Thursday, March 19, 2009
မျှော့ကုထုံး
မျှော့တွေဖြစ်သွားကြပြီ
ထွားကြိုင်းပြည့်ဖြိုးနေကြတာပေါ့
ထွားကြိုင်းပြည့်ဖြိုးဖို့ ကြိုးစားနေကြတာပေါ့။
အသိဉာဏ်ရှိဖို့ မလိုတော့ဘူး
သွေးနွေးသတ္တ၀ါတွေ ကုပ်ပိုးပေါ် ခုန်ချနိုင်ဖို့ပဲလိုတယ်။
သွေးနွေးသတ္တ၀ါတွေရဲ့
လစ်ဟာပေါက်ပြဲနေတဲ့
မရှိတော့တဲ့ ...
နွမ်းရိစုတ်ပြတ်နေတဲ့ အကာအရံတွေကို
တွားတက် ...
ကုတ်ကတ် ...
သွေးစုပ်နိုင်ဖို့ အားကောင်းချက်ယူတတ်ဖို့ပဲလိုတယ်။
အဲဒီအတွက် ကျင့်ဝတ်တွေမလိုတော့ဘူး
အသိဉာဏ်မလိုတော့ဘူး
သွေးညှီနံ့ကို အာရုံခံတတ်ဖို့ပဲလိုတယ်
ဒါကလည်း ဗီဇအဖြစ် အဲဒီမျိုးရိုးဇီဝမှာ ထည့်သွင်းပေးလိုက်ခဲ့ပြီ။
အဲဒီမှာ ... အားလုံးဟာ မျှော့တွေပေါ် မျှော့တွေတွယ်လို့
မျှော့တွေပဲ မြင်နေရ
မျှော့သံတွေပဲ ကြားနေရ
မျှော့တွေပဲ လမ်းသလားနေကြ
မျှော့တွေပဲ ခမ်းနားနေကြ
မျှော့တွေပဲ အသံကောင်းဟစ်နေကြ
မျှော့တွေပဲ ရင်ကြားစေ့နေကြ
မျှော့တွေပဲ မျက်လုံးလေးစင်း ခေါင်းကလေးညိတ်လို့  ဘေးတီးနေကြ
မျှော့တွေပဲ ပညာရှိယောင်ဆောင်ကြ
မျှော့တွေပဲ ရေဒီယို စကားထောက် ဧည့်ကြိုလုပ်ကြ
မျှော့တွေပဲ အရေးဆိုကြ
မျှော့တွေပဲ ခြေအေးဝမ်းယောင်လုပ်ကြ
မျှော့တွေပဲ ဗျူဟာခင်းကြ
မျှော့တွေပဲ စီမံကိန်းဆွဲကြ
မျှော့တွေပဲ ရှေ့ကြိုတွက်ကြ
မျှော့တွေပဲ လေသံပစ်ကြ
မျှော့တွေပဲ အတည်ပြုကြ
မျှော့တွေပဲ မြင်နေရတော့တဲ့
အဲဒီမျှော့ထွေးကြီးဟာ ဧရာဝတီနဲ့ သံလွင်တလွှား
ချင်းတွင်း ဒုဌ၀တီတလွှား
ဘယ်သူမှ ပိုင်နက်သတ်မှတ်မထားတဲ့ လေထုတွေကြား
ဘယ်သူမှ ခြံစည်းရိုး ခတ်မထားတဲ့ နယ်ပယ်တွေကြား
မျှော့တွေဟာ တာသွားလို့ 
မျှော့တွေကြားမှာ
မျှော့ကြမ်းမရှိဘူး။
မျှော့မင်းသား
မျှော့သုခမိန်
မျှော့ဘုရင် မျှော့ဝန်ကြီး
မျှော့ကျွမ်းကျင်သူ
မျှော့ပေါ်မျှော့ရောင်းသူ
မျှော့ကဲခတ်သူ မျှော့ထဲ မျှော့သွေးစမ်းသူနဲ့
ဟော ကြည့်နေရင်းပဲ ...
မြင့်မြင့်မားမား မောက်မောက်မာမာ
မျှော့တွေဟာ မျှော့တွေပေါ်တွယ်လို့ 
မျှော့တွေဟာ မျှော့လိုကပ်နေကြတယ်
မျှော့တွေဟာ မျှော့အာမခံချက်နဲ့
သံပြိုင်တခွန်းပဲ
မျှော့သံပေးလိုက်တယ်
ကမ္ဘာကြီး တုန်ယင်တောင်သွားနိုင်ရဲ့
နေကောင်းသွားမှာပါတဲ့ ... ။ ။
ငြိမ်းဇေဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment