Saturday, October 4, 2008
သစ်သီးပုပ်များ (ကဗျာ)
ပြင်သစ်ပြည်ကျေးလက်က
ဆယ်ကျော်သက်ကလေးတွေရဲ့
အေးစက်ခက်ရှ အကြည့်က
နာဇီဝါဒရဲ့ ခြေလှမ်းတွေကိုတောင်
ယောင်ကန်း ရှက်အမ်းဖြစ်စေခဲ့ကြ။
ဒီမှာက
မျက်လွှာချ ပြုံးပြ
အတောင်ပံမှ မဖြန့်ရဲဘဲ
ကောင်းကင်ပြင်ထဲ ပျံဝဲချင်သတဲ့
ပြည့်တန်ဆာမတယောက်ရဲ့
သဲ့သဲ့ညည်းတွားသံကမှ
ဘ၀အနက်အဓိပ္ပါယ်
တင့်တယ်ပြည့်ဝနိုင်သေးပါရဲ့။
ပဲ့ကြွေသွားတဲ့ သစ္စာတရားထဲမှာ
အနုပညာဝါဒအားလုံး
ပြုန်းတီးချနင်းခံလိုက်ရပြီ …
ပတ်ဗလိုနီရူဒါ* ရယ်
ကြယ်ကြွေတွေကိုယ်စား
စကားနည်းနည်း ပြောပေးစမ်းပါ။
ဒါဟာ …
ဧရာဝတီရဲ့ ၀မ်းဗိုက်ထဲက
ထွက်ကျလာတဲ့ ပိုးလောက်တွေ
ရွှေရည်စိမ်တံဆိပ်တွေ ချိတ်လို့
ပျို့အန်ချင်စရာ အပြုံးက
မြေခွေးမျက်လုံးတွေကို ဖုံးကွယ်မရ
ဆုချနေတဲ့ လက်ချောင်းတွေထဲမှာ
သားရေကြာပွတ်တခုရှိတယ်။
မေ့ပျောက်လွယ်သူတွေပါပဲ
တစစ အေးခဲထုံထိုင်းလာကြ
ခဏငယ်လေးအတွင်းမှာပင်
ရာဇ၀င်ညစ်စွန်း
မှောင်လွန်းတဲ့ တမွန်းတည့်အောက်
ညှိုးခြောက်ကွယ်ပျောက် သွားပေလိမ့်မယ် ။ ။
စိုးနေလင်း
* Poet Pablo Neruda (Chile)
(လူထုကိုသစ္စာဖောက်ပြီး စစ်အာဏာရှင်တို့နှင့်
ပူးပေါင်းအကျိုးပြုနေကြသော အနုပညာရှင်များကို ရည်ညွှန်းပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment