တင့်ဆွေ
လူတော်တော်များများ ကိုယ်နဲ့ဆိုင်တဲ့၊ ပတ်သက်တဲ့ အကြောင်းကိစ္စမှန်သမျှ အတတ်နိုင်ဆုံး မှတ်တမ်းမှတ်ရာ ထားကြမယ်ထင်ပါတယ်။ ကျွန်တော့်အတွက် မဖြစ်မနေလုပ်ဖို့ အကျင့်ဖြစ်လာစေခဲ့တာက (ရီပို့တ်) ပေးရတဲ့ အလုပ်မျိုး လုပ်နေရလို့ပါ။ အကျင့်က ဒိုင်ယာရီရေးတာ ဖြစ်ပါတယ်။ ကွန်ပြူတာတွေ မပေါ့်တပေါ်ခေတ်မှာ ပြည်ပထွက်လုပ်ရတဲ့ အခြေအနေကိုရောက်လို့ စောစောပိုင်း ကာလတွေတုန်းက စာအုပ်ဒိုင်ယာရီမှာ ရေးရ တယ်။ မြင်အောင်ရေးရရင် (မာနယ်ပလော) ခေတ်ပေါ့။ နောက် ကွန်ပြူတာဆိုတာ သုံးနိုင်လာတယ်။ ဒါလည်း (မော်နီတာ) အဖြူအမဲခေတ်၊ (ဒေါ့စ်) ဆိုတဲ့ ဘာသာရပ်ကနေ စပြီး လေ့လာရတယ်။ ၂၈၆-၃၈၆ ဆိုတဲ့ ခေတ် မှာပါ။ နောက်လူတွေဆို သိချင်မှသိတော့မယ်။ သိဖို့လည်း မလိုကြတော့လို့ ပြောတာပါ။ ခူးပြီး-ခပ်ပြီး (၀င်းဒိုး) အမျိုးမျိုးတွေ ပေါ်လာပြီကိုး။ ကျွန်တော်တို့လို လူစားတွေအဖို့ သင်တန်းဆိုတာမျိုး ဘယ်တက်နိုင်မလဲ။ မြင် ဆရာ၊ ကြားဆရာ တင်ရတာမျိုးမို့ အချင်းချင်းဟာ ငယ်ကြပေမယ့် ဆရာတွေပါ။
သုံးလတခါဖြစ်ဖြစ် တနှစ်ကုန်ချိန်မျိုးဖြစ်ဖြစ် (ရီပို့တ်) တင်ချိန်ရောက်ရင် ကွန်ပြူတာထဲက ပြန်ရှာပြီး၊ အမြီးနဲ့ ခေါင်းတပ်၊ ဘာသာပြန်စရာ ပြန်၊ အရှည်ခေါက်ရေးစရာကို ရေးတာနဲ့ (ပတ်ကား) (ရီပို့တ်) ဖြစ်ရော။ ဒါက (နာရေးတစ်-ရီပို့တ်)။ ငွေစာရင်းဆိုတာ ရှိသေး။ ကွန်ပြူတာပေါ်တာ အတောက်ကို လွယ်တာပဲ။ (အိတ်ဇဲလ်)၊ (ကွတ်ကင်းမ်) ဆိုတာကို အလုပ်ဖြစ်ရုံလောက် သင်ယူရသေးတယ်။
အခုရေးချင်တာက နည်းပညာအကြောင်း မဟုတ်ပါ။ မှတ်တမ်းတွေကို မကြာမကြာ ပြန်လှန်ရလို့၊ စိတ်ဝင်စား စရာတွေ တွေ့ရပြီး၊ သင်ခန်းစာရတာကို ရေးချင်လို့ပါ။ ပြန်လှန်တဲ့အခါ အပြောင်းအလဲတွေကို မှတ်သားရပါ တယ်။ အခြေအနေတွေသာမက လူအင်အားဆိုတာလည်း ပြောင်းလဲနေတတ်တာ တွေ့ရပါတယ်။
ဟိုအရင်ကလူတွေ အခုလှုပ်ရှားမှုထဲမှာ မပါတော့တာတွေ၊ တချို့ဆို လူ့ပြည်မှာတောင် မရှိကြတော့တာတွေ၊ စသဖြင့် ပြန်အမှတ်ရစေပါတယ်။ အသစ်အသစ်တွေ ၀င်လာတာလည်းရှိနေတယ်။ အိန္ဒိယမှာဆိုရင် ကျောင်း သားတွေနောက် အစောဆုံးရောက်နေသူဆိုတော့ အနှစ် ၂၀ စာသမိုင်းက ကိုယ့်မျက်စိအောက်မှာ ဖြတ်သန်း သွားခဲ့ပါပြီ။
Burmese groups in India ဆိုပြီး နာမည်ပေးထဲ့ (ဖိုင်)ကို မကြာမကြာ (အပ်-ဒိတ်) လုပ်ရတယ်။ ဘာလို့လဲ ဆိုတော့ မကြာမကြာ ပြောင်းနေလို့ပါ။ တချို့ဆို နောက်တခါပြန်စစ်တော့ မရှိကြတော့ဘူး။ တချို့ကျ ရှိသေး တယ် ပြောရမလား၊ မရှိတော့ဘူးစာရင်းထဲထည့်ရမလား ဝေခွဲရခက်တာလဲရှိသေးတယ်။ (လက်တာဟက်) ဆိုတာ လုပ်ဖို့လွယ်လွန်းလို့ (လက်တာဟက်) အဖွဲ့အစည်းမျိုးလည်း ရှိတာပဲ။ အလုပ်လုပ်တာ သူများမသိရ ဘူး။ တချို့အဖွဲ့တွေက လူစည်စည်ရှိရင် (စတိတ်မင့်) တက်ဖတ်ပြီး ကြော်ငြာရတယ်၊ ရှိမှန်းသိအောင်ပေါ့။ လူ တွေနဲ့ ဖွဲ့ထားတဲ့ အစုအစည်းတို့ သဘာဝအရ မတူ-မတည့်တာတွေ၊ မကြိုက်ဖြုတ်-ကြိုက်တင်တွေဆိုတာ ဓမ္မတာပါ။ ၀ါရင့်-သဘာရင့် မြေအောက်ပါတီကြီးတခု ဖြတ်သန်းခဲ့ရဖူးတဲ့ သွေးစွန်းတဲ့ “ဖြုတ်-ထုတ်-သတ်” ဆိုတာမျိုး အထိကျင့်သုံးဖို့ ကြိုးစားတာမျိုးလည်း အနည်းအကျဉ်း ရှိခဲ့သေးတယ်။ သင်ခန်းစာဆိုတာ ယူမကုန် ပါလား။
နှစ်ကာလရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိရှိနဲ့ ဓမ္မတာတွေကို ကြံ့ကြံ့ခံနိုင်တဲ့ အဖွဲ့အစည်းတွေလည်း မနည်းလှပါ။ ချီးကျူးရမှာပါ။ ငယ်ကျင့်တွေဆိုတာ အရွယ်အရ ပျောက်ကုန်ကြစမြဲပေမယ့် မပျောက်သေးတာတွေလည်း ရှိ ဆဲနေပါ။ လူတဦးချင်း အရည်အသွေးတွေကို ဆန်းစစ်ရင် တချို့က တနှစ်ထက်တနှစ်ဆိုသလို ရင့်ကျက်-တိုး တက်လာကြတာ အားရစရာကောင်းလှတယ်။ တချို့ကျတော့ တခါလာ ရှစ်လေးလုံးနှစ်တွေက အမြင်-အပြော -အလုပ်က မတက်သေးပါ။
ကိုယ်စားလှယ်ဆိုသူတွေ အကြောင်းကိုလည်း အမြဲ (အပ်ဒိတ်) လုပ်နေရတယ်။ တနှစ်နှစ်ခါ (အိုင်ပီယူ)မှာ အစစ်ခံရလို့ပါ။ ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းတွေက လိုတဲ့အခါမျိုးလည်း ပို့ပေး-ပြင်ပေးရတတ်သေးလို့ပါ။ အခုစာရေးချိန်မှာ အပြင်ရောက်နေတာ ၃၃ ဦး၊ အပြင်ရောက်ပြီးမှ ကွယ်လွန်ရတာ သုံးဦး၊ နှစ်ဦးက လုပ်ကြံခံရ သူတွေ။ အထဲမှာ-ထောင်ထဲမှာ လုပ်ကြံခံရသူကလည်း သုံးဦး။ အညံ့ခံသွားသူက ပေါင်း ရှစ်ဦး။ ထောင်ထဲမှာ နေရသူစာရင်းကလည်း ပြောင်းတတ်ပေမယ့် နှစ်ရှည်သမားတွေကတော့ သူ့ကော်လံမှာသူ ရှိနေကြရတယ်။
ဒီစာရင်းကိုကြည့်ပြီး အကြမ်းဖျင်းပြောကြရင် အသက်ဆုံးတဲ့အထိ ကြံ့ကြံ့ခံသူတွေကို ထိပ်ဆုံးစာရင်းမှာထား ပြီး ဘယ်သူမဆိုက ဂုဏ်ပြုကြမယ်ထင်ပါတယ်။ နောက် ဘာပဲဖြစ်ဖြစ် အပြင်ထွက်လာပြီးမှာ အထဲပြန်ဝင်သူ တွေကိုလည်း အတိုင်းအတာတခုအထိ လေးစားပါသေးတယ်။ ယုံကြည်ချက်နဲ့ ထွက်လာပြီး၊ မျှော်လင့်ချက် ကင်းတယ်လို့ ယူဆကာ လမ်းတခုကို ရွေးသွားကြသူတွေပါ။ အဲဒီထဲက တချို့ဆိုရင် ပြန်စိတ်လည်လို့ ပြန်အ သက်ဝင်လာတယ်လို့လည်း ကြားနေရသေးတယ်။ သူတို့အပြင်မှာရှိတုန်းက ဘ၀ကြမ်းကြမ်းကို သူများနည်း တူ ဖြတ်သန်းရင်း အကြံတွေ၊ ဥာဏ်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပေးခဲ့တာပါ။ မြောင်းထဲရောက်သွားပြီလို့ ဆိုတာကို ငြင်းတာမဟုတ်ပါ။ တချိန်တုန်းကတော့ သူ့အထွာနဲ့သူ လုပ်ခဲ့တာဟာ သူ့သမိုင်းပါပဲ။
သူတို့ထက်စာရင် ကနေ့အထိ အပြင်ကနေ ရပ်ခံနေသူတွေအားလုံးကို ပိုပြီးလေးစားဖို့ထိုက်တယ်လို့ ကျွန် တော်ရေးပါမယ်။ သဘောမတူသူ နည်းနည်းက ဆဲရေးချင်မှာ သိပါတယ်။ ဒါလည်း မှတ်တမ်းပါ။ လောကဓံဆို သည့် ဆင်းရဲ-ချမ်းသာ၊ ချီးမွမ်း-ကဲ့ရဲ့၊ လာဘ်ရ-မရ၊ အခြွေအရံနည်း-များ ရှစ်ပါးကို ဘယ်သူလွတ်ကင်းပါသ နည်း။ လောကဓံတရားကို တွေ့ကြုံလာပါလျှင် အဘယ်သူတို့သည် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရမ္မက်ရှိခြင်း၊ ဘေးရှိခြင်း ကင်းကြပါသနည်း။
မိမိတို့နဲ့ဆိုင်တဲ့ ပါတီအဖွဲ့အစည်းကိုယ်စား ခုခံကာကွယ်ဖို့၊ သဘောထား တင်ပြဆွေးနွေးဖို့ အလုပ်မျိုးမှာ လည်း လုပ်ကြရတာ ဒီလူတွေပါ။ ပြည်ထောင်စုတခုလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စမျိုး၊ တနည်းအားဖြင့် တိုင်း ရင်းသားများအားလုံးနဲ့ဆိုင်တဲ့ အရေးမျိုးတွေမှာ လက်မှတ်ရေးထိုးစရာမျိုးကို သူတို့က လူထုကိုယ်စားပြုတဲ့ အလုပ်မျိုးလည်း လုပ်ရပါတယ်။ ပေါ်လစီကိုသိနေပြီး မလွတ်ရအောင် ဘယ်လောက်ပဲ ဝေဖန်လွယ်သူ-ကျယ် သူများက အော်နေနေ၊ ထိန်းတည့်နေဖို့တာဝန်ကို သိကြ-လိုက်ကြရသူတွေပါ။ အနိမ့်ဆုံးတခုပြောရရင် အချင်း ချင်းမတူဦးတော့ “တံခါးဖွင့်ရင် ရင်ပိတ်၊ တံခါးပိတ်ရင် ရင်ဖွင့်” ဆိုသလို ကြိတ်ချေ-ကြိတ်ဖြေရသူတွေ ဖြစ်ကြ ပါတယ်။
အားလုံးသိကြတဲ့ ဒေါ်စုဆီက နောက်ဆုံးရ သတင်းစကားကို ဘာသာပြန်ရင် ဒီမိုကရေစီသွေးစည်းညီညွတ် ရေးဆိုတာပါ။ ဒါကို လမ်းညွှန်ချက်လို့ မှတ်သူအပေါင်းက တွေးတာ-ရေးတာ၊ ပြောတာ-လုပ်တာတွေသည် အ ချင်းချင်း စည်းနှောင်ဖို့ လိုတာကို စည်းနှောင်ကြဖို့၊ မညီသေးတာတွေ ညီအောင်ကြိုးပမ်းဖို့ လာမယ့် နှစ်သစ် ဒိုင်ယာရီမှာ စကြ-ပြကြမယ်လို့ ယုံကြည်ပါကြောင်း …။
တင့်ဆွေ
Monday, December 22, 2008
ယုံကြည်ပါကြောင်း
Subscribe to:
Post Comments (Atom)
4 comments:
ဒေါက်တာ တင့်ဆွေခင်ဗျား
ဒေါက်တာ့ဆောင်းပါး ကောင်းပါးသည်။ တချို့ကိစ္စများ ဆွေးနွေးချင်ပါသည်။
(၁) ရှစ်လေးလုံးနှစ်က အမြင်-အပြော-အလုပ် ကမတက်တာ ...ဆိုတာမှာ မရှင်းပါ။ ဘာတွေ အပ်ဒိတ်မဖြစ်တော့သနည်း။ ဘာတွေ တက်လာဖို့လိုသနည်း ရှင်းပြပေးစေချင်ပါသည်။
(၂)သူတို့ထက်စာရင် ကနေ့အထိ အပြင်ကရပ်ခံနေ သူအားလုံးကို လေးစားထိုက်တယ် ဆိုရာမှာ အကောင်းကို အပဲ့နဲ့ နှိုင်းယှဉ်မလား၊ အကောင်းကို သူ့ထက်ကောင်းတာထက် နှိုင်းယှဉ်မလား ကိုသိချင်ပါတယ်။ နိုင်ငံရေးအရ လေးစားမှုတန်ဖိုး ခေါင်းစဉ်ဖြစ်နေလို့ပါ။
(၃)ဒါကတော့ အချုပ်ပါ။ ညီညွတ်ရေး အရေးကြီးပါသည်။ ဒါပေသိ ဦးအောင်ကြီး လိုလူမျိုးနဲ့ ညီညွတ်ရေး တည်ဆောက်လို့ ရနိုင်ပါသလား။ သူလိုလူမျိုးနဲ့ ညိညွတ်ရေး တည်ဆောက်သင့်ပါသလား။ သူလို လူမျိုးက ယုံကြည်တဲ့ ဒီမိုကရေစီကိုရော ဒေါက်တာလက်ခံနိုင်ပါသလား။ ညီညွတ်ရေးကို တည်ဆောက်ဖို့ ကြိုးစားခဲ့တာ ရှစ်လေးလုံး မတိုင်ခင် ပဝေသဏီထဲကလို့ လေ့လာသိရှိရပါတယ်။ ၈၈၈၈ တုန်းကလည်းကြိုးစားခဲ့တယ်။ ခုလည်းကြိုးစားနေဆဲ ...နောင်ကိုလည်းကြိုးစားနေရဦးမယ် ဖြစ်ပါတယ်။ ဘယ်လိုတည်ဆောက်မလဲ လို့ဆိုရင် တိုက်ပွဲနဲ့ တည်ဆောက်ရပါလိမ့်မယ်။ တိုက်ပွဲကနေ ခေါင်းဆောင်အစစ်အမှန်တွေကို မွေးဖွားပေးနေတယ် မဟုတ်ပါလား။ တိုက်ပွဲဆိုတာမှာ စစ်အာဏာရှင်စနစ်ကို မစေ့စပ်လက်မခံတဲ့ ဒီမိုကရေစီ စစ်စစ်ဘက်က တိုက်ပွဲစစ်စစ်တွေကို ပြောတာပါ။ လေးစားလျက်ပါ ဒေါက်တာ .... တွတ်တွတ်။
(ကို)တွတ်တွတ် ခင်ဗျား။
မေးခွန်းကြည့်တာနဲ့ စိတ်ပါဝင်စားစွာ ဖတ်တာ သိသာပါတယ်။
ကောက်ကိုင်လိုက်တဲ့အကြောင်းအရာတွေက လေးနက်တယ်၊ ကျယ်တယ်ဆိုတာတွေလဲ ဖြစ်နေတယ်ထင်ပါတယ်။ ကျွန်တော့်အရှိနဲ့ မှီပါ့မလားတော့ မသိဘူး။
ရှစ်လေးလုံးနှစ်ဆိုတာ ခေတ်လို့ပြောချင်တာမဟုတ်သလို၊ ရှစ်လေးလုံးရဲ့ကြီးမြတ်မှုကို ညွှန်းတာလဲ မဟုတ်ပါ။ လွန်ခဲ့သော အနှစ် ၂၀ လို့ပြောချင်တာမျိုးပါ။ ဘာလို့မပြောလဲ ဆိုပြန်ရင် ဒီလိုရှိပါတယ်။ အဲဒီကာလတွေမှာရှိခဲ့တဲ့ လူထု-ကျောင်းသား အားလုံးရဲ့ဖြစ်ချင်တာတွေ၊ ဖြစ်ဘို့ကြိုးပမ်းမှုတွေ၊ အဲလိုဆန္ဒနဲ့လုံ့လတွေကို စေ့ဆော်ပေးခဲ့တဲ့ အကြောင်းတရားနဲ့ ရေခံမြေခံတွေဟာ ကြာလာတာနဲ့အမျှ မတူကြတော့ဘူး မဟုတ်လား။ ဥပမာလေးပြောကြမယ်ဆိုရင် အခန့်လေးတခုရှိလို့စကားပြောကြရင် အဲဒီတုံးက အရှိအနေအထားတွေကို စကားထဲထည့်ပြောတယ်။ လုပ်နေကြတာလဲ အဲလိုဘဲပေါ့။ အနှစ် ၂၀ နောက် အချိုးအကွေ့တွေ မနည်းတော့ပါ။ ကနေ့အချိန်မျိုးမှာ ကနေ့အရှိနဲ့ တွေး-ပြော-လုပ်ဘို့ဆိုတာကို တည့်တည့်လေး သေးသေးလေးဆိုချင်လိုက်တာပါခင်ဗျား။
အမတ်တွေကိစ္စ၊ ကျွန်တော်စိတ်ထဲအရှိအတိုင်း ရေးတာပါ။ ဘယ်အရာမဆို နှိုင်းယှဉ်လေ့လာဘို့လိုတယ် ဆိုတာလည်း လက်ခံပါတယ်။ ဘယ်သူကနှိုင်းမှာလဲ၊ ဘာနဲ့နှိုင်းမှာလည်း။ အခွင့်ဆိုတာတော့လူတိုင်းမှာ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော့်လက်ကိုင် မူလေးတခုရှိတာကို ပြောပါရစေ။ တခါတုံးက ဆေးကုသွားရင်း၊ ဆရာတော်တပါးက မေးခွန်းမေးပါတယ်။ “တကာကြီး စစ်ကိုင်းတတားဟာ အသွားလမ်းလား၊ အပြန်လမ်းလား” တဲ့။ ရိုးရိုးသားသားပြောရရင် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို စစ်ကိုင်းကနေ စဉ်းစားလိုက်၊ မန္တလေးကနေ စဉ်းစားလိုက်ပေါ့။ ဘုန်းကြီးကလည်း အဖြေထုတ်မပေးခဲ့ပါ။
ဒီလိုရေးနေတာ အမြင်သဘောဆန်မှာပေါ့။ လက်တွေ့နည်းနည်းသွားရအောင်ဗျာ။ ရှာရှည်-စာရှည်မှာလည်း စိုးရသေးတယ်။ သူများဖတ်စေချင်လို့ရေးတဲ့စာမှာ ကျွန်တော်ရေးထားပုံက အမြင်သဘောထက် တိမ်ချင် တိမ်မယ်။ လက်တွေ့အကျိုး မျှော်ကိုးလို့ပါ။
ညီညွတ်ရေးဆိုတာကြီးက ကျွန်တော့်အဖို့ ကြီးကျယ်လွန်းတယ်။ တနေ့က ဆရာဦးဝင်းတင်ကနေ လူငယ်တွေနဲ့တွေ့တာကို ရေဒီယိုမှာပြောလိုက်သလိုမျိုးဖြစ်ပါတယ်လို့ ပြောရမှာတောင် ကျွန်တော့်မှာ အစွမ်းနဲ့ခွန်အားရှိတာ မဟုတ်ပါ။ စေတနာကတော့ ရှိလိုက်တာ ကြီးလည်းကြီး၊ ကျယ်လည်းကျယ်တယ်ဗျ။ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေဘက်ကမှ ကိုယ်မလိုက်ရင်၊ ဘယ်သူတွေက ကိုယ့်လူတွေကို လူထင်မှာလည်း။
ကျွန်တော်လုပ်နေနိုင်တာကလည်း အဲလိုဗျ။ ကိုယ့်အရပ်မှာ တာဝန်နဲ့ပြန်ရောက်ချိန်မှာ ၈၈ နဲ့ ၉၀ ကြုံတယ်။ ကြုံတော့ လုပ်နိုင်တာ လုပ်တာပေါ့။ ကိုယ့်အရပ်ကလူတွေ အကျိုးမို့ပါ။ အခုလို အပြင်နေရပြန်တော့ ကိုယ့်အနားကလူတွေအကျိုးအတွက် အချိန်ဖဲ့ယူပြီး၊ တတ်တဲ့ပညာလေး အသုံးပြုပါတယ်။ နိုင်ငံရေး အလုပ်မျိုးတွေမှာလည်း အနီးအနာကလူတွေကို လုပ်ပေးနိုင်တာ လုပ်ပေးပါတယ်။ ပြောချင်တာက ကိုယ့်အနားကလူတွေအကျိုးမှ မဆောင်နိုင်ဘဲ၊ ကိုယ့်လူမျိုးအကျိုးတို့၊ ဘာတို့ပေါ့ဗျာ၊ ပြောနေတာ ဘယ်သူ ယုံမလဲ။ အပြောကောင်းတာကို ယုံတဲ့လူတွေလည်း နည်းတော့မနည်းဘူး။ ကိုယ့်လိပ်ပြာကတော့ ယုံမယ်မထင်ဘူး မဟုတ်လား။
ချုပ်လိုက်ပါ့မယ်။ ကိုယ့်အနားကလူ၊ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်၊ ကိုယ့်လူမျိုးအတွက် အကျိုးပြုနိုင်ရင်ပြု၊ မပြုနိုင်တောင် အကျိုးမယုတ်စေသင့်ပါ။ ကိုယ့်အနားကလူတွေကို၊ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေကို စစ်ကိုင်းဖက်ကလူက တမျိုးမြင်တာ မြင်ပေါ့၊ မန္တလေးဘက်ကလူက တမျိုးထင်လည်း ထင်ပေါ့။ စစ်ကိုင်းတံတားဟာ စစ်ကိုင်းတံတားဘဲ မဟုတ်ပါလား။
ဒေါက်တာ ဆရာတင့်ဆွေခင်ဗျား
ခုလို ရှင်းပြတဲ့အတွက် ၀မ်းသာပီတိဖြစ်ရပါတယ်။ တန်းတူပြန်ဆွေးနွေးပေးတဲ့အတွက်လည်း ဆရာ့ ရင်ခွင်ကျယ်မှုကို လေးစားရပါတယ်။ အဓွန့်တက်တယ်၊ လျှာရှည်တယ်လို့ မထင်စေချင်ပါဘူး ထပ်ဆွေးနွေးပေးစေချင်ပါတယ်။ ပေထက်အက္ခရာတင်တဲ့ စကား(စာလုံး)ဟာ သူ့ကိုယ်စားပြုမှုက ကျယ်ပြန့်ပြီး အရေးလည်းကြီးတယ်ထင်ပါတယ်။ ဆရာ့လို ဒေါက်တာတယောက်ဆို(မင်းဒိတ်ရထားတဲ့) ပိုအရေးကြီးမယ်လို့မြင်ပါတယ်။ ကျနော်တို့ ဒီကလူတွေရဲ့ လေထုမှာ ရှစ်လေးလုံး အမြင်၊အတွေး၊ အလုပ်ကို လုံးချနေတာတွေ့ရလို့ပါ။ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ အတိုင်းအတာ အနေနဲ့ ပြောရင်အတော့ကို အောင်မြင်ခဲ့တာ အသေအခြာပါ။ နိုင်ငံရေးအရ လူထုပေါက်ကွဲမှုရဲ့ အရင်းခံအကြောင်းတရားတွေက နှိုင်းယှည်ချက်အရပြောရင် ဒီကနေ့ အနေအထားတွေက ပိုတောင်ရင့်မှည့်နေတာပါ။ ရှစ်လေးလုံးရဲ့ ခေါင်းဆောင်မှုကလည်း ဒီကနေ့(လွတ်မြောက်နယ်မြေနဲ့ယှဉ်ရင်) ပိုညီညွတ်၊ ပိုအားကောင်း၊ ပိုကျစ်လျစ် နေမလားပဲ။ စိတ်ဓါတ်အရ၊ ပူးပေါင်းဆောင်ရွက်မှုအရ၊ ပိုင်းဖြတ်မှုအရလည်း ပိုညီညွတ်၊ ပိုပြီးဦးဆောင်မှုကောင်းတယ်လို့ မြင်ပါတယ်။ ကိုယ့်လူသူ့ဘက် မင်းသားခေါင်းဆောင်းထားတဲ့ ထရိုဂျင် ခေါင်းဆောင်အတုတွေလည်းပါသပေါ့။ သမိုင်းကို ကိုယ်ကွေးခဲ့သလို လှည့်ပြောင်းချင်တဲ့ သူတွေလည်းပါမှာပါ။ ထားပါဆရာ ဒါပေသိ အထက်က ကျနော် ဆွေးနွေးခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံ အတွေး၊ အမြင်၊ အလုပ်ဟာ ဒီကနေ့ မြင်သာ၊ ထင်သာ ကိစ္စတွေနဲ့ ယှဉ်ရင် အားကောင်းနေပါတယ်။ ဒီနေ့ ကျနော်တို့ တခုတ်တရပြောပြောနေရတဲ့ ၇-ဇူလိုင်စိတ်ဓါတ်၊ ရှစ်လေးလုံးစိတ်ဓါတ်ကို မမေ့ကြဖို့ပြောနေရတာကိုလည်း ဆရာခံစားနားလည်ပြီးဖြစ်မှာပါ။ တာဝန်ကျေတဲ့ခေါင်းဆောင်တွေကလည်း တာဝန်ကျေနေပါတယ်။ သို့ပါသော်လည်း ဖေါ်ပြပါ စိတ်ဓါတ်တွေကို အခမ်းအနားတွေမှာ ပြန်နွေးပေးနေရတာကလည်း ပကတိပဲမလားဆရာရေ။ လူထုကတော့ တာဝန်ကျေပြီးသားပါ။
ကိုယ့်အနား၊ ကိုယ့်အရပ်ကလူတွေ အကျိုးဆိုလို့ ကိုယ့်နားကလူတွေရဲ့ အကြိုက်ကို မျက်တောင်တဆုံးကြည့် လိုက်မလား၊ မျက်စေ့တဆုံး ကြည့် လိုက်မလားကလည်း နိုင်ငံရေးလုပ်သူတို့အဖို့ အရေးကြီးတဲ့ရပ်တည်ချက်ပါဆရာ။
နောက်တခုက ဘုန်းကြီးပြောတဲ့ကိစ္စက သူပြောပုံက မိလိဏ္ဒ ပညာထဲက မိလိဏ္ဒမင်းကြီးနဲ့ ရှင်နာဂသိန်တို့ ဒိုင်ယာလော့ခ် လိုပါဆရာ။ ကြက်ပေါက်စလေး လည်ပင်းကညှစ်ပြီး အသေလား၊အရှင်လားမေးတာကို ရှင်နာဂသိန်က လှေကားထစ်ခေါ်သွားပြီး ဆင်းသွား တ၀က်လောက်ရောက်မှ မိလိဏ္ဒမင်းကြီးကို ဒကာကြီး ငါတက်မလို့လား၊ ဆင်းမလို့လား မေးပုံမျိုးပါ။ ကျနော့အမြင်ကတော့ တံတားဆိုတာ ခရီးသည်တွေကို လိုရာခရီးဆိုက်စေဖို့ပါ။ ဒီမိုကရစီပန်းတိုင်သွားမယ့်သူက ဒီမိုကရေစီပန်းတိုင်ကို စိုက်လိုက်မတ်တတ် တံတားဖြတ်သွားဖို့ပါပဲ။
ဒီနေရာမှာ ကျနော်ကတော့ ဂရိဒသန ပညာရှင် ဆိုကရေးတီးနဲ့ အိုင်အုန္ဒတို့ရဲ့ ဒိုင်ယာလော့ကို ကြိုက်ပါတယ်။ ဒိုင်ယာမလော့ခင် ဆိုကရေးတီးက အချင်းအိုင်အုန္ဒ စကားကို ကပ်မဆွေးနွေးပဲ အကျိုးအကျောင်း ဆီလျော်မှန်ကန်ရင် မငြင်းဘဲ သဘောတူလက်ခံမယ်ဆိုရင် ဆွေးနွေးကြမယ်တဲ့။ ဆိုတော့ အိုင်အုန်န္ဒကလည်းလက်ခံဆွေးနွေးပါတယ်။ ဆရာဆိုကရေးတီးက သူမှန်တဲ့အကြောင်း အဆိပ်ခွက်ကို ရွေးသွားခဲ့သူပဲ။ ကျနော် မှားပါတယ်ဆိုပြီး လွတ်လမ်းကိုရှာမသွားခဲ့ဘူး။ ကျနော်တို့လိုနေတာ ဆိုကရေးတီးသတ္တိနဲ့ ခေါင်းဆောင်မျိုးတွေ မဟုတ်ပါလားဆရာရေ ...။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတယ်တို့၊ ဒေါ်စုမပါလဲ စစ်ဗိုလ်ချုပ်တွေနဲ့ စေ့စပ်ရမယ်ဆိုတဲ့ ကိုယ့်ခေါင်းဆောင်ဆိုသူတွေ၊ ကိုယ့်လူတွေနဲ့ ညီညွတ်ရေးကို ဘယ်လိုတည်ဆောက်သွားရပါ့မလဲ ဆရာရယ်... လေးစားလျက် ... တွတ်တွတ်။
(ကို)တွတ်တွတ်
အခု မွေးလူနာရှိနေတယ်။ အိပ်ရေးပျက်မယ်ထင်တယ်ဗျို့။ နောက်ရက်ပေါ့ဗျား
တဆ
Post a Comment