Saturday, February 9, 2013

လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော် လာခဲ့တယ် (အက်ဆေး)

အိမ်ကထွက်ခဲ့ပြီ။ ကိုတိုးကြီးရဲ့ ‘ပြန်မလှည့်တော့ဘူး’ သီချင်းထဲက စာသားတွေကို နာနာကျင်ကျင် ညည်းရင်းနဲ့။ စစ်အစိုးရလက်အောက်မှာ နိုင်ငံရေးနယ်ပယ်ထဲ ၀င်လုပ်တဲ့သူတဦးဟာ ပိုင်းဖြတ်ချက်တော့ ထားရတာပဲ။ ကိုယ်နောက်ဆုံးလုပ်နိုင်တဲ့ အချိန်ထိ တောင့်ခံပြီးလုပ်။ အဲဒီစိုးရိမ်ရေမှတ်ကို ကျော်သွားတာနဲ့ အဖမ်းခံမလား၊ ဒါမှမဟုတ် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲမလား။ ဒါက ပြည်တွင်းမှာ လှုပ်ရှားတဲ့သူတိုင်း ရွေးချယ်ရတဲ့ လမ်း (၂) ကြောင်းပါ။ ကျနော်ကတော့ ဒုတိယလမ်းပဲ ရွေးချယ်ခဲ့တယ်။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပဲမဟုတ်လား။

အိမ်က ထွက်ထွက်ချင်း လုပ်ဖော်ကိုင်ဘက်တဦးက ကျနော့်အမေ အမျိုးများရှိရာ ညောင်လေးပင်ဘက်ကို လိုက်ပို့ပေးတယ်။ အဲဒီကနေ အခြေအနေကို စောင့်ကြည့်ဖို့ပါ။ တကယ်လို့ အခြေအနေကောင်းရင် ဆက်လုပ်နိုင်သမျှလုပ်ပေါ့။ မကောင်းရင်တော့ သွားမယ်။ တလလောက်ပါပဲ။ မိုးတွင်းကာလ လယ်စိုက်ချိန်ကြီး။ ရေပြင်ဖွေးဖွေးနဲ့ ၀ိုင်းနေတဲ့ ဘကြီးရဲ့ လယ်တဲလေးမှာနေလိုက်။ ရွာထဲပြန်လိုက်နဲ့။ အဲဒီကာလက စာတော့ တော်တော်ဖတ်ဖြစ်သွားတယ်။ စာအုပ်တွေနဲ့ပဲ နေနေရတာဆိုတော့။

အဲဒါနဲ့ အဆက်အသွယ်က ပြန်ရောက်လာတယ်။ အခြေအနေက ပိုပိုဆိုးတယ်လို့ဆိုတယ်။ အဲဒါနဲ့ ဒုတိယလမ်းကို အကောင်အထည်ဖော်ဘို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ တောထဲသွားဖို့ လမ်းကြောင်းရှာရ၊ ရွေးရတယ်။ ကျနော် ပထမသွားချင်တဲ့ လမ်းကြောင်းက သွားလို့မရတော့ဘူး။ ပိတ်သွားပြီ။ အဲဒါနဲ့ ဒုတိယလမ်းကြောင်းကိုရှာတော့ ဘုရားသုံးဆူဘက်သွားဖို့ အကြံပေးကြတယ်။ အဲဒီလမ်းကပဲထွက်မယ်လို့ ဆုံးဖြတ်ပြီး ရန်ကုန်ကို ပြန်တက်လာကြတယ်။ ရန်ကုန်ရောက်တော့ ၀ပ်ကျင်းတခုရှာပြီး ခဏ၀ပ်တယ်။ အိမ်ကိုလည်း ပြန်မရတော့။ ပြန်လည်း မိသားစုတွေ ၀မ်းနည်းတာကလွဲပြီး ထပ်ခွဲကြရင် နှစ်ထပ်ကွမ်းသောကပဲ ထပ်ရဦးမှာလေ။

ဒါပေမယ့် ခက်တာက သွားဖို့အတွက် လမ်းစရိတ် ...။ ကျန်တဲ့ လုပ်ဖော်ကိုင်ဘက်တွေလည်း မိဘဆီက လက်ဖြန့်တောင်းသုံးနေရတာ မဟုတ်လား။ သူတို့လည်း မရှိ။ အခက်အခဲတွေ့တော့ အိမ်မှာကျန်ခဲ့တဲ့ အ၀တ်အစား အားလုံးကို လူတယောက်လွှတ်ပြိး အမေ့ဆီက ပြန်တောင်းခိုင်းလိုက်တယ်။ ငွေတော့ မတောင်းချင်။ သူတို့က ကျန်ရစ်ခဲ့တဲ့သူတွေ မဟုတ်လား။ ပိုပြီး လိုအပ်မှာပေါ့။ ကျနော်ကတော့ တယောက်တည်းဆိုတော့ ပြဿနာမရှိလှပါ။

အမေက အ၀တ်အစားအားလုံးကို ထည့်ပေးလိုက်တယ်။ အဲဒါနဲ့ ကိုယ့်အတွက် လိုအပ်မယ့် ၀တ်စုံသုံးစုံကို ရွေးပြီး ကျန်တာတွေအားလုံးကို အ၀တ်ဟောင်းဆိုင်မှာ ရောင်းလိုက်ရတယ်။ နောက် လက်ပတ်နာရီတလုံး။ အဲဒါနဲ့ ပိုက်ဆံ ၆၀၀ လောက် ရလိုက်တယ်။ ကျန်တဲ့လူတွေကို လောက်နိုင်ပါ့မလားလို့မေးတော့ လောက်ပါတယ်ဆိုမှ သက်ပြင်းချမိတယ်။ မလောက်လည်း နောက်ထပ် ရပေါက်ရလမ်းက မရှိတော့ဘူး ။

ကျနော့်မှတ်ပုံတင်က သုံးလို့မရဘူးဆိုပြီး ရဲဘော်တယောက်က မှတ်ပုံတင်တခု လာပေးတယ်။ ကိုယ့်မှတ်ပုံတင် အစစ်တော့ လုံလုံခြုံခြုံ သိမ်းပေါ့။ ရထားလက်မှတ်ဝယ်တော့ မှတ်ပုံတင်ပြပြီး ဝယ်ရတာ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တဦးရဲ့ အဖေက မီးရထားမှာ အလုပ်လုပ်တော့ သိပ်အခက်အခဲ မရှိလှပါဘူး။

ခရီးထွက်မယ့် ညကျတော့ နောက်တယောက် ရောက်လာတယ်။ သူလည်း နေလို့မရတော့ဘူး။ သူက ကျနော်နဲ့ မန္တလေးညီလာခံမှာ တွေ့ခဲ့တဲ့ ကိုမွှေးကြိုင် (ထွန်းခင်- ၁၉၉၄ ခုနှစ်ဆန်းပိုင်းမှာ ပေါင်းလောင်းဒေသတွင် ကျဆုံး) ဖြစ်နေတယ်။ လူ့ဘောင်သစ်ပါတီက။ အဲဒီညက တော်တော်နဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ ဘ၀မှာ တခါမှ မကြုံဘူးတဲ့၊ ကြုံမယ်လို့လည်း မျှော်လင့်မထားတဲ့ အတွေ့အကြုံသစ်တွေ ကြုံရတော့မှာ မဟုတ်လား။

နောက်နေ့မနက် ဘူတာကြီးမှာရောင်းတဲ့ ထမင်းကျော်ကို စားပြီး မနက်ငါးနာရီ မော်လမြိုင်ရထားနဲ့ နယ်ပယ်သစ်တခုဆီကို စထွက်လာခဲ့ပါပြီ။ အိပ်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့ကြီးကတော့ မီးရောင်တွေအောက်မှာ ငြိမ်သက်စွာ တဖြည်းဖြည်း ပျောက်ကွယ်ပြီး ကျန်ရစ်ခဲ့တော့တယ်။ ငယ်ဘ၀ရဲ့ အိပ်မက်တွေလည်း အဲဒီမှာတင် ပျောက်ကွယ်ကျန်ရစ်ခဲ့တော့တယ်။

ရထားကလည်း တလိမ့်ချင်းပါပဲ။ သတိတရဖြစ်မှုကလည်း တလိမ့်ချင်းပါပဲ။ ကျနော် အိမ်ပေါ်ကနေ ခဏခဏ ဆင်းဖူးတယ်။ အမေကပဲ ‘နင့်လိုသားမျိုးကို မောင်းချရမယ်ဟဲ့’ လို့ ခဏခဏ နှင်ချဘူးတာ။ ကျနော်ကလည်း တော်တော်ဆိုးပါတယ်။ နှင်ချတိုင်း ကျနော်ဆင်းသွားတာက နောက်ဖေးကျောချင်းကပ်က အိမ်ကို။ အိမ်က ဆင်းတော့ ဟန်ကျပန်ကျ။ အိတ်တွေဘာတွေ ယူ၊ အ၀တ်အစားတွေ ထည့်၊ ပြီးတော့ နောက်ဖေးအိမ်မှာ သွား အိပ်နေတာ။ မနက်ကျမှ `အမေ့အိမ်လောက် ဘယ်အိမ်မှ မကောင်းဘူးဆိုတာ ကျနော်သိပါပြီ၊ အမေ´ လို့ အ မေ့ရင်ခွင် ခေါင်းထိုးပြောတော့ မျက်နှာက တင်းနေပေမယ့် အမေ့မျက်လုံးက အပျော်တွေနဲ့ ရွှန်းစိုနေခဲ့တယ်။

အိမ်က ကျနော်ဆင်းရရင် ပုံမှန်တညပါပဲ။ အမေလည်း ကျနော့်ကို တညထက်ပိုပြီး မျက်စေ့အောက်က အပျောက်မခံနိုင်ခဲ့ဘူး။ တခါ ကျနော်လည်း ဒေါသထွက်၊ အမေလည်း အရမ်း စိတ်ဆိုးတဲ့အခါတုန်းကတော့ ကျနော် ထွက်သွားဖို့ စဉ်းစားသေးတယ်။ အဲဒီညတွင်းချင်းပဲ ကျနော့်သူငယ်ချင်းတွေကို လိုက်ရှာခိုင်းတာ ကားဂိတ်၊ ရထားဂိတ်အနှံ့ပါပဲ။ ဒါပေမယ့် ကျနော်လည်း ဘယ်ဝေးဝေးသွားနိုင်မှာလဲ။ ဘယ်သူကများ အမေ့လောက် ကျနော့်ကို စိတ်ရှည်သည်းခံနိုင်မှာလဲ။

ဒါပေမယ့် ဒီတခါကတော့ အိမ်ကနေထွက်ခဲ့ရတာ တညထက်ပိုမယ်ဆိုတာ အမေရော၊ ကျနော်ရော သိရက်နဲ့ မေ့တိမေ့မောနေခဲ့တယ်။ ဒီတခါတော့ တဘ၀လုံးနီးနီးလောက် အိမ်ပြန်မရောက်နိုင်ဘူးဆိုတာ ကျနော်လည်း သိခဲ့ပါတယ်။ အမေလည်း သိနေပါပြီ။

ကျန်ခဲ့တဲ့ ရန်ကုန်မြို့ကို ငေးရင်းတွေးလာမိတဲ့ စိတ်ကူးအပိုင်းအစတွေပါ။ လင်းအာရုဏ် မရောက်ခင်မှာ ကျနော်တို့ ပဲခူးဘူတာကို ဖြတ်ခဲ့ပါပြီ။ ပြီးတော့ စစ်တောင်းမြစ်ကူးတံတား … ရထားက လေးလေးနှေးနှေး။

ကရင်-မွန်ပြည်နယ် အ၀င်မှာတော့ နည်းနည်းရင်ထိတ်ရပါပြီ။ ရထားတဲ့ သတင်းက ရန်ကုန်နဲ့ အထက်အညာက လူတွေလာသမျှ ဖမ်းထားဆိုတာကို ထောက်လှမ်းရေးတွေက ချပြထားတယ်ဆိုပဲ။ ဒါပေမယ့် ကျနော်က မှတ်ပုံတင်နောက်တခု ဆောင်လာတော့ သိပ်မစိုးရိမ်လှ။ ဒီလိုစဉ်းစားတာဟာ နောက်အချိန်တချို့အတွင်းမှာပဲ မှားယွင်းသွားပြီဆိုတာကို ကျနော်သိလိုက်ရတယ်။

ဖြစ်ချင်တော့ သထုံအကျော်မှာ ကျနော် အိမ်သာထဲ ၀င်မိတယ်။ ဖြစ်ချင်တော့ အိတ်ကပ်ထဲ ထည့်ထားတဲ့ မှတ်ပုံတင်အတုဟာ လျှောခနဲ ကျသွားလိုက်တာ အိမ်သာကမုတ်ထဲကို ကွက်တိပါပဲ။ ဘာလုပ်ရမှန်းမသိဖြစ်ပြီး ပြန်ထွက်လာ။ လိုက်ပို့သူ ရဲဘော်တွေကိုပြောတော့ အားလုံးက ဝေဖန်ရေးပေးတယ်။ အသုံးမကျဘူး ... ပေါ့ဆတယ် … စသဖြင့်။ တိုက်ဆိုင်တာဆိုပေမယ့်လည်း ကျနော်က ပြုလုပ်သူဖြစ်နေတော့ ကိုယ့်ကိုယ်ကိုပဲ ကျိန်ဆဲနေမိတယ်။ အသုံးမကျတဲ့ကောင် ဆိုပြီး … ဒါရဲ့နောက်ဆက်တွဲက လက်မှတ်စစ်လာတိုင်း အိမ်သာထဲဝင်နေရတာပါပဲ။

အဲဒီလို ကသိကအောက်ဖြစ်ရမယ် ကိစ္စကလွဲပြီး မုတ္တမရောက်သွားတယ်။ ပြီးတော့ မွန်တို့ဌာနေ ရာမညလည်း စေ့ငှအောင် မကြည့်ဖြစ်တော့ဘူး။ တန်းပြီး ကားပေါ်တက် မော်လမြိုင်နဲ့ သိပ်မဝေးလှတဲ့ ဖားအောက်ကျေးရွာကို ရောက်သွားတယ်။ ဒါက စခန်းတထောက်ပေါ့။

ဖြစ်ချင်တော့ ကျနော်တို့တည်းခိုတဲ့ အိမ်နေရာက အပျိုမတွေချည်းသက်သက် မွေးထားတာ။ အဲဒါနဲ့ နေရေးထိုင်ရေးကို စဉ်းစားတော့ ဒီမှာတော့ နေလို့မကောင်းလှဘူး။ ပတ်ဝန်းကျင်ကလည်း သတိထားမိမယ်ဆိုပြီး ကျောကို လယ်ကွင်းတွေဘက်ပေးထားတဲ့ လယ်တဲလေး (အိမ်နဲ့တော့ မဝေးလှပါ) မှာ တည်းလိုက်တယ်။

အဲဒီကာလက စီးပွားရေးကလည်း ဆိုးသထက်ဆိုးလာပြီ မဟုတ်လား။ ကိုယ်တည်းမိတဲ့ အိမ်ကလည်း မိသားစုများတယ်ဆိုတော့ ထမင်းစားရတာ အားနာလာတယ်။ အဲဒါနဲ့ ထွက်ရမယ့်လမ်းကို အမြန်ရှာရတော့တယ်။

လမ်းက နှစ်လမ်းစုံစမ်းရတယ်။ တခုက ကြာအင်းဆိပ်ကြီးကို ဆန်တက်ပြီး သွားတဲ့လမ်း၊ နောက်တခုက ရေးနားက ဖြတ်တဲ့လမ်း။ အဲဒါနဲ့ ဘယ်ဟာအဆင်ပြေမလဲ မေးကြည့်တော့ ကြာအင်းဆိပ်ကြီးက ပိုလွယ်နိုင်တယ်ဆိုတဲ့ ကောက်ချက်က ထွက်လာတယ်။

တည်းတဲ့အိမ်က လူတွေလည်း ရိပ်မိတန်သလောက် ရိပ်မိနေပြီ။ ရွာထဲက တချို့လူတွေလည်း သိနေကြပြီ။ ဒါနဲ့ ကျနော်တို့ အမြန်စီစဉ်ရတော့တယ်။ ၁၉၈၉ ခုနှစ်၊ သြဂုတ်လ နှောင်းပိုင်းကာလမှာ … ကြာအင်းဆိပ်ကြီးလမ်းက ကျနော်တို့အတွက် မြွေကိုက်တဲ့လမ်းဆိုတာ အဲဒီခရီးစဉ်မှာမှ သိရတော့တယ်။

သြဂုတ်လလယ်ကျော်တော့ ကျနော်တို့ စထွက်ခဲ့ပါပြီ။ အဲဒီအချိန်မှာ နဂို အတုယူလာတဲ့ မှတ်ပုံတင်မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ပိုင်ကိုပဲ သုံးပါတယ်။ သွားတော့ သုံးယောက်။ တယောက်က ကျနော်တို့ကို လိုက်ပို့တာပါ။ သူက တောထဲသွားတဲ့ အတွေ့အကြုံရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို ကြာအင်းဆိပ်ကြီးအထိ လိုက်ပို့ပေးပြီး ပြန်ရမှာပါ။

ဖားအောက်ကနေပြီး မော်လမြိုင်ကို ပြန်သွားရပါတယ်။ အဲဒီမွာ သေဘာၤစီးရမွာပါ။ နောက်ကျမှ သိရတာပါ။ အပေါင်ဘူတာတို့၊ ကျိုက်ထိုဘူတာတို့ကနေ ဆင်းပြီး တောဘက်ကို ဆိုက်ကားတစီး ငှားပြီး သွားလိုက်ရင် မြို့ပြင်ထွက်တာနဲ့ ကျနော်တို့ သွားမယ့်နေရာဆီ ရောက်သွားတာပါပဲ။ ဒါလည်း တောထဲရောက်မှ သိရတာပါ။ အခုတော့ ကုန်းတတန်၊ ရေတတန်နဲ့ အသည်းတထိတ်ထိတ် သွားရတော့တာပါ။

မော်လမြိုင်ကနေ သဘောင်္စီးတော့ ကျနော်နဲ့ လိုက်ပို့တဲ့ ရဲဘော်က တစု၊ ကိုမွှေးကြိုင်က တယောက်တည်း သတ်သတ်၊ ခြားထားတဲ့ သံဇကာကို ကျောချင်းကပ်ပြီး လူခွဲစီးပါတယ်။ တစုံတခုဖြစ်ရင် တယောက်ယောက် လွတ်အောင်ပါ။ ဒါနဲ့ ကျနော်တို့လည်း ဒီခရီးကိုသွားဖူးတဲ့ ဟန်ဆောင်ပေမယ့် ဘယ်လိုမှ ဒေသခံနဲ့ကို မတူနိုင်ပါဘူး။ မော်လမြိုင်နဲ့ ဆိပ်ကြီး(ကြာအင်းဆိပ်ကြီးလို့သာ တွဲခေါ်တာ၊ ဆိပ်ကြီး သတ်သတ်၊ ကြာအင်းက သတ်သတ်ပါ) ရဲ့ အလယ်ဗဟိုလောက်မှာ ဆိပ်ကမ်းတခုကို (ချောင်းနှစ်ခွဆိပ်ကမ်း ထင်တယ်) ကပ်ပါတယ်။ အဲဒီမှာတင် ရဲတွေ တက်လာပါတယ်။ အဲဒီဘေးတလျှောက်က မွန်တပ်နဲ့ ကရင်တပ်တွေ ကြီးစိုးတဲ့ဒေသဆိုတော့ သူတို့က လုံခြုံရေးအရ လိုက်ရသလို၊ နောက် ခရီးသည်တွေကို စစ်ဖို့ပါ။ ဒီမှာတင် ကျနော်တို့ မြွေစကိုက်တော့တာပါပဲ။

သူတို့ထုတ်ထားတဲ့ အမိန့်က ရန်ကုန်နဲ့ အထက်ဘက်က လာတဲ့ လူတွေကို စစ်ရမယ်။ မသင်္ကာရင် ဖမ်းရမယ်ဆိုပြီး ထုတ်ထားတာပါ။ အဲဒီမှာ သဘောင်္ထွက်ပြီး စစစ်တာက ရဲဘော်မွှေးကြိုင်ထိုင်တဲ့ ဘက်ခြမ်းကိုပါ။ အဲဒီမှာ သူ့မှတ်ပုံတင်က ပဲခူးအနောက်ခြမ်းဆိုတော့ ငြိသွားတယ်။ ဒါပေမယ့် ပါလာတဲ့ ရဲတပ်ကြပ်ကြီးကို ကပ်ပြီး ခေါ်သွားပြီးမှ ပိုက်ဆံပေးလိုက်တာ အဆင်ပြေသွားတယ်။ ဒါနဲ့ သူက နဂိုထိုင်တဲ့နေရာကို ပြန်လာပြီး ကျောချင်းကပ်အနေအထားနဲ့ အခြေအနေကို ရှင်းပြပါတယ်။ ကျနော့်ကိုလည်း ပိုက်ဆံပေးလိုက်ဖို့ ပြောတယ်။ တွက်ကြည့်တော့ ပိုက်ဆံက ၄၀၀ ကျပ်လောက်ပဲ ရှိတာ။ နောက် ကျနော်က ဒါမျိုးတခါမှ ပေးဖူးတာမဟုတ်တော့ ပေါက်တဲ့နဖူး မထူးတော့ဘူး။ နောက် ဒီလောက်လည်း ဒီကောင်တွေ ကြည့်မှာမဟုတ်ဘူးလို့ ထင်လိုက်မိ တယ်။ ကျနော်တို့အလှည့်ရောက်တော့ ရန်ကုန်မှတ်ပုံတင်ဆိုတော့ မေးတော့တာပေါ့။ ဘာလုပ်မလို့လဲ၊ ဘာကိစ္စနဲ့ လာတာလဲ၊ အသိရှိလား စသဖြင့် ...။ ကျနော်တို့က ကျောင်းပိတ်ရက်ဖြစ်နေလို့ မော်လမြိုင်က အမျိုးတွေဆီ လာလည်တာက ဆက်ပြီး စီးပွားရေးလုပ်ငန်းလေးဘာလေး စနည်းနာတာလို့ ပြန်ဖြေလိုက်တယ်။ အဲဒါနဲ့ မင်းတို့က ဆိပ်ကြီးကို လာတာ အသိရှိလို့လားမေးတော့ ဖျတ်ခနဲ သတိရလိုက်တာ ကိုးတန်းနှစ်က ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေးကိုပါ။ အဲဒါနဲ့ ရှိပါတယ်ပေါ့၊ ကျနော်နဲ့ပါလာတဲ့ ရဲဘော်ကလည်း သူလည်း ရှိပါတယ်၊ ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လောက်ခင်ကြောင်း အာရတော့တာပေါ့။ ဒါပေမယ့် သူတို့က မင်းတို့မှတ်ပုံတင်တွေ သိမ်းထားမယ်။ ပြီးရင် ဆိပ်ကြီးရောက်မှ ဆက်စီစဉ်မယ်ပေါ့။ ရပါတယ်ဆိုပြီး ပြန်ပြောလိုက်ရပေမယ့် ရင်ကတော့ စိုးထိတ်နေပါပြီ။

ဒီလိုနဲ့ ရဲတယောက် စောင့်ကြည့်နေတော့ ဘာမှတိုင်ပင်လို့မရ။ သူ သတိတချက် မထားမိတဲ့အချိန်မှာ ရဲဘော်မွှေးကြိုင်က ပြောတယ်။ ရောက်ပြီး ဟိုဘက်ကမ်းက နာရီဝက်စောင့်မယ်။ မလာရင် သူတော့သွားမယ်ဆိုပြီး ပြောတယ်။ အိုကေ .. ပေါ့လေ ကျနော်ပြန်ပြောလိုက်တယ်။

ဒီလိုနဲ့ ကျနော်တို့ ဆိပ်ကြီးကို ရောက်သွားပါပြီ။ ကျနော်တို့ကို မဆင်းခိုင်းပါဘူး။ ခရီးသည်အားလုံး ကုန်တော့မှ (ရဲဘော်မွှေးကြိုင်လည်း ဆင်းသွားပါပြီ) ကျနော်တို့ကို လာခေါ်တယ်။ ပြီးတော့ ကျနော်တို့ကို သဘောင်္ဆိပ်မှာ အ၀င်အထွက်လာကြည့်တဲ့ ထောက်လှမ်းရေးနှစ်ယောက်လက်ထဲ လူရော၊ မှတ်ပုံတင်ပါပေးရင်း အကျိုးအကြောင်းတွေ ရှင်းပြလို့ ထားခဲ့တော့တယ်။

ထောက်လှမ်းရေးနှစ်ကောင်လုံးက ခပ်ပုပု …၊ ဒါပေမယ့် တယောက်က မျက်နှာက သိပ်မဆိုးလှ။ နောက်တယောက်ကတော့ အမိန့်ပေးတိုင်း လုပ်မယ့်ရုပ်မျိုး။ အဲဒီမှာတင် မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးတော့တာပဲ၊ ရဲတွေ မေးခဲ့တဲ့ မေးခွန်းအတိုင်းပါပဲ။ သူတို့ဆီကို ခေါ်မသွားဘူး။ သဘောင်္ဆိပ်နဲ့ သိပ်မဝေးတဲ့ လက်ဖက်ရည်ဆိုင်လေးတဆိုင်မှာပါ။ အဲဒါနဲ့ ကျနော်တို့နှစ်ယောက်က တယောက်ပြောတဲ့ စကားကို တယောက်ပြန်နင်းပြောရင်း လှိမ့်ရတော့တာပေါ့။ (အဲဒီနေရာမှာ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရား ဖောက်ဖျက်သူလို့ ကြိုက်သလို ပြောကြစေတော့၊ လိမ်ရပါတော့တယ်၊ ကိုယ်က မြင့်မြတ်သူ မဟုတ်သလို အနာအကျင်လည်း လိုအပ်မှ ခံမယ့်သူပါ)။ ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ခိုင်ပါတယ်။ သူက ၈၈၈၈ ပြီးစမှာ တောခိုသွားပြီးမှ အခြေအနေကို စိတ်ပျက်ပြီး ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်ဝင်လာခဲ့တာ၊ ၀င်တဲ့နေရာကလည်း အခု ကျနော်တို့ရောက်နေတဲ့ ဆိပ်ကြီးမှာ။

အဲဒီတုံးက ကြိုဆိုရေးတွေဘာတွေ လုပ်ကြတဲ့အချိန်မှာ သူက အိမ်တအိမ်မှာ တည်းခဲ့ဖူးတယ်။ ဒါပေမယ့် သူ့နာမည်အစစ်နဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ကို ဆွဲထားတဲ့အချိန်မှာ အဲ့ဒီဘိုးတော်က ရ၀တဥက္ကဋ္ဌ ဖြစ်နေတယ်။ သူ့နာမည်ပြောတော့ ထောက်လှမ်းရေးလည်း ကြောင်တောင်ယောင်တောင် ဖြစ်သွားတယ်။ အဲဒါနဲ့ မင်းတို့ကို အဲဒီအိမ် လိုက်ပို့မယ်ပြောပြီး လိုက်ပို့တယ်။

အိမ်ရှေ့ရောက်တော့ ထောက်လှမ်းရေးတွေက အိမ်ရှင် အဖိုးကြီးနာမည်ကို ခေါ်တယ်။ အဖိုးကြီး ထွက်လာတော့ ဥက္ကဋ္ဌ ခင်ဗျားအသိတွေလို့ သူတို့ကပြောတယ် ... ဟုတ်လား ... မေးတော့ အဖိုးကြီးကလည်း မမှတ်မိဘူး။ အဲဒီမှာတင် ကျနော်နဲ့ ပါလာတဲ့ ရဲဘော်က ဟာ … အဘ ကျနော့်ကို မမှတ်မိဘူးလား။ ကျနော်က ဘယ်အုပ်စုနဲ့လာပြီး အဘအိမ်မှာ တည်းခဲ့တယ်လေ၊ လွန်ခဲ့တဲ့နှစ်က …။ သူ အရမ်းကောင်းလွန်းပါတယ်။ အဖိုးကြီးက တကယ်တော့ သူ့ကို မမှတ်မိပါဘူး။ ဘာလို့ဆိုတော့ အဲဒီအချိန်တုန်းက ပြန်ဝင်ခဲ့တဲ့ လူတွေကများတော့ လူတိုင်းကို တဦးချင်းစီ မှတ်မိဖို့က အရမ်းခက်တယ်။ နောက် နာမည်တွေကလည်း တကယ့်အစစ် မသုံးခဲ့လို့ပါ။

ဒီမှာတင် အဖိုးကြီးလည်း နဝေတိမ်တောင်နဲ့ သိသလို ဟန်ဆောင်ပြီး ကျနော်တို့ကို လက်ခံလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့ကိုအပ်ပြီး ပြန်မယ်လုပ်နေတဲ့ ထောက်လှမ်းရေးတွေကို “အကို ကျနော်တို့ မှတ်ပုံတင်လေး ပြန်ပေးပါဦး” ပြောကြည့်တယ်။ သူတို့က ဘာမှမစိုးရိမ်ပါနဲ့၊ မင်းတို့ ပြန်ရင် ငါတို့ကိုယ်တိုင် လာပေးပါ့မယ် ဆိုပြီး ပြောပြီး ပြန်သွားကြရော။

ထောက်လှမ်းရေးတွေ ပြန်သွားတော့မှ ပါလာတဲ့ ရဲဘော်က အဖိုးကြီးကို လုံးဝ စည်းရုံးရတော့တယ်။ သူ့ရဲ့ သားတွေကလည်း ကျနော့်နဲ့ အသက်သိပ်မကွာတော့ ဟိုမေးဒီမေးနဲ့ ကျနော်လည်း လုံးရတယ်။ ဘယ်သူ့ကို သိလား၊ ဘယ်ဝါ့ကို သိလားပေါ့။ ကျနော်နဲ့ အီစီကလီဖြစ်ခဲ့တဲ့ ကောင်မလေးရဲ့ လိပ်စာကိုလည်း သူတို့ဆီကပဲ ရလိုက်ပါတယ်။

ထမင်းသာစားပေမယ့် မဖြောင့်ခဲ့ပါဘူး။ အဲဒီအိမ်ရှင်တွေက ကျနော်နဲ့ ပါလာတဲ့ ရဲဘော်ကို မမှတ်မိတော့လို့ပါ။ အဲဒီညမှာ သူပြောတဲ့ နာမည်ကို ထမင်းစားပြီး အိမ်ရှင်ဘိုးတော်က ရုံးက စာရင်းတွေထဲမှာ သွားရှာပါတယ်။ ကျနော်တို့ အိပ်လောက်ပြီလို့ ထင်တဲ့အချိန်မှာ ပြန်လာပြီး သူ့မိန်းမကို တီးတိုးပြောတာ ကြားပါတယ်။

“ဘယ်က ကလေးတွေလဲ မသိပါဘူးကွာ၊ သူတို့ပြောတဲ့ နာမည်တွေလည်း မတွေ့ဘူး”

ကျနော်တို့ကလည်း တိုင်ပင်ထားတာ တခုခုဖြစ်တာနဲ့ ဘေးနားက ချောင်းကိုပြေးပြီး လွတ်လွတ် မလွတ်လွတ် ရေကူးပြေးမယ်ပေါ့။ ဒါပေမယ့် အိမ်ရှင်တွေ အရမ်းကောင်းပါတယ်။ သူတို့မသိတဲ့ လူတွေကို ဘာမှမဖြစ်စေအောင် သူတို့အကျိုးအတွက် အသုံးမချခဲ့လို့ပါ။

အဲဒီညတော့ ရင်တထိတ်ထိတ်နဲ့ အိပ်လိုက်ရတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ အဲဒါနဲ့ မနက်ခင်းကျတော့ နှစ်ယောက်သားက ဘယ်တော့ ပြန်ထွက်ရင်ကောင်းမလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရောက်ရောက်ချင်း ပြန်ထွက်ရင် ဒီကောင်တွေ ပိုမသင်္ကာဖြစ်သွားနိုင်တယ်။ ဒါကြောင့် နောက် ၂ ရက်လောက် အခြေမပျက် ဆက်နေပြီးမှ ဒီကောင်တွေကို ပြောပြီးပြန်ကြတာပေါ့ ဆိုပြီး နှစ်ယောက်သဘောတူလိုက်ကြတယ်။

အိမ်ရှင်တွေက ကျနော်တို့ကို မသိပေမယ့် တော်တော်သဘောကောင်းပါတယ်။ အဲဒီကာလက ရဝတဥက္ကဋ္ဌ ခန့်တယ်ဆိုတာလည်း သူတို့လူဆိုပေမယ့် အရေးတော်ပုံကလည်း တနှစ်ပြည့် ပြီးခါစပဲရှိသေးတယ်ဆိုတော့ သူတို့လည်း သိပ်တော့ သွေးက မနွေးသေးပါဘူး။ နောက် ရွေးကောက်ပွဲလည်းလုပ်မယ် ပြောထားတာဆိုတော့ သူတို့က အဲဒါပြီးရင်တော့ အခြေအနေ အပြောင်းအလဲရှိမယ်လို့ စဉ်းစားကြပုံရပါတယ်။

သူတို့သားတွေ တပည့်တွေကလည်း ကျနော်တို့နဲ့ ရွယ်တူဆိုတော့ ပေါင်းရသင်းရတာ တညအတွင်း အဆင်ပြေသွားပါတယ်။ မနက်ဆိုရင် လက်ဖက်ရည်ဆိုင် သွားထိုင်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်မှာတော့ အမြဲလိုလို မှတ်ပုံတင်သိမ်းထားတဲ့ ထောက်လှမ်းရေးနဲ့ ဆုံဖြစ်ပါတယ်။ သူ့ဝိုင်းသူထိုင်၊ ကိုယ့်ဝိုင်းကိုယ်ထိုင်ပါ။

အဲဒီညနေမှာ ကျနော် ပြောထားတာလည်း ယုတ္တိဖြစ်အောင်၊ နောက် တွေ့လည်းတွေ့ချင်တာနဲ့ အီစီကလီမလေးရဲ့ အိမ်ကို သွားလည်ကြတယ်။ အိမ်ရှင်သားနဲ့ သွားတာပါ။ လူနဲ့ နာမည်ပဲသိပြီး လိပ်စာမသိတော့ တော်တော်ရှာရပါတယ်။ သွားတဲ့အချိန်က ၅ နာရီလောက်ရှိပါပြီ။ အိမ်ရှေ့ရောက်တော့ နာမည်အော်ခေါ်တယ်။ အထဲက အသံပြန်ထွက်လာတယ်။ ဘယ်သူလဲတဲ့။ ကျနော် မြင့်ဇေပါ ပြောတော့ …. သိတယ်၊ သိတယ်၊ ၀င်လာခဲ့လို့ အော်တယ်။ ၀င်သွားတော့ မ … ရှိလားဆိုတော့ ရှိတယ်၊ ရေချိုးနေတယ်၊ ထိုင်ဦးလေ။ သူ့အမက ပြောတယ်။

သိပ်မကြာပါဘူး။ ကျနော့်ပန်းကလေး ထွက်လာပါတယ်။ (အခုတော့ ပန်းကြီးဖြစ်နေပြီပေါ့နော်) ဟယ် … ဘာလာလုပ်တာလဲ၊ ဘယ်လောက်ကြာအောင် နေမှာလဲ၊ လဲပေါင်းများစွာ ...။ ကျနော်လည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ လိမ်ရပါတော့တယ်။ အလည်လာတဲ့အကြောင်း၊ မကြာခင် ပြန်မယ့်အကြောင်း၊ ကျောင်းပိတ်လို့ မြန်မာပြည်တပတ်လုံး လျှောက်လည်တဲ့အကြောင်း၊ သူကတော့ တသြော်သြော်နဲ့ ...။ ဒါပေမယ့် ယုံပုံမရပါဘူး။ ကျနော် ရှစ်လေးလုံးတုံးက လုပ်ဆောင်ခဲ့တာတွေ သူသိတာကိုး။

ဒါနဲ့ လာလည်တယ်ဆိုရင် ကြာအင်းသွားလည်မယ်လို့ သူကပြောတယ်။ ကျနော်ကတော့ မလည်တော့ဘူးလို့ ပြန်ပြောဖြစ်လိုက်တယ်။ သန်ဘက်ခါ ပြန်မယ်ဆိုတာလည်း တခါတည်း အသိပေးလိုက်တယ်။ တောထဲရောက်မှ သိရတာက ကြာအင်းရောက်ရင် (အဲဒီအချိန်က တောထဲရောက်ပြီ) နောက်တခုထပ်သိရတာက ကောင်မလေးရဲ့ ဦးလေးတယောက်က ကေအဲန်ယူက တပ်မှူးတဦးဆိုတာကိုပါ။ ဒါနဲ့ စကားစမြည် နည်းနည်းထပ်ပြောပြီး ပြန်လာခဲ့တယ်။

နောက်နေ့ကျတော့ ကျနော်တို့ ထောက်လှမ်းရေးကို သွားတွေ့တယ်။ မနက်ဖြန်ပြန်မယ်၊ မှတ်ပုံတင်ပြန်ပေးပါဆိုပြီး။ အဲဒါနဲ့ ဒီကောင်တွေက သင်္ဘောဆိပ်ကျမှ လာပေးမယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပြန်မယ့်နေ့ရောက်တော့ သင်္ဘောဆိပ်အဆင်းမှာ ကောင်မလေးနဲ့ သူ့အမက လာနှုတ်ဆက်တယ်။ ကြာကြာမနေသွားလို့လည်း စိတ်မကောင်းဖြစ်နေပုံရတယ်။ နှုတ်ဆက်စကားပြောပြီး သင်္ဘောပေါ်တက်လာခဲ့တယ်။ ဥသြတခါဆွဲတော့မှ ကိုရွှေ ထောက်လှမ်းရေးများ တက်လာပြီး မှတ်ပုံတင်လာပေးတယ်။ မင်းတို့ အိမ်ကိုတန်းပြန်လို့လည်း ပြောသေးတယ်။ ဟုတ်ကဲ့ ပြန်မှာပါ၊ ကျေးဇူးပါပဲ အကိုတို့ ဘာတို့ အာပလာ လုပ်လိုက်ရသေးတယ်။ သင်္ဘောစထွက်တော့ ကမ်းပေါ်က လက်ပြနေသူတွေက အများကြီး ..။ အဲဒီထဲက လက်ဖ၀ါးလေးတခုတည်းကိုပဲ ကျနော်က ရွေးမြင်နေမိတယ်။

သဘောင်္ဆိပ်ကမ်းက ခွာပြီးထွက်လာတာ ခရီးရဲ့တ၀က်ဖြစ်တဲ့ ချောင်းနှစ်ခွကို ပြန်ရောက်လာပါတယ်။ အဲဒီမှာ သဘောင်္ပေါ်ကဆင်းပြီး မုဒုံကို ဖြတ်လို့ ဖားအောက်ကို နောက်တခေါက် ထပ်ရောက်သွားပါတော့တယ်။ အရင်တည်းတဲ့အိမ်မှာ စောင့်နေတဲ့ ရဲဘော်တွေကလည်း ကျနော် ပြန်ပါလာတာတွေ့တော့ အံ့အားသင့်သွားကြပုံရ တယ်။ သူတို့ကတော့ ရောက်လောက်ပြီ ထင်နေတာလေ။ အဲဒါနဲ့ သူတို့ကို အဖြစ်အပျက် ရှင်းပြတော့ ထပ်ဝေဖန်ကြရော၊ ဒါ … မှတ်ပုံတင်ပျောက်လို့ ဖြစ်တာဆိုပြီး။ ကျနော်ကတော့ ပြန်ပြောတယ်။ ဒေါသလည်း နည်းနည်းထွက်သွားတယ်။ တမင်သက်သက် လုပ်ပျောက်တယ်ဆိုရင်တော့ ဝေဖန်မှုက ပြဿနာမရှိပါ။ ဒါပေမယ့် အခုဟာ မတော်တဆ အဖြစ်အပျက်ကြောင့် ပျောက်ရှသွားတာကိုတော့ ဒီလောက် ဝေဖန်နေရင်တော့ မဟုတ်တော့ဘူးလို့ ပြန်ပြောလိုက်တယ်။ အဲဒီအတွက်လည်း ပထမတကြိမ် ဝေဖန်ပြီးသွားပြီပဲ။ အခုလုပ်ရမှာက ဘယ်လိုဆက်သွားမလဲဆိုတာကို ဆွေးနွေးဖို့ဖြစ်တယ်လို့ ပြောလိုက်မှ နည်းနည်းငြိမ်သွားကြတယ်။

အဲဒါနဲ့ သွားရမယ့် လမ်းကြောင်းကို ပြန်တွက်တော့ ကြာအင်းလမ်းကတော့ လုံးဝအခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျနော်တို့တည်းတဲ့ အိမ်က ဘိုးတော်နဲ့ တိုင်ပင်တော့ သူက ရေးကို မီးရထားနဲ့သွားဖို့ အကြံပေးတယ်။ ရေးမရောက်ခင်မှာ လမိုင်းဘူတာဆိုတာရှိတယ်။ အဲဒီမှာ သူနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဘက် လူငယ်တ ယောက် ရှိတယ်ပေါ့။ ပြီးတော့ အဲဒီလူကလည်း ထိုင်းဘက်သွားတဲ့ လူတွေနဲ့ ရင်းနှီးတာကြောင့် အဲဒီ လူဆီကို စာရေးပေးမယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် တောခိုမယ့်အကြောင်း မပြောနဲ့လို့ ဆိုတယ်။ ဟုတ်ကဲ့ပါ။

ကဲ … လမ်းကြောင်းကတော့ ရပြီ။ ဒါပေမယ့် ကြာအင်းခရီးစဉ်မှာ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ ၆၀၀ ဟာ လုံးဝမရှိတော့ဘူး။ အဲဒါကြောင့် ခရီးစရိတ် ဘယ်နှယ့်လုပ်ရပ အားလုံး ၀ိုင်းစဉ်းစားကြတယ်။ ရှိတဲ့ပိုက်ဆံက လမိုင်းလောက်ပဲ ရမယ်။ ဘုရားသုံးဆူသွားဖို့ကတော့ ဝေလာဝေးပေါ့။ အဲဒီအချိန်မှာ ကယ်တင်ရှင်တယောက် ဘွားခနဲ ရောက်လာတယ်။ ပဲခူးအနောက်ခြမ်းက ကိုလင်း (ယခု ဖင်လန်တွင် နေထိုင်လျက်ရှိ) ပါ။ သူလည်း ရှောင်လာတာပါ။ ဒါပေမယ့် ခဏရှောင်ပြီး ပြည်တွင်းမှာ ဆက်လုပ်ဦးမယ်လို့ဆိုတော့ … သူ့လည်း ဆက်နေဖို့ မလွယ်တဲ့အကြောင်း ဆွေးနွေးရပါတယ်။ အဲဒါနဲ့ သူလည်း လိုက်မယ်ကွာ ဆိုပြီးပြောတော့ ကျနော်အတွက် ခရီးသွားဖော်အဖြစ်ရော၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်ရဲဘက်တဦးအဖြစ်ပါ အဆင်ပြေသွားပါတယ်။ နောက်တခုက လမ်းစရိတ် အဆင်ပြေသွားပါတယ်။ သူ့မှာ ရွှေဆွဲကြိုးပါလာတော့ အဲဒါကို လိုအပ်တဲ့အခါ ထုမယ်ပေါ့။

ဒါနဲ့ နောက်တရက်မှာ ကျနော်တို့ မော်လမြိုင်ရေး - ရထားနဲ့ ထွက်လာကြတယ်။ ရထားကတော့ ကျပ်လွန်းလှပါတယ်။ ကိုယ်မရောက်ဘူးတဲ့ ဒေသဆိုတော့ ဆိုင်းဘုတ်တခုချင်း ဖတ်ပြီး ရောက်မယ့်ဘူတာကို တမေးတည်း မေးရတော့တယ်။ နောက် စိုးလည်းစိုးရိမ်နေမိတယ်။ ကိုယ်တည်းမယ့် အိမ်ကရော အဆင်ပြေပါ့မလား။

လမိုင်းဘူတာ ရောက်တော့ ညနေ ၃ နာရီလောက် ရှိပါပြီ။ အဲဒါနဲ့ ကိုလင်းက ကျနော့်ကို တည်းမယ့်အိမ် လိုက်ပို့တယ်။ ကို … ရှိပါသလားဆိုတော့ လူလတ်ပိုင်းအရွယ် အမျိုးသားတယောက် ထွက်လာပြီး ကျနော်ပါပဲလို့ ပြောတယ်။ အဲဒါနဲ့ ဖားအောက်က ထည့်ပေးလိုက်တဲ့ စာကို ထုတ်ပေးတော့ စာဖတ်ပြီး လာ.. လာ.. အိမ်ထဲဝင်ပါ ပြောတယ်။ ပြီးတော့ ထိုင်းကို ဘာသွားလုပ်မှာလဲ မေးတော့ ထိုင်းမှာ အလုပ်သွားလုပ်မယ့်အကြောင်း ပြန်ပြောလိုက်တယ်။ ဒါဆို ဒီအိမ်ကနေပြီး တပတ်လောက်စောင့်ပါ။ လူကြုံရှိရင် ထည့်ပေးပါ့မယ်ဆိုတော့ ကိုလင်းက နှုတ်ဆက်ပြီး ထွက်သွားတယ်။ သူက မော့ဂနင်းရွာမှာ သွားတည်းမှာပါ။ ခရီးသွားဖို့ အဆင်ပြေမှ လှမ်းအကြောင်းကြားမယ်ပေါ့။ ဒါကလည်း လုံခြုံရေးအရ ခွဲတည်းကြတာပါ။

ညနေ ထမင်းစားသောက်ပြီး အိမ်ရှင်တွေနဲ့ စကားပြောနေတုန်း ကိုလင်း ရုတ်တရက် ပြန်ရောက်လာတယ်။ ဘာများဖြစ်လို့လဲပေါ့။ ဘာမှ ဖြစ်တာမဟုတ်ဘူး။ သူသွားတည်းမယ့် အိမ်က အိမ်ရှင်တွေမရှိလို့ ပြန်လာတာ။ အဲဒါနဲ့ အိမ်ပိုင်ရှင် အကိုက ဒီမှာပဲတည်းပါ။ နှစ်ယောက်တည်းလည်း အားနာစရာမလိုဘူး။ အကိုကြီး အသိတွေပဲလို့ ပြောတာနဲ့ နှစ်ယောက်သား တည်းဖြစ်သွားတယ်။

ဒီလိုနဲ့ စက်တင်ဘာထဲကို ၀င်လာတယ်။ အိမ်ရှင်အကိုလည်း ထိုင်းဘက်သွားမယ့် ကုန်သည်အဖွဲ့ စုံစမ်းတာက မရသေးဘူး။ တပတ်ကျော်သွားပြီ။ ကျနော်တို့လည်း အားနာလာတယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အခက်အခဲနဲ့ ကိုယ်မဟုတ်လား။ ကြိတ်မှိတ်ပြီးနေနေရတယ်။ တနေ့ကျတော့ အိမ်ရှင်အကိုက ပြောတယ်။ ညီတို့ ဒီအချိန် မိုးတွင်းမျိုးက သွားတဲ့လူ ရှားတယ်။ အဲဒါကြောင့် မင်းတို့ ခဏအိမ်ပြန်လိုက်။ မိုးတွင်းကုန်ရင် ပြန်လာခဲ့။ အကိုရအောင်ပို့ပေးမယ် ဆိုတယ်။ အဲဒါနဲ့ ကျနော်တို့ နှစ်ယောက်တည်း သီးသန့် တိုင်ပင်ကြတယ်။ အခြေအနေကတော့ မထူးတော့ဘူး။ သွားမယ့်အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြီး အကူအညီတောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဆုံးဖြတ်ပြီး ကိုလင်းက အိမ်ရှင်အကိုကို အကျိုးအကြောင်း စကားပြောတယ်။ ကျနော်က ဘေးနားမှာ ထိုင်လို့။ တောခိုဖို့လာတဲ့အကြောင်း ပြောလိုက်တော့ အိမ်ရှင်အကိုက ပြူးပြူးပျာပျာ ဖြစ်သွားတယ်။ ကျနော်တို့လည်း ငိုပြရတော့တာပေါ့။ သူတို့ကလည်း နိုင်ငံရေးအကြောင်းမသိတဲ့ သာမန်အရပ်သားတွေဆိုတော့ လန့်တာပေါ့။ သူက မေးတယ်။ ညီလေးတို့က ခေါင်းဆောင်တွေလား ဆိုပြီး …။ ကျနော်တို့လည်း မဟုတ်ရကြောင်း နောက်လိုက်များသာ ဖြစ်ကြောင်းပေါ့။ ဒါပေမယ့် လိုက်ဖမ်းနေတဲ့အတွက်ကြောင့် လာခြင်းဖြစ်ကြောင်း ပြန်ရှင်းပြရတာပေါ့။ အဲဒီမှာတင် ပိုဆိုးသွားတော့တယ်။

ကျနော်တို့က သာမန်ဆိုရင် ဖမ်းမှာ မဟုတ်ဘူးပေါ့ဗျာ။ ဒါဆိုရင် လိုက်ဖမ်းတယ်ဆိုတာ အရေးအခင်းတုန်းက ခေါင်းဖြတ်တဲ့ထဲ ပါလားလို့ မေးပြန်တယ်။ ကျနော်တို့လည်း ရယ်ချင်ပေမယ့် မရယ်ဖြစ်ဘူး။ ခေါင်းဖြတ်ဖို့ မပြောပါနဲ့။ ရန်တောင် မဖြစ်ရဲပါဘူးဆိုတော့ သူက ဒါဆို အိမ်ပြန်ပြီး ရှင်းပြလိုက်ပါ။ အေးအေးဆေးဆေး ပြန်နေပါလို့ ဆိုပြန်တယ်။ အဲဒါနဲ့ ကျနော်တို့က ငိုပြ၊ သူ့ခမျာမှာလည်း အကျပ်ရိုက်ပေါ့။ ဒါနဲ့ ကျနော်တို့က ရှင်းပြတယ်။ မကြာခင် ရွေးကောက်ပွဲပြီးသွားရင် (၁၉၉၀ ရွေးကောက်ပွဲကို ဆိုလိုတာပါ) ပါတီတခုခု အနိုင်ရမှာ ဖြစ်တယ်။ အဲဒီအချိန်ကျရင် ကျနော်တို့ ပြန်လာခဲ့ပါ့မယ်။ အခုဟာက အဖမ်းမခံချင်လို့ပါ ဆိုတော့ သူနည်းနည်း တွေတွေဝေေ၀ ဖြစ်သွားတယ်။ ဒါဆိုရင် ဘုရားသုံးဆူသွားတဲ့ လမ်းကြောင်းပေါ်မှာ သူ့ ကရင်သူငယ်ချင်း ဆင်သမားတွေရှိကြောင်း၊ အဲဒီကို ပို့ထားပေးမယ်၊ အားလုံးအဆင်ပြေသွားတဲ့ အချိန်ကျမှ အိမ်ပြန်ပေါ့လို့ ဆိုပါတယ်။ ကျနော်တို့က သုံးရက်လောက် အချိန်ပေးပါ။ ကြားမှာ ကျနော်တို့လည်း လူကြုံစုံစမ်းမယ်။ အကိုလည်း စုံစမ်းပေးပါ။ သုံးရက်မှ မဖြစ်ရင်တော့ ကျနော်တို့ အကိုပေးတဲ့ အကြံအတိုင်း လိုက်နာပါ့မယ်ဆိုပြီး ပြန်ပြောတယ်။ အမှန်က အဲဒီဆင်သမားတွေဆီ သွားနေရင်လည်း တောထဲရောက်မှာပါ။ ဒါနဲ့ သူကလည်း အိုကေလို့ ပြန်ပြောတယ်။

သုံးရက်အတွင်း ကျနော်နဲ့ ကိုလင်း နှစ်ယောက်သား ရင်းနှီးပြီးသား ဒေသခံလူငယ်တွေကို ရသလောက် မေးမြန်းရတာပေါ့။ နှစ်ရက်ကြာတဲ့ ညမှာ ကျနော်တို့နေတဲ့ အိမ်ရှေ့မျက်စောင်းထိုးအိမ်ကနေ သတင်းတခု ရလာတယ်။ ကုန်သည်အဖွဲ့တဖွဲ့ ဘုရားသုံးဆူဘက် တက်ဖို့ရှိတယ်။ သန်ဘက်ခါလို့ ဆိုတယ်။ အဲဒါနဲ့ အိမ်ရှင်အကိုကို အဲဒီသတင်းပြောပြတော့ သူသွားစုံစမ်းကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ သန်ဘက်ခါမနက် ငါးနာရီထွက် မယ် ပြင်ထားပါလို့ ဆိုတယ်။ နောက်နေ့မနက်ကျတော့ ခရီးစဉ်မှာ လိုအပ်တာတွေ ၀ယ်ဖို့အတွက် ကိုလင်းရဲ့ ဆွဲကြိုးလေးဟာ ဆိုင်ရောက်သွားပါတယ်။ နောက်ခရီးထွက်ဖို့အတွက် ပြင်ဆင်ပေါ့။ ကိုလင်းက ငါးခြောက်၊ ဆေးလိပ်၊ ကြက်သွန်၊ ဆား စသဖြင့် သယ်၊ ကျနော်ကတော့ လူနှစ်ယောက်စာအတွက် ဆန်ပေါ့။

မထွက်ခင်ညဘက် အိမ်ရှင်အကိုက ကြက်သားဟင်းနဲ့ ကျွေးပြီး စကားတော်တော်ပြောတယ်။ အတူနေတာ နည်းနည်းကြာသွားတာလည်း ပါတယ်။ နောက် တောထဲမှာ တခုခုဖြစ်မှာကို စိုးရိမ်တာလည်း ပါပါတယ်။ ရွေးကောက်ပွဲပြီးသွားရင် ပြန်လာဖို့ကို တဖွဖွ မှာတယ်။ တောထဲမှာ အဆင်မပြေဖြစ်ရင် ပြန်လာဖို့ကို ပြောတယ်။ နောက် သူကိုယ်တိုင်လည်း စစ်တပ်ကို မကြိုက်တဲ့အကြောင်း၊ ဒါပေမယ့် နိုင်ငံရေးကို နားမလည်လို့၊ မပတ်သက်ချင်လို့ ဆိုတဲ့အကြောင်းတွေ ပြောဖြစ်တယ်။

မနက်ကျတော့ အိမ်ရှင်အကိုက လေးနာရီလောက် လာနှိုးတယ်။ ထမင်းစားသောက်ပြီး ထမင်းထုပ် ထုပ်ပေးတယ်။ ပြီးတော့ ကုန်သည်အုပ်စု စောင့်နေတဲ့ ရွာအပြင်က လမ်းဆုံလေးကို လိုက်ပို့တယ်။ ကုန်သည်အဖွဲ့ ရောက်လာတော့ ကျနော်တို့က အလုပ်သွားလုပ်မယ်ဆိုတဲ့အကြောင်း၊ သေသေချာချာ လမ်းမှာ ဂရုစိုက်ပေးပါ ဆိုပြီး တဖွဖွမှာတယ်။ ကျနော်တို့ကိုလည်း သူပြောတာ၊ မှာတာတွေကို မမေ့ဖို့ အကြောင်းပြောပြီး ပြန်သွားတယ်။

အိမ်ရှင်အကိုရဲ့ ကျေးဇူးဟာ ကြီးလှပါတယ်။ သူသာ စိုးရိမ်ပြီး နယ်မြေခံတပ်တို့၊ ရဲတို့ကို တိုင်လိုက်ရင် ဒါမှမ ဟုတ် သူ့အိမ်ကနေ ကျနော်တို့အကြောင်း သိသိချင်း မနေခိုင်းတော့ရင် တကယ့်ကို အကျပ်ဆိုက်မှာပါ။ သူစိုးရိမ်ပေမယ့် ကျနော်တို့ သွားလို့ရအောင် လုပ်ပေးတာကိုက သာမန်လူတယောက်ရဲ့ မသိစိတ်ထဲမှာတောင် စစ်တပ်ကို အလိုလို ဆန့်ကျင်နေတာကြောင့် ဖြစ်မယ်လို့ ကျနော် တွေးထင်မိပါတယ်။ အဲဒီမှာတင် ကုန်သည် အုပ်စုက သွားမယ်၊ မော့ဂနင်ကို မိုးစင်စင်မလင်းခင် ဖြတ်မှရမယ်လို့ ပြောတာနဲ့ ကျနော်တို့ စထွက်လာကျြတော့တယ်။ အရှေ့မှာတော့ အရုဏ်ပျိုးလုလု …။

မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ် ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါး နာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များပြားပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေ မမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ် တွယ်တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတို ကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာ ချက်စားမယ်ဆိုတဲ့ ရွာရောက်တဲ့ အထိပါပဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့ အဖွဲ့နဲ့ နောက်မှာ ကျန်ရစ်ခဲ့တယ်။

နောက်မှ သိရတာက ကျနော်တို့နဲ့ အတူပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်း မဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့ လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွားတယ်။ မင်းတော့ ဖြည်းဖြည်းပဲ ဒီကုန်သည် အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွားတယ်။

ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခု စီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာ အိပ်မယ်လို့ပြောတော့ လူက ထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့က အဖွဲ့ကို အမီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှမပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါလို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့် ကျောပိုးအိတ်ထဲမှာက ဆန်နဲ့ ငါး ခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့ အားလုံးက ကိုလင်းနဲ့ ပါသွားပြီ။ ကဲ … အခုမှတော့ ပေါက်တဲ့နဖူး မထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီး နေလိုက်တယ်။

ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့ တော့တာပါပဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါပဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်း အငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်း လုပ်ပေးခဲ့ရတယ်။

လမ်းမလျှောက်ဖူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ် မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ် မိသားစုတစုလည်း ပါတယ်။ သားအမိ သားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။ သွားနေရင်း တရက်မှာ အုန်းထမင်း စားလိုက်ရသေးတယ်။ နေ့လည်ဘက် ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင် ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြီး အုန်းထမင်းချက်တာ၊ အဲဒီရွာမှာပဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှမပြောဘဲ ဆက်လာခဲ့တယ်။

သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီး သွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဖို့မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်း သောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူရောက်မှ ပြန်ပေးမယ် ဆိုတဲ့အကြောင်းပြောတော့ သူက ဟက်ဟက်ပက်ပက် ရယ်ပါတယ်။

“ငါသိပါတယ် .. ကောင်လေးရဲ့၊ ကျန်တ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာမရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာတောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ် လာပေးတာ မနည်းတော့ပါဘူး” လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်းရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလားဆိုပြီး နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက်မှာ အပြည့်အ၀ မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ဘက်က ၀ိုင်းလုပ်နေပါလား ဆိုတာကို ကျနော် မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီး ထွက်ခဲ့တယ်။

မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါပဲ။ တောင်ဆင်ခြေလျှောတလျှောက် ရေဆင်းလာတာဆိုတော့ ရေဆန်က အရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေက ကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ပဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေး ကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲ့ လူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလိုပါပဲ။

လှေ နှစ်နာရီခွဲ၊ သုံးနာရီ သာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ် ပါတီရဲ့ တပ်တွေ ရှိတယ်။ ကုန်သည်တွေ အ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကိုမော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီက ငွေတောင်းပြီး အဒေါ်ကြီးကိုပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေးတော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး …။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကို နှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့်လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ အဲဒီနောက်ပိုင်း အဒေါ်ကြီးနဲ့ရော ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ်ပါသေးတယ်။ ဘုရားသုံးဆူ မကျခင်အထိ)

ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏပဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက် စီးလာတော့ နမ့်ကိတ်ဆိုတဲ့ နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက် ပြန်ကူးပြီး ၁၅ မိနစ်လောက် ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့ …

`ဘာလုပ်နေလဲ … လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ … ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါပဲ။

ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံ ၀တ်ထားတဲ့သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ် လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်က ထွက်လာတဲ့ ခရီးအတွက် လမ်းဆုံးပန်းတိုင် ဖြစ်ပေမယ့် တော်လှန်ရေးပြောက်ကျားရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ …။ ။

မြင့်ဇေ
(ရိုးမ ၃ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

1 comment:

masumon said...

ဦးဂုရုရေ
ဖတ်နေရင်း ဖတ်နေရင်းနဲ့ တစ်ထိတ်ထိတ် တစ်လန့်လန့် ခံစားရတယ် နောက်ဆုံးပြီးသွားမှ သက်မချဖြစ်တယ်..အဲ့တုန်းက ရ၀တက တော်သေးတယ်နော် ဘယ်က ကလေးတွေမှန်းမသိပါဘူးကွာဆိုပေမယ့် ရန်သူ့လက်ထဲ မအပ်လိုက်တာ....

အခုလဲ တော်လှန်ရေးသမားကြီး ဦးဂုရု သွားချင်တဲ့ နားနေရာ လမ်းဆုံးတစ်နေရာက ကောင်းရာမွန်ရာ ဘုံဘ၀မှာ အေးအေးချမ်းချမ်း နားနေနိုင်ပါစေ..