Tuesday, February 12, 2013

မြို့ပြညရဲ့ အရိပ်တွေ ကြေကွဲ

အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ရွှေတိဂုံဘုရားလမ်းတလျှောက် နီယွန်မီးရောင်စုံ ဆိုင်းဘုတ်များ ထိန်ထိန်လင်းနေပေပြီ။ သိမ်းကြီးအပေါ်ထပ်ရှိ စားသောက်ဆိုင်များ၊ နိုက်ကလပ်များမှ တီးသံ၊ မှုတ်သံ၊ သီဆိုသံများ ဆူညံစွာ ပျံ့လွင့်နေသည်။ တက်ခမ် Entertainment အပေါက်ဝ အရောက်တွင် ၀ိတ်တာတဦးက ခရီးဦးကြိုပြုပြီး ကျနော်တို့နှစ်ဦးကို ဓာတ်လှေကားနှင့် သိမ်ကြီးဈေး တတိယထပ်သို့ ခေါ်သွားသည်။

ဓာတ်လှေကားမှအထွက် ဘယ်ဘက်ခြမ်းရှိ စတစ်ကာ ကပ်ထားသည့် မှန်တံခါးကို တွန်းဖွင့် ၀င်လိုက်သည်နှင့် အဲယားကွန်းလေကြောင့် စိမ့်ကနဲ အေးသွားသည်။ ၀ိတ်တာက ‘အမောပြေ ထိုင်ကြပါဦး ဆရာတို့’ ဟုဆိုကာ ဆိုဖာဆက်တီခုံများကို ညွှန်ပြသဖြင့် သူငယ်ချင်းနဲ့ ကျနော် ၀င်ထိုင်လိုက်ကြသည်။ အခြားဧည့်သည် ငါးဦးလည်း ဆိုဖာဆက်တီခုံတွေမှာ ခြေပစ်လက်ပစ် ထိုင်နေကြသည်ကို တွေ့ရသည်။ ငွေကြေး ဖောဖောသီသီ သုံးနိုင်ကြပုံရသည့် တရုတ်စီးပွားရေးသမားတွေ ဖြစ်ပုံရသည်။ မနေ့ညက ကန်သွားသည့် ဘောလုံးပွဲအကြောင်း၊ လောင်းကြေး အရှုံးအနိုင်အကြောင်းတွေကို လက်ကိုင်တယ်လီဖုန်းများနှင့် ဆက်ကာ ကျယ်လောင်ကျယ်လောင် ပြောဆိုနေကြသည်ကို ကြားနေရသည်။ သူတို့ကိုကြည့်ရသည်မှာ သည်နေရာကို မကြာခဏ လာအားပေးသည့်အတွက် ၀ိတ်တာတွေ အကုန်လုံးနှင့် ရင်းနှီးနေပြီး ကိုယ့်အိမ်ကိုယ့်ယာလို ဖြစ်နေပုံပေါ်သည်။

ခဏအကြာတွင် ၀ိတ်တာက ကျနော်တို့နှစ်ဦးဆီ လာပြီး ‘ဆရာတို့နှစ်ယောက် အမောပြေရင် ကြည့်လို့ရပါပြီ’ ဟု ဖိတ်မန္တကပြုသဖြင့် သူငယ်ချင်းက ကျနော့်ကို ထဆိုသည့်သဘော မျက်စပစ်ပြသည်။ ကျနော်လည်း ဘာမှန်းမသိဘဲ ဘုမသိဘမသိနှင့် သူငယ်ချင်းနောက်ကို ထလိုက်သွားမိသည်။ ဒီနေရာကို ကျနော်တခေါက်မှ မရောက်ဖူးသေး။ သူငယ်ချင်းက စပွန်ဆာလုပ်တာကြောင့်တကြောင်း၊ စာနယ်ဇင်းသမားမို့ နယ်ပယ်စုံကို စူးစမ်းလေ့လာချင်တာကြောင့်တစ်ကြောင်း လိုက်လာခြင်းဖြစ်သည်။

ဝိတ်တာက ကျနော်တို့ နှစ်ယောက်ကို ဧည့်ခန်းမ၏ တဘက်ရှိ လိုက်ကာ ကာထားသည့် နေရာကို ခေါ်သွားသည်။ ထို့နောက် လိုက်ကာကို လှပ်လိုက်ပြီး ‘ကဲ … ဆရာတို့ ကြိုက်တာရွေး၊ ပြီးရင် ခေါ်မယ့် နံပါတ်ကို ပြော’ ဟု ဆိုလိုက်ရာ သူပြသည့် မြင်ကွင်းကို ကြည့်ပြီး ကျနော့်မှာ ကိုယ့်မျက်စိကိုပင် ကိုယ်မယုံနိုင်လောက်အောင် ဖြစ်သွားလေသည်။

ဝိတ်တာ လိုက်ကာလှပ်ပြသည့် မှန်ခန်းထဲတွင် ဆံပင်အတိုအရှည် ပုံစံမျိုးစုံ၊ ရုပ်ရည် ချောချောမောမော သန့်သန့်ပြန့်ပြန့်၊ အသက်အရွယ်အားဖြင့် ၂၀ နှင့် ၃၅ နှစ်အရွယ်ကြားလောက်ရှိမည့် အမျိုးသမီး အယောက် ၃၀ ခန့် ထိုင်နေကြသည်ကို တွေ့ရသည်။ ရင်ဘတ်တွင် နံပါတ်ပြားအ၀ိုင်းလေးတွေ ချိတ်ဆွဲထားပြီး ခေါင်းလေးတွေငုံ့ကာ ထိုင်နေကြသည်။ သူတို့ကိုကြည့်ရသည်မှာ ရှက်ရွံ့သိမ်ငယ်နေကြသည့်ပုံ ပေါ်နေသည်။ သည်လိုမြင်ကွင်းမျိုးကို နိုင်ငံခြားရုပ်ရှင်၊ ဗီဒီယိုကားတွေထဲမှာသာ တွေ့ဖူးမြင်ဖူးသည့် ကျနော့်အဖို့ အခုလို ကိုယ့်ပြည်တွင်းမှာ ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရသည့်အခါ အံ့သြမှင်သက်မိနေသည်။

အရှက်အကြောက် ကြီးမားကြသည့် မြန်မာအမျိုးသမီးများအနေနှင့် အခုလို အလုပ်မျိုးကို လုပ်ရဲသည့်သတ္တိ ရှိ ကြလိမ့်မည်ဟု ကျနော် ထင်မထားသည့်အတွက်ကြောင့်လည်း ဖြစ်မည်ထင်သည်။ ရှိုးကေ့စ်ထဲ ထည့်ပြထားသည့် အရုပ်လေးတွေကို ကြည့်နေရသလို ခံစားရပြီး ကျနော့်စိတ်ထဲ နင့်ကနဲ ဖြစ်သွားသည်။ သူတို့တွေကို ကြည့်ပြီး အတန်ကြာ ကျနော် တွေနေမိသည်။

ဝိတ်တာက ‘ကြိုက်တာတွေ့ပြီလား ဆရာ’ ဟု မေးလိုက်မှ ကျနော် ကယောင်ကတမ်းနှင့် နံပါတ်တခုကို ပြောလိုက်မိသည်။ သူငယ်ချင်းက အတွေ့အကြုံရှိပြီးသားမို့ သူကြိုက်သည့် အမျိုးသမီးကို ရွေးချယ်ပြီး ကျနော့်ကို စောင့်နေသည်။ ကျနော် ရွေးချယ်တာ ကြာနေသည် ထင်လို့လားမသိ၊ မောင်ရင်က ချေးများလှချည်လားဟု သူငယ်ချင်းက ကျနော့်ကို နောက်နေသည်။ ကျနော်က ကိုယ့်အတွေးနှင့်ကိုယ် ကြာသွားသည်မို့ သူငယ်ချင်း နောက်တာကို ဘာမှပြန်မပြောတော့ဘဲ ရယ်နေလိုက်သည်။ စိတ်ထဲမှာတော့ အတွေးတွေ အမျှင်တန်းနေမိသည်။

ဝိတ်တာက ‘ဆရာတို့နှစ်ယောက် ဟောလ်ခန်းထဲမှာ ယူမလား၊ နှစ်ယောက်ခန်း သီးသန့်ယူမလား’ ဟုမေးရာ သူငယ်ချင်းက ‘နှစ်ယောက်ခန်း သီးသန့်ပဲ ယူမယ်’ ဆိုတာကြောင့် ကျနော်တို့ နှစ်ယောက်ကို တယောက်အိပ်ကုတင် နှစ်လုံးရှိသည့် အခန်းလွတ်တခန်းထဲ ခေါ်သွားပြီး နေရာချပေးသည်။ ထို့နောက် ၀ိတ်တာ အပြင် ပြန်ထွက်သွားပြီး ကျနော်တို့နှစ်ယောက် ပြောထားသည့် နံပါတ်နှစ်ခုကို အော်ခေါ်နေသံ ကြားရသည်။ အခန်းထဲတွင် မီးလုံးမှိန်မှိန်ထွန်းထားပြီး အဲယားကွန်းလေကြောင့် စိမ့်အေးနေသည်။ အခန်းထဲရှိ ကုတင်နှစ်လုံးပေါ်တွင် မွေ့ယာထူထူပေါ် ပိတ်ဖြူခင်းထားပြီး ခေါင်းအုံးတလုံးစီ ချထားသည်ကို တွေ့ရသည်။

ခဏအကြာတွင် ဆံပင်ရှည်ရှည်၊ အရပ်အမောင်း မနိမ့်မမြင့်၊ အသားအရေ လတ်လတ်နှင့် ရုပ်ရည်ချောမော ပြေပြစ်သည့် အမျိုးသမီးနှစ်ဦး အခန်းထဲသို့ ၀င်လာသည်။ တဦးစီ ကျနော်တို့ လှဲလျောင်းနေသည့် ကုတင်တွေနား ရောက်လာပြီး အ၀တ်အစားလဲဖို့ ဟုဆိုကာ အင်္ကျီလက်တိုနှင့် ဘောင်းဘီရှည်ပွပွ တစုံစီ ပေးလေသည်။ ပြီးနောက် အခန်းအပြင်ကို ပြန်ထွက်သွားပြီး အပြင်က စောင့်နေသည်။ ကျနော်တို့နှစ်ယောက် အ၀တ်အစားလဲပြီး ခဏအကြာမှ အခန်းထဲပြန်ဝင်လာသည်။ သူငယ်ချင်းက အတွေ့အကြုံရှိပြီးသားမို့ သူခေါ်ထား သည့် အမျိုးသမီးနှင့် အပြန်အလှန်စကား စပြောနေကြသော်လည်း အခုမှ ရောက်ဖူးသည့် ကျနော့်မှာတော့ ကျနော့်ဆီလာသည့် အမျိုးသမီးကို ကြည့်ပြီး အားနာသလိုလို၊ ရှက်သလိုလိုနှင့် ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေလေသည်။

သူမ၏ ၀တ်စားဆင်ယင်ပုံကို ကြည့်ရသည်မှာ မြန်မာဆန်ပြီး လှယဉ်ကျေးမယ် ၀င်ပြိုင်မည့် အမျိုးသမီးတဦးနှင့် တူလေသည်။ အပွင့်ပါသော ကြက်သွေးရောင် လက်တိုပါတိတ် ၀မ်းဆက်ကို ၀တ်ဆင်ထားပြီး တည်ငြိမ်အေးဆေးသည့် အသွင်ဆောင်နေသည်။ သူမ၏ လက်တွင် မွေးညင်းနုနုရှည်ရှည်များ စင်းနေသည်ကို ထူးထူး ခြားခြား သတိထားမိလိုက်သည်။

သူမက ကျနော့်ခြေထောက်ကို စပြီး နှိပ်နယ်ပေးသည့်နှင့် အားနာမှုကြောင့် ‘ဆောရီးနော်’ ဟု ကျနော် သူမကို ပြောလိုက်မိသည်။ သူမက ရှက်ပြုံးကလေးနှင့် ရယ်လိုက်ပြီး ‘အစ်ကို အရင်လာဖူးလား’ ဟု တိုးတိုးဖွဖွ မေးသည်။ သူမ၏ ဖော်ရွေမှုကို အကဲခတ်မိပြီး သူမနှင့် စကားစမြည်ပြောဖို့ ကျနော် အားတက်သွားသည်။ ကျနော့် စိတ်ကလည်း သူမ နင်းနှိပ်ပေးတာကို အရသာခံချင်သည်မဟုတ်။ သူမနှင့် ရင်းရင်းနှီးနှီး စကားပြောခွင့်ရပြီး သူမတို့ အလုပ်အကြောင်း၊ သူမတို့ ဘ၀တွေအကြောင်း စာနယ်ဇင်းဆရာပီပီ စူးစမ်းမေးမြန်းချင်သည့် စိတ်က အဓိကဖြစ်သည်။

‘အရင်မလာဖူးဘူး၊ ဒါပထမ ဆုံးအကြိမ်ပဲ’ ဟု သူမကို ကျနော် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ သူမက ‘အစ်ကိုက ရန်ကုန်ကပဲလား’ ဟု တိုးတိုး ဆက်မေးသည်။ ကျနော်က ‘ဟုတ်တယ်၊ ညီမကကော ရန်ကုန်ကပဲလား၊ နာမည်ဘယ်လိုခေါ်လဲ’ ဟု သူမကို ဖြေမေးလေး ပြန်မေးလိုက်သည်။ သူမက ပြောသင့်မပြောသင့် စဉ်းစားနေပုံရသည်။ အတန်ကြာမှ ‘မဟုတ်ဘူး၊ အညာကပါ၊ ညီမနာမည်က ၀ါဝါ’ ဟု ပြုံးပြီးဖြေသည်။ တဘက်ကုတင်မှာတော့ သူငယ်ချင်းနှင့် သူ့ကို နင်းနှိပ်ပေးနေသည့် အမျိုးသမီးတို့နှစ်ဦးသား တော်တော် ရင်းနှီးကျွမ်းဝင်နေကြသည့်ပုံစံနှင့် အပြန်အလှန် စကားလက်ဆုံကျပြီး စနောက်နေကြသည်။ ကျနော်တို့နှစ်ဦး စကားပြောနေသံက သူတို့နှစ်ဦး၏ စကားသံတွေအောက်မှာ နစ်မြုပ်နေသည်။

ကျနော်က စကားစ ပြတ်သွားမှာ စိုးသည့်အတွက် သူမ၏ အဖြေကို ဆက်နင်းပြီး ‘ညီမကလည်း အညာဆိုတာ အကျယ်ကြီးပဲဟာ၊ ဘယ်အညာကို ပြောတာလဲ၊ ဘာလဲ လိပ်စာအတိအကျ ပြောလိုက်ရင် အိမ်လာလည်မှာ စိုးလို့လား’ ဟု ပိုရင်းနှီးသွားအောင် သူမကို နောက်လိုက်သည်။ သူမက ‘ညီမတို့က ဆင်းရဲပါတယ် အစ်ကိုရယ်၊ အိမ်လည်ခေါ်ရမှာ အားနာပါတယ်’ ဟုပြောပြီး အသံတိမ်ဝင်သွားသည်။

‘အလကားစတာပါ ညီမရယ်၊ အညာလို့ ပြောလိုက်လို့ ဘယ်အညာလဲ သိချင်လို့ ညီမကို နောက်လိုက်တာပါ’ ဟု ကျနော် ပြန်ပြောလိုက်မှ သူမ ကျနော့်အပေါ် ပိုရင်းနှီးသွားပုံရပြီး သူမရဲ့ အကြောင်းတွေကို ကျနော်မမေးရဘဲ ဖြေးဖြေးချင်း ဆက်ပြောနေလေသည်။ သူမက ကျနော့်ဘေးမှာ ထိုင်ပြီး လက်ကို နှိပ်ပေးနေသည့်အခါတွင် ရှည်လျားနက်မှောင်သော သူမ၏ ဆံနွယ်စတွေက ကျနော့်ကိုယ်ပေါ် ၀ဲကျနေသည်။ သူမ ခေါင်းလျော်ထားသည်ထင့်၊ သူမဆံပင်မှ ရှန်ပူခေါင်းလျှော်ရည်နံ့လေးက ကျနော့်နှာခေါင်းထဲ တိုးဝင်မွှေးပျံ့နေသည်။

သူမ၏ မျက်နှာအလှကို မသိမသာ အကဲခတ်ရသည်မှာ ရုပ်ရှင်သရုပ်ဆောင် ရတနာခင်နှင့် တူသလိုလို ထင်နေမိသည်။ အသားအရေ နူးညံ့ဝင်းမွတ်ပြီး ရုပ်ရည်သန့်ပြန့်သည့် သူမ၏ ပုံပန်းသဏ္ဍာန်က အညာသူပုံမပေါက်၊ ငယ်စဉ်က အလုပ်ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရဖူးပုံမပေါ်ဘဲ သက်သက်သာသာ နေလာခဲ့ရသည့် ပုံပေါ်နေသည်။ စကားပြောပုံ ဟန်ပန်အနေအထားအရ ပညာအရည်အချင်းလည်း အတော်အသင့် ရှိပုံပေါ်သည်။ အသက်အရွယ်အားဖြင့် ၂၂ နှစ်ဝန်းကျင်လောက် ရှိမည်ဟု ခန့်မှန်းမိသည်။ သူမ၏ ရုပ်ရည်၊ သူမ၏ ပုံပန်းသဏ္ဍာန်နှင့် သည်လိုအလုပ်မျိုးကို ဘာကြောင့် လုပ်ကိုင်နေရပါလိမ့်ဟု ကျနော်တယောက်တည်း စဉ်းစားခန်းဝင်ရင်း သူမ ပြောပြနေတာတွေကို နားထောင်နေမိသည်။

‘ညီမက မလှိုင်ကပါ။ မလှိုင်ဆိုတာ မြင်းခြံဘက်သွားတဲ့ လမ်းပေါ်မှာလေ၊ ညီမမှာ ညီမလေးတယောက်၊ မောင်လေးတယောက် ရှိတယ်။ ညီမလေးလည်း ဒီမှာပဲ အလုပ်လုပ်တယ်။ မောင်လေးကတော့ ငယ်သေးတယ်။ ညီမမိဘတွေက ၀န်ထမ်းတွေပါ။ အခုတော့ အဖေရော အမေရာ အလုပ်က ထွက်လိုက်ပြီ။ အဖေက အရက်တအားသောက်လို့ အခု လေဖြတ်နေတယ်။ အမေကလည်း ချဲတွေ၊ နှစ်လုံးထီတွေ တအားထိုးပြီး အကြွေးတွေတင်လို့ နောက်ဆုံး မလှိုင်က အိမ်နဲ့ခြံကို ရောင်းပြီး ရန်ကုန်ပြောင်းလာတာ။ အခု လှိုင်သာယာမှာ မိသားစုငါးယောက် အိမ်ငှားနေတယ်။ ရန်ကုန်ရောက်ကာစက ညီအစ်မနှစ်ယောက် အနော်ရထာလမ်းပေါ်က တီဗီဂိမ်းဆိုင်တဆိုင်မှာ အလုပ်ဝင်သေးတယ်။ ဒါပေမယ့် ရတဲ့လခနဲ့ လှိုင်သာယာကို အဝေးကြီး ပြန်ရတဲ့ဒုက္ခနဲ့ မိသားစုစားဝတ်နေရေး အဆင်မပြေဘူး။ အဖေ့ဆေးဖိုးကလည်း ရှိသေးတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ သူငယ်ချင်းတယောက်က ခေါ်လာပေးလို့ ဒီမှာဝင်လုပ်ဖြစ်တာ။ ဒီမှာ မလှိုင်က လူတွေလည်း တော်တော်များများ လုပ်နေကြတယ်လေ’ ဟု လေအေးအေးနှင့် ရှည်ရှည်ဝေးဝေး ပြောပြနေသည်။

သူမ ပြောပြတာတွေကို နားထောင်နေရင်း ‘ညီမ အခု အသက်ဘယ်လောက်ရှိပြီလဲ၊ ကျောင်းဆက်မတက်တော့ဘူးလား’ ဟု မေးလိုက်မိသည်။ ‘ညီမက အခု အသက် ၂၃ နှစ်ထဲမှာပါ၊ Eco ဒုတိယနှစ် အဝေးသင်တက်နေပါတယ်။ ကြားထဲမှာ ငွေကြေးအဆင်မပြေလို့ သုံးနှစ်လောက် နားထားရသေးတယ်။ အခုသင်္ကြန်ပြီးရင် မိတ္ထီလာတက္ကသိုလ်မှာ အနီးကပ် တလသွားတက်ပြီး စာမေးပွဲဖြေရမယ်။ အဲဒီကျရင် ခွင့်တလ ယူရမယ်’ ဟု ပြောပြနေသည်။

သူမကို Eco ကျောင်းသူမှန်း သိလိုက်ရတော့ အထင်ကြီး လေးစားစိတ်ဝင်သွားသည်။ ဒါပေမယ့် ဒီအလုပ်လုပ်နေတာကို သဘောမတွေ့သည့် လေသံဖြင့် ‘တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီး ဘာလို့ ဒီမှာ လုပ်နေရတာလဲ’ ဟု သူမကို အပြစ်တင်သလို ကျနော် ပြောလိုက်မိသည်။ သူမက ‘ဘယ်လုပ်ချင်မှာလဲ အစ်ကိုရယ်၊ ရွေးစရာ မရှိလို့ပေါ့၊ အိမ်စရိတ်ရယ် ကျောင်းစရိတ်ရယ် ကာမိအောင်ဆိုတော့ တခြားအလုပ်နဲ့ ဘယ်လိုမှ အဆင်မပြေဘူး၊ ဒီအလုပ်ကတော့ နည်းနည်းတော်သေးတယ်လို့ ပြောရမှာပေါ့’ ဟု ရှင်းပြတော့ အပြစ်တင်သည့် လေသံနှင့် ပြောလိုက်မိသည်ကို အားနာသွားမိသည်။ ထို့နောက် လေကြောမိနေသည်က တကြောင်း၊ သူမ နှိပ်နယ်ပေးနေသည်ကို အားနာမိသည်က တကြောင်းကြောင့် သူမကို နားဖို့ ကျနော် ပြောလိုက်သည်။ သူမက ‘ရပါတယ် အစ်ကိုရဲ့၊ ဒါ ညီမတို့ အလုပ်ပဲ၊ အားမနာပါနဲ့’ ဟု ပြောနေသည်။ ကျနော်က ‘မဟုတ်ဘူး၊ အညောင်းလည်း ပြေပါပြီ၊ ညီမနဲ့လည်း လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ’ ဟု ပြောမှ သူမရပ်လိုက်သည်။

ထို့နောက် သူမက ကျနော့်ဘက် မျက်နှာမူကာ လှည့်ထိုင်ရင်း ပိုမိုရင်းနှီးသွားသည့် လေသံနှင့် ‘ကဲ … အစ်ကို ဘာသိချင်လဲ မေး’ ဟုပြောကာ လမ်းဖွင့်ပေးလေသည်။ တဘက်ရှိ သူငယ်ချင်း၏ ကုတင်ဘက်ကလည်း ရယ်လိုက်မောလိုက်၊ ပြောလိုက်ဆိုလိုက်နှင့် ဆူညံနေသည်။ ကျနော်က စာနယ်ဇင်းသမားမို့လားမသိ၊ သူမက သိချင်တာမေးဖို့ ပြောတော့ တော်တော်ပျော်သွားသည်။ သို့နှင့် အင်တာဗျူးပုံစံ သူမနှင့် ကျနော် စကားတွေ ဆက်ပြောနေဖြစ်တော့၏။

‘ညီမက မေးဆိုလို့ မေးမယ်နော်’ ဟု ကျနော်ပြောလိုက်တော့ သူမက ‘အင်း’ ဆိုသည့်သဘော ခေါင်းညိတ်ပြသည်။ နောက်ပြီး ခေါင်းငုံ့ကာ မခို့တရို့လေး ပြုံးနေသည်။ ကျနော် စိတ်ဝင်တစားနှင့် စမေးလိုက်သည်။

‘ ညီမတို့ ဒီမှာလုပ်တာ လခဘယ်လောက်ရလဲ’
‘လေးထောင်ရတယ်၊ နောက်ပြီး ဧည့်သည်ဝင်ရတဲ့အပေါ် မူတည်ပြီး တနာရီ တဆက်ရှင်ကို တရာထပ်ရ တယ်။ တနေ့ ဆယ်ဆက်ရှင် ၀င်ရရင် တထောင်ပေါ့’
‘ဧည့်သည်တွေက ဘောက်စူးပေးတာတွေ ဘာတွေလည်း ရှိမှာပေါ့’
‘ အဲဒါက ပုံမှန်တော့ မရှိဘူး၊ တချို့လည်း ငါးရာ တချို့လည်း တထောင်နဲ့ ခင်ရင်ခင်သလို များများပေးကြပါတယ်’
‘အဲသလိုဆို ညီမတို့ရဲ့ တလ၀င်ငွေက ဘယ်နည်းမလဲ’
‘ဧည့်သည်ရပြီး ဘောက်စူးများများရတဲ့ လဆိုရင်တော့ တသိန်းခွဲ၊ နှစ်သိန်းလောက် စုမိပါတယ်၊ အဖမ်းအဆီးရှိလို့ ပိတ်ရရင်တော့ ၀င်ငွေမရှိဘူးပေါ့’
‘ညီမက သဘောကောင်းတော့ ဧည့်သည်များများ ရမှာပေါ့’
‘ဧည့်သည်တိုင်းလည်း မ၀င်ရဲဘူး အစ်ကိုရဲ့၊ လူလည်း ကြည့်ရသေးတယ်၊ တချို့ဧည့်သည်တွေက နှမချင်း ကိုယ်ချင်းမစာဘူး၊ ယုတ်မာတယ်၊ ဒီအလုပ်လုပ်တယ်ဆိုပြီး အထင်သေးအမြင်သေးနဲ့ အလွယ်တကူ စော်ကားချင်ကြတယ်၊ အဲဒါကြောင့် တခါဝင်ကြည့်ပြီး အဆင်မပြေရင် နောက် အဲဒီဧည့်သည်လာရင် ရှောင်ရတာပေါ့’
‘ဧည့်သည်က ခေါ်ခိုင်းပေမယ့် ကိုယ်က အဲဒီဧည့်သည်နဲ့ အလုပ်မ၀င်ချင်ဘူးဆိုရင်ကော အလုပ်ရှင်က မငြိုငြင်ဘူးလား’
‘ငြိုငြင်တာပေါ့၊ ဒါပေမယ့် ကိုယ်မ၀င်ချင်တဲ့ ဧည့်သည်ဆို ၀ိတ်တာတွေကို ပေါင်းထားပြီး တခြားဧည့်သည် ကြိုချိန်းထားလို့ မအားလို့ပါဆိုပြီး အလိမ္မာနဲ့ ပြောခိုင်းရတာပေါ့’
‘ဒီမှာ အလုပ်လာလုပ်တဲ့ သူတွေထဲမှာကော ညီမလို ကျောင်းတက်နေတဲ့ သူတွေရှိလား’
‘ရှိတယ်၊ ဘွဲ့ရပြီးတဲ့ အစ်မတွေတောင် ရှိတယ်၊ အများစုကတော့ အိမ်မှာရှိတဲ့ မိဘမောင်ဖွားတွေကို လုပ်ကျွေးနေကြတဲ့သူတွေ များပါတယ်’
‘ညဘက် အလုပ်ပိတ်ရင် ညီမတို့ကို အိမ်အပြန် ဖယ်ရီနဲ့ လိုက်ပို့ပေးလား’
‘အိမ်မပြန်ရဘူး အစ်ကိုရဲ့၊ သူဌေးက ဒီအဆောက်အဦရဲ့ အပေါ်ဆုံးထပ်မှာ အဆောင်လုပ်ပေးထားတယ်၊ တလမှ ခွင့်တရက်ပဲ ပေးတယ်၊ ခွင့်လိုချင်ရင် မန်နေဂျာကို ကြိုပြောထားရတယ်’
‘အလုပ်ချိန်က ဘယ်နှစ်နာရီ လုပ်ရလဲ’
‘နေ့လည် ၁၂ နာရီဆို တန်းစီရတယ်၊ သူဌေးက လူစစ်တယ်၊ အပြင်တွေ ဘာတွေ ခဏတဖြုတ် သွားနေလို့ နောက်ကျရင် ဒဏ်တပ်တယ်၊ လစာထဲက ဖြတ်တယ်၊ လူစစ်ပြီးတာနဲ့ အလုပ်ဝင်ရတာပဲ၊ အဲဒါ ည ၁၂ နာရီ၊ တခါတလေ ဧည့်သည်ကျရင် ၁ နာရီထိုးရောပဲ’
‘တနေကုန် နင်းနှိပ်ပေးနေရတော့ မပင်ပန်းဘူလား’
‘ပင်ပန်းပေမယ့်လည်း ပိုက်ဆံရတော့ ရတုန်းလေး လုပ်နေရတာပဲ၊ ညဘက် အဆောင်ပေါ်ရောက်ရင် တကိုယ်လုံး ညောင်းကိုက်ပြီး ဘာမှကို လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး၊ တန်းအိပ်တော့တာပဲ’

ကျနော်တို့နှစ်ယောက် စကားကောင်းနေတုန်း တဘက်ကုတင်မှ သူငယ်ချင်းက ‘ဟိုဘက်က နှစ်ယောက် အင်တာဗျူးလို့ မပြီးကြသေးဘူးလား၊ အချိန်စေ့ပြီဗျို့’ ဟု လှမ်းအော်မှ သူမနဲ့ကျနော် စကားစပြတ်တော့သည်။ သူငယ်ချင်းက ၀ိတ်တာယူလာသည့် ဘောက်ချာစာရွက်ကို ရှင်းပေးလိုက်ပြီး သူမတို့နှစ်ဦးကို တယောက် ဘောက်စူးတထောင်စီ ပေးနေသည်။ ကျနော်က သူမကို သိချင်တာတွေ စိတ်ရှည်လက်ရှည် ဖြေပေးလို့ ကျေးဇူးတင်ကြောင်းပြောပြီး ဘောက်စူးတထောင် ထပ်ပေးလိုက်သည်။

သူမက ကျနော့်ကို ‘အစ်ကိုက မေးခွန်းတွေ တအားမေးတယ်၊ ထောက်လှမ်းရေးတော့ မဟုတ်ပါဘူးနော်’ ပြောရင်း ပြုံးးနေသည်။ သူငယ်ချင်းက ‘ထောက်လှမ်းရေးတော့ မဟုတ်ဘူး၊ အဲဒီထက် ဆိုးတယ်၊ သူက စာရေးဆရာ၊ စာရေးဖို့ ကုန်ကြမ်းရှာနေတာဟဲ့’ ဟု နောက်လိုက်ရာ သူမက လန့်သွားသည့် အမူအရာနှင့် ‘အစ်ကို ကျမအကြောင်းတွေ ထည့်မရေးပါနဲ့နော်’ ဟု တောင်းပန်နေသည်။ ကျနော်က ‘မကြောက်ပါနဲ့ ညီမရယ်၊ အစ်ကိုတို့က ညီမတို့ ဒုက္ခရောက်အောင် လုပ်မယ့် လူစားမျိုးတွေ မဟုတ်ပါဘူး’ ဟု ပြောလိုက်မှ သူမ ကြောက်စိတ်ပြေသွားပုံရသည်။

အပြန်မှာ တံခါးဝအထိ လိုက်ပို့ရင်း ‘နောက်လည်း လာခဲ့ဦးနော် အစ်ကို’ ဟုပြောကာ ပြုံးပြနှုတ်ဆက်နေသည်။ ဓာတ်လှေကားမှတဆင့် သိမ်ကြီးဈေး အောက်ဆုံးထပ်သို့ ဆင်းရင်း သူမ ပြောပြသည့် ဘ၀အမောတွေကို ပြန်လည်ကြားယောင်နေမိသည်။ ကားပေါ်အရောက်တွင် သူငယ်ချင်းက ‘ဘယ်လိုလဲ စာရေးဆရာကြီး၊ အညောင်းအညာတွေ ပြေသွားရဲ့လား’ ဟု မေးသည်။

ကျနော်က ‘အညောင်းပြေပေမယ့် ခေါင်းပိုကိုက်သွားတယ်’ ဟု ကျနော့်အဓိပ္ပာယ်နှင့်ကျနော် ပြောလိုက်ရာ သူက ဘယ်လိုသဘောပေါက်သွားသည် မသိ၊ ကျနော့်ကို ပြုံးဖြီးဖြီးနှင့် ကြည့်ကာ ‘သိပ်မခံစားနဲ့ ဆရာ၊ ခေါင်းကိုက်ရင်လည်း ပါရာစီတမောသာ သောက်လိုက်’ ဟုပြောပြီး ကားကို စက်နှိုးကာ ဂီယာထိုးလိုက်သည်။ ကားဘီး စလိမ့်သည်နှင့် သူငယ်ချင်း မသိအောင် ကျနော် သက်ပြင်းရှည်ကြီးတချက် ခိုးချလိုက်မိလေသည်။

ကိုလတ်

* ခေါင်းစဉ်အမည်ကို ကွယ်လွန်သူ အဆိုတော် ထူးအိမ်သင်၏ ‘မြို့ပြညများ’ သီချင်းစာသားထဲမှ ယူပါသည်။

2 comments:

AUNG MYO KYAW said...

မငြိမ်းချမ်းတဲ့ဘ၀တွေ အမြန်ငြိမ်းချမ်းကြပါစေလို့ဆုတောင်းပါတယ်။ကိုလတ်ရဲ့အရေးအသားလည်းကောင်းမွန်ပါတယ်။ဆက်လက်အားပေးလျှက်....

Unknown said...

ကောင်းတယ်အကို့စာမူတွေ ကျွန်တော်အားပေးနေပါတယ်