Saturday, January 3, 2009

ပုလိပ်တွေ ဘာလုပ်နေသလဲ (ကိုရွှေမူဆယ်)

ပုလိပ်တွေဘာလုပ်နေသလဲ။
ဒီမေးခွန်းကိုတော့ အများပြည်သူက ဖြေနိုင်မယ်လို့ထင်ပါတယ်။
ဘယ်ကပုလိပ်တွေလဲဆိုတော့ မူဆယ်မြို့က ပုလိပ်တွေအကြောင်းပါ။

မူဆယ်မြို့မှာ အခုတလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကတော့ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု၊ လူသတ်မှု၊ လုယက်မှု၊ ခိုးမှုတွေဟာ ရက်ဆက်ဆိုသလို နေ့စဉ်ကြားနေရပါတယ်။ ဒါပေမယ့် မည်သည့်အမှုကိုမှ တရားခံ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒါကြောင့် ပုလိပ်တွေဘာလုပ်နေသလဲလို့ မေးချင်တာပါ။

မူဆယ်မြို့မှာ အခုတလောဖြစ်ပျက်နေတဲ့ အခြေအနေတွေကတော့ မော်တော်ဆိုင်ကယ်စီးနင်းသူတွေ ဆိုင် ကယ်ဦးထုပ်မပါလျှင် ဖမ်းဆီးဒဏ်ငွေရိုက်နေတာတွေဟာ ရက်ဆက်ဆိုသလို နေ့စဉ်မြင်တွေ့ ကြားသိနေရပါ တယ်။ ဒီအဖြစ်ကိုတော့ ရှင်းပြချင်ပါတယ်။ မူဆယ်မြို့ရှိ လမ်းဆုံတွေဖြစ်တဲ့ ကမ္ဘောဇဘဏ်ထောင့်၊ နာရီစင် လမ်းဆုံ၊ ယခုမီးပွိုင့်လမ်းဆုံ၊ ဆေးရုံရှေ့၊ ရွှေသမင်ကျောင်းအောက်ဖက်ရှိ လမ်းဆုံ … စတဲ့နေရာတွေမှာ အ လှည့်ကျပြောင်းရွှေ့ပြီး ရဲ၊ မီးသတ်၊ ကညန၊ မော်တော်ပီကယ်တွေဟာ သက်ဆိုင်ရာအဖွဲ့အစီးမှ တစ်ဖွဲ့လျှင် လူအနည်းဆုံး (၃) ယောက်ပါဝင်၍ လူ (၁၀) ယောက်ခန့်ပါဝင်တဲ့ ဆိုင်ကယ်ဦးထုပ်မပါသူများ ဖမ်းဆီးရေး ကော်မတီငယ်ဖွဲ့ပြီး သူပုန်ထနေကြပုံကတော့ဖြင့် တိုင်းပြည်မျက်နှာပျက်စရာပါပဲ။

အရေးယူပုံကတော့ ဒီလိုပါ။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးလာရင် ဝေါ်ကီတော်ကီကို လက်မှာကိုင် ပါးစပ်နားမှာတေ့ မျက်နှာထားတင်းတင်း အားမာန်ထည့်ပြီး တိုင်းပြည်ရန်စွယ်တွေကို ရှေ့တန်း စစ်မျက်နှာပြင်မှာ စစ်ဆင်နေတဲ့ စစ်သည်တော်တွေလို ရဲဝင့်မာန်ချီ ဘယ်သူ့ကိုမှ ဘာမထင်သော အပေါက် မျိုးဖြင့် ကော်မတီဝင်များဟာဖြင့် လူစုခွဲ ထွက်ပေါက်မရှိအောင် သူရသတ္တိဖြင့် စီးလာသော ဆိုင်ကယ်ကို ရှေ့ ကကာ ထုပ်စီးထိုးသလို နှစ်ဦးသားယိမ်းနွဲ့၍ အောင်နိုင်သူကတော့ ဆိုင်ကယ်သော့ကို ဆွဲလို့နှုတ်ကာ စားပွဲမှာ အဆင်သင့် ထိုင်စောင့်သူထံ ဆိုင်ကယ်သော့အပ်လိုက်တော့တာပဲ။

ဆိုင်ကယ်စီးလာသူကတော့ မျက်နှာငယ်လေးဖြင့် မိမိဆိုင်ကယ်အား ဂီယာကိုဖြုတ် ဖရီးလုပ်ပြီး သူတို့လက် ညှိုးညွှန်ရာ လမ်းဘေးမှာ ဆိုင်ကယ်ကို ရပ်ထားပေးကာ မိမိအိတ်ကပ်ကိုစမ်းလျက် စားပွဲရှိရာ သွားရရှာတယ်။ စားပွဲမှာရှိသူက နံပါတ်ပြော (၅၀၀၀) ပေးတဲ့။ ငွေမပါရင် အိမ်တစ်ခေါက်ပြန်သွားယူတဲ့။ အသနားခံလည်း မရ ပါ။ ထူးခြားတာတစ်ခုက တရုတ်နိုင်ငံသားတွေဆိုလျှင် (၁၀၀၀၀) တဲ့ဗျာ။ ဒီနေရာမှာ ကြားဖြတ်ပြောချင်ပါ တယ်။ တစ်ချိန်က အနိစ္စသဘောနဲ့ ကိစ္စရှောရရှာတဲ့ သွားလေသူ နိုင်ငံတော်ဝန်ကြီးချုပ်ကို တရုတ်ပြည်ခရီးစဉ် မှာ တရုတ်အကြီးအကဲများက မြန်မာပြည်မှာနေထိုင်လျက်ရှိသော မိမိတို့တရုတ်လူမျိုးများကို အထူးဂရုစိုက်ပါ လို့ မှာတမ်းခြွေလိုက်တဲ့အခါ စိတ်ချပါလို့ ကတိပြုခဲ့ပါသတဲ့။

ဟော … အခုတော့ကြည့်ကြပါဦး။ မြန်မာပြည်တွင်းမှာရှိနေတဲ့ တရုတ်တွေကို မြန်မာပြည်သားတွေနဲ့ ခွဲခြားပြီး ဒဏ်ငွေရိုက်လိုက်တာကဖြင့် ရင်ဝယ်ပိုက်ထားရမည့်အစား နိုင်ငံ့အကြီးအကဲဖြစ်သူတွေရဲ့ ကတိကို ဖျက်သ လိုဖြစ်မနေဘူးလား။ နိုင်ငံတော်ရဲ့မျက်နှာ အိုးမဲသုတ်ရာရောက်ပေတာပေါ့။ တရုတ်တွေကို ဘာကြောင့် (၁၀, ၀၀၀) ဒဏ်ရိုက်သလဲလို့မေးတော့ သူတို့ငွေနဲ့တွက်ရင် ဘာမှမရှိပါဘူးတဲ့။ တစ်ကြိမ်ထွက်ဖမ်းရင် မော်တော် ဆိုင်ကယ်အစီးရေ (၃၀ မှ ၅၀) အထိ မြက်မြက်ကလေးရတယ်။ ငွေသားအနေနဲ့ တွက်ရင်တော့ အနည်းဆုံး (၁၅၀၀၀၀ မှ ၂၅၀၀၀၀) အထိ ရကြတာပေါ့။ အဲ့ဒီလို တစ်ရက်မှာ (၂) ကြိမ်မှ (၃) ကြိမ်အထိ ရှိတတ်တယ်။ နေ့တွက်ကိုက်သွားရင် အကြိမ်ရေလျော့တာပေါ့။ တစ်ခါတစ်လေ ည (ရ နာရီ ၈ နာရီ) အထိ အလုပ်ကို ကြိုး စားကြပါသေးတယ်။ (၅၀၀၀) ကျပ်ကိုသာ အခြေပြုတွက်ရင် တစ်ရက်ကို အနည်းဆုံး (၂) ကြိမ်ထား တစ်ရက် ၀င်ငွေ အနည်းဆုံး (၃၀၀၀၀၀ မှ ၅၀၀၀၀၀) ကျပ်၊ တစ်လအနည်းဆုံး (ကျပ်သိန်းပေါင်း ၉၀ မှ ၁၅၀)။ အမယ် လေး စစ်စစ်ပေါက်ပေါက်တွက်ကြည့်တော့ ဆိုင်ကယ်ဦးထုပ်မဆောင်းတာကို အကြောင်းပြပြီး ငွေရှာနေတဲ့ ကော်မတီက ၀င်ငွေမနည်းပါလား။ ဒါကြောင့် အားကြိုးမာန်တက် တက်တက်ကြွကြွ ရှိနေကြပေသကိုး။

ဒီရရှိတဲ့ ငွေတွေကို ဘယ်မှာသုံးသလဲလို့မေးတော့ မူဆယ်ကိုလာတဲ့ အထက်က ဗိုလ်ချုပ်တွေ ခရီးစဉ်ရှိတဲ့အခါ ဒီငွေတွေနဲ့ ဧည့်ခံကျွေးမွေးရေး၊ လက်ဆောင်ပစ္စည်းဝယ်ပေးခြင်းများကို ပြုလုပ်ကြတယ်၊ ပိုတာကိုတော့ မြို့ နယ်လူကြီးများ ခွဲဝေသုံးစွဲကြရတယ်လို့ သိရပါတယ်။

မူဆယ်မြို့မှာက ရှမ်း၊ ကချင်၊ ပလောင်၊ ချင်း စတဲ့ ရိုးသားကြတဲ့ တိုင်းရင်းသားတွေက များတယ်။ ယာဉ်စီး ကမ်းအရ ဦးထုပ်မဆောင်းလျှင် ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာကို မသိသူက များပါတယ်။ မိမိတို့ကိုယ်ကိုယ် ယာဉ်စည်းကမ်းထိန်းသိမ်းနေပါတယ်လို့ဆိုတဲ့ ကိုတက်ကြွတွေက ငွေ (၅၀၀၀) ကျပ်သာ တောင်းနေတယ် ဘာကြောင့် အဲ့ဒီလို ဒဏ်ရိုက်ရသလဲဆိုတာ ရှင်းပြခြင်းမရှိ၊ ငွေပေးရင် ဆိုင်ကယ်သော့ ပြန်ပေးလိုက်တာပဲရှိ တယ်။ ကိုတက် ကြွတွေနဲ့ မြို့နယ်အထက်လူကြီးဆိုသူများက နေ့တိုင်ဖမ်း နေ့တိုင်းမိနေတာဟာ ပြည်သူတွေ ယာဉ်စည်းကမ်းဖောက်ဖျက်လို့ ဒီပြည်သူတွေ ယာဉ်စည်းကမ်းဖောက်ဖျက်လေလေ ငါတို့ဝင်ငွေရလေလေ နေ့ စဉ်ရက်ဆက် အကြိမ်ကြိမ်ဖမ်းကြရလို့ ပျော်ရွှင်နေကြတယ်။ အဲ့ဒီလိုနေ့စဉ်ရက်ဆက် ဖမ်းလို့ရနေခြင်းဟာ ပြည် သူတွေက ယာဉ်စည်းကမ်းဖောက်ဖျက်နေခြင်းမဟုတ်၊ ယာဉ်စည်းကမ်းဆိုတာ ဘာမှန်းကို မသိနာမလည်ကြ သောကြောင့် ဖြစ်တယ်ဆိုတာ ဥာဏ်ကြီးရှင်များမသိကြ။ မြို့အပြင်ဘက်မှာတော့ ရုပ်ရှင်မင်းသားမင်းသမီးများ ဆိုင်ကယ်ဦးထုပ်ကိုယ်စီဆောင်းထားတဲ့ ဓာတ်ပုံကိုတော့ ပြထားပါတယ်။ ဒါကို အများက ဦးထုပ်ကြော်ငြာလို့ပဲ သိကြမှာ။ ယာဉ်စည်းကမ်းမှာ မော်တော်ဆိုင်ကယ်စီးစဉ် ဦးထုပ်ဆောင်းရတယ်ဆိုတာ မသိကြဘူး။

ဥာဏ်ကြီးရှင်တို့က ပြည်သူတွေအတွက် တကယ့်စေတနာအမှန်ဖြင့် မတော်တဆထိခိုက်မှု၊ အသက်အန္တရာယ် စိုးရိမ်ရမှု၊ ယာဉ်အန္တရာယ် ကာကွယ်ထိမ်းသိမ်းလိုမှုတွေ ရှိခဲ့မယ်ဆိုရင် အခုလို ရုတ်ရုတ်သဲသဲ ပြည်သူများ အ ထိတ်တလန့်ဖြစ်စေမည့်လုပ်ရပ် သူပုန်ထမှုကြီးကိုဖြင့် လုပ်မယ်မထင်ပါဘူး။ အမှန်တကယ် စေတနာထားရိုး မှန်လျှင် ယာဉ်စည်းကမ်းကြပ်မတ်ချိန်မှာ စည်းကမ်းထိန်းသိမ်းသူများမှ ဆိုင်ကယ်ဦးထုပ်များကို ဆောင်းပြ ထားရမည်။ ဦးထုပ်ဆောင်းမလာသူအား ယခုလို ဦးထုပ်မဆောင်းဘဲ မော်တော်ဆိုင်ကယ်စီးပါက မည်သို့မည် ပုံ ယာဉ်အန္တရာယ်ရှိသည်ကို သဘောပေါက်နားလည်အောင်ရှင်းပြ၊ ယာဉ်စည်းကမ်း ကြပ်မတ်သူတို့ထံ အသင့် ၀ယ်ယူထားပြီးဖြစ်တဲ့ ဆိုင်ကယ်ဦးထုပ်များကို ဦးထုပ်ဆောင်းမလာသူအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပညာပေးသောစနစ်ကို သုံးသင့်ပေသည်။

ဦးထုပ်မဆောင်းဘဲ တစ်ကြိမ်မက ၀ယ်ရသူများမှာ မိမိတို့အိမ်တွင် ဦးထုပ်များပုံလာသည်ကိုတွေ့ပြီး ဆိုင်ကယ် စီးတိုင်း ဦးထုပ်ဆောင်ဖို့ သတိရလာပေမည်။ ဆိုင်ကယ်ဦးထုပ်က တစ်လုံးကို အနည်းဆုံး (China made ) ကျပ် (၁၀၀၀) မှ အများဆုံး (India made) ကျပ် (၅၀၀၀) လောက်သာရှိပါသည်။ ဒါဆိုရင် တစ်လတောင် လုပ်စရာ မလိုလောက်ဘူးထင်ပါတယ်။ ဒါကြောင့် လုပ်သင့်တာကို မလုပ်တဲ့ ဥာဏ်ကြီးရှင်တွေကို မေးချင် ပါတယ်။ ပုလိပ်တွေဘာလုပ်နေသလဲ

ဘာမဟုတ်တဲ့ ယာဉ်စီးကမ်းထိမ်းသိမ်းခြင်းဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်ဦးထုပ်မ ဆောင်းတာကို စစ်ဆင်ရေးအသွင်လုပ်ပြီး တခမ်းတနား အရေးတယူလုပ်နေကြသော်လည်း တကယ့်ပြည်သူ တွေရဲ့ အသက်၊ အိုးအိမ်၊ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးနေရတဲ့ ရက်ဆက်ဖြစ်ပွားနေသော လူသတ်မှု၊ လုယက်မှု၊ ခိုး မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှုတွေကိုဖြင့် နှိမ်နင်းရှင်းလင်းဖေါ်ထုတ်ရန် မသိချင်ဟန်ဆောင်နေကြသောသူ များကို မေးချင်တာက ပုလိပ်တွေဘာလုပ်နေသလဲ

နောက် အထက်ကလို ယာဉ်စီးကမ်းထိမ်းသိမ်းခြင်းမှာ မပါဝင်လိုက်ရသော ရဲ၊ လ၀က၊ စသုံးလုံး၊ SB၊ စအဖ၊ မူးယစ်တွေကတော့ တရုတ်မြန်မာ ၀င်/ထွက်အပေါက်တွေမှာ ဘိလိယက်ထိုးရင်း ပြည်သူတွေ တနိုင်သယ်ယူ လာတဲ့ ပစ္စည်းများအပေါ်မှာ ဆက်ကြေးကောက်၊ တောလမ်းတွေမှာ စစ်ဆေးရေးဂိတ်ကို ရှောင်ကွင်းသွားလာ နေသော ကယ်ရီပစ္စည်းတွေကို လိုက်ချောင်း၊ ခြိမ်းခြောက် ငွေညှစ်၊ ဘိန်းရောင်းသူကို မဖမ်း သုံးစွဲသူကိုဖမ်းပြီး ငွေပေးလျှင် ပြန်လွှတ်ပေး။ မှတ်ပုံတင်ကတ်ပြားကိုကြည့် ကိုယ့်လူမျိုးအချင်းချင်း မမှန်မကန်စွပ်စွဲ အကြံအဖန် တွေလုပ်၊ (၁၀၅မိုင်) စစ်ဆေးရေးဂိတ်မှာ အမည်အမျိုးမျိုး တပ်ထားတဲ့ စားပွဲ (၁၂) ခုံမှာရှိသူတွေက တရားဝင် Declare လုပ်တဲ့ ကားများကို အမျိုးမျိုးဖိအားပေး ငွေတောင်းနေကြပါသတဲ့ဗျာ။

ဒီလိုမတရား ပြည်သူကို နှိပ်စက်၊ သူပုန်ထနေခြင်းဟာ ဘယ်သူတွေမှာ အပြစ်ရှိသလဲ သက်ဆိုင်ရာအဖွဲ့အစည်း မှာလား၊ မြို့နယ်လူကြီးတွေလား၊ ခရိုင်လူကြီးတွေလား၊ ပြည်နယ်လူကြီး ဗိုလ်ချုပ်တွေလား၊ နိုင်ငံတော်လူကြီး ဗိုလ်ချုပ်တွေလားဆိုတာ တွေးမရအောင်ပါဘဲ။ ဘာပဲပြောပြော ပြည်သူတွေကတော့ အဖြေကိုသိပြီးသားပါ။ လူကြီးဆိုတာတွေကို မေးချင်စမ်းပါဘိ။ ပလိပ်တွေ ဘာလုပ်နေသလဲ။

ခိုဆိုးလုယက်မှုတွေ များလာပြီဆိုတော့ ဒါဟာ ပြည်သူတွေကြားမှာ စီးပွားရေး အဆင်မပြေမှုတွေ၊ ရှာဖွေစား သောက်ရမှု ခက်ခဲလာတာတွေ ရှိနေကြလို့ပေါ့။ မြန်မာပြည်ရဲ့ မြို့တစ်မြို့ရဲ့ အခြေအနေကိုကြည့်ရင် တိုင်း ပြည်ရဲ့ အခြေအနေကို ခန့်မှန်းသိရှိနိုင်ပါတယ်။ ပြည်သူတွေကတော့ ၂၀၁၀ အထိ သွားနိုင်ကြမယ်မထင်ဘူး။ ဘာဘဲပြောပြော …

ကဲ … ဗိုလ်ချုပ်မှုးကြီးရေ … ၂၀၁၀ မသွားခင် Clean Government ဆိုတာလေး စလိုက်ပါဦးလား။ ပြောသာ ပြောရတယ်၊ မူဆယ်ရောက်လာကြတဲ့ ၀န်ထမ်းတွေက ဗိုလ်ချုပ်မှုးကြီးလောက်ကတော့ Don’t care ပဲ။ ဘာ ဖြစ်လို့လဲဆိုတော့ အဲ့ဒီနိုင်ငံ့ဝန်ထမ်းတွေက ခွေးမြီးကောက် …။

ကိုရွှေမူဆယ်

No comments: