Tuesday, March 3, 2009

ဆုတ်ကပ်

ဆုတ်ကပ်
ငြိမ်းချမ်းအောင်

စတားဘတ်ခ်ျကော်ဖီဆိုင် လမ်းမကြီးပေါ်မှာ
ကျနော်လျှောက်သွားနေမိတယ်။

ဒေ၀ါလီခံရတော့မယ့်
မြို့တော်ကြီး
တိုက်အိမ်ကြီးတွေ မလှဘူးလား
ကက်ပီတယ်ဟေးလ် အဆောက်အဦးကြီးရေ
ကျနော် ခင်ဗျားကို ဖူးမျှော်ဖို့ အရောက်လာခဲ့တယ်။

ပြုတ်ပြုတ်ပြုန်းကြတယ်
ဇန်န၀ါရီလမှာ လူခြောက်သိန်း
အလုပ်ပြုတ်လာသတဲ့။

ဒီမှာ မိတ်ဆွေ
ခင်ဗျား အက်စ်တွန်မာတင်ကားကြီးကော ရောင်းမှာလား
ဈေးကွက်မှာ လေလံတင်လိုက်လေ။

အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိဘူး
ဘဏ်ကတ်ထဲမှာ ပိုက်ဆံမရှိဘူး
အစိုးရဆီမှာလည်း ပိုက်ဆံမရှိဘူး။

ဆောင်းညစ်ညစ်မှာ
နေက ခြစ်ခြစ်တောက်ပူတယ်
ရင်ပူတယ်၊ ကိုယ်ပူတယ်
ပိုတိုးမက်ခ်ျမြစ်ထဲမှာ
ရေဆင်းကူးချင်တယ်။

ငွေစက္ကူဆိုတာက အတုရှိတယ်
ခေါင်းဆောင်ဆိုတာ အတုရှိတယ်
ကံကြမ္မာဆိုတာကတော့ အတုမရှိဘူး။

ဂျော့ပ်တောင်းတက္ကသိုလ်ရှေ့မှာ
လမ်းသလားနေတဲ့ ကောင်မလေးရေ
မေစီကုန်တိုက်ကြီးထဲက လုပ်သေနတ်တလက်နဲ့
ငါ့ရင်ဝတည့်တည့်ကိုသာ ပစ်ထည့်လိုက်ပါတော့။

ဒီနှစ်လည်း ကိုတွတ်ပီတယောက်
ကံမကောင်းရှာဘူးတဲ့
ထီက မပေါက်ဘူး
ချစ်သူက စိတ်ကောက်နေတယ်။

သေမယ့်နှစ်မှာ
တောပြောင်းမိခဲ့တယ် ။ ။

ငြိမ်းချမ်းအောင်
(www.nyein-chan-aung.blogspot.com မှ ကူးယူဖော်ပြပါသည်)

No comments: