Thursday, January 15, 2009

ကဒေါင်းကြီး ခွပ်တော့မည်လော

ဦးဖိုးသာအောင် (နော်ဝေ)

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်၏ မင်္ဂလာနှစ်သစ်ကူး ရက်ထူးရက်မြတ်မှာ နှစ် ၂၀ သက်တမ်းရှိ မြန်မာအတိုက်အခံ နိုင်ငံရေးလောက၌ သတင်းထူး သတင်းဦးကြီးတခုကို ကြားလိုက်ရပါတော့သည်။ သတင်း ကတော့ ကဒေါင်းကြီး၏ တွန်သံဖြစ်ပါသည်။ ကဒေါင်းတံဆိပ် ခတ်နှိပ်ထားသော “အင်စီယူးဘီ” ခေါ် ပြည် ထောင်စုမြန်မာနိုင်ငံ အမျိုးသားသားကောင်စီသည် မြန်မာစစ်အစိုးရနှင့်ယှဉ်ပြိုင်၍ စင်ပြိုင်အစိုးရတခု ထပ်မံ ဖွဲ့စည်းရန် စီစဉ်လျက်ရှိပါကြောင်း ၂၀၀၉ ခုနှစ်ထဲတွင် အကောင်အထည်ပေါ်လာမည် ဖြစ်ကြောင်း ...။

ဒီတင်းကို ကြားရတဲ့ လူထုကြီးအတွက်ကတော့ ရယ်ရမလို၊ ငိုရမလိုနှင့် “ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား အင်စီယူးဘီ” ဟု မေးခွန်းတွေထုတ်နေကြပါပြီ။ န.အ.ဖ စစ်အစိုးရကို ဝိုင်းဝန်းတိုက်ခိုက်နေကြတဲ့ အတိုက်အခံ အင်အားစုဆိုသည်များထဲတွင် စင်ပြိုင်အစိုးရတခုနှင့် မနိုင်လို့ စင်ပြိုင်အစိုးရနှစ်ခု ဖွဲ့ပြီးတိုက်တဲ့ တိုက်ကွက်ကြီး လို့ ပြောသူပြော၊ ဂျက်ကီချမ်းကြီး အသက်ကြီးသွားပြီ အခုမှ တကယ်ချမယ့် ဂျက်လီကွ ဟုဆိုသူဆိုနှင့် မြန်မာ လူထုကြီးအကြား တီးတိုးဝေဖန်သုံးသပ်သံများ ပွက်လောညံနေကြသည်။ မြန်မာ့အရေးလေ့လာသုံးသပ်သူ များ၊ ပုရောဟိတ်ကြီးမျာသည်လည်း ဘာတွေဘယ်လိုဖြစ်ကုန်ပြီလဲဟု ဝေဝါးလျက် နှုတ်ကျွံစကားကျွံ မဖြစ်စေ ရန် ပါးရည်နပ်ရည်နှင့် စောင့်ကြည့်အကဲခတ်လျက်ရှိကြ၏။ ပရိတ်သတ်ကြီးက ထိုနိုင်ငံရေးပုရောဟိတ်ကြီးများ ဘယ်လိုသုံးသပ်မလဲဆိုတာကို ငံလင့်လျက်ရှိနေသည်။

အင်စီယူးဘီသည် ဒေါက်တိုင်ကြီးလေးခုနှင့် ထောက်ကန်ဖွဲ့စည်းထားသော အဖွဲ့ချုပ်ကြီးဖြစ်သည်ဟု အတိုက် အခံလူကြီးသူမများ၏ ပြောစကားကိုတော့ ကြားဖူးပါသည်။ ထိုဒေါက်ကြီးလေးဒေါက်ထဲတွင် “အင်စီဂျီယူးဘီ” ခေါ် ဦးစိန်ဝင်းအစိုးရအဖွဲ့လည်း ဒေါက်တခုအဖြစ် ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် အင်စီယူးဘီနှင့် အင်စီ ဂျီယူးဘီတို့သည် အနှစ်နှစ်ဆယ်နီးပါး စိတ်တူကိုယ်တူ ဖြစ်ခဲ့ကြပါသည်။ ပရီပိုဇယ်ကိုလည်း ရယူသုံးစွဲနေနိုင် ကြတဲ့ အဖွဲ့ကြီးတွေလည်း ဖြစ်ပါသည်။ အင်စီဂျီယူးဘီမှ လူကြီးများသည်လည်း အင်စီယူးဘီမှ တာဝန်ရှိရာထူး ကြီးများကို ထမ်းဆောင်နေကြသူများလည်း ဖြစ်ပါသည်။

သို့သော် ယခုမှထပြီး အင်စီဂျီယူးဘီ အစိုးရကြီးရှိပါလျက် အင်စီယူးဘီ အစိုးရတခု ထပ်မံဖွဲ့စည်းမည်ဖြစ် ကြောင်း ကြေငြာချက်ကတော့ အတော့်ကို ထူးဆန်းသော သတင်းတခုပင် ဖြစ်နေပါသည်။ မည်သို့ဆိုစေ အဖွဲ့ အစည်းကြီးတခု၏ စည်းမျဉ်းစည်းကမ်း ဥပဒေသများအတိုင်း မကိုက်ညီသော လုပ်ရပ်ဖြစ်နေတာကတော့ အ မှန်ပင်ဖြစ်သည်။ အင်စီယူးဘီဘက်မှ ဦးမြင့်သိဏ်းက သူတို့အသစ်ဖွဲ့စည်းမည့် အစိုးရသည် အစိုးရ၏ အင်္ဂါရပ် များနှင့်ကိုက်ညီအောင် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်အင်အားစုများလည်း ပါဝင်နေပါကြောင်း၊ မတိုး မတက် အလုပ်မဖြစ်တဲ့ လမ်းဟောင်းကြီးကို စွန့်ပစ်ပြီး လမ်းသစ်၊ မူသစ်နှင့် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း၊ အစိုး ရဟောင်း ဝန်ကြီးချုပ်ဦးစိန်ဝင်းကတော့ သူတို့အင်စီဂျီယူးဘီအဖွဲ့သည် သူတို့မူနှင့်သူတို့သွားနေကြောင်း ပြည် တွင်းက စီအာပီပီနှင့် အင်အယ်ဒီတို့ရဲ့အောက်ကပဲ လိုက်ပါဆောင်ရွက်နေပါကြောင်း ပြောကြပါသည်။

ဦးစိန်ဝင်းအစိုးရသည် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှ အရေးယူရေး “ အစ်ရှုး ”ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ရောက်အောင်ဆောင်ရွက်နိုင်သည်ဟု ဂုဏ်ယူဝင်ကြွားပြောလေ့ရှိသည်။ ဒီထက်တိုးမတက်တာ ကတော့ လူတိုင်းအသိပင်။ ရုံးအုပ်ကြီးက သူ့ရုံးခန်းကို သန့်ရှင်းရေးလုပ်နိုင်တယ်ဟု ဂုဏ်ယူနေဟန်ရှိသည်။ လူဦးရေ လေးငါးယောက်နှင့် ထာဝရဝန်ကြီးချုပ်နှင့် ဝန်ကြီးများဟုလည်း သတ်မှတ်ဆုပ်ကိုင်ထားကြပါသည်။ မြန်မာပြည်ကို ဘယ်လိုဒီမိုကရေစီမျိုးနှင့် တည်ဆောက်မည်ဆိုတာကို ရေရေရာရာမရှိပါ။ အရှေ့ကိုမျှော်သလို လိုနှင့် အလုပ်မဖြစ်သည့် ကုလသမဂ္ဂလမ်းကြောင်းကို လုပ်ပြနေကြပါသည်။ မြန်မာ့အရေး ကမ္ဘာ့ကသိရေးအ တွက် နိုင်ငံတကာကို လှည့်ဖန်များပြီ ရှက်တတ်သူက ရှက်နေပုံလည်း ပေါ်ပါသည်။

အင်စီယူးဘီ အထွေထွေအတွင်းရေးမှူးဖြစ်သော ဦးမောင်မောင် စီစဉ်သည့် န.အ.ဖစစ်အုပ်စုကို စိန်ခေါ်သည့် credentials challenge ပြကွက်ကို ဦးစိန်ဝင်းက လက်မခံ၊ လတ်မှတ်မထိုးသဖြင့်လည်း ထင်ရှားတဲ့ အက် ကြောင်းကို လူထုကမြင်ခဲ့ရပါသည်။ ဘယ်လမ်းကိုမှန်းမသိ၊ ကိုယ့်လမ်းကိုယ်လျှောက်နေသော ဦးစိန်ဝင်းအစိုး ရကတော့ အလုပ်မဖြစ်တာ အမှန်ပင်ဖြစ်နေပါသည်။

ဟော အခု အင်စီယူးဘီ အစိုးရသစ်ကတော့ တကယ်အလုပ်ဖြစ်မှာလား။ ဖက်ဒရယ်ပြည်ထောင်စုမူတွေ၊ ဥပ ဒေတွေကို နယ်စပ်မှာ အကြိမ်ကြိမ်သင်တန်းတွေပေး လေ့ကျင့်ခဲ့သည်များကိုလည်း ကြားဖူးခဲ့ပါသည်။ အခြေ ခံဥပဒေတွေ ရေးဆွဲပြီးနေကြောင်းလည်း ကြားခဲ့ပြန်ပါသည်။ ပြည်တွင်းရေးမို့ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုး ပြီး တိုက်ပွဲဝင်ရေးလမ်းစဉ်သာ အင်စီယူးဘီ၏ အဓိကလမ်းစဉ်ဖြစ်ကြောင်းလည်း သိခဲ့ရပါသည်။ ဒါကြောင့် ယခု အင်စီယူးဘီ အစိုးရသည် ယခင်အင်စီယူးဘီအဖွဲ့၏ အခြေခံမူဝါဒတွေနှင့် အတူတူပဲလား၊ ဒါမှမဟုတ် ဘယ်လို ပြောင်းလဲမှုတွေ ရှိပါသလဲဆိုတာ မေးခွန်းထုတ်ရပါတော့မည်။ သေချာတာတခုကတော့ လက်နက် ကိုင်တိုက်ပွဲဝင်မည်တဲ့။

လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်ကို အသုံးပြုရသည့် ပဋိပက္ခတိုင်းကို အကြမ်း ဖက်ဟု မဆိုနိုင်သလို လက်နက်ကိုင်တရားသော စစ်ပွဲများသည်လည်း ယနေ့ကမ္ဘာကြီးမှာ လိုအပ်လျက်ပင်ရှိ နေပါသေးသည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲမှာ ရေပန်းစားလာတဲ့ အ ကြမ်းမဖက်ရေး လက်နက်မဲ့လူထုအားနှင့်တိုက်သည့် တိုက်ပွဲပုံသဏ္ဍန်သည် အောင်မြင်မှုမရနိုင်ပဲ ပြည့်စုံလုံ လောက်မှုမရှိကြောင်း သိလာကြပါသည်။ အကြမ်းမဖက်တိုက်ပွဲပုံစံသည် ပစ်ပယ်ရမည်တော့ မဟုတ်ပါ။ နည်း ဗျူဟာတခုအရ အစဉ်အမြဲ ရှိနေသင့်ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ခေတ်ပေါ်နိုင်ငံရေးသမားအချို့ က လည်း ပြောကြပြန်ပါသည်။ မြန်မာပြည်မှာ လွပ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်တိုက်ပွဲတွေ တော်လှန် ရေးတွေ ဆင်နွှဲလာတာ အောင်မြင်မှု မရှိခဲ့ပါဘူးတဲ့။ မှန်ပါသည်။ မအောင်မြင်ခဲ့ပါ။ သို့သော် လက်နက်ကိုင် လမ်းစဉ်ကြောင့် မအောင်မြင်ရတာ မဟုတ်ပါ။ ရည်မှန်းချက်နဲ့ မဟာဗျူဟာအမှားကြောင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားစုကြီးက လက်မခံလို့ မအောင်မြင်တာဘဲ ဖြစ်ပါသည်လို့ ဆိုကြသူတွေလည်း ရှိပါသည်။ ထို့ကြောင့် နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်လောက် စိုးမိုးအုပ်ချုပ်လာခဲ့သော မြန်မာစစ်အာဏာရှင်အစိုးရကို ယနေ့ အင် စီယူးဘီအစိုးရသစ်က ဘယ်လိုပုံစံနဲ့ တိုက်ပွဲဝင်ကြမှာလဲ။ ဒါ လူထုကသိချင်နေတဲ့ အရေးကြီးတဲ့ အဖြေတရပ် ပင်ဖြစ်ပါသည်။

အင်စီယူးဘီ အစိုးရသစ်အနေဖြင့် ယခင်က နှစ်ပေါင်းလေးဆယ်ကျော် တော်လှန်ပုန်ကန်မှုတွေသည် ဘာ ကြောင့်မအောင်မမြင် ဖြစ်ခဲ့သည်ဆိုတာကို သုံးသပ်ဖို့လိုပါသည်။ ဒီနေရာမှာ တော်လှန်းရေးသည် အောင်မြင် နေပါသည်၊ အောင်ပွဲသည် လက်တကမ်းအလိုမှာရှိသည်၊ ရန်သူသည် ချောက်ထဲကျရန် လက်တလုံးသာလိုပါ တော့သည်၊ အမြဲအောင်မြင်တိုးတက်နေပါသည်ဟု လူထုကို ဝါဒဖြန့်လေ့ရှိသော ခေါင်းမာဂိုဏ်းနှင့် ကမ္ဘာ့လူ လိမ်တို့ရဲ့ စကားတွေကိုတော့ နားမယောင်ဖို့လိုသလို အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း သုံးသပ်ကြ ဖို့ ခံယူကြဖို့ အရေးကြီးလှပါသည်။

နိုင်ငံရေးလမ်းစဉ်နှင့် မူဝါဒများအပေါ် ခံယူချက်မတူညီကြဘဲ တူတာတွဲလုပ် မတူတာခွဲလုပ်ဆိုသည့် လုပ်ဟန် သည် ဘုံဦးတည်ချက်တခုရဲ့အောက်မှာ လုပ်ဟန်ကွဲပြားသော၊ နည်းဗျူဟာကွဲပြားသော အခြေအနေအတွက် ဖြစ်နိုင်ပါသည်။ သို့သော် ဘုံဦးတည်ချက် မတူညီသူများအတွက် တပ်ပေါင်းစုသဏ္ဍာန်ဖြင့် စုစည်းတိုက်ပွဲဝင်မှု သည် အန္တရာယ်ကြီးပြီး ကျဆုံးမှုဖြင့် ရင်ဆိုင်ရလေ့ရှိပါသည်။ လူများစုပါဝင်သောအဖွဲ့က ရေများရေနိုင်၊ မီးများ မီးနိုင်ဆိုသလို အဆုံးသတ်မှာ အချင်းချင်းအနိုင်ယူလေ့ရှိသော လုပ်ဟန်လည်း ဖြစ်ပါသည်။ အလွန်သတိရှိဖို့ လိုပါသည်။ ဒါကြောင့် အကောင်းဆုံးကတော့ ဘုံဦးတည်ချက်နှင့် မဟာဗျူဟာတူညီရန် ညှိနှိုင်းပြီး တူညီကြမှ သာ ဆက်လက်ဖွဲ့စည်းဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ယခု အင်စီယူးဘီ အစိုးရသစ်သည် ပြည်တွင်းက အကြမ်းမဖက်တိုက်ပွဲဝင်နေသည့် အင်အယ်ဒီ၊ စီအာပီပီတို့ နှင့် ၎င်းတို့၏ မူဘောင်အောက်မှ ပြည်ပတွင်တိုက်ပွဲဝင်နေသော ဦးစိန်ဝင်းအစိုးရနှင့် လမ်းခွဲထွက်လိုက်သည် မှာလည်း ရှင်းပါသည်။ ပြည်သူလူထုကတော့ အလုပ်မဖြစ်သော အဖွဲ့ဟောင်းထက် အဖွဲ့သစ်ပေါ်ပေါက်လာ သည်ကို စိတ်ဝင်စားကြပါသည်။ သို့ပေမင့် ယခင်အဖွဲ့များကဲ့သို့ “ရှူး”မသွားစေရန် ဆုတောင်းနေပါကြောင်း ..။

ဦးဖိုးသာအောင် (နော်ဝေ)

No comments: