Sunday, March 8, 2009
ကေခိုင်မရှိတဲ့ကမ္ဘာ
ခြေသံပြင်းပြင်းတွေနဲ့
မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ
တစက္ကန့်ဟာ တကမ္ဘာ
ရေပွက်ပမာဟာ
သံသရာလိုပွက်လို့ကွာ
ရှည်ကြာလွန်းလိုက်တာ။
မင်းမရှိတဲ့ကမ္ဘာ
သစ်တောတွေပြုန်းတီးလို့
တောမီးတွေလောင်လို့
စီးပွားပျက်ကပ်တွေဆိုက်လို့
သင်္ကန်းကို စစ်ဖိနပ်နဲ့နင်းပြီး
ဘုရားကို ထီးတော်တွေတင်လို့ ...။
တတိယကမ္ဘာရှိတယ်
တတိယနိုင်ငံရှိတယ်
တတိယအုပ်စုရှိတယ်
မင်းကျ ဘာလို့မရှိတော့တာလဲ။
မင်းမရှိတဲ့ကမ္ဘာ
ကဗျာနဲ့ အသေခံဗုံးဖောက်ခွဲရေးသမားဟာ
ငါဖြစ်တယ်။
မင်းမရှိတဲ့ကမ္ဘာ
ဖြုန်းစရာ မိဘအမွေကလည်းမရှိတော့
ရှိသမျှအချိန်တွေကို ထိုင်ဖြုန်းရင်း
ရောက်လာတဲ့နေ့တွေကို ကျောမှီ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ ...။
အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့
မင်းရောငါပါ ငိုနေမိခဲ့သလား။
အသူရကာယ်ဘုံတဲ့
မင်းမရှိတော့မှ ယုံမိတယ်။
သစ်ကောင်းအိမ်
(၆၊ မတ်လ၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment