Saturday, January 3, 2009

ကက်ဘိနက်ကြီး နာမည်ကြီးလည်း ...

စိုင်းအိမ်မွဲ

ဒီရက်ပိုင်းအတွင်း ပြည်ပရောက် အစိုးရအသစ်တခု ဖွဲ့မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး၊ အီးမေးတွေကနေလည်းတဆင့် မြင်သိကြားနေရပါတယ်။ ကျနော်အနေနဲ့က နိုင်ငံရေးကို အများကြီး နားမ လည်ပါဘူး။ ဒါပေမယ့် မြန်မာပြည်သားတဦးအနေနဲ့ စိတ်ဝင်စားမိတာတော့ အမှန်ဖြစ်ပါတယ်။

ကျနော်မှတ်သားမိသလောက်တော့ NCGUB ဆိုတဲ့ ပြည်ပရောက်အစိုးရတခုကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲက အရွေးကောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့ခဲ့တယ်ဆိုတာလောက်တော့ ကြားဖူးပါ တယ်။ ထိုအစိုးရရဲ့ ၀န်ကြီးချုပ်ဆိုတာရှိတယ်လို့ ကြားဖူးပေမယ့် မမြင်ဖူးပါဘူး။

အစိုးရတခုရှိနေသားနဲ့ နောက်ထပ်အစိုးရတခု ထပ်ဖွဲ့မယ်ဆိုတာကိုတော့ ကျနော့်အနေနဲ့ လိုက်မီအောင် မ စဉ်းစားနိုင်တာ ၀န်ခံပါတယ်။ တချို့ကဆိုတော့လည်း ပထမရှိထားတဲ့ အစိုးရက အလုပ်မဖြစ်ဘူး အားနည်းနေ တယ်။ အဲဒါကြောင့် ပိုအလုပ်ဖြစ်မယ့် အစိုးရမျိုးထပ်ဖွဲ့ဖို့လိုတယ်လို့ ပြောကြပါတယ်။ နောက်တချက်က လက် နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်များအနေနဲ့လည်း ဒီပြည်ပရောက်အစိုးရအပေါ်မှာ ခံစားချက် မကောင်းဘူးဆိုတာလည်း ကြားရပါတယ်။ ဒီနေရာမှာ ကျနော့်အမြင်ကို တင်ပြရရင် ပထမအစိုးရက အလုပ်မ ဖြစ်ဘူးဆိုရင် နောက်အစိုးရအသစ်တခု ထပ်ဖွဲ့မယ့်အစား အဲဒီလက်ရှိအစိုးရကို ပြန်လည်ပြင်ဆင်တိုးချဲ့ဖွဲ့ရင် ကော မဖြစ်နိုင်ဘူးလားဆိုတဲ့အချက်ပါ။

ကျနော်တို့က မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ လိုလားသူတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေကို အခုကတည်းက လေ့ကျင့်ပျိုးထောင်ဖို့ လိုပါတယ်။ ဒီမိုကရေစီအလေ့အကျင့်ကို လမ်းလွဲစေမယ့် အပြုအမူ အ ကျင့်အကြံတွေကို အားမပေးသင့်ပါဘူး။ စစ်တပ်က လက်မခံဘူး အသိအမှတ် မပြုဘူးဆိုပေမယ့် ၁၉၉၀ ရွေး ကောက်ပွဲဟာ မြန်မာပြည်ဒီမိုကရေစီခရီးရဲ့ မှတ်တိုင်သစ်လို့ ဆိုနိုင်ပါတယ်။ ပြည်သူတွေက သူတို့ဆန္ဒကို တင် ပြခဲ့ပြီးဖြစ်ပါတယ်။ သူတို့နှစ်သက်တဲ့ သူတွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင် မြှောက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အခုပြောနေတဲ့ လက်ရှိပြည်ပရောက် အစိုးရဟာ အဲသလို ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့ သူများနဲ့ ဖွဲ့ထားတယ်ဆိုတာလောက်တော့ ကျနော်လည်း သိထားမှတ်ထားမိပါတယ်။ နောက်တိုးချဲ့ဖွဲ့စည်းမယ်ဆိုတဲ့ အစီအစဉ်က ဖြစ်နိုင်တယ်ဆိုရင်တော့ ပါလာမယ့် အစိုးရအဖွဲ့ဝင် ၀န်ကြီးဝန်ကလေးများဟာ ပြည်သူက ရွေး ကောက်ပွဲမှာ တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်များ ဖြစ်ဖို့လိုပါတယ်။ လက်သင့်ရာ စားတော်ခေါ်ချင်လို့ ဘယ် သူကမှ ရွေးကောက်တင်မြှောက်မထားတဲ့သူများကို အစိုးရ၀န်ကြီးအဖွဲ့ထဲမှာ မထည့်သွင်းသင့်ဘူးလို့ အကြံပြု လိုပါတယ်။ ဗိုလ်လိုပြောရရင်တော့ လူထုရွေးထားတဲ့ အမတ်တွေနဲ့ဖွဲ့တဲ့ ကက်ဘိနက်အဖွဲ့ပေါ့။

ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်မဟုတ်သူတွေကို ကက်ဘိနက်အဖွဲ့ထဲ မထည့်သွင်းသင့်ဘူးလို့ ပြောရတာ က ဒီလိုရှိပါတယ်။ အခုလက်ရှိစစ်အစိုးရကလည်း ပြည်သူတွေရွေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေမပါဘဲ အစိုးရဖွဲ့ဖို့ ကြိုးစားနေတာ တတိုင်းပြည်လုံးအသိပါ။ သူတို့ရဲ့ အမျိုးသားညီလာခံမှာ တက်နေသူတွေက သူတို့ အကြိုက် ခေါင်းခေါက်ရွေးထားတဲ့ လူတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အဖွဲ့ကလူတွေနဲ့ စစ်ဗိုလ်တွေ ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ သူများမဟုတ်ပါ။ အဲတာကို ဇွတ်အတင်းကြီး ဘယ်သူသဘောတူတူ မတူတူ ငါတို့ဖွဲ့လို့ရတယ်ဆိုပြီး ဒီဘက်နယ်စပ်က လူတွေက နောက်အ စိုးရအသစ်ဖွဲ့မယ်ဆိုရင် ဗမာစစ်အစိုးအရနဲ့ ကိုယ်နဲ့က တတန်းစားတည်း ဖြစ်သွားပါလိမ့်မယ်။ တချိန်တည်းမှာ ဒီမိုကရေစီကျင့်စဉ်ကိုလည်း မျက်ကွယ်ပြုရာရောက်ပါတယ်။

နောက်တချက်ကတော့ အဲဒီလိုဖွဲ့မယ်ပြောနေတဲ့ နောက်အစိုးရအသစ်ထဲမှာ အခုနယ်စပ်မှာရှိနေတဲ့ အမျိုး သားဒီမိုကရေစီအဖွဲချုပ်က အဖွဲ့ဝင်တွေပါမယ်ဆိုရင် ပြည်တွင်းအဖွဲ့ချုပ်ခေါင်းဆောင်များနဲ့ အဖွဲ့ဝင်ထုဆီက ပါဝင်လိုက ပါဝင်နိုင်တဲ့အကြောင်း တရားဝင်ခွင့်ပြုချက်ကို ရထားပြီးပြီလားဆိုတာလည်း စဉ်းစားဖို့လိုပါတယ်။ ပြည်တွင်းဦးဆောင်မှုက ခွင့်မပြုဘဲ ဒီနယ်စပ်က အဖွဲ့ချုပ်ဝင်တွေ အစိုးရအသစ်ထဲ ပါလိုက်ရင် ဒီနယ်စပ်အဖွဲ့ ချုပ်ဟာ တရားမ၀င်တော့ပါဘူး။ သူ့ပြည်တွင်းဌာနချုပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ငြင်းပယ်လိုက်တာနဲ့ အတူ တူပါပဲ။ ဒါဆိုရင် ဒီနယ်စပ်က အဖွဲ့ချုပ်ဝင်တွေကို ကျနော်တို့လို ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်မှုအောက်က အဖွဲ့ဝင်များအဖြစ် အသိအမှတ် မပြုနိုင်တော့ပါဘူး။ စစ်တပ်စကားနဲ့ပြောရရင် နယ်စပ် အဖွဲ့ချုပ်ဝင်တွေဟာ တပ်တွင်းပုန်ကန်သူတွေ (သို့မဟုတ်) တပ်ပြေးတွေလို့ ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ မရှိတော့တဲ့ အဖွဲ့ချုပ်ဝင်တွေကို ကျနော်တို့က ဘယ်လိုဆက်ပြီးယုံ စားရတော့မှာလဲ။

ကြားရတာကတော့ အတော်ကို စိတ်မကောင်းစရာပါပဲ။ နောက်ဖွဲ့မယ့် ပြည်ပရောက်အစိုးရသစ်ထဲ ပါဝင်လို သူတွေထဲမှာ နယ်စပ်ရောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်တချို့နဲ့ အမတ်မဟုတ်တဲ့ သာမန်အဖွဲ့ ၀င်တွေလည်း ပါနေတယ်ဆိုတာကို ကြားနေရပါတယ်။ သူတို့က အခုလက်ရှိ ရှိနေတဲ့ ပြည်ပရောက်အစိုးရရဲ့ ဦးဆောင်မှုကို မကြိုက်တော့ဘူးလို့လည်း ဆိုကြပါတယ်။ ကိုယ့်အချင်းချင်းကြားမှာ ကြေကြေလည်လည် မ ဆွေးနွေးကြဘဲ ကိုယ်နိုင်ရေးအတွက် ဟိုလူကိုဆွဲထည့်၊ ဟိုတိုင်းရင်းသားခေါင်းဆောင်ကိုဆွဲသွင်း လုပ်လာကြ တာ အပြုသဘောမဆောင်ပါ။ အငှားဗိုက်နဲ့ ဓားအထိုးခံသလိုမျိုးလည်း ဖြစ်နေပါတယ်။ အနိုင်ရပြီးစတမ်း လုပ် သလိုမျိုး ဖြစ်နေပါတယ်။ တိုင်းရင်းသားခေါင်းဆောင်များ အနေနဲ့လည်း ကိုယ်က ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်မဟုတ်ဘဲ ကက်ဘိနက်အဖွဲ့ထဲမှာ နာမည်ခံ ၀န်ကြီးလုပ်ဖို့ မသင့်တော်ပါဘူး။ အဲဒီလိုကျင့်စဉ်ကို အ ခုလက်ခံလိုက်ရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့ အခြားတိုင်းရင်းသားများထဲက နောင်မှာသူ တို့လည်း ၀န်ကြီးဝန်ကလေး လုပ်ချင်တယ်ဆိုပြီး ဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲ။ ရင်လေးစရာကြီးပါ။ အဲ သလိုဆိုလိုက်လို့ ကျနော် ဒီစာကိုရေးနေတာ လက်ရှိပြည်ပရောက်အစိုးရကို ထောက်ခံလို့ ရေးနေတာမဟုတ် ပါ။

လက်ရှိ ပြည်ပရောက်အစိုးရလည်း သူမစွမ်းဆောင်နိုင်ရင် တနေ့သူ့အလိုလို ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ တ မင်တွန်းချစရာတောင် လိုမယ်မထင်ပါဘူး။

နောက်တချက်လည်း အဲဒီလို ပြည်ပရောက် အစိုးရအသစ်ဖွဲ့လိုက်ရင် မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပို မြန်ဆန်သွားမယ်လို့ ဘယ်သူက အာမခံမှာလဲ။ အဲဒီအစိုးရအသစ်ကြောင့် အတွင်းက ဒေါ်အောင်ဆန်းစုကြည် တို့ကို မထိခိုက်နိုင်ဘူးလား။ နိုင်ငံတကာအစိုးရများက အဲဒီအစိုးရသစ်ကို လက်ခံပါသလားဆိုပြီး ဒေါ်အောင် ဆန်းစုကြည်တို့ကို မေးလာရင် အထဲက သူတို့ဘယ်လိုဖြေမှာလဲ။ ကျနော်မှတ်မိသလောက်ကတော့ ဒီစက်တင် ဘာလှုပ်ရှားမှုအပြီးမှာ တပြည်လုံးဆိုင်ရာ အသွင်ဆောင်တဲ့ တပ်ပေါင်းစုကြီးမျိုးဖွဲ့ဖို့ ဗိုလ်မှူးချုပ်ဟောင်းကျော် ဇောက အကြံပေးတာကိုတော့ ဖတ်လိုက်ရပါတယ်။ ပြည်ပရောက်အစိုးရအသစ်ဖွဲ့ဖို့ ဆိုတာမျိုးတော့ သူလည်း အကြံမပေးဖူးပါဘူး။ ပြည်တွင်းက အထင်ကရ နိုင်ငံရေးခေါင်းဆောင်များကနေပြီး အစိုးရအသစ်ဖွဲ့ဖို့ဆိုတာ လည်း ပြောသံမကြားဖူးပါဘူး။

ထပ်ကြားရတဲ့ သတင်းကတော့ အဲဒီလို ပြည်ပရောက်အစိုးရအသစ်ကြီး ဖွဲ့လိုက်ရင် နိုင်ငံခြားတိုင်းပြည်တွေ ကနေ ကူညီမယ့်ငွေတွေက အလုံးလိုက်အခဲလိုက် ရောက်လာမယ်ဆိုပြီးလည်း သတင်းပြေးနေပါတယ်။ ငွေ သံကြားတော့ လောဘတက်ကြတယ်လို့ စွပ်စွဲတာကိုတော့ မကြိုက်လည်း မတတ်နိုင်ပါဘူး။ အီရတ်မှာ ငွေပုံ သုံးပြီး အင်အားကြီးနိုင်ငံတွေ လုပ်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအရိပ်တောင် မသမ်းသေးပါဘူး။ နေ့တိုင်း သွေးမြေကျနေတဲ့ အခြေအနေကိုသာ ရင်ဆိုင်နေရတာ အားလုံးအမြင်ပါပဲ။ ငွေရမှာကြောင့် အစိုးရသစ်ဖွဲ့မယ် ဆိုတဲ့ အကြံကလည်း အဆင့်နိမ့်တဲ့ အကြံပါ။ ဒါပေမယ့် သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးဝန်ကလေး ရာထူးမျိုး တွေမှာ အရူးအမူး ဖြစ်နေသူတွေ ရှိနေသမျှတော့ ကျနော်တို့ မြန်မာပြည်သားတွေလည်း အစိုးရနှစ်ခုအကြား မှာ အရှက်ကွဲ ဂုဏ်ငယ်ကြရမှာ သေချာပါတယ်။

တိုင်းရင်းသားခေါင်းဆောင်အချို့ကလည်း ဒီလိုဖွဲ့ဖို့ သဘောတူတယ်ဆိုတာ အသံတွေ ထပ်ထွက်လာပြန်ပါ တယ်။ ဒီလိုဆိုရင် မေးရမယ့် မေးခွန်းတွေ ပေါ်လာပါတယ်။ မဲဆောက်၊ မယ်ဟောင်ဆောင်က တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြောတာလား။ SSA တောင်ပိုင်းက ခေါင်းဆောင်ဖြစ်တဲ့ ကာနယ်ယွတ်ဆတ်က အဲဒီအစိုး ရအဖွဲ့သစ်မှာ ပါမတဲ့လား။ ကိုင်း … ပါကြမယ်ပဲ ဆိုပါတော့။ အဲဒီခေါင်းဆောင်တွေက လက်နက်ကိုင်အဖွဲ့အ စည်းများက ခေါင်းဆောင်တွေဆိုပေမယ့် ဒီမိုကရေစီနည်းအရ လူထုမဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံထားရ တဲ့ ကိုယ်စားလှယ်တော်များမဟုတ်ပါ။ ကျောင်းသားအဖွဲ့က ခေါင်းဆောင်တွေကိုလည်း ၀န်ကြီးချုပ်နေရာတွေ၊ ၀န်ကြီးနေရာတွေ ပေးမှာလား။ ပေးရင်ကော သူတို့က အဲဒီ့ရာထူးတွေကို ယူမလား။ ယူရင်ကော။ သူတို့လည်း လူထုက ရွေးကောက်ထားတဲ့သူတွေမဟုတ်ပါ။ သူတို့လူနည်းစု အဖွဲ့အစည်းအတွင်းမှာသာ ရွေးချယ်ခံထားရ တဲ့ သူများသာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုးရိမ်သောကဖြစ်စရာတွေကလည်း ရှိပါသေးတယ်။ လက်ရှိ ပြည်ပရောက်အစိုးရဖွဲ့ပြီးတော့ ဘာမှ မကြာလိုက်ပါဘူး။ အမတ်နှစ်ယောက် စစ်အစိုးရဆီမှာ လက်နက်ချသွားခဲ့တာ မှတ်သားဖူးပါတယ်။ နောက်အ တော်ကြာတော့ နောက်ထပ် အမတ်တယောက် ထပ်ပြီးလက်နက်ချတာ ကြားရပါတယ်။ တိုင်းရင်းသားအဖွဲ့ တွေလည်း ငြိမ်းချမ်းရေးအမည်တပ်ပြီး စစ်အစိုးရနဲ့ ပေါင်းသွားခဲ့တာတွေ အများကြီးပါ။ လက်နက်မချသော် လည်း တတိယနိုင်ငံတွေကို ထွက်ခွာသွားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရော၊ ဗမာခေါင်းဆောင်တွေရော အများကြီးပါ။ ဒါကြောင့် အဖွဲ့အစည်းတွေ ပုံပျက်ကုန်ကြပါတယ်။

ကိုင်း အခုဖွဲ့မယ်ပြောနေတဲ့ ပြည်ပရောက် အစိုးရအသစ်ကြီးမှာလည်း ကက်ဘိနက်ဝန်ကြီး ၀န်ကလေးတွေ စစ်အစိုးရဆီကို လက်နက်ချတဲ့သူ ရှိမလာနိုင်ဘူးလို့ ဘယ်သူအာမခံမှာလဲ။ အစိုးရဖွဲ့လိုက်ပြီး ကိုယ်ထင်သလို စားပေါက်မပွတဲ့ ၀န်ကြီးဝန်ကလေးများထဲက နောက်ထပ်တတိယနိုင်ငံကို အပြီးထွက်ခွာမယ့်သူတွေ ရှိလာ တယ်ဆိုရင်ကော။ ဘယ်လိုလုပ်ကြမလဲ။ ဒီထက်ဆိုးတာလည်း ရှိနိုင်သေးတယ်။ ဘယ်ကိုမှလည်း အကြောင်း ကြောင်းကြောင့် သွားလို့မရ။ စားပေါက်ကလည်း မချောင်တဲ့ ၀န်ကြီးဝန်ကလေးတွေက ကိုယ့်အချင်းချင်းထဲမှာ ဖြစ်နေတာတွေကို ကိုယ်မှီတင်းနေထိုင်ရတဲ့ နိုင်ငံရဲ့ထောက်လှမ်းရေးအတွက် သတင်းပေးဖြစ်မသွားဘူးလို့ အာမခံနိုင်သလား။ နည်းနည်းအဆင့်မြင့်တဲ့သူတွေကတော့ သံရုံးတွေအကြိုက် လခစားသတင်းပေးတဲ့သူတွေ ဖြစ်မသွားနိုင်ဘူးလို့လည်း ဘယ်သူပြောနိုင်မလဲ။ အထူးသဖြင့် တရုတ်သံရုံးနဲ့ အိန္ဒိယသံရုံး။

အစိုးရဖွဲ့မှ စစ်အစိုးရကို တိုက်လို့ရတာ မဟုတ်ပါဘူး။ အားလုံးညီညွတ်ဖို့သာ လိုပါတယ်။ အစိုးရဆိုတဲ့အထိ နာမည်တပ်ပြီး လုပ်မှမဟုတ်ပါဖူး။ ပြန်ပြောရရင် ရင်တောင်နာလောက်ပါတယ်။ ပြည်ပရောက်အစိုးရကို လက် ခံပြီး ဖွဲ့ပေးပြီးလို့ ဘာကြာလို့လဲ ကရင်တို့ရဲ့ မာနယ်ပလောဌာနချုပ် စစ်အစိုးရလက်ထဲ ကျသွားခဲ့တာပဲ။ အခု ပြည်ပရောက် အစိုးရအသစ်တခု ထပ်ဖွဲ့လိုက်လို့ကတော့ နောက်ဆုံးကျန်နေသေးတဲ့ တမူးဖိုးတမတ်ဖိုး နေရာ လေးတွေပါ ပြုတ်မသွားနိုင်ဘူးလို့ အဲဒီအစိုးရအသစ်ခေါင်းဆောင်က တာဝန်ယူမှာလား။ အစိုးရအသစ်ဖွဲ့လိုက် ရင် ရန်သူဖြစ်တဲ့ စစ်အစိုးရက ဒီအတိုင်းလက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး စစ်ရေးအရ အကုန်ဝင်တိုက်ဖို့ နိုင် ငံရေးအခွင့်အလမ်း ရသွားနိုင်ပါတယ်။ အဲဒီလိုလာတိုက်ရင် ကိုယ်ကလက်တွေ့မှာ တကယ်ပြန် တိုက်နိုင်သ လား။ စဉ်းစားစရာတွေ အများကြီးရှိပါတယ်။ ခေါင်းအေးအေးနဲ့စဉ်းစားဖို့ တိုင်းရင်းသားရော ဗမာခေါင်းဆောင် တွေကိုပါ တိုက်တွန်းလိုပါတယ်။

နောက်ဆုံးတင်ပြလိုတဲ့ အချက်ကတော့ အခုဖွဲ့ချင်နေတဲ့ ပြည်ပရောက်အစိုးရသစ်ကြီးမှာ တိုင်းရင်းသားခေါင်း ဆောင်များလည်းပါမယ်လို့ ကြားထားပါတယ်။ တိုင်းရင်းသားခေါင်းဆောင်အများစုဟာ လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေမှာ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်တယ်ဆိုရင် နိုင်ငံတကာအကူအညီ မပေး တော့ဘူးဆိုတာ အမေရိကန်က တိုက်ကြီးနှစ်လုံး အတိုက်ခံရလို့ ပြိုကျသွားကတည်းက ပိုခိုင်မာလာတဲ့ အ နောက်နိုင်ငံများရဲ့ ပေါ်လစီဖြစ်ပါတယ်။ အစိုးရအသစ်ကြီးထဲမှာ လက်နက်ကိုင်တပ်တွေပါနေမှတော့ ဘယ်က ငွေအလုံးအရင်းနဲ့ လာတော့မှာလဲ။ တွက်ရေးစက်သူဌေး ဖြစ်နေမှာကို စိုးရိမ်မိပါတယ်။

အစိုးရဆိုတဲ့ နာမည်ကိုလည်း မမက်မောကြပါနဲ့။ ၀န်ကြီးချုပ်၊ ၀န်ကြီးဝန်ကလေး ရာထူးများကိုလည်း မခုံမင် ကြပါနဲ့။ မုန့်ဆီကြော် ဘယ်နေမှန်းမသိတဲ့ အလုပ်ထက် သေချာတဲ့ လက်တွေကျတဲ့ အလုပ်များ လုပ်စရာ အ များကြီးရှိပါသေးတယ်လို့ အကြံပေးပါရစေ။ တဦးနဲ့တဦး မလှည့်စားတဲ့၊ အကွက်မရိုက်တဲ့၊ မက်လုံးမပေးတဲ့ ညီညွတ်ရေးမျိုး တည်ဆောက်ကြပါလို့ ထပ်မံတိုက်တွန်းပါတယ်။

အင်း … သူများကို ပြောရင်းပြောရင်းနဲ့ ကက်ဘိနက်အဖွဲ့ဆိုတာကို ကိုယ်တိုင်တောင် ခံတွင်းတွေ့လာသလိုပဲ။ စိုင်းအိမ်မွဲတို့လည်း ၀န်ကြီးတနေရာလောက် (အဲလေ … ယောင်လို့) ၀န်ကလေးတနေရာလောက်များရရင် မောတို့ဌာနေကို ကိုယ်စားပြုပြီး လုပ်စမ်းကြည့်ချင်တယ်။ တိုင်းပြည်အတွက် ပြောတာပါ။ အဲဒီအခါကျရင် ဒီစာ ကိုလည်း ပြန်ရုပ်သိမ်းပေးပါ့မယ်လို့ …။

စိုင်းအိမ်မွဲ
(ဒုတိယအကြိမ်မြောက် ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်)

2 comments:

Unknown said...

သိတ်ကောင်းတဲ့ဆောင်းပါးလေးပါပဲ။လုပ်စားချင်တဲ့တိုင်းရင်းသားတွေကော့ ဗမာတွေကိုပါ ထိထိမိမိ ရေးလိုက်နိုင်ပါတယ်။စိုင်းအိမ်မွဲရေ အိမ်မက်တွေမမက်နဲ့ ခင်ဗျားရဲ့ ဆောင်းပါးလေးနဲ့ ပဲ ခင်ဗျားကဂုဏ်ရှိနေပါပြီ။ ဆက်ထိမ်းထား ဆက်ထိမ်းထား ဟိုးအရင်တုန်းက သိတ်လေးစားစရာကောင်းခဲ့တဲ့ ရှမ်းခေါင်းဆောင်ကြီးတွေရဲ့ အတွေးအခေါ်တွေကို။

Unknown said...

dont matter whether burma or any ethnics. otherwise it will be racism.

the real thing is deterioration among those bunch of opportunists regarded themselves as the force of democracy. what a shame.....

ps: bravo to the one writing and the other re-posting