Thursday, January 15, 2009

ဇန်န၀ါရီလ (၁၁) ရက် အာရ်အက်ဖ်အေ တနင်္ဂနွေဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ...

တိုးလေး (နယူးဒေလီ)

- မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှု တိုးပွားနေကြောင်း ဆွေးနွေးချက် (နားဆင်ရန်) click

မိတ်ဆွေများခင်ဗျား …

ဇန်န၀ါရီလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ‘အာရ်အက်ဖ်အေ တနင်္ဂနွေဆွေးနွေးပွဲ’ကို နားထောင်ကြည့်ပါ။ ဆရာကြီးတွေဖြစ်တဲ့ ဦးစိန်မြင့်၊ ဦးစိန်ဋ္ဌေးနဲ့ စီးပွားရေးပညာရှင်ဆိုသူ ဦးဇော်ဦးကို မြန်မာပြည်က အဂတိလိုက် စားမှု အခြေအနေနဲ့ ပတ်သက်ပြီး အာရ်အက်ဖ်အေက မေးမြန်းဆွေးနွေးစေပါတယ်။

နားထောင်အပြီးမှာ တိုင်းပြည်နဲ့ ပြည်သူလူထုကြီးအကျိုးအတွက် ကိုယ်တိုင်က ဘယ်ဘ၀မျိုးရောက်နေပါစေ စေတနာထက်သန်တဲ့ ပညာရှင်နဲ့ ကိုယ်ကျိုးကြည့် ပညာရှင်ဆိုပြီး နှစ်မျိုးနှစ်စား တွေ့လိုက်ရလေသလားလို့ တွေးလိုက်မိပါရဲ့။

အတိအကျဆိုရရင် စိတ်ဓာတ်အားဖြင့် ရိုးသားမူမှန်ပြီး မှန်ကန်စွာ ဝေဖန်ထောက်ပြရဲသူ၊ တတိုင်းပြည်လုံး အ တန်းအစားအလွှာ လူမျိုးမရွေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အခြေခံရည်ရွယ်ချက်နဲ့ တိုင်းထွာတွက်ချက် ပြီး လိုအပ်ပါက အုပ်ချုပ်သူ လူတန်းစားကိုပါ ဝေဖန်ထောက်ပြရဲသူ ပညာရှင်နဲ့၊ အုပ်ချုပ်သူ လူတန်းစားကို ဝေ ဖန်ထောက်ပြဖို့အရေး ဆွံ့အတုံ့ဆိုင်းသူ ပညာရှင်အဖြစ် ခွဲခြားမြင်မိလိုက်တာပါ။

အုပ်ချုပ်သူ အာဏာရှင်တွေကို ဝေဖန်ထောက်ပြဖို့အရေး တုံ့ဆိုင်းသူ ပညာရှင်တွေအနေနဲ့ တကိုယ်တော် ကိုယ်ကျိုးစီးပွားတွက်ကိန်းနဲ့မို့ မပြောရဲလေသလားလို့ ထင်မြင်စရာ ထပ်ဖြစ်လာပြန်တယ်။

ဘယ်ကာလမှာဖြစ်ဖြစ် အဖြစ်မှန်ကို ရဲတင်းစွာ ဖြေဆိုဝေဖန်နိုင်စွမ်းရှိသူ ပညာရှင်တွေဟာ သူတတ်ကျွမ်းတဲ့ သက်ဆိုင်ရာပညာနဲ့ ပတ်သက်ဆက်စပ်တဲ့ ကိစ္စရပ်ဖြစ်ရင် နိုင်ငံတော်အုပ်ချုပ်သူတွေဘက်က အပြစ်အနာအ ဆာရှိရင်လည်းပဲ မထောက်မညှာစတမ်း ဝေဖန်သင့်တယ်လို့ ယူဆမိပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူလို့ ဆို ထားတာကြောင့် နိုင်ငံသားဆိုတဲ့ အခြေခံအရာက မလွဲမသွေရှိနေတာကြောင့်ဖြစ်ပါတယ်။ (တခုတော့ ရှိတာ ပေါ့လေ။ တိုင်းသူပြည်သားလူအများက လေးစားအားထားရတဲ့ ပညာရှင်မျိုးဖြစ်စေချင်လို့ပါ။ ပညာရှင်ဆိုတာ သက်ဆိုင်ရာပညာတွေကို အပတ်တကုတ် ကြိုးစားအားထုတ်ပြီး အပင်ပန်းခံလုပ်ဆောင်ခဲ့သမျှ အပင်ပန်းခံရ ကျိုးနပ်ပြီး သမိုင်းကြောင်းကောင်းဖို့အရေး ဖြစ်စေချင်လို့ ပြောတာလည်း ပါပါတယ်။ ဒါပေမယ့် အလကား ပ ညာရှင်၊ လူယုတ်မာပညာရှင်၊ တကိုယ်ကောင်းသမားပညာရှင်တွေလည်း ရှိတတ်တာကို သဘာဝအားဖြင့် သိ ပါတယ်လေ။)

စိတ်ဓာတ်အားဖြင့် ဒီလောက်မတတ်နိုင်ရင်တောင် အအုပ်ချုပ်ခံလူများစုကြီးက အုပ်ချုပ်သူလူနည်းစုကို လက် ညှိုးငေါက်ငေါက်ထိုးပြီး ဆဲဆိုနေတဲ့ အခုလိုအခြေအနေမျိုးမှာ အုပ်ချုပ်သူလူနည်းစုဘက် လိုက်ကာပေးတာ မျိုး၊ “မကြာခင် ဖြစ်လာမှာပါ” ဆိုပြီး အကြားအမြင်ရ၊ ဆဋ္ဌမအာရုံရသူလို တောင်စဉ်ရေမရ မပြောသင့်ပါ။ အ ထူးသဖြင့် လူအများကြားသိနိုင်တဲ့ မီဒီယာ၊ ရေဒီယိုမျိုးကနေ တိုင်းပြည်ကိုမပြောသင့်ပါ။ (အခုအရေးမှာဆိုပါ က အာရ်အက်ဖ်အေကို အပြစ်ပြောစရာမရှိပါ။ သူက ပညာရှင်ကို စိတ်ဓာတ်ရေးရာ၊ သတ္တိရေးရာ၊ အမှန်တရား ကို မြတ်နိုးကိုးကွယ်သူ စတဲ့ ပညာရှင်အမျိုးအစားတွေကို ပါဝင်ပါရှိအောင် သမာမျှတစွာမေးမြန်းထားပါတယ်။ နို့ မဟုတ်ပါက အန္တရာယ်ရှိပါတယ်။ ဒီကနေ့ခေတ် မြန်မာပြည်ပြင်ပက ရေဒီယိုတွေနဲ့ အင်တာနက် မီဒီယာသ မားတွေ မညံ့ပါ။ အင်မတန်မှကြီးကို အရေးပါပါတယ်။)

ဒီလောက်တောင် စုတ်ပြတ်သတ်ပြီး ကုန်းကောက်စရာ မရှိလောက်အောင် ငတ်ပြတ်ပြီး အသေဆိုးနဲ့ သေနေ ရတဲ့ လူထုကို ငဲ့ညှာပြီး အပြစ်ရှိသူ ဘယ်လိုလူတန်းစားကိုမဆို ပညာရှင်တွေက ပြောဆိုဝေဖန်သင့်ပါတယ်။ ပြည်တွင်းမှာက သေကွင်းသေကွက်မို့ ပြည်တွင်းက ပညာရှင်တွေကို အပြစ်မတင်လိုပါ။ ပြည်ပက ပညာရှင် ဆိုသူတွေကတော့ ဒီလိုမဟုတ်ဘဲ ပြည်သူလူထုကို မစားရ ၀ခမန်း မျှော်လင့်ချက်တွေ မပေးသင့်ပါ။ ပညာ သားပါပါနဲ့ ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ် မပြောသင့်ပါ။ အတိအကျ ညွှန်းဆိုပြောကြားသင့်ပါတယ်။

တခုသိသင့်တာက ပြည်သူတွေဟာ ကိုယ်လောက် (ပညာရှင်လောက်) စီးပွားရေးပညာကို နားလည်ချင်မှ နား လည်ပါ့မယ်။ ဒါပေမယ့် မတရားတဲ့ စီးပွားရေး ဂုတ်သွေးစုပ်မှုတွေ၊ လူထု သေချင်သေပါလေ့စေ ငါတို့ အုပ်ချုပ် သူတွေ ကောင်းစားနေရင်ပြီးရောဆိုတဲ့ အတန်းအစားတွေအကြောင်း၊ ဒီကနေ့ အလုပ်မလုပ်နိုင်ရင် မနက်ဖြန် ငတ်ရဖို့သာ ပြင်ထားပေတော့ဆိုတဲ့ လက်တွေ့ဘ၀မျိုးကို ခါးသီးတဲ့ သင်ခန်းစာမျိုးကို နှစ်ပေါင်းဆယ်စုနှစ်များ စွာ နောကျေနေတယ်ဆိုတာ သိသင့်ပါတယ်။ သတိချပ်သင့်ပါတယ်။ ဆင်ခြင်သင့်ပါတယ် ပညာရှင်များခင်ဗျ။ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ရိုကျိုးစွာ တောင်းပန်လျှောက်ထားလိုပါတယ်ခင်ဗျ။

အုပ်ချုပ်သူတွေကို အကြောင်းအမျိုးမျိုးကြောင့် ဖားချင်ကပ်ချင်တဲ့ အပြောမျိုး ' အုပ်ချုပ်သူများခင်ဗျား ကျနော် မျိုး လေးစားစွာ စောင့်ကြည့်အားပေးနေပါတယ်' ဆိုတဲ့ အပြောမျိုး၊ ဒီစစ်အုပ်စုခေါင်းဆောင်တွေက ဟန်ပြ လောက် ပြောပြောနေတာ ရာစုနှစ်ထက်ဝက်လောက် ရှိခဲ့တာကိုတောင် မသိဟန်ပြုပြီး 'ဆက်သွားပါ၊ လုပ် သွားပါ၊ ကောင်းသွားမှာပါ။ ကျနော်မျိုး မောင်ပညာရှင် လာကူပါ့မယ်'' ဆိုတဲ့ အပြောမျိုးနဲ့ ပြည်သူလူထုကို အလုံးကြီးတွေနဲ့ မျှော်လင့်ချက်ပေးတာ၊ေ၀၀ါးထွေပြားအောင်လုပ်တာ၊ ''လက်တွေ့အားဖြင့် လာပါလိမ့်မယ် တဖြေးဖြေးချင်းပေါ့'' ဆိုတဲ့ တွေးလုံးတွေနဲ့ လုံးပါးပါးနေရတဲ့ လူထုရဲ့ ဆင်းရဲချို့တဲ့လွန်းတဲ့ ဘ၀လေးတွေကို လက်ငင်းမကုစားနိုင်ဘဲ မပြောပါနဲ့ မဟာပညာရှင်ခင်ဗျား။

တကယ်သာ လွတ်လပ်ပွင့်လင်းပြီး လူထုအခြေခံနဲ့ စခန်းသွားတဲ့ တိုင်းပြည်သာ ဖြစ်ပါပလေ့စေ၊ ကိုယ့်နိုင်ငံက မာနကြီးတခွဲသားနဲ့မို့ နိုင်ငံတကာကို သူတောင်းစားလို လက်ဖြန့်မတောင်းချင်နေပါ၊ တကယ့်ကို စာနာထောက် ထားကူညီနိုင်တဲ့၊ ကူညီချင်တဲ့ နိုင်ငံတွေ ရှိနေပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားရဲ့ စစ်အစိုးရနဲ့တော့ မဖြစ်ရေးချ မဖြစ်၊ အလုပ်မဖြစ်ပါလို့ ဆိုပါရစေ။

လူကြီးတွေဖြစ်တဲ့ သက်ကြီးရွယ်အို ဆရာကြီး ဦးစိန်မြင့်နဲ့ ဦးစိန်ဋ္ဌေးကို ကန်တော့လိုက်ပါတယ်။ ၀မ်းနည်းကြေ ကွဲစွာ ယုံကြည်အားကိုးပါတယ်။ ဦးဇော်ဦးကတော့ ဘယ်အရွယ်ရှိလဲ မသိပါ။ သူက မကြာသေးခင်ကပဲ ပြည် တွင်းကို နှစ်ခေါက်လောက်ပြန်ပြီးသူလို့ ပြည်ပရောက်တက်ကြွလှုပ်ရှားသူ နိုင်ငံရေးမိတ်ဆွေတွေ၊ တော်လှန် ရေးမိတ်ဆွေတွေက ပြောနေပါတယ်။ ကျနော် တပ်အပ်တော့ မသိပါ။ ပြန်ခဲ့ရင်လည်း ဘာကြောင့်ပြန်တာလဲ အတိအကျ မပြောနိုင်ပါ။

သူလည်းလေ အိမ်ကိုလွမ်းလို့ပဲလေလား၊ စီးပွားရေးအရ ဖောင်ဒေးရှင်း ချချင်လို့လား၊ တိုင်းပြည်ကို ကယ်တင် ဖို့လားလည်း မသိပါ။ သွားပါစေပေါ့လေ။ အဖမ်းအချုပ် မခံရပါစေနဲ့၊ တကယ်ပဲ သူတွေးထင်သလို ဖြစ်လာပါ စေလို့သာ ဆုတောင်းပါ့မယ်။

ဘာပဲဖြစ်ဖြစ် ပြောချင်တာက ပညာရှင်တွေအနေနဲ့ လူထုဘက်ကနေ ရပ်တည်ပြောဆိုနိုင်စွမ်း ရာထောင် သောင်းချီသတ္တိတွေ ပွားများလာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ အာဏာရှင် စစ်ခေါင်းဆောင်ဆိုသူတွေထက် နည်းပရိယာယ်ဆိုတဲ့အရာမှာ ပိုမိုကြွယ်ဝပါစေလို့ ခေါင်းလေးလေးနဲ့ ဆုတောင်းရမလိုလို ဖြစ်ပါတယ်။

တရားဟောဆရာတွေ၊ ဗုဒ္ဓဘာသာရေးခေါင်းဆောင် သံဃာတော်တွေကို သေချင်းဆိုးနဲ့ သေအောင်လုပ်ခဲ့တဲ့ အာဏာရှင်စစ်အစိုးရမျိုးကို စိတ်ရင်းစိတ်ဓာတ် မှန်ကန်စွာနဲ့ဆေးကုသပြီး သူတော်ကောင်းဖြစ်အောင် လုပ်နေ တဲ့ မဟာစီးပွားရေးပညာရှင်၊ နိုင်ငံရေးပညာရှင်၊ လေ့လာအကဲခတ်သူ ပညာရှင် စိတ်ဓာတ်မျိုး အမှန်တကယ် ရှိရင်တော့ဖြင့် လူ့ဘ၀ကို ဖြတ်သန်းသွားလာရတာ အနည်းငယ် အသေဖြောင့်နိုင်ကြောင်း တင်ပြလိုပါတယ် ခင်ဗျား ...။

တိုးလေး (နယူးဒေလီ)

4 comments:

သတိ said...

အားလုံးသတိ

တစ်ခုပဲ မေးစရာရှိပါတယ်..
ဖြစ်ကြောင်းကုန်စင်ကို မိမိကျွမ်းကျင်တဲ့ ပညာရေးရှုထောင့်က သုံးသပ်လို့ လိုအပ်တယ်ထင်တဲ့အတိုင်း အကောင်းဆုံးလမ်းကြောင်းလို့ ပညာပိုင်းအရ ယူဆနိုင်တဲ့ အကြောင်းရာတွေကို ထောက်ပြခြင်းဟာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူးလား..

ပညာရှင်ဆိုတာ အစိုးရကို ထိုင်ဆဲနေမှ ဟုတ်လိုက်လေလို့ သတ်မှတ်မှာလား.. ဒါဆိုရင်တော့လည်း ဒီဆောင်းပါးမှာ စွပ်စွဲထောက်ပြခဲ့တဲ့ အစိုးရဘက်က ဘက်လိုက်ပြောဆိုပါတယ်ဆိုတဲ့ ပညာရှင်လိုပဲ.. အတိုက်အခံဘက်က ဘက်လိုက်ပြောဆိုပါတယ်ဆိုတဲ့ ပညာရှင်မျိုးပဲ ထပ်မြင်ရဖို့ ရှိပါလိမ့်မယ်..

ပြည်သူဘက်ကပြောမယ်ဆိုရင်တော့ ပြည်သူတွေကို ထိခိုက်စေတဲ့ လမ်းကြောင်းတွေကို၊ ဘယ်သူလုပ်လုပ် ဘယ်နေရာကလုပ်လုပ် ပညာရှင်တွေအနေနဲ့ မိမိသက်ဆိုင်တဲ့ ရှုထောင့်ကနေ မညှာတမ်းထောက်ပြခြင်းသာ အကောင်းဆုံးပါလို့ ကျွန်တော်တော့ ထင်တာပဲဗျ..

အားလုံးသက်သာ

မောင်သတိ

aye said...

ဟေ့ ကောင်သတိ

ပြည်သူတွေဘာဖြစ်လဲဆိုတာ မင်းလဲ အသိ ငါလည်းအသိ နိုင်င့တကာလည်းအသိ ဆောင်းပါးရှင် ဘာမှားသလဲ သူက ဆဲခိုင်းနေတာမဟုတ်ဘူး အဖြစ်မှန်တွေကို ပညာရှင်တွေက ပြောစေချင်တာ ငါတိုတိုင်းပြည်မှာ ကိုယ်ကျိးအတွက် တတ်သိပညာရှင်တွေ ကိုယ်ရဖို့အတွက် တတ်တဲ့ကောင်တွေကို ကာကွယ်ပြောမနေနဲ့ အားလုံးအသိ မောင်သတိရေ

aye said...

မြန်မာ့အရေးကျွမ်းကျင်သူတွေ စစ်တပ်အကြောင်းတတ်သိပညာရှင်တွေ စီးပွားေ၇းအကြောင်း ပညာရှင်တွေ အားလုံးဟာ ဘယ်ဘ၀က လာကြပါသလဲ စစ်အာဏာရှင်ကို ဆန့် ကျင်ပြရင်း နိုင်ငံတကာကျောင်းကြီးတွေကိုတက်ခွင့်ရ ပြီး ပြည်သူကိုမထောက်ထား ပဲ ကြားကျကျပဲဝေဖန်နေတော့ မင်းတို့ နအဖရဲ့ ပေါင်ကြားမှာပဲ နေသင့်တယ် မောင်သတိ မင်းလည်းသူတို့ နဲ့ ပေါင်းပြီးနေပေါ့ကွာ

Unknown said...

သတိဆိုတဲ့ကောင်...
မင်းတတ်တာကလိမ်ပညာ။မင်းအတွက်လူထုကြားမှာနေရာမရှိ။