Sunday, October 5, 2008

လေလှိုင်းထဲက ဘောလုံးပွဲ၊ ဂြိုဟ်တုစလောင်းက ဘောလုံးပွဲနဲ့ ကျနော့်လွမ်း ဆွတ်မှုများ

ကိုလတ်
(၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)

ခေတ်ကြီးတိုးတက်နေလိုက်ပုံများ ဘီယာဆိုင်ထိုင်ရင်း ဂြိုလ်တုစလောင်းကနေတဆင့် ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရှုနေရတဲ့အခါ ငယ်ငယ်တုန်းက လေလှိုင်းထဲကနေ နားဆင်ခဲ့ရတဲ့ ဘောလုံးပွဲတွေကို ပြန်ပြီး လွမ်းဆွတ်နေမိပြန်တယ်။ လူတယောက် တစုံတရာ ပြည့်စုံလာတဲ့အခါ ချိုတဲ့ခဲ့တုန်းက ဘ၀တွေကို ပြန်ပြီး အလွမ်းသယ်မိသလိုမျိုးလား ဒါမှမဟုတ် အညစ်အထေး အစွန်းအထင်းများလာတဲ့ လောကတခုကိုကြည့်ပြီး စိတ်ပျက်လာလို့ သန့်စင်ခဲ့တဲ့ ငယ်ဘ၀ကို တမ်းတမိသလိုမျိုးလားဆိုတဲ့ ဒွိဟစိတ်နဲ့ပေါ့။

“လူတယောက် တစုံတရာ ပြည့်စုံလာတဲ့အခါ ချိုတဲ့ခဲ့တုန်းက ဘ၀တွေကို ပြန်ပြီးအလွမ်းသယ်မိသလိုမျိုး” ဆို လို့ စာရေးသူကို မြန်မာပြည်က ခေတ်ပျက်သူဌေးတွေလို မော်ဒယ်ဂဲလ် အချောအလှလေးတွေကိုယ်စီ ဘေးမှာ ခေါ်ထားပြီး အဲယားကွန်းခန်းထဲမှာ နှစ်ကိုယ်ကြား ဘောလုံးပွဲကြည့်တာဖြစ်မယ်လို့ အထင်တော်မကြီးလိုက်ပါ နဲ့။ စာရေးသူတို့ ကမ္ဘာကျော်ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရပုံက ဘီယာတခွက် မြေပဲဆားလှော် တထုပ် လောက်မှာပြီး ဆိုင်ရှင်မငြိုငြင်အောင် ချောင်လေးမှာ ခွေခွေလေးထိုင်ပြီး အားပေးရတဲ့ ဘ၀မျိုးပါခင်ဗျာ။

ကိုယ်က ဘောလုံးပွဲကြည့်တာကို အရူးအမူး ၀ါသနာထုံမိတော့လည်း သူများတွေနည်းတူ တိုက်ရိုက်ကြည့်ချင် ရုံမက ဘောလုံးကွင်းထဲမှာ ကြည့်ရသလိုမျိုး မြင်ကွင်းကျယ် ပိတ်ကားကြီးတွေနဲ့ပါ ကြည့်ရှုချင်တာပေါ့။ အဲဒီအ ခါကျတော့ ဘောလုံးပွဲလာမယ့်နေ့ဆို ဘီယာတခွက် မြေပဲဆားလှော် တထုပ်ဖိုးလောက်တော့ ရအောင်ကြံဖန် ရတာပေါ့။ ဖာဂူဆန် မျက်နှာနီကြီးနဲ့ ပီကေးဝါးနေပုံတွေ၊ လီယွန်နယ်လ် မက်ဆီလေး မော်ဆန်ဆန် လိမ်ခေါက် ဆော့ကစားနေပုံတွေ၊ မော်ရင်ဟို မျက်မှောင်ကြီးကျုတ်ပြီး အော်ဟစ်အမိန့်ပေးနေပုံတွေကို စာရေးသူတို့လို သာမန်ပြည်သူတွေ မြင်ကွင်းကျယ်နဲ့ တိုက်ရိုက်အရသာခံဖို့ဆိုတာက ဂြိုလ်တုစလောင်းရှိတဲ့ ဘီယာဆိုင်ကြီး တွေမှာမှ အဆင်ပြေနိုင်တာမို့ ဘီယာဖိုးလေး မရရအောင် ရှာကြံပြီး ပြေးကြရတာဖြစ်ပါတယ်။

သောက်ချင်လွန်းလို့ မဟုတ်သော်လည်း (ဟဲ ဟဲ) နောက်ပိုင်းတော့ ဘီယာလေးသောက်ရင်း ဘောလုံးပွဲ ကြည့်ရတဲ့ အရသာကို စွဲလန်းလာတယ်။ အဲဒါနဲ့ တိုက်ရိုက်လွှင့်တဲ့ ဘောလုံးပွဲမရှိတဲ့နေ့လည်း ပွဲဟောင်းတွေ ကို ပြန်ခံစားဦးမယ်ဆိုပြီး ညနေညနေဆို ဘီယာဆိုင်ကို ရောက်ရောက်နေတော့တယ်။ ကြိမ်ဖန်များလာတော့ ဘောလုံးပွဲဝါသနာကြီးတဲ့ အဖြစ်ကနေ ဘီယာစွဲတဲ့ ရောဂါရ၊ ဘီယာစွဲရာကနေ အိမ်စရိတ် မပေးနိုင်တော့လို့ မိန်းမကပူ ကလေးတွေကညံနဲ့ ကြိမ်မီးအုံးရတဲ့ အခြေအနေကို ဆိုက်ရောဆိုပါတော့။

စာရေးသူလိုပါပဲ၊ မြန်မာပြည်က ကြီးငယ်မဟူ ပုရိသအတော်များများလည်း ဒီနေ့အချိန်အခါမှာဆို အိမ်မှာသာ စားစရာ မရှိရင်နေမယ်။ ဘောလုံးပွဲကြည့်ဖို့အတွက်တော့ အိပ်ကပ်ထဲ ဘီယာဖိုးလေးရှိအောင် ဆောင်ထားကြ တဲ့သူက အများစုဖြစ်နေပါပြီ။ ဒါ့အပြင် အလောင်းအစားတွေကလည်း ပေါ်ပေါ်တင်တင်လုပ်လို့ ရနေတယ်။ ဘီ ယာဆိုင်ရောက်မှ ဖုန်းဆက်လောင်းမလား၊ ဘီယာဆိုင်မလာခင် ရပ်ကွက်ထဲမှာ လောင်းခဲ့မလား အဆင်ကို ပြေလို့ဆိုတဲ့ အနေအထာမျိုးတွေပါ။

ဒီလိုအနေအထားမျိုးတွေကို ဘယ်သူတွေက ဖန်တီးပေးထားတာလဲ။ ဘာကြောင့် ဖန်တီးပေးထားတာလဲ ဆို တာကတော့ ရှင်းပါတယ်။ အုပ်စိုးသူ နအဖစစ်ခေါင်းဆောင်တွေနဲ့ သူ့ရဲ့လက်ကိုင်တုတ် စီးပွားရေးသမားတွေပဲ ပေါ့။ မြန်မာပြည်မှာ ဘောလုံးပွဲပြတဲ့ ဘီယာစတေရှင်ကြီးတွေကို ဖွင့်ခွင့်ရဖို့ဆိုတာက နအဖစစ်ထောက်လှမ်း ရေးက လိုင်စင်ချပေးမှ ရတာပါ။ အဲဒါကြောင့် လိုင်စင်ရတဲ့ စီးပွားရေးသမားဆိုတာ သူတို့နအဖစစ်ခေါင်း ဆောင်တွေရဲ့ သားသမီး ဆွေးမျိုးတွေ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူတို့ကို အလုပ်အကျွေးပြုနေတဲ့ လက်ကိုင်တုတ် စီးပွားရေးသမားတွေပါပဲ။ ဆိုင်ဖွင့်ရင်း တဖက်တလမ်းက ထောက်လှမ်းရေးသတင်းပေး အလုပ်လည်း လုပ် ပေးရတယ်ဆိုပါတော့။

စစ်အုပ်စုရဲ့ အဓိက ရည်ရွယ်တာကတော့ မြန်မာပြည်က ကြီးကြီးငယ်ငယ် မည်သူကိုမဆို နိုင်ငံရေးဘက် စိတ်မ လှည့်အောင် အရက်၊ ဘီယာ၊ လောင်းကစားတွေနဲ့ အလွယ်တကူ အကွက်ချ ဖျက်ဆီးထားခြင်းပဲ ဖြစ်ပါတယ်။ လူတွေကို အရက်သံသရာ၊ လောင်းကစားသံသရာမှာ လုံးချာလည်ပြီး ခေါင်းမဖော်နိုင်အောင် လုပ်ထားတဲ့အခါကျတော့ တော်တော်များများ နိုင်ငံရေးဘက်ကို အာရုံမရောက်နိုင်တော့ဘဲ ဒုက္ခအဖုံဖုံ ဒုစ ရိုက်မျိုးစုံကြားမှာ ၀ဲလည်နေတာကိုပဲ နေ့တဓူဝ တွေ့နေရတော့တယ်။

အဲသလို စိတ်မချမ်းသာစရာ မြင်ကွင်းတွေကိုပဲ ပတ်ဝန်းကျင်မှာ အထပ်ထပ်အခါခါ မြင်လာရဖန်များတော့ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ ငယ်ငယ်တုန်းက လေလှိုင်းထဲက နားဆင်ခဲ့ရတဲ့ ဘောလုံးပွဲတွေကို သတိရမိတာ ဘာကြောင့်လဲဆိုတာ ရှင်းသွားပါတယ်။ စာရေးသူတို့ငယ်ငယ်က နည်းပညာ မဖွံ့ဖြိုးသေးတဲ့အချိန် တီဗွီတွေ ဘာတွေလည်း မပေါ်သေးချိန်မှာ ဘောလုံးပွဲကြီးပွဲကောင်းဆိုရင် မြန်မာ့အသံရေဒီယိုက တိုက်ရိုက်ထုတ်လွှင့် တဲ့ ဘောလုံးပွဲတွေကိုပဲ လေလှိုင်းကနေတဆင့် ခံစားခဲ့ရတာကိုး။ လေလှိုင်းက တိုက်ရိုက်လွှင့်တဲ့ ပြည်နယ်နဲ့ တိုင်း ဘောလုံးပွဲစဉ်တွေ၊ နိုင်ငံရပ်ခြားအသင်းတွေနဲ့ ကစားတဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်တွေကိုပဲ နားဆင်ခဲ့ရ တာပါ။

အဲဒီတုန်းကဆိုရင် လေလှိုင်းကနေ ဦးလှဝင်းတို့ ကန်ပြနေတဲ့ ဘောလုံးပွဲတွေကို မျက်စိထဲမြင်အောင်ကြည့်ရင်း နားထောင်ရတာ ဖြစ်ပါတယ်။ တခါတခါ “ဘောလုံးဟာ ညာဘက် ခပ်ယွန်းယွန်းမှာ ရှိနေတယ်၊ ဟော … အခုဆိုရင် ဘီးကုတ်စက်ဝိုင်းနားကနေ အတွင်းထဲကို ဆွဲပြေးသွားပြီ”လို့ သူတို့ပြောရင် ဘောလုံးဘယ်နားကို ရောက်နေတာလဲ ဆိုတာကို လိုက်ပြီးမှန်းဆရတာ ပျော်စရာကောင်းသလို “ဟုတ်ကဲ့ ညာထောင့်ကန်ဘော တည်ထားပြီ ကြည့်နေတယ် ကန်တင်လိုက်ပြီ ခေါင်းခုန်တိုက်တယ် မိတယ်ခင်ဗျာ” ဆိုရင်လည်း ဘယ်သူက ဘယ်သူ့ကိုပေးပြီး ဘယ်သူက ခေါင်းခုန်တိုက်လို့ ဘယ်လိုမိသွားတယ်ဆိုတာကို ပြန်နားစွင့်ရတာကလည်း ပျော်စရာတမျိုးကောင်းပါတယ်။

တခါသားမှာ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့ ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲကစားနေတာကို တိုက်ရိုက်အသံလွှင့်နေ ရင်း စကားပြောလောကြီးသွားပြီး “မကွေးဂိုးသမား မိပါတယ်ခင်ဗျား”ဆိုတာကို “မဂိုးဂွေးသမား မိပါတယ်ခင် ဗျား”လို့ မှားယွင်းပြောဆိုမိတဲ့အပေါ်လည်း ခွင့်လွှတ်နားလည်စိတ်နဲ့ ရယ်မောခဲ့ရတာမျိုးတွေ ရှိပါတယ်။ ဘာအ လောင်းအစား၊ ဘာအရက်ဘီယာမှမရှိဘဲ ရေဒီယိုလေးတလုံးနဲ့ အပြစ်ကင်းကင်း ပျော်ရွှင်ရယ်မောခဲ့ရတဲ့ အ ချိန်တွေပေါ့။

ချုပ်ပြောရရင်တော့ ဒီနေ့ဒီအချိန်မှာ နည်းပညာအားသာချက်ကြောင့် ကမ္ဘာ့ကျော် ဘောလုံးသမားတွေကန်တဲ့ ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရှုခွင့်ရလာအခါ နည်းပညာချို့တဲ့ချိန် ငယ်ဘ၀က အားကိုးခဲ့ရတဲ့ ရေဒီယို လေးကို လွမ်းဆွတ်မိသလို အရက်ခိုး လောင်းကစားနွံထဲမှာ နစ်မွန်းနေကြတဲ့ ဘ၀အထွေထွေကို ကြည့်ပြီး တော့လည်း အမြဲစိတ်နောက်ကျိနေရတာမို့ အပြစ်ကင်းကင်း ရယ်မောပျော်ရွှင်ခဲ့ရတဲ့ လေလှိုင်းထဲက ဘောလုံး ပွဲတွေကိုပဲ ပြန်လည်လွမ်းဆွတ်နေမိတယ်လို့ ပြောချင်ပါတော့တယ်။

ကိုလတ်

2 comments:

မေသဇင် said...

“အညစ်အထေး အစွန်းအထင်းများလာတဲ့ လောကတခုကိုကြည့်ပြီး စိတ်ပျက်လာလို့ သန့်စင်ခဲ့တဲ့ ငယ်ဘ၀ကို တမ်းတမိသလိုမျိုးလားဆိုတဲ့...."

ဟုတ်ပါတယ်လေ..ငယ်တုန်းကလို ရေဒီယိုလေးနဲ. ဘောလုံးပွဲပြန်နားထောင်ရမယ်ဆိုရင်လည်း ဘီယာလေးသောက်ပြီး မြင်ကွင်းကျယ် ရုပ်မြင်သံကြား ကြည့်ရတဲ့အရသာကို လွမ်းဆွတ်နေမိဦးမယ် ထင်ရဲ.နော်..။

ထနောင်း said...

ဒါလား။ သူ့ဒုက္ခနဲ့သူပေါ့။ တစ်မျိုးချို့တဲ့သူက တစ်မျိုးတော့ သာစမြဲလို့ ထင်တာပဲ၊ လွမ်းရတာတွေ များတော့လည်း မောသား။ "လွမ်းမောဖွယ်" ဆိုတဲ့အတိုင်းပေါ့။