Sunday, December 7, 2008

ဒေါင်းတမန်များ ပျံသန်းမြိုင်မြိုင်ချီ (၄) (ခရီးသွားအက်ဆေး နိဂုံးပိုင်း)

ဒေါင်းတမန်များ ပျံသန်းမြိုင်မြိုင်ချီ (၄) (နိဂုံးပိုင်း)
ဒေါက်တာလွဏ်းဆွေ

ဘားတိုက်အမိုးပေါ် နှင်းတွေ တပေါက်ပေါက်ကျဆင်းနေသံကြောင့် ကျနော် အိပ်ရာမှနိုးလာသည်။ ခေါင်မိုး အင်ဖက်တွေပေါ် နှင်းကျသံတွေက မိုးသီးမိုးပေါက်တွေအလား ကျယ်လောင်ပြင်းထန်နေသည်။ စောင်ကိုမခွာ သေးဘဲ ပက်လက်အနေအထားအတိုင်း ခေါင်းကို တပတ်လည်ပြီး ကျနော်ကြည့်လိုက်သည်။ ဝေလီဝေလင်း ကျနေသည့် နှင်းတွေက ဖြူဖွဖွ ဂွမ်းစိုင်ကြီးသဖွယ် ဘားတိုက်ကြီးကို အုပ်မိုးထားသည်။ ကျနော့်အရင် ၀ီရိယ ကောင်းနှင့်ကြသော တပ်ရင်းမှူး၊ ကိုမင်းဆန်းမင်းနှင့် ရဲဘော်ထွန်းထွန်းတို့သုံးဦးက ဘားတိုက်လှေကားဘက် ခြမ်း မြေကွက်လပ်တွင် မီးလှုံရင်း စကားလက်ဆုံကျနေကြသည်။ ကျနော်လည်း အိပ်ရာမှ လူးလဲထကာ အ ချမ်းပေါ့သွားအောင် မီးလှုံဖို့ ဘားတိုက်ပေါ်မှ ဆင်းခဲ့သည်။

မီးဖိုနားအရောက်တွင် ‘ညက တပ်ရင်းအစည်းအဝေးလုပ်တာ တော်တော်ကြာသား’ ဟု အရင်းမပါ အဖျားမပါ ကျနော်ပြောလိုက်သည်။ တပ်ရင်းမှူးက ဗိုလ်ချုပ်ထိန်မောင်ကိစ္စနှင့် ကိုရဲနောင်ကိစ္စ ကျေလည်အောင် ဆွေး နွေးနေရ၍ အစည်းအဝေးကြာသွားကြောင်း ပြောပြသည်။ ထိုကိစ္စနှစ်ခုကို မနေ့တုန်းကတည်းက တပ်ရင်းမှူး အရိပ်အမြွက် ပြောပြထား၍ အကြမ်းဖျင်းတော့ ကျနော်သိထားသည်။ တပ်ရင်း၏ အတွင်းကိစ္စ အသေးစိတ်ကို ဆက်မမေးသင့်၍ မီးလှုံရင်း ကိုယ့်ဘာသာကိုယ် ဆက်စဉ်းစားနေမိသည်။

တပ်ရင်းမှူးပြောသည့် ဗိုလ်ချုပ်ထိန်မောင်ကိစ္စဆိုသည်မှာ တပ်ရင်း (၈) ရဲဘော်များက ‘အဘ’ ဟု ချစ်စနိုးခေါ် ကြသည့် ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်ချုပ်ထိန်မောင်နှင့်အဖွဲ့ ရန်ကုန်သို့သွား၍ နအဖစစ် ခေါင်းဆောင်များနှင့် စေ့စပ်ဆွေးနွေးနေသည့်ကိစ္စဖြစ်ပြီး ကိုရဲနောင်ကိစ္စဆိုသည်မှာ စခန်းကုန်းပေါ်သို့အလာ တွင် ကျနော်တို့၏ ပစ္စည်းများကို ကူသယ်ပေးသည့် ရဲဘော်ကိုရဲနောင်နှင့် မိသားစု တတိယနိုင်ငံသို့ ထွက်ခွာ မည့်ကိစ္စဟု ကျနော်နားလည်ထားသည်။ တတိယနိုင်ငံသို့ ထွက်ခွာမည့်ကိစ္စအပေါ် တပ်ရင်းရှိရဲဘော်များအား လုံးက နားလည်ကျေနပ်မှုရှိအောင် ရဲဘော်ကိုရဲနောင်က အစည်းအဝေးတွင် အကျယ်တ၀င့် ရှင်းလင်းတင်ပြ ခြင်းဖြစ်မည်ဟု ကျနော့်ဘာသာ တွေးနေမိသည်။

သို့သော် ကျနော် ပို၍စိတ်ဝင်စားသည်က ဗိုလ်ချုပ်ထိန်မောင်ကိစ္စဖြစ်သည်။ ကေအန်အယ်လ်အေ တပ်မဟာ (၇) သည် ကျောင်းသားတပ်မတော်တပ်ရင်း (၈) ၏ အဓိကကျောထောက်နောက်ခံ မဟာမိတ်ဖြစ်ပြီး ဗိုလ်ချုပ် ထိန်မောင်က ထိုတပ်မဟာ (၇) ၏ တပ်မဟာမှူးဖြစ်သည့်အတွက် ဆွေးနွေးပွဲရလဒ်သည် တပ်ရင်း (၈) ၏ အ နာဂတ်အတွက် အလွန်အရေးကြီးပေသည်။ ဗိုလ်ချုပ်ထိန်မောင် ရန်ကုန်မှ ပြန်ရောက်လာပြီဟူသည့် သတင်း ကိုကြား၍လည်း ဗိုလ်ချုပ်ထိန်မောင်နှင့် မတွေ့မီ တပ်ရင်း (၈) အတွင်း အကြိတ်အနယ် ဆွေးနွေးနေကြခြင်း ဖြစ်မည်ဟု ကျနော်စဉ်းစားနေမိသည်။

ဗိုလ်ချုပ်ထိန်မောင်၏ တပ်မဟာ (၇) အနေနှင့် ကေအန်အယ်လ်အေတပ်မတော်မှ ခွဲထွက်ပြီး နအဖစစ်အုပ်စု နှင့် ပူးပေါင်းသွားလျှင် ကေအန်ယူနှင့် ကေအန်အယ်လ်အေတပ်မတော်၏ အနေအထား သိသိသာသာ အ ပြောင်းအလဲရှိနိုင်မည်လား၊ ကျောင်းသားတပ်မတော် တပ်ရင်း (၈) အနေနှင့်ရော ဘာဆက်လုပ်မည်နည်းဆို သည့် မေးခွန်းတွေအပေါ် ကျနော် စိတ်လှုပ်ရှားနေမိသလို ဒီမိုကရေစီတိုက်ပွဲတခုလုံးအတွက်လည်း စိုးရိမ်ပူပန် နေမိသည်။ တပ်ရင်းမှူးတို့အနေနှင့် ညကပြုလုပ်သည့် တပ်ရင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက် ပြတ်ပြတ် သားသား ချပြီးလောက်ပေပြီ။ အကယ်၍ ဗိုလ်ချုပ်ထိန်မောင်၏ တပ်မဟာ (၇) အနေနှင့် နအဖစစ်အုပ်စုနှင့် ပူးပေါင်းမည်ဆိုလျှင် တပ်ရင်း (၈) လုပ်ဆောင်မည့် ဆုံးဖြတ်ချက်သည် ကျနော်တွေးဆထားသည့် ဆုံးဖြတ် ချက်နှင့် တထပ်တည်းကျလိမ့်မည်ဟုပင် လုံးဝဥဿုံ ယုံကြည်စိတ်ချနေမိပေသည်။

အင်ဖက်တွေ တထပ်ကြီးသယ်လာသည့် ရဲဘော်ရန်ကုန်ကို မြင်လိုက်မှ ကျနော်၏ အတွေးနယ်ချဲ့မှုများ ရပ် တန့်သွားသည်။ မိုးမကျမီ စခန်းရှိတဲများအား အမိုးသစ်ပြန်မိုးနိုင်ရန် အင်ဖက်များကို မနက်စောစောစီးစီးထပြီး ကောက်ယူစုဆောင်းနေပုံပေါ်သည်။ နှင်းစက်များဖြင့် ရွှဲရွှဲစိုနေသည့် အင်ပင်၊ ၀ါးရုံပင်များကို ကြည့်ငေးရင်း ချမ်းချမ်းစီးစီးကြီးထဲ ၀ီရိယကောင်းလွန်းသည့် ရဲဘော်ရန်ကုန်ကို ချီးကျူးစကားဆိုလိုက်မိသည်။ ထို့နောက် ဆောင်းမီးဖိုမှခွာပြီး သွားတိုက်၊ မျက်နှာသစ်ရန် စခန်းကုန်းပေါ် ကျနော်တို့ ချီတက်ခဲ့ကြသည်။
စားဖိုတဲထဲတွင် ရဲဘော်များ နံနက်စာ စားနေကြပြီ။ စားဖိုဆောင်တာဝန်ကျသည့် ရဲဘော်နှစ်ဦးကလည်း ထမင်း ဟင်း ချက်ပြုတ်နေကြပြီ။ စားဖိုတဲအပြင်၌မူ တပ်ရင်းရိက္ခာအတွက် မွေးမြူထားသည့် ကြက်ဖ၊ ကြက်မများနှင့် ကြက်ပေါက်ကလေးများကို ရဲဘော်ကိုဦးက အစာကျွေနေပြီး မနီးမဝေးရှိ ၀က်ခြံထဲမှ ၀က်ပေါက်လေးနှစ် ကောင်ကို ရဲဘော်စိုးကိုက အစာကျွေးနေသည်။ နှင်းမှုန်ဖွေးဖွေအောက်မှ စားဖိုတဲဝန်းကျင်အား ကင်မရာ ချောင်းကြည့်ပေါက်မှတဆင့် မြင်တွေ့ရသည်မှာ သန္တရသကိုပေးစွမ်းသည့် ဆောင်းပန်းချီကားတချပ်ကို ခံစား ရသလိုပင်။

နံနက်စာစားပြီးနောက် ရဲဘော်များအား လက်ဆောင်ပေးရန် ယူဆောင်လာသည့် အင်္ကျီ၊ ဘောင်းဘီ၊ အနွေး ထည်၊ တီရှပ်များနှင့် မျက်နှာသုတ်ပ၀ါကြီးကို ကျောပိုးအိတ်ထဲမှ ကျနော်ထုတ်ယူလာပြီး စားဖိုတဲရှေ့ရှိ ၀ါးစား ပွဲပေါ် တင်လိုက်သည်။ သို့သော် အထည်အရေအတွက်က (၁၆) ထည်သာရှိသည့်အတွက် မဲနှိုက်ကာ ဝေခြမ်း ပေးဖို့ တပ်ရင်းမှူးက စီစဉ်သည်။ တယောက်ချင်းနာမည်ခေါ်ပြီး မဲနှိုက်ကြသည်။ ရဲဘော်တယောက် မဲလာနှိုက် တိုင်း တဟေးဟေး တဟားဟား အော်သူအော်၊ လက်ခုပ်တီးသူတီးနှင့် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။ နောက်ဆုံးလက်ကျန်အထည် မဲပေါက်ပြီးချိန်တွင် ကိုမင်းဆန်းမင်းက သူဝတ်ထားသည့် အနွေးထည်ကြီးကို ချွတ်လိုက်ပြီး ‘ဒါကြီးကိုလည်း မဲဖောက်ပေးပါ’ ဟုပြောတော့ စခန်းကုန်းပေါ် လက်ခုပ်သြဘာ သောသောညံ သွားလေသည်။

ကိုမင်းဆန်းမင်း၏ အနွေးအင်္ကျီကို မဲနှိုက်ပြီးနောက် ‘ကံစမ်းမဲအစီအစဉ် မပြီးသေးဘူးဗျို့၊ မဟာကံထူးရှင်ရွေး ပွဲ ရှိသေးတယ်’ ဟု ကျနော်က အော်ပြောလိုက်ရာ ရဲဘော်များ လက်ခုပ်တဖျောင်းဖျောင်း တီးကြပြန်သည်။ ထို့ နောက် မဲလိပ်ထပ်လိပ်ပြီး ကျနော်မတည်သည့် ထိုင်းငွေဘတ် (၃၀၀) အပေါ် မဟာကံထူးရှင်ရွေးချယ်ပွဲ စတင် လေသည်။ ပို၍ပျော်စရာကောင်းဖို့ ဖန်လာလေသလားမသိ။ နောက်ဆုံးနှစ်မဲသာ ကျန်သည်အထိ မဟာကံထူး ရှင်က ပေါ်ထွက်မလာသေး။ နှိုက်ရမည့်သူက တပ်ရင်းမှူးနှင့် ရဲဘော်ကျော်စွာတို့နှစ်ဦးသာ ကျန်တော့သည်။ တပ်ရင်းမှူးက အရင်နှိုက်သည်။ ရဲဘော်များက တဟေးဟေးနှင့် လက်ခုပ်တီးပြီး အားပေးနေကြသည်။ တပ် ရင်းမှူးက မဲလိပ်ဖြည်ကြည့်ပြီး ‘ဗလာ’ ဟု အော်လိုက်ချိန်တွင် မဲနှိုက်ရန် တဦးတည်းကျန်တော့သည့် ရဲဘော် ကျော်စွာတယောက် လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ခုန်ပေါက်လေတော့သည်။ ကျန်ရဲဘော်များအား လုံးက မဲမနှိုက်လိုက်ရဘဲ နောက်ဆုံးလက်ကျန်မဲဖြင့် မဟာကံထူးရှင်ဖြစ်သွားသည့် ရဲဘော်ကျော်စွာကို ၀ိုင်း ၀န်းဂုဏ်ပြုကြသည်။ တပ်ရင်းတွင် အသက်အငယ်ဆုံးဖြစ်သည့် ရဲဘော်ကျော်စွာသည် အင်္ကျီမဲနှိုက်တုန်းက လည်း ပေါက်သည့်အတွက် အလွန်ကံထူးသည့် ရဲဘော်တဦးအဖြစ် ကျနော်အမှတ်ရနေမိတော့သည်။ မဲနှိုက် သည့်အစီအစဉ်ပြီးသည့်နောက် ကိုမင်းဆန်းမင်းက ညကားဖြင့် ဘန်ကောက်သို့ဆင်းရန်ရှိသည့်အတွက် အား လုံးကို နှုတ်ဆက်ပြီး ရဲဘော်ကိုရဲနောင်နှင့်အတူ ဘဲကလော့စခန်းသို့ ပြန်ဆင်းသွားတော့သည်။

ထို့နောက် ကံစမ်းမဲလုံးဝမပေါက်သည့် ရဲဘော်များအပါအ၀င် ရဲဘော်အားလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ရန် အစီအစဉ်တခုကို ကျနော်ကြေညာလိုက်သည်။ ‘ကဲ အခုအချိန်ကစပြီး အသင်းလေးသင်းခွဲပြီး ဂိုးကျဉ်းဘော လုံးပြိုင်ပွဲ ကျင်းပပါမယ်။ ဗိုလ်စွဲတဲ့အသင်းကို ဘတ် (၄၀၀) ချီးမြှင့်ပါမယ်။ ဒုတိယရတဲ့အသင်းကို ဘတ် (၂၀၀) ချီးမြှင့်ပါမယ်’ ဟု ကျနော်အော်ပြောလိုက်ရာ ရဲဘော်အားလုံး လက်ခုပ်လက်ဝါးတီးပြီး ဘောလုံးကန်ရန် ပြင် ကြလေသည်။ ရဲဘော်စိန်ရိုးက ဦးဆောင်ပြီး စားဖိုတဲထဲရှိ သင်ပုန်းပေါ်မှ နာမည်အားလုံးကိုကြည့်ကာ အသင်း လေးသင်းခွဲသည်။ ပြီးသည်နှင့် တပ်ရင်းမှူးက ဒိုင်လူကြီးလုပ်ကာ လေးသင်းပတ်လည် ဂိုးကျဉ်းဘောလုံးပြိုင်ပွဲ ကို စတင်လေသည်။ ဆောင်းနံနက်ခင်း နေခြည်နုအောက်တွင် နှစ်နာရီခန့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြ ပြီးနောက် ပထမဆုရ ရဲဘော်သားကြီး ဦးဆောင်သည့်အသင်းနှင့် ဒုတိယဆုရ ရဲဘော်မင်းမင်း ဦးဆောင်သည့် အသင်းတို့ကို တပ်ရင်းမှူးက ဆုများချီးမြှင့်ပေးလေသည်။ ထိုနံနက်ခင်းသည် ရဲဘော်များနှင့်အတူ လွတ်လွတ် လပ်လပ် နွေးထွေးပျော်ရွှင်ခဲ့ရသည့် ကြည်နူးအမှတ်ရဖွယ် ဆောင်းနံနက်ခင်းလေးတခု ဖြစ်ခဲ့လေသည်။
ဘောလုံးပွဲပြီးသည့်နောက် တပ်ရင်းမှူးက ညပိုင်းတွင် ဘူးသီးကြော် ကြော်စားကြမည့်အကြောင်း သတင်း ကောင်းပါးလေသည်။ ထိုအစီအစဉ်အတွက် ရဲဘော်နှစ်ဦး ဘူးစင်ပေါ်မှ ဘူးသီးကြီးကိုခူးကာ စားဖိုတဲထဲမှ ထ မင်းစား စားပွဲပေါ်တွင် ထိုင်လှီးနေကြသည်။ ပြီးသည်နှင့် ဟင်းအုပ်သည့် ကော်အုပ်ဆောင်းကြီးထဲထည့်ပြီး စား ဖိုတဲအပြင်ရှိ စားပွဲပေါ်တွင် နေလှန်းထားလေသည်။ နေ့လည်စာ စားသောက်ပြီးချိန်တွင် တပ်ရင်းမှူးနှင့် ရဲ ဘော်များ ဘားတိုက်သို့ ဆင်းသွားကြပြီး တပ်ရင်းအစည်းအဝေး ထိုင်ကြပြန်သည်။ ကုန်းပေါ်တွင် ကင်းစောင့် ကျန်ခဲ့သည့် ရဲဘော်ကိုဦး၊ ရဲဘော်ကျော်စွာနှင့် ကျနော်တို့သုံးဦးသာ ကျန်ခဲ့သည်။ ဗိုလ်ချုပ်ထိန်မောင်ကိစ္စ အ ရေးကြီးနေ၍ဖြစ်မည်ဟုပဲ ကျနော့်စိတ်ထဲ မှတ်ထင်လိုက်သည်။

မွန်းလွဲချိန်တလျှောာက်လုံး စားဖိုတဲထဲတွင် ရဲဘော်နှစ်ဦးနှင့် စကားပြောလိုက် ကြိုးပုခက်ထဲ ၀င်အိပ်လိုက် လုပ်နေမိသည်။ ထူးဆန်းသည်မှာ တပ်ရင်းသို့ရောက်ခိုက်တွင် ဘာအလုပ်မှ ပင်ပင်ပန်းပန်းမလုပ်ရပါဘဲ ရှိ သည့် ဟင်းလျာများနှင့် ထမင်းစားကောင်းနေခြင်းဖြစ်သည်။ စကားပြောနေရင်း ဗိုက်ဆာလာပြန်သဖြင့် ရဲ ဘော်ကျော်စွာက ငါးပိကောင်တွေကို ထောင်းပေးသည်။ ဟင်းအိုးထဲမှာရှိသည့် ပဲဟင်းနှင့် ရဲဘော်ကျော်စွာ၏ လက်ရာ ငါးပိထောင်းစပ်စပ်တို့ကို နယ်ဖတ်ပြီးစားရသည်မှာ မြိန်ရေယှက်ရေရှိလွန်းလှသည်။ ထမင်းစားပြီး ပန်းကန်ဆေးရန်အသွား ဟင်းစားခုတ်ထစ်သည့် စင်ပေါ်၌ စန့်စန့်ကြီးလှဲနေသည့် ခွေးသေကောင် မည်းမည်း ကြီးကို ရုတ်ချည်းတွေ့လိုက်ရာ ကျနော်လန့်ဖြန့်သွားသည်။ ရဲဘော်ကိုဦးကို မေးကြည့်တော့မှ မနက်ဖြန် ခွေး သားဟင်းချက်စားဖို့ မြေကြီးထဲကျင်းတူးပြီး မီးဖုတ်ထားခြင်းဖြစ်ကြောင်း၊ ခုနကမှ ကျင်းထဲက သူပြန်ဖော်လာ တာဖြစ်ကြောင်းသိရသည်။

ညနေထမင်းစားအပြီး မှောင်စပျိုးချိန်တွင် မနေ့ကတွေ့ရသည့်အတိုင်း ရဲဘော်အားလုံး ၀တ်စုံပြည့်ဝတ်ဆင်ပြီး လက်နက်ကိုယ်စီလွယ်ကာ စားဖိုတဲနား စုရုံးနေကြသည်ကို တွေ့ရပြန်သည်။ ရဲဘော်တချို့က လက်နက်တွေ ကို စားဖိုတဲတွင် ချိတ်ဆွဲပြီး ဘူးသီးကြော် အစီအစဉ်အတွက် တဲအပြင်မြေကွက်လပ်တွင် မီးဖိုလုပ်ရန် ပြင်ဆင် နေ ကြသည်။ ကင်းစောင့်တာဝန်ကျသည့် ရဲဘော်တချို့က ကင်းလှည့်နေကြသည်။ အမှောင်ထုသိပ်သည်းလာ ချိန်တွင် ဘူးသီးကြော်ရန်အတွက် မီးဖိုအဆင့်သင့်ဖြစ်နေပြီး မီးဖိုမှ ထင်းမီးရောင်ကြောင့် စခန်းကုန်းတ၀ိုက် အတော်အသင့် လင်းနေသည်။ ရဲဘော်မင်းဦးက ဆန်နှစ်နှင့် ဘူးသီးတွေကို မွှေထည့်ပေးနေပြီး ရဲဘော်အောင် အောင်က တုတ်ရှည်နှစ်ချောင်းကိုင်ကာ ဆီးအိုးထဲမှ ဘူးသီးကြော်တွေ ကျက်မကျက်ကို တာဝန်ယူကြည့်ပေး နေသည်။ မီးဖိုဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် တပ်ရင်းမှူးက ဆီအိုးထဲသို့ ဓာတ်မီးနှင့် မကြာမကြာထိုး ရင်း ၀ိုင်းကြည့်ပေးနေသည်။

ကျနော်က မီးဖိုနှင့် မလှမ်းမကမ်းရှိ ၀ါးစားပွဲတွင်ထိုင်ရင်း ဘူးသီးကြော်စားလိုက် ရဲဘော်တွေနှင့် ရပ်စကား ပြောလိုက်လုပ်နေသည်။ ရဲဘော်တွေနှင့် အေးအေးဆေးဆေး စကားပြောကြည့်မှ ကျောင်းသားတပ်မတော် ရဲဘော်တို့၏ ယုံကြည်ချက်ခိုင်မာမှုနှင့် စွန့်လွှတ်အနစ်နာခံနိုင်မှုတို့ကို အထင်းသားတွေ့လိုက်ရပြီး ဗိုလ်ချုပ် ထိန်မောင်ကိစ္စနှင့် ပတ်သက်သည့် ကျနော်၏ စိတ်ပူပန်မှုများ လုံးလုံးလျားလျား လျော့ကျသွားတော့သည်။ ရဲဘော်အားလုံးသည် ဒီမိုကရေစီတိုက်ပွဲ မုချအောင်ရမည်၊ စစ်အာဏာရှင်စနစ် လုံးဝဥဿုံကျဆုံးရမည်ဟူ သည့် ခံယူချက်ကိုယ်စီနှင့် ကျောင်းသားတပ်မတော်သို့ ၀င်ရောက်ခဲ့ကြသည်ကို သူတို့၏လုပ်ရပ်၊ သူတို့၏စိတ် ဓာတ်များက အခိုင်အမာ သက်သေပြနေပေသည်။ သူတို့သည် မြန်မာပြည် နေရာအနှံ့အပြားမှနေ၍ ကျောင်း သားတပ်မတော်သို့ ဆက်သွယ်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ တပ်ရင်း (၈) တွင်မူ ရန်ကုန်သား အများစုဖြစ် သည်ကို တွေ့ရသည်။
ဘူးသီးကြော်စားပြီးနောက် စားပွဲဝိုင်းတွင် မထိုင်တော့ဘဲ အမှောင်ထဲတွင်ရပ်ကာ ဆရာချိန်၊ ကိုသားကြီးတို့နှင့် လေမိနေသည်။ ထိုစဉ် စားဖိုတဲအတွင်း ဂစ်တာဝိုင်းမှ သံပြိုင်ဟစ်ကြွေးသံကြီး လွင့်ပျံလာလေသည်။ ကျနော် တို့သုံးဦး ပြောလက်စကားကိုရပ်ကာ သီချင်းသံကို ငြိမ်ပြီးခံစားနေမိကြသည်။

လမ်းမထက် ကျတဲ့သွေးတွေ xxx ပျောက်ပျက်ကာ သွားပြီမထင်နဲ့လေ xxx ချောင်းထဲမှ မြစ်သို့စီး ၀င် xxx သွေးမြစ်တွေ ရဲရဲနီသတဲ့လေ xxx (မြစ်တွေထဲမှ ပင်လယ်ဆီ xxx သမုဒ္ဒရာတွေ ရဲရဲနီ)၂ xxx နေပူရှိန်မှာ အခိုးအငွေ့တွေပျံလို့ သွေးမိုးတိမ်တွေဖွဲ့ xxx ကောင်းကင်နီရဲ xxx သွေးမုန်တိုင်း တိုက်ခတ်လေပြီ xxx (ဟောင်းနွမ်းတဲ့ အဆောက်အအုံတွေ ဖြိုဖျက်ပစ်ဖို့ xxx ဖောက်ပြန်တဲ့ လူတန်းစားတွေ တိုက်စားပစ်ဖို့)၂ xxx သွေးမုန်တိုင်း တိုက်ခတ်ပြီဟေ xxx ဟေး … မုန်တိုင်းကို ဂုဏ်ပြုကြ xxx ဟေး … မုန်တိုင်းမှာ ပျော်ပါးကြ xxx ကမ္ဘာသစ်ကို ဖန်တီးပါ xxx အင်အားတွေ ဖြည့်ဆည်းပါ xxx

သီချင်းနားထောင်နေစဉ် ကျနော့်စိတ်က ရှစ်လေးလုံးအရေးအခင်းကာလဆီ ပြန်ရောက်သွားပြီး ကြက်သီး မွေး ညှင်းများပင် ထလာသည်။ သီချင်းသံဆုံးပြီး အတန်ကြာမှ ကျနော်တို့ စကားဆက်နိုင်သည်။ ဆရာချိန်နှင့် ကို သားကြီးတို့က ကျောင်းသားတပ်မတော်သို့ ၀င်ရောက်ဖြစ်ခဲ့ပုံတွေကို ကျနော့်အား ခံစားမှုအပြည့်နှင့် ဆက် ပြောပြသည်။ ပါဝါမျက်မှန်တပ်ထားသည့် ဆရာချိန်က ခန္ဓာကိုယ် ပိန်ပိန်ပါးပါးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ မ ဟာဝိဇ္စာတက်နေဆဲတွင် ကျောင်းသားတပ်မတော်သို့ ဆက်သွယ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ကိုသားကြီးက တော့ ကိုသားကြီးဟု ရဲဘော်တွေက နာမည်ပေးထားသည့်အတိုင်း ရုပ်ရှင်မင်းသားဒွေးနှင့် အတော်ဆင်ပြီး မေမြို့တပ်မတော်နည်းပညာတက္ကသိုလ်တွင်တက်နေရင်းမှ ကျောင်းသားတပ်မတော်သို့ ဆက်သွယ်ဝင်ရောက် ခဲ့သူဖြစ်သည်။ နှစ်ယောက်စလုံး ရန်ကုန်သားတွေဖြစ်ကြသည်။

ရဲဘော်တွေ၏ ဖြတ်သန်းမှုအတွေ့အကြုံတွေကို နားဆင်ပြီး ကျနော့်ရင်ထဲ လေးစားစိတ်နှင့် ကြေကွဲစိတ်တို့ တ ပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ရန်အတွက် အညွန့်တလူလူ တက်နေ သည့် သူတို့၏ ဘ၀အခွင့်အလမ်းတွေကို အဆုံးရှုံးခံကာ ပေးဆပ်နေကြခြင်းအပေါ် ကျနော် လေးစားကြေကွဲ နေမိခြင်းဖြစ်သည်။ သို့သော် ရဲဘော်တွေကို ကြည့်ရသည်မှာ နအဖစစ်သားတွေလို ညှိုးနွမ်းခြောက်ခန်းမနေ ဘဲ တက်ကြွလန်းဆန်းနေသည်။ လက်နက်အားကိုးနှင့် ဗိုလ်ကျနေသည့် စစ်အုပ်စုကို လက်နက်နှင့်ပင် တော် လှန်ချေမှုန်းလိုသည့် ရဲစိတ်ရဲမာန်တွေ အပြည့်ရှိနေသည်။ ကျန်းမာကြံ့ခိုင်ပြီး အသိအမြင် ဗဟုသုတတွေကို အမြဲမပြတ် ဖြည့်ဆည်းနေကြသည်။ ယဉ်ကျေးသိမ်မွေ့ပြီး တဦးနှင့်တဦး ကူညီဖေးမကြသည်။ စည်းကမ်း သေ၀ပ်ပြီး ကျရာတာဝန်ကို မခိုမကပ် ထမ်းဆောင်ကြသည်။ ထိုအခြေခံကောင်းများသည် အနာဂတ်ဒီမိုကရေ စီနိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော အသီးအပွင့်များ ဖြစ်လိမ့်မည်ဟု ကျနော်ယုံကြည်နေမိသည်။
တပ်ရင်းတွင် သုံးညအိပ် လေးရက်နေပြီးနောက် တပ်ရင်းမှူးနှင့်ကျနော် ကုန်းပေါ်မှပြန်ဆင်းခဲ့ကြသည်။ မပြန် ခင်ချက်ကျွေးသည့် ခွေးသားဟင်းကိုမူ ကျနော် စားလို့မရခဲ့။ စားကျင့်မရှိသည်ကတကြောင်း၊ မနေ့ကခွေးသေ ကြီးကို မျက်စိထဲမြင်နေသည်ကတကြောင်း ကျနော်မျိုချလို့မရခြင်းဖြစ်မည်။ ကုန်းပေါ်တွင်ကျန်ခဲ့သည့် ရဲဘော် များကို သင်္ကြန်မတိုင်မီ တခေါက်ထပ်လာဦးမည့်အကြောင်း ကျနော်ပြောခဲ့သည်။ တပ်ခွဲမှူး ဆရာကျောင်းက ကျနော်တို့ကို မြန်မာဘက်ကမ်း လှေဆိပ်အထိ လိုက်ပို့သည်။ ခွင့်နှင့် ဘဲကလော့စခန်းပြန်မည့် ရဲဘော်သား ကြီး၊ ရဲဘော်မင်းဦး၊ ရဲဘော်ထွန်းထွန်း၊ ရဲဘော်အောင်အောင်၊ ရဲဘော်ဆရာချိန်တို့ ငါးဦးက ထိုင်းဘက်ကမ်းအ ထိ ကျနော်တို့နှင့်အတူ ပါလာသည်။ ရဲဘော်အိုက်ဇော်နှင့် ရဲဘော်မောင်ချစ်တို့နှစ်ဦးက ကျနော်တို့အရင် ထိုင်း ဘက်ကမ်းသို့ ကူးသွားကြပြီး ဘဲကလော့စခန်းသို့ ခြေလျင်လျှောက်သွားကြပြီဟုဆိုသည်။ အလာတုန်းက လိုက်ပို့သည့်ကား လာဖို့ကြာဦးမည် ဆိုသည့်အတွက် ခရီးဆက်ရန်ရှိသေးသည့် ကျနော်နှင့် တပ်ရင်းမှူးတို့ ကားမစောင့်တော့ဘဲ ဘဲကလော့စခန်းအထိ ဆိုင်ကယ်တယောက်တစီး ငှားစီးကာ ပြန်ခဲ့ကြသည်။ ရဲဘော် ငါးဦးက ပစ္စည်းတွေပါသည့်အတွက် ကားစောင့်ရင်း ကျန်ခဲ့ကြသည်။

မိနစ် (၂၀) ခန့်ဆိုင်ကယ်စီးပြီး ဘဲကလော့စခန်းသို့ ရောက်လာသည်။ တပ်ရင်းမှူးနှင့် ကျနော် လက်ဖက်ရည် ဆိုင်တဆိုင်တွင် ခေတ္တ၀င်နားရန် ဒုက္ခသည်စခန်းထဲ လျှောက်ခဲ့ကြသည်။ လက်ဖက်ရည်သောက်ရင်း ကျနော် သိချင်သည့် မေးခွန်းတခုကို တပ်ရင်းမှူးအား မေးသင့်မမေးသင့် ချိန်ဆနေမိသည်။ တပ်ရင်းမှူးကို ကြည့်ရ သည်မှာလည်း အကြောင်းအရာတခုခုကို စဉ်းစားနေပုံပေါ်သည်။ အတန်ကြာချိန်ဆနေပြီးမှ ကျနော်က တိတ် ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။

‘တပ်ရင်းမှူး၊ ဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ နအဖနဲ့ ပူးပေါင်းမယ်ဆိုရင် တပ်ရင်းမှူးတို့ တပ်ရင်း (၈) အနေနဲ့ရော ဘယ်လိုစဉ်းစားထားလဲ။ လိုက်သွားမှာလား’ ဟု ကျနော် အရဲစွန့်ပြီး မေးလိုက်သည်။ တပ်ရင်မှူးက သောက် မည့်ဟန်ပြင်ထားသည့် လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ရင်း …

‘ဟာ … လိုက်သွားလို့ ဘယ်ဖြစ်မလဲ၊ သမိုင်းကွေးကုန်မှာပေါ့’ ဟု အလျင်အမြန် တုန့်ပြန်သည်။ တပ်ရင်းမှူး၏ ‘သမိုင်းကွေးကုန်မှာပေါ့’ ဆိုသည့်စကားကို ရုတ်ချည်းကြားလိုက်ရတော့ ဘူးသီးကြော်စားသည့် ညက ရဲဘော် များသီဆိုသည့် သီချင်းတပုဒ် နားထဲပဲ့တင်ပြန်သည်။

‘xxx သမိုင်းရေးသော တို့ရဲ့လက်များ xxx လွတ်မြောက်ရေး ရှေ့ရှုကာထား xxx ရှင်သန်ချိန် ဒီဘ၀ ထဲမှာ xxx ညီစေနော် ငါတို့ကျောင်းသား xxx’

သမိုင်းရေးသည့် လက်များက သမိုင်းအကွေးခံမည် မဟုတ်မှန်းကို ကျနော့်အနေနှင့် နဂိုကတည်းက ယုံကြည် စိတ်ချပြီးသားဖြစ်ပါသည်။ သို့သော် တပ်ရင်းမှူး၏ နှုတ်ထွက်စကားကို ကြားလိုက်ရသဖြင့် တော်လှန်ရေးအ တွက် ပိုအားရှိသလို ကျနော်ခံစားလိုက်ရသည်။ တပ်ရင်းမှူးက …

‘တပ်ရင်းမှာ အစည်းအဝေးဆက်တိုက် ထိုင်နေရတာလည်း အဲဒီကိစ္စပဲ။ နှစ်ရှည်လများ အတူလက်တွဲပြီး တိုက် ပွဲဝင်လာတဲ့အခါကျတော့ အဘတို့နဲ့ ရဲဘော်တွေကြား သံယောဇဉ်ကြီးကြတာပေါ့။ ဒါပေမယ့်လည်း အဘတို့ အထဲပြန်ဝင်သွားခဲ့ရင်တော့ တပ်ရင်းကို နေရာရွှေ့ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ပဲ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်။ အဘကိုတော့ တပ်ခွဲမှူး ဆရာကျောင်းနဲ့ တပ်စိတ်မှူး ရဲဘော်စိန်ရိုးတို့ သွားတွေ့ကြလိမ့်မယ်’ ဟု ဖြေးဖြေးချင်း ဆက်ပြောပြသည်။

အပြန်လိုင်းကားပေါ်တွင် တပ်ရင်းမှူးနှင့် ကျနော် စကားမပြောဖြစ်ကြတော့ဘဲ ကိုယ်အတွေးနှင့်ကိုယ် ထိုင်စီး လာကြသည်။ ကျနော်၏အာရုံတွင် စစ်အာဏာရှင်များ မပြုတ်ကျမချင်း၊ မြန်မာပြည် ဒီမိုကရေစီမရမချင်း ဆက် လက်တိုက်ပွဲဝင်နေဦးမည့် ကျောင်းသားတပ်မတော် ရဲဘော်တို့၏ ပုံရိပ်လွှာများ ဝေ့၀ဲလာသည်။ လိုင်းကား လေးက နိုင်လွန်ကတ္တရာလမ်းပေါ် တငြိမ့်ငြိမ့်ပြေးနေသည်။ ကျနော်က ကျောင်းသားရဲဘော်တို့၏ ယုံကြည် ချက်၊ ရပ်တည်ချက်ခိုင်မာမှု၊ အနစ်နာခံပေးဆပ်တိုက်ပွဲဝင်မှုတွေကို စိတ်ထဲမှ ဦးညွှတ်ရင်း အေဘီအက်စ်ဒီ အက်ဖ်ရဲဘော် အဆိုတော်မွန်းအောင်၏ ‘ဒေါင်းတမန်’ သီချင်းကို ဆိုညည်းဂုဏ်ပြုနေမိပါသည်။

‘(ပျံသာပျံပါ ခွပ်ဒေါင်းနီ xxx မုန်တိုင်းမိုးထက်ဆီ)၂ xxx အရိုင်းမြှင့်လေကြမ်း တိုးဖြတ်သန်းသည် xxx တော်လှန်ပန်းနီနီ အစဉ်သယ်ချီ xxx အနတ္တစွမ်းရည် သင့်တောင်ပံဆီ xxx သင့်ခွန်အားကို တို့တတွေ ယုံကြည် xxx သမိုင်းတခေတ် အာရုံဦးဆီ xxx လှမ်းတက်ဖို့ ရှေ့သို့မြန်မြန်ချီ xxx

(ပျံသာပျံပါ ခွပ်ဒေါင်းနီ xxx မုန်တိုင်းမိုးထက်ဆီ)၂ xxx စနစ်သစ်တည်ဆောက် တို့ခေတ်ရောက်ပြီ xxx တော်လှန်ပန်းနီနီ အစဉ်သယ်ချီ xxx လူ့အခွင့်အရေးတွေ တို့ပြည်သူဆီ xxx သင့်ခွန်အားနဲ့ တို့ကြံဆောင်မည် xxx သမိုင်းတခေတ် အကောင်းအမှန်ပြောင်းရန် xxx ဒေါင်းတမန်များ ပျံသန်း မြိုင်မြိုင်ချီ xxx

(ပြီးပါပြီ)

ဒေါက်တာလွဏ်းဆွေ
(ခေတ်ပြိုင်ဝက်ဘ်ဆိုက်နှင့် ဒေါင်းအိုးဝေမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်ပါသည်)

No comments: