Tuesday, December 2, 2008

ရေဖြည့်ပေးစေချင်ပါသည်

တင့်ဆွေ
အခုတလော ကိုယ်စားလှယ်တွေနဲ့ ဆိုင်တဲ့အကြောင်းတွေ ဖတ်နေရ တယ်။ နှစ်နေရာမကဘူးထင်တယ်။ တနေရာမှာဆို သရော်စာကဏ္ဍ ထဲမှာတောင် ပါလိုက်သေး။ သရော်စာဆိုတာ အင်မတန် ထိရောက် တာကလား။ ဟို ... ဘုရင်တွေ လက်ထက်မှာကတည်းက နေရာရခဲ့ တာပဲ။ ရိုးရိုးသားသားပြောရရင် အရေးခံရတာတော့ နာမိတယ်။ သိပါ တယ် သရော်စရာရှိလို့သာ သရော်တာပေါ့နော်။

တချို့ အချက်အလက်အပိုင်းတွေကိုတော့ တတ်နိုင်သလောက် ပြန် ရေးပါတယ်။ လွဲတာတွေရှိလို့၊ ကွဲတာတွေ ပိုမဖြစ်စေချင်လို့ပါ။ ကျုပ် တို့ကောင်းပါသည်ခင်ဗျားသဘော မဟုတ်ဘူးနော။ ကျုပ်တို့ဆိုပြန်ရင် ကျုပ်တို့ကလည်း တသံစီထွက်နေတာ လူတိုင်းသိနေပြီ။ သရော်စရာပေပဲပေါ့။

စာရေးတဲ့သူတချို့က ဘယ်သူဆိုတာ မသိရသူတွေလည်းပါတယ်။ (ဘလော့ဂ်-ပင်-နိမ်း) တွေပေါ့။ ဒါကလည်း ထုံးစံရှိပြီးသားမို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော့်အဖို့တော့ လေဖမ်း - ဒန်းစီးရသလို ဖြစ်နေပါတယ်။ ဥစ္စာပျောက် ငရဲရောက် ဆိုတာလည်း ရှိသေးမို့လား။ ခက်တာက (ဘလော့ဂ်) ပရိတ်သတ်ကြီးက အတော့်ကို ကျယ်ဝန်းတာကလား။ သိသမျှထဲ ရင့်ကျက်သူတွေနဲ့ ဂုဏ်အရကြီးမြင့်သူ (သံဃာတော်) တွေ ပါသလို၊ လက် သင်တွေနဲ့ ဖျက်ချင်သူတွေလည်း ပါတယ်။ ကွင်းဆက်တွေဆက်ဖို့ အချက်ရှာနေတဲ့ ထောက်လှမ်းရေးဆိုတာ က ၀ီရိယပိုကောင်းသေး။ ဒါ့ကြောင့် အတော်ကြီး သတိမထားရင် (ကီးဘုတ်) တချက်ကြောင့် အများဒုက္ခ ရောက်သွားနိုင်တယ်။ အကုန်အစဉ်မပြောရင် အထင်သေးမှာ စိုးလို့ဆိုပြီး မရေးဖို့လိုသေးတယ်။ ကျောင်းမှာ တုန်းက သင်ရဖူးတယ်။ ခွဲစိတ်ဆရာဝန်ဆိုတာ ဘယ်လိုခွဲမလဲဆိုတာ တတ်ဖို့တင်မကဘူး၊ ဘယ်ဟာကို ခွဲဖို့မ လိုသလဲပါ တတ်ရမယ်တဲ့။

(ဘလော့ခ်) တွေကို ကျေးဇူးတင်တယ်ဗျာ။ ဖွင့်ပေးသူ၊ တင်ပေးသူ၊ ၀င်ရေးသူ။ အဲ့ သရော်သူကိုလည်း မချန်ရဲ ဘူးဗျ။ မရှင်းလင်းလို့ မေးလာရင် ဖြေခွင့်ရတယ်။ နောက်ပြီး တယ်လည်း လွတ်လပ်တာကလား။ အများစုမှာ အယ်ဒီတာမရှိဘူး။ ဒါတော့ တမျိုးပေါ့။ သူ့ခေတ်၊ သူ့စနစ်လို့ နားလည်ကြည့်ပါ့မယ်။ ကျွန်တော်လည်း ခေတ်မီ အောင်လုပ်ကြည့်နေတယ်ဗျ။ သူများဆီက သင်ရင်းပေါ့။ နိုင်ငံရေး - တော်လှန်ရေးဆိုတာအထိတော့ မမီဘူး။ မိဘတွေသင်ပေးတဲ့ အသက်မွေးပညာကိုပဲ (ဘလော့ဂ်) လုပ်ပါတယ်။

ကျွန်တော်ဝင်ရေးရတာက တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအကြောင်းဖြစ်နေ၊ (ဘလော့ဂ်) ဖတ်ဖို့၊ ပြန်ရေးဖို့ အ ချိန်လည်း ရနေချိန်ဖြစ်လို့ပါ။ အားလုံးက ညီညွတ်ရေး - ညီညွတ်ရေး ပြောနေကြတာကလည်း လိုအပ်တာမှန် နေလို့၊ သူများထင်သလောက် မညီမညွတ် မဟုတ်ရပါကြောင်းမျှသာ ရေးပါတယ်။ မတူတာကလည်း တသက် လုံး မတူတော့တာမဟုတ်၊ တူအောင်ညှိပါတယ်၊ အကြောင်းအရာတခုခုမှာ မတူရုံနဲ့ နေရာတကာမှာ မတူတာ မဟုတ်ပါ။ ဖြစ်နိုင်လျှင် ကွာနေတာကို နီးစေချင်တာပါ။ မှားတယ်၊ နုတယ်တော့ ဘယ်လိုပြောကြမလဲမသိဘူး၊ နိုင်ငံရေးအလုပ်ဟာ တတ်နိုင်သလောက် အပြုသဘောဆောင်၊ အပေါင်းဘက်ကိုရှာ၊ ကျောင်းဆရာများလို စေတနာထားသင့်တယ် ထင်တယ်လေ။ အပြောမတော် - အရေးမတတ်ရင် ဆရာကြီးလုပ်တယ် ပြောတော့ မှာပဲ။ ရေတ၀က်ရှိတဲ့ ဖန်ခွက်ကို Half empty လို့မပြောဘဲ၊ Half full လို့ ပြောချင်တာမျိုးပါ။ ဇွတ်လိုက်လိမ် ပြောတာမျိုး မဟုတ်ပါခင်ဗျား။ ရေအပြည့်ရှိအောင် (မေတ္တာ) ရေလောင်းပေးကြပါ။

စာရေးတဲ့ အလုပ်မျိုးကို (ပရော်ဖက်ရှင်နယ်) လုပ်နိုင်တဲ့ အစွမ်းအစမရှိလို့ တကယ်လို့ ကျွန်တော်ဝင်ရေးလိုက် မှ ညီညွတ်ရေးကို ထိပါးတယ်ဆိုရင် (အင်စီဂျီယူဘီ)၊ (အင်ပီယူ) တို့မှာ တာဝန်မရှိပါ၊ ကျွန်တော့်တာဝန်သာဖြစ် ပါတယ်။

တင့်ဆွေ
၁-၁၂-၀၈

No comments: