Tuesday, December 23, 2008

စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်က ပြည်သူလူထုကို အကျိုးပြုနိုင်ပါသ လား

ခင်မောင်ခန့်

ဒီမေးခွန်းက ကျွန်တော်တို့် မြန်မာနိုင်ငံသားများအတွက် အလွန်အရေးကြီးပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ က တဖြည်းဖြည်း နီးလာပြီဖြစ်သလို ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုများနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမိသားစုများက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားကပဲ ရွေးကောက်ပွဲကို တစ်ဖက်သတ် ပြုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို အမာခံထားလို့ လှေကြုံစီးရေစုန်မျှော နိုင်ငံရေးသမားများနဲ့အ တူ ထင်ရာစိုင်းကြတော့မှာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အသိဥာဏ်နဲ့ မယှဉ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ပိုပြီးခက်ခဲရှုပ်ထွေးလာပြီး အခန့်မသင့်ရင် အလုံးစုံပျက်စီးရေးလမ်း ကြောင်းပေါ် ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်တွေကို တင်ပြဆွေးနွေးတဲ့အနေနဲ့ ဒီဆောင်းပါးကို ရေးရတာပါ၊ လက်ခံသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ တစ်စုံတစ်ခု သော အတိုင်းအတာထိ တွေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။

တကယ်တော့ စည်းကမ်းနဲ့ ဥပဒေဟာ တူသယောင်ထင်ရပေမယ့် အနှစ်သာရပိုင်းမှာ များစွာကွဲပြားပါတယ်။ အိမ်စည်းကမ်း၊ ကျောင်းစည်းကမ်း၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း စသည်ဖြင့် နေရာဒေသပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေဟာ အပေါ်ကနေအောက်ကို ဒေါင်လိုက်ချမှတ်ထားတဲ့ အကန့်အသတ်တွေ ဖြစ်ပါတယ်။ စည်းကမ်းဆိုတာ ထိန်းကျောင်းမှုသဘောကို ဆောင်ပေမယ့် အားလုံးအပေါ်မှာ တူညီတဲ့ အကျိုး သက်ရောက်မှုကို မပေးနိုင်ပါဘူး။ လူနည်းစုအတွင်းမှာသာ သတ်မှတ်လေ့ရှိပြီး ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုး ကွယ်မှု မတူကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံအဆင့်မှာတော့ စည်းကမ်းသတ်မှတ်ပြီး အတင်းလိုက်နာခိုင်းလို့ မရပါဘူး။ အချုပ်အားဖြင့်ဆိုရရင် စည်းကမ်းဆိုတာ ဦးဆောင်သူလူနည်းစုက ချမှတ် ဆုံးဖြတ်ထားတာမို့ အမိန့်အာဏာနဲ့ သဘောချင်းတူပါတယ်။

ဥပဒေဆိုသည်မှာ ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်၊ ဓနဥစ္စာပိုင်ဆိုင်မှုတို့ကို ကာကွယ်စောင့်ရှောက် ရန်နှင့် အစိုးရအာဏာပိုင်အဖွဲ့အစည်းများ၏ ဖိနှိပ်မှုများမှ ကာကွယ်ရန်အတွက် ပြဌာန်းထားသောအရာဖြစ် သည်ဟု အခြေခံအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမပြင်ဆင်ချက်ဥပဒေ (၁၀) ချက်မှာဆိုရင် ဥပဒေကို လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးတစ်ခုလို့ ဥပမာပေးထားတာကို တွေ့ရပါတယ်။ အဲ့ဒီ လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးအတွင်းမှာ ပြည်သူအားလုံးဟာ တည်ငြိမ်အေးချမ်းစွာနဲ့ အသက်ရှင်နေထိုင်ခွင့် ရှိပါ တယ်။ ဒါက ဥပဒေရဲ့ အနှစ်သာရအပိုင်းပါ၊ ဥပဒေအားလုံးထဲမှာ အရေးအကြီးဆုံးနဲ့ အမြင့်ဆုံးက ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေဖြစ်ပြီး လူထုဆန္ဒနဲ့ အတည်ပြုပါတယ်။ ထူးခြားတာက အခြေခံဥပဒေကို ပြည်သူ့ကိုယ်စား လှယ်များကသာ ရေးဆွဲခွင့်ရှိပြီး အခြားမည်သည့်အဖွဲ့စည်းကမှ ရေးဆွဲခွင့်မရှိပါဘူး။ သို့သော်လည်း မြန်မာနိုင် ငံမှာတော့ စစ်အာဏာရှင်တွေက သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုပြီး ရွေး ကောက်ပွဲလုပ်တော့မှာပါ။

စည်းကမ်းနဲ့ ဥပဒေတို့ရဲ့ ခြားနားချက်ကို တင်ပြပြီးတဲ့နောက် ဒီမိုကရေစီရဲ့ သဘောသဘာဝကို တင်ပြပါ့မယ်။ ဒီမိုကရေစီသည် လူထုအုပ်ချုပ်ရေးစံနစ်ဖြစ်သည်၊ အာဏာသည် လူထုထံမှ ဆင်းသက်သည်ဟု ပညာရှင်များ က အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးသော အ ချက် (၃) ချက်ရှိပါတယ်။ ပထမအချက်က လူ့အခွင့်ရေးများကို လေးစားလိုက်နာခြင်း၊ ဒုတိယအချက်က လွတ် လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ တတိယနဲ့ အရေးကြီးဆုံးအချက်ကတော့ တရား ဥပဒေစိုးမိုးခြင်း စသည်တို့ဖြစ်ပါတယ်။ အဲ့ဒီအချက် (၃) ချက်နဲ့ ပြည့်စုံတဲ့နိုင်ငံဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင် ငံ ဖြစ်ပါတယ်။

ဒီအခြေခံအချက်တွေ မရှိဘဲနဲ့တော့ ဒီမိုကရေစီလို့ ဘယ်လောက်ပဲ ကြွေးကြော်နေပါစေ၊ အရေခြုံထားတဲ့ ဒီ မိုကရေစီသာ ဖြစ်ပါတယ်။ နောက်တစ်ချက်က တရားဥပဒေစိုးမိုရေးပါ။ သာမန်အားဖြင့် လူအတော်များများ နားလည်ထားတာက နိုင်ငံတစ်နိုင်ငံ၏ ဥပဒေများကို ယင်းနိုင်ငံမှ ပြည်သူများက လိုက်နာကျင့်သုံးခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ်သည်လို့ ထင်တတ်ကြပါတယ်။ အမှန်က အဲ့ဒီလိုမဟုတ်ပါဘူး။ တရားဥပဒေရဲ့ ရှေ့ မှောက်မှာ လူအားလုံး တန်းတူညီတူရှိခြင်း၊ ဥပဒေချိုးဖောက်သူမှန်သမျှကို အပြစ်ပေး အရေးယူနိုင်တဲ့ လွတ် လပ်သော တရားစီရင်ရေးယန္တရားးဖြစ်ခြင်း၊ အစိုးရကိုယ်တိုင်က ဥပဒေများကို လိုက်နာကျင့်သုံးခြင်း၊ စတဲ့ အ ချင်းအရာတွေနဲ့ ပြည့်စုံမှသာ တရားဥပဒေစိုးမိုးခြင်း ဖြစ်ပါတယ်။

သုတေသနပြုသူများရဲ့ အဆိုအရ နိုင်ငံတနိုင်ငံမှာ မည်သည့် အုပ်ချုပ်ရေးစံနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ တ ရားဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှ သာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိ ပါသလားဆိုရင်တော့ လုံးဝမရှိပါဘူးလို့ပဲ ဖြေရမှာပါ။ အတိုက်အခံ နိုင်ငံရေးပါတီဝင်များနဲ့ နိုင်ငံရေးလှုပ်ရှားသူ ကျောင်းသားလူငယ်များကို ဥပဒေမဲ့ ဖမ်းဆီးတာ၊ ဥပဒေအရ ခုခံချေပခွင့် မပြုတာ၊ ဥပဒေအကျိုးဆောင်များ ကို ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှင်းပန်းစစ်ဆေးလို့ရလာတဲ့ ထွက်ချက်တွေကို တရားရုံးမှာ သက်သေတင် တာ၊ တရားရုံးတွေမှာ ဖြစ်သလိုစစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ စတဲ့အချက်တွေကိုကြည့်ရင် အစိုးရက တရားစီရင်ရေးမှာ ၀င်ရောက်လွှမ်းမိုးချုပ်ကိုင်ပြီး တရားစီရင်ရေးကို လက်နက်သဖွယ် အသုံးပြုနေ တာဟာ အထင်အရှားဖြစ်ပါတယ်။

လက်ရှိအနေထားမှာ အစိုးရကိုယ်တိုင်က တရားလက်လွတ်လုပ်နေမှတော့ အနာဂတ်မှာ တရားဥပဒေစိုးမိုး ရေးဆိုတာ ရွှေပြည်တော်မျှော်လေဝေးပဲ ဖြစ်မှာပါ။ ဒါဆိုရင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာက ဘယ်အရာကို ဘယ်သဘောကို ဆိုလိုပါသလဲ။ ဘယ်လိုစည်းကမ်းမျိုးတွေ ဖြစ်ပါသလဲ။ ဖြစ်နိုင်ချေရှိတာက တော့ ဒါတွေကို မလုပ်ရဘူး၊ ဒီလောက်တော့ လုပ်လို့ရမယ် ဒါတွေကိုတော့ ငါတို့ကပဲ လုပ်မယ်၊ ဒါတွေကတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမယ်၊ အစိုးရကို အကြည်ညိုပျက်အောင် မလုပ်ရဘူး၊ မဆန့် ကျင်ရဘူး၊ အစိုးရမကောင်းကြောင်း မရေးရဘူး၊ မကောင်းတာတွေကို နိုင်ငံခြားကို မပြောရဘူး အစရှိတဲ့ စည်း ကမ်းမျိုးတွေသာ ဖြစ်မယ်ထင်ပါတယ်။

စည်းကမ်းချိုးဖောက်သူတွေအတွက် အပြစ်ဒဏ်များကိုတော့ ဥပဒေ နည်းဥပဒေများနှင့်အညီ တိတိကျကျ သတ်မှတ်ပြဌာန်းထားမှာ ဖြစ်တဲ့အတွက် ပြည်သူအများစုကတော့ ကြောက်ပြီး စည်းကမ်းရှိသွားကြမှာပါ။ မရှိ နိုင်တာတွေကတော့ တရားဥပဒေစိုးမိုးရေး မရှိနိုင်ဘူး၊ လူ့အခွင့်ရေးများ အပြည့်အ၀ မရနိုင်ဘူး၊ လွတ်လပ်တဲ့ သတင်းမီဒီယာများ မရှိနိုင်ဘူး၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး မရှိနိုင်ဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲများ မဖြစ်နိုင်ဘူး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ မရောက်လာနိုင်ဘူး အစရှိတဲ့ အရာတွေပဲ ဖြစ်ပါ တယ်။ အဲ့ဒီလိုနိုင်ငံမျိုးမှာ ပြည်သူလူထုအတွက်ကတော့ မရေရာတာတွေ၊ မသေချာတာတွေ၊ မလုံခြုံတာတွေ၊ အဆင်မပြေတာတွေ စတဲ့လူမှုဒုက္ခများသာ ဖြစ်မှာပါပဲ။

မြန်မာနိုင်ငံသားအပေါင်းတို့ … သင်တို့ရဲ့ လူသားဆန်မှုနဲ့ ဖြစ်တည်မှုတို့ကို သွေးစွန်းလက်ကြီးတွေက လုယူဖို့ ပြင်ဆင်နေပါပြီ။ တဘက်သတ် စည်းကမ်းများဖြင့် မွန်းကျပ်နေပြီး တ၀က်တပျက်လူသားများအဖြစ် အသက် ရှင်ရပ်တည်သွားကြမှာလား သို့တည်းမဟုတ် ခေါင်းမော့ရင်ကော့ပြီး တင်းပြည့်ကျပ်ပြည့် လူသားများအဖြစ်နဲ့ အသက်ရှင် ရပ်တည်သွားကြမှာလားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင် ဆင်ကြပါလို့ တိုက်တွန်းရင်း ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။

အားလုံးကို လေးစားပါတယ်

ခင်မောင်ခန့်
(၂၀-၁၂-၂၀၀၈)

No comments: