဟာ မွန်ဘိုင်းမှာ ဖောခြင်းသော ခြင်းပဲ။ ရုပ်ရှင်ထဲကလို ကလေးသူတောင်းစား၊ မျက်စိအဖျက်ခံရပြီး တောင်းရမ်းစားသောက် အခိုင်းခံဘ၀ ရောက်နေတဲ့ မျက်မမြင်ဒုက္ခိတလေးတွေ တကယ်ရှိတယ်။ ကျပ်တည်းကျဉ်းမြောင်းတဲ့ ဘ၀ဥခွံထဲက ထွက် ပေါက်ရှာရင်း လမ်းမှားရောက်သွားတာလည်း အရှိပါ။ မွန်ဘိုင်းမှာ shooter လို့ အခေါ်များတဲ့ မာဖီးယားဂိုဏ်း တွေထဲ သူတို့တွေ ကျင်လည်ကြတာလည်း အမှန်ပါပဲ။ လူများစုတော့ မဟုတ်ဘူးပေါ့နော်။

နယူးဒေလီရဲ့ မြို့တော်ဟောင်း Old Delhi မှာ မျက်စိပျက် ကလေးသူတောင်းစားတွေ၊ သူခိုးငယ်လေးတွေ ပေါပေါများများ တွေ့ရတယ်။ အဲဒီဘက်မှာ ဟိန္ဒူလို ကျိုးရ်ဘဇား၊ မြန်မာလို သူခိုးဈေးကြီး ရှိတယ်။ ခိုးခဲ့သမျှနဲ့ အဟောင်းအမြင်းတွေ ရောင်းတယ်။ စက်ပစ္စည်းကြီးတွေကလွဲရင် လူ့အသုံးအဆောင် အများအပြားကို လမ်း ဘေးနဲ့ မြေကွက်လပ်တွေမှာ ချရောင်းတာ။

ခိုးရာပါပစ္စည်းတွေကို ဆိုင်တွေမှာ လိုက်သွင်းနေတဲ့၊ ကိုယ်တိုင်လည်း ချရောင်းတဲ့ ကလေးတွေ မြင်ရတတ် တယ်။ (လွန်ခဲ့တဲ့ ၃-၄ နှစ်တုန်းက ဒီဈေးကို အစိုးရက ဖျက်လိုက်ပါပြီ။ ဈေးသက်တမ်းက နှစ် ၁၀၀ လောက် ရှိ ခဲ့တာ။ အင်္ဂလိပ်လက်ထက်ကတည်းက တည်လာခဲ့တဲ့ ဈေးပေါ့။)

အလိမ်အညစ်လေးတွေက ထူထပ်ပါ့။ ရောင်စုံငှက်လှလို့ ၀ယ်လာ၊ အိမ်အရောက် အရောင်လွင့်ပြယ်။ ရေဒီယို ၀ယ်တုန်းက အဟုတ်၊ နောက်တော့ အထဲမှာ သစ်တုံးလေးတွေ ဖြစ်ကုန်။ ဈေးချိုသန့်မွှေး အသီးအနှံ ဘယ်လို ကနေ အပုပ်အပျက်တွေ ရောသွားပါလိမ့်။ ပဉ္စလက်က အဲလို အဲလို။ ရူပီး ၅၀၀ လို့ ခေါ်တဲ့ဈေး၊ ဆစ်ပြန်တော့ ၅၀ လောက်နဲ့ ရချင်ရတာ။ ပါးစပ်ကလည်း ဒါမျိုး ဒါမျိုး။

(ဂ)

ဂျူကီ လေလွင့်ကလေးငယ် (Slumdog) တွေဟာ ရုပ်ရှင်ရဲ့ ပြင်ပမှာလည်း ရှိနေတာ အသေအချာ။ မြန်မာက ရော ဘာမို့လဲ။ စီးပွားရေးပျက်၊ နာဂစ်ဖျက်၊ စစ်အစိုးရ တာဝန်မဲ့၊ မိဘမဲ့နေတဲ့ သူငယ်တွေ၊ ပြည်ပထွက် ဒုက္ခ သည်နဲ့ ရွှေ့ပြောင်းအခြေချ လုပ်သားဘ၀ သူငယ်တွေ၊ နည်းမှ မနည်းလှတာ။ တောင်းရမ်းစားသောက်၊ ရရာ အလုပ်လုပ်၊ အလစ်သုတ်တဲ့ ကလေးတွေက မြို့ပြတွေထဲ၊ ကျေးလက်ထဲ တောင်ရောက်မြောက်ရောက်။

Slumdog ရုပ်ရှင်ထဲကလို နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေးလေးမျိုး မဖြစ်ချင်နေပါ။ ပူပင်ကြောင့်ကြ၊ ခိုးဆိုးမှ စားသောက်ရမယ့်၊ လေနှင်ရာလွင့်နေတဲ့ Slumdog တွေ ပညာသင်ကြား၊ နားနားနေနေ ဘ၀လေးတွေ ပိုင် ဆိုင်ပါစေ၊ ပျော်ရွှင်ပါစေ။ မြင်ချင်စမ်းပါဘိ။

လျစ်လျှူရှု မခံရတဲ့ Slumdog လေးတွေ အဖြစ်ပေါ့။

ရဲရင့်အောင် (နယူးဒေလီ)

No comments: