Thursday, December 4, 2008

မျှော်ကြဦးမလား အိုဘားမား

မျှော်ကြဦးမလား အိုဘားမား
ဒေါက်တာလွဏ်းဆွေ
(၂၀၀၈ ခုနှစ် ဒီဇင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

နိုဝင်ဘာ (၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လူမည်းသမ္မတလောင်း အိုဘားမား အနိုင်ရတော့ မြန်မာအတိုက်အခံတချို့ ၀မ်းသာအားရ ကြိုဆိုကြ၊ မြန်မာ့ဒီမိုကရေစီရေးအတွက် အားကိုးတကြီး မျှော်လင့်ကြောင်း ပြောဆိုဆွေးနွေးကြတာတွေကို လေလှိုင်းတွေထဲမှာ ကြားလိုက်ရပါတယ်။ နာမည်မှာ ‘ဘားမား’ ပါလို့ ‘ဘားမားအရေး’ ကို အရင်သမ္မတတွေထက်ပိုပြီး စိတ်ဝင်တစား ကိုင်တွယ်လေမ လားဆိုတဲ့ မျှော်လင့်မှုနဲ့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ၈၈ အရေးအခင်း ပြီးကတည်းကနေ ရေတွက်ရင် အခုရွေးကောက်ခံရတဲ့ သမ္မတသစ် အိုဘားမားအထိဆို အမေရိကန်သမ္မတ လေးဆက်ပြောင်းခဲ့ပါပြီ။ ကမ္ဘာကြီးကို ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်သမ္မတတွေသာ တလှည့်စီ အုပ်စိုးသွား တယ်။ မြန်မာပြည်သူတွေအဖို့မှာတော့ အမေရိကန် ဟိုနေ့ဝင်တိုက်နိုး၊ ဒီနေ့ဝင်တိုက်နိုး မျှော်ရင်းမျှော်ရင်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုကို ပိုပိုခံကြရ၊ ဆင်းရဲတွင်း ပိုပိုနက်ကြရဆိုတဲ့ အခြေအနေဆိုးတွေနဲ့ သာ တိုးခဲ့ကြရပါတယ်။

ရီပတ်ဘလီကင်သမ္မတ စီနီယာဂျော့ဘုရှ် (၄) နှစ်တဆက် အုပ်ချုပ်ပြီးတော့ ဒီမိုကရက်သမ္မတ ကလင်တန်က (၈) နှစ်၊ ပြီးတော့ ရီပတ်ဘလီကင်သမ္မတ ဂျူနီယာဂျော့ဘုရှ်က (၈) နှစ်နဲ့ အုပ်စိုးလာလိုက်တာ ပေါင်းကြည့် လိုက်ရင် အနှစ် (၂၀) ကျော်ကြာမြင့်လာတဲ့ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲနဲ့ အပြိုင်ပါပဲ။ အနှစ် (၂၀) အတွင်း မှာ အမေရိကန်ဟာ အရှေ့ဥရောပနိုင်ငံတွေကို ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်အောင် အားပေးကူညီတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ ငွေမည်းခ၀ါချမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပနားမား က ဗိုလ်ချုပ်ကြီး နိုရေးဂါးကို အင်အားသုံး ၀င်ဖမ်းပြီး အမေရိကန်ကို ခေါ်သွားတယ်။ ကျူးကျော်ခံရတဲ့ ကူဝိတ် နိုင်ငံဘက်ကနေ အီရတ်ကို ၀င်တိုက် ပေးတယ်။ ၉/၁၁ မှာ အကြမ်းဖက် တိုက်ခိုက်ခံလိုက်ရတော့ ဘင်လာဒင် ကို ခိုလှုံခွင့်ပေးထားတဲ့ အာဖဂန်နစ္စတန်ကို ၀င်တိုက်ပြီး တာလီဘန်တွေကို မောင်းထုတ်တယ်။ ဟာမစ်ကာ ဇိုင်းကိုတင်ပြီး ဒီမိုကရေစီအသွင်ကူပြောင်းအောင် ပုံအောကူညီတယ်။ အကြမ်းဖက်သမားတွေ ခိုအောင်း တယ်လို့ယူဆတဲ့ ဆူဒန်လိုနိုင်ငံကိုလည်း အလစ်အငိုက် ဗုံးဝင်ကြဲချင်ကြဲပစ်တယ်။ ပြီးတော့ ဓာတုလက်နက် အကြောင်းပြပြီး အီရတ်ကို ၀င်တိုက်၊ အာဏာရှင် ဆဒမ်ဟူစိန်ကို ဖြုတ်ချပြီး အီရတ်နိုင်ငံကို ဒီမိုကရေစီအသွင် ကူးပြောင်းအောင် အလုံးအရင်းနဲ့ ကူညီတယ်။

တကယ်တော့ အာဖဂန်နစ္စတန်နိုင်ငံဟာ ပထ၀ီအနေအထားအရ ရုရှား၊ တရုတ် အင်အားကြီးနှစ်နိုင်ငံနဲ့ နယ် နမိတ်ချင်း ပိုနီးစပ်တဲ့ နိုင်ငံပါ။ ဒါပေမယ့် အမေရိကန်ဟာ သူဝင်တိုက်ချင်ပြီဆို ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ၀င် တိုက်တာပါပဲ။ ၀င်တိုက်နိုင်လောက်တဲ့ တခုတည်းသော ဟိုက်ပါပါဝါလည်း သူ့မှာရှိနေတာကိုး။ အီရတ်ကို ၀င် တိုက်ပြီး ဆဒမ်ဟူစိန်ကို ဖြုတ်ချတုန်းကလည်း ကျန်တဲ့အင်အားကြီးနိုင်ငံတွေ တားမြစ်တာကို ဂရုမစိုက်ဘဲ ဗြိ တိန်နဲ့ပေါင်းပြီး တိုက်ပစ်တာပါပဲ။ တခုတော့ရှိပါတယ်။ အမေရိကန် ကိုယ်ထိလက်ရောက် ၀င်တိုက်တဲ့ နိုင်ငံ တွေကတော့ သူ့ရဲ့လုံခြုံရေးနဲ့ အကျိုးစီးပွားကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်တဲ့နည်းနဲ့ ထိပါးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ကျနော်တို့ဆီက ဗိုလ်သန်းရွှေကိုကျတော့ ဘယ်လောက်ပဲ ဆိုးသွမ်းရက်စက်နေနေ အမေရိကန်အနေနဲ့က ‘အိမ်ကျယ်’ လို့ပဲ ယူဆဟန်တူပါရဲ့။ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက ပြည်သူလူထုကို လူမဆန်အောင် ဖိနှိပ်ရက် စက် သတ်ဖြတ်နေပေမယ့် သူ့ရဲ့လုံခြုံရေးနဲ့ အကျိုးစီးပွားအောင် ထိပါးနိုင်လောက်တဲ့ အနေအထားမရှိဘူးလို့ အမေရိကန်က ယူဆတော့ စစ်အုပ်စုက အကာအကွယ်ပေးထားတဲ့ ဘိန်းဘုရင် လော်စစ်ဟန်တို့၊ မနှစ်ကမှ ကွယ်လွန်သွားခဲ့တဲ့ ခွန်ဆာတို့ကို ဗိုလ်ချုပ်ကြီး နိုရေးဂါးလို ၀င်မဖမ်းလေဘူး။ ကျောင်းသားပြည်သူတွေကိုသာ မက သံဃာတော်တွေကိုပါ ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာကို အထောက်အထားတွေ ခိုင် ခိုင်လုံလုံနဲ့ တွေ့နေပေမယ့်လည်း နအဖစစ်အုပ်စုကို ၀င်မတိုက်ချေဘူးပေါ့။ အမေရိကန်ဟာ မြန်မာ့ဒီမိုကရေ စီအရေးမှာ လူကြီးတယောက်လို မကောင်းတတ်လို့ ၀င်ဟန့်တဲ့ သဘောမျိုးလောက်သာ ကူညီနေတာကို တွေ့ ရပါတယ်။

အမေရိကန်အနေနဲ့ စစ်အစိုးရကို စီးပွားရေးပိတ်ဆို့ပြီး လက်နက်အရောင်းအ၀ယ် မလုပ်နိုင်အောင် ဟန့်တား ပေးတာလည်း ထိရောက်သင့်သလောက် ထိရောက်တဲ့ အကူအညီပေးမှုပါပဲ။ ဒါပေမယ့် လတ်တလော မြန်မာ ပြည်မှာ သဘာဝဓာတ်ငွေ့က အလျှံအပယ် ထွက်နေလေတော့ စီပွားရေးပိတ်ဆို့ထားပေမယ့်လည်း စစ်အုပ်စု အတွက် အသက်ရှူပေါက်က ရှိနေပါတယ်။ နအဖလို ခေါင်းမာတဲ့ စစ်အုပ်စုမျိုးက စီးပွားရေးအရ ပိတ်ဆို့အရေး ယူတဲ့ ပြစ်ဒဏ်မျိုးလောက်နဲ့ ဆင်းပြေးမှာ မဟုတ်တဲ့အပြင် တရုတ်၊ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေနဲ့ အာဆီ ယံနိုင်ငံတွေက သဘာဝသယံဇာတ အရင်းအမြစ်တွေ အချောက်နှိုက်ရဖို့အရေး စစ်အုပ်စုကို ၀ိုင်းပြီးမျက်နှာချို သွေး ကျားကန်ပေးနေလေတော့ တုတ်ပြရေးမူနဲ့ အင်အားသုံးအရေးယူမှသာ အဖိနှိပ်ခံမြန်မာပြည်သူတွေကို ကယ်တင်နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။

အဲဒီလို အင်အားသုံးဝင်ရောက်ဖို့ ဆိုတာကလည်း အခုအချိန်မှာ ဖြစ်လာနိုင်ချေ မရှိတော့တာကို နာဂစ်မှာက တည်းက သင်ခန်းစာရခဲ့ပါပြီ။ တကယ်ဆိုရင် နာဂစ်တုန်းက အမေရိကန်စစ်သင်္ဘောတွေအနေနဲ့ အင်အားသုံး ၀င်ရောက်ကူညီရင် မြန်မာပြည်သူပြည်သားအားလုံးက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာဖြစ်တဲ့အပြင် နအဖ စစ်တပ်အနေနဲ့လည်း ခုခံနိုင်တဲ့ အနေအထား လုံးဝမရှိပါဘူး (လက်နက်ရှိတယ်ပဲထားဦး စိတ်ဓာတ်နဲ့ ခုခံ တိုက်ပေးမယ့် စစ်သားမရှိတာကို ဆိုလိုတာပါ။ နအဖစစ်သား ရာနှုန်းပြည့်နီးပါးက ငတ်လို့ စစ်တပ်ထဲဝင်တဲ့ သူတွေချည်းပဲဆိုတော့ အမေရိကန် တကယ်အင်အားသုံးဝင်ရောက်ရင် အချိန်တိုအတွင်း အားလုံးအညံ့ခံကြ မှာ ကို ပြည်သူတွေအားလုံးက သိနေပြီးသားပါ)။ အင်အားသုံးဝင်ရောက်မယ့် အနေအထားကလည်း စစ်အုပ်စု က ပြည်သူတွေဆီ အကူအညီတွေ မရောက်အောင် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ အခြေအနေ (Crime against Humanity) ကို စစ်ရေးနည်းနဲ့ ၀င်ရောက်အကာအကွယ်ပေးရေး (Responsibility to Protect) အာတူးပီအရ ၀င်ရောက်မှာဆိုတော့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေလည်း ဘာမှမပြောသာတဲ့ အနေအ ထားပါ။ အဲဒီအချိန်မှာ တရုတ်ကလည်း တိဗက်အရေးအခင်းကို ရုပ်ပျက်ဆင်းပျက် နှိမ်နင်းထားတဲ့အပြင် ဇီချွမ် ငလျင်ဒဏ်လည်း ခံထားရလေတော့ သူ့အနာနဲ့သူ မလှုပ်နိုင်တဲ့ အနေအထားပါ။

အဲဒီလိုအခြေအနေမျိုးမှာ စစ်သင်္ဘောတွေ လာကပ်တာဆိုတော့ လူတသိန်းခွဲသေပြီး နှစ်သန်းခွဲဒုက္ခ ရောက် နေတာကို အကူအညီတွေ ပေးမ၀င်ဘဲ မျက်ကွယ်ပြု လျစ်လျူရှုထားတဲ့ ဗိုလ်သန်းရွှေတယောက် ကြောက်ရွံ့ပြီး ငေါက်ကနဲ ထလာတော့တာပေါ့။ အကူအညီကိစ္စ အာဆီယံနဲ့ပဲ လုပ်ပါရစေလို့ပြောပြီး ဘန်ကီးမွန်းကို မျက်စိ ပျက်မျက်နှာပျက် ထွက်တွေ့ရတယ်။ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနား စစ်သင်္ဘောကပ်ရုံလေးတောင် မြန်မာ ပြည်သူတွေ အရမ်းဝမ်းသာပြီး ဗိုလ်သန်းရွှေ တော်တော်ကြောက်သွားပုံထောက်ရင် တကယ်သာ အင်အားသုံး ၀င်ကူညီလို့ကတော့ ဆိုဖွယ်ရာမရှိ နိုင်ငံရေးအပြောင်းအလဲအထိပါ တက်လှမ်းနိုင်မယ့် အနေအထားပါ။ ဒါကို အမေရိကန်က ကိုယ်ထိလက်ရောက် ၀င်မကူညီဘဲ ဟန်ရေးလောက်သာပြပြီး ပြန်ထွက်သွားခဲ့လေတော့ မြန် မာပြည်သူတွေအတွက် ဒီလောက်ကောင်းတဲ့ အခွင့်အရေးမျိုး နောက်ထပ်တစ်ခါ မရနိုင်တော့ဘူးလို့ပဲ ဆိုရပါ တော့မယ်။

အချုပ်အားဖြင့်ပြောရရင် အမေရိကန်မှာ ဘယ်သမ္မတပဲတက်တက် မြန်မာ့အရေးကို ကိုယ်ထိလက်ရောက်ဝင် ကူညီမယ့် အနေအထားမရှိလို့ မျှော်လည်း လည်ပင်းရှည် ခေါင်းညောင်းရုံပဲရှိမှာပါ။ အထက်မှာ တင်ပြခဲ့တဲ့ အ ခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မယ်ထင်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်ထိ လက်ရောက် ၀င်ကူညီဖို့အရေးမှာ အမေရိကန်အတွက် အကြမ်းဖက်အန္တရာယ်တို့ ရေနံအကျိုးစီးပွားတို့လို အ ရင်းခံအကြောင်းတရားတွေ ရှိမနေတဲ့အပြင် ကမ္ဘာ့စီးပွားရေး အကြီးအကျယ် အကျပ်ဆိုက်နေတဲ့ ဧရာမပြဿ နာကြီးက သမ္မတသစ် အိုဘားမားကို ခေါင်းမဖော်နိုင်အောင် အလုပ်ပေးဦးမှာမို့ တက်လာလာချင်း တခြားကိစ္စ တွေကို အလျင်စလို ခေါင်းထောင်ကြည့်နိုင်ဦးမယ့် အနေအထားမရှိပါဘူး။ ဒါ့အပြင် အိုဘားမားအနေနဲ့ အီရန်၊ မြောက်ကိုရီးယား နျူကလီးယားပြဿနာ၊ အရှေ့အလယ်ပိုင်းပြဿနာ၊ အာဖန်ဂန်နစ္စတန်နဲ့ အီရတ်တို့မှာ စစ် ကျွံနေတဲ့ ပြဿနာနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုလို အန္တရာယ်ပေါင်းစုံကိုလည်း ဦးစားပေး ကိုင်တွယ်ဖြေရှင်းရ မယ့် အနေအထားမှာ ရှိနေတဲ့အတွက် မြန်မာပြည်အရေးကိုတော့ အရင်သမ္မတတွေလိုပဲ ပြစ်တင်ရှုတ်ချလိုက်၊ စိုးရိမ်းမကင်းဖြစ်မိကြောင်း ပြောဆိုလိုက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်၊ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းလိုက်နဲ့ပဲ ပြီးသွားဖို့ များနေပါတယ်။ အဲဒါကြောင့်မို့ နာ မည်မှာ ‘ဘားမား’ ပါတဲ့ အိုဘားမားကို ဆက်မျှော်ပြီး ကိုယ့်အားကိုယ်ကိုး တိုက်ပွဲဝင်ဖို့ မေ့လျော့နေရင် အိုဘား မား ဆင်းသွားတဲ့အခါ ‘အားရေး ဘား ဘား … အိုဘားမား … ဘာမှလည်း မကူညီသွားပါလား’ လို့ ဆလံသကြ ရဖို့ရှိပါကြောင်း သတိပေးခေါင်းလောင်း ထိုးလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

2 comments:

Thuta said...

ဒီဆောင်းပါးကို ဒေါက်တာလွမ်းဆွေဆိုတဲ့လူ ရေးတာလား.. သူများရေးတာကိုတင်တာလား.. ဒီလောက်တောင်ပဲ ငမ်းငမ်းတက်မျှော်နေရသတဲ့လားဗျာ.. ရှက်ဖို့ကောင်းလိုက်တာ.. ကိုယ့်ဘာသာ အားရ၀မ်းသာ ဥပမာပြခဲ့တဲ့ နိုင်ငံတွေမှာပဲ ဘယ်နိုင်ငံများ ဒီမိုကရေစီဖြင့် ပြည့်ဝငြိမ်းချမ်း ငြိမ်သက်သွားလေသတည်းလို့ ကြားဖူးပါလဲ..

ကိုယ့်ဘာသာတိုက်ယူပါမယ်.. အသေမခံ၇ဲရင်လည်း ပါးစပ်ပိတ်နေပေးပါ.. ဂျာနယ်မှာ မြန်မာစာလုံးနဲ့ မျက်နှာပြောင်တိုက်မရေးစမ်းပါနဲ့ဗျာ..

သုတ

Unknown said...

Dr.lunswe just discussed about new president Obama and american policy on Burma. Look back history and That is so true. Pls focus on his article.

Linn ( SF,US )