Wednesday, October 1, 2008

နတ်မစိမ်းဘဲ အယူတိမ်းကြခြင်း

ရေ၀တီ

ရင်းနှီးတဲ့ မိတ်ဆွေတဦးနဲ့ ညစာစားကြရင်း သူပြောလိုက်တဲ့ အဖြစ်အပျက်ကို နားထောင်လိုက်တော့ ရင်ထဲမှာ ပျို့တက်လာပြီး အန်ချင်သလိုလို ဖြစ်လာမိပါတယ်။ သူကတော့ အေးအေးဆေးဆေးနဲ့ ဘာမှရေးကြီးခွင်ကျယ် မဟုတ်သလို ရုပ်ရှင်ကားတကားအကြောင်း ပြောသလို ပုံမှန်ပြောနေကျပုံစံနဲ့ ပြောပြတာပါ။ ဒါပေမယ့် အဖြစ် က ရုပ်ရှင်ကားမဟုတ်သလို ရုပ်ရှင်ကားတကား ဖြစ်ခဲ့ရင်တောင် အတော်အော်ဂလီဆန်ချင်စရာ ပြကွက်တ ကွက်မျိုး ဖြစ်နေတဲ့အတွက် စာလုံးတွေနဲ့ မှတ်တမ်းတင် ရေးချင်စိတ်ပေါက်လာမိပါတယ်။

ဒီနေ့ ၂၈ စက်တင်ဘာ၂၀၀၈ မှာ ကျွန်မရဲ့ မိတ်ဆွေက အယ်လ်အေမြို့က ဗုဒ္ဓဘာသာ မြန်မာကျောင်းတ ကျောင်းကို နံနက်ပိုင်းသွားပါတယ်။ အဲဒီကျောင်းမှာ ကျင်းပတဲ့ မွေးနေ့ပွဲအလှူရှိလို့ ဖြစ်ပါတယ်။ အဲဒီ ဗုဒ္ဓ ဘာသာမြန်မာကျောင်းက မကြာသေးခင်ကမှ နေရာပြောင်းသွားလို့ လမ်းမှာ လမ်းမှားတဲ့အတွက် မနက် တုန်းက ကားပေါ်ကနေ ကျွန်မဆီ ဖုံးဆက်မေးလို့ အွန်လိုင်းကနေတောင် ကျွန်မလိပ်စာသစ် ရှာပေးလိုက်ရ ပါသေးတယ်။ ပွဲမှာ လူအတော်စည်ပါတယ်တဲ့။ စားကြသောက်ကြ တီးကြဆိုကြရင်း စင်ပေါ်က ရုတ်တရက် ကြေညာလိုက်တဲ့ စကားတခွန်းကြောင့် သူလည်း ရုတ်တရက်တော့ အလွန်ကြောင်အန်းအန်း ဖြစ်သွားတယ် တဲ့။

အဲဒီစကားက ဘာလဲဆိုတော့ ဒီနေ့ကျင်းပတဲ့ ဗုဒဘာသာမြန်မာကျောင်းက မွေးနေ့ပွဲက နိုင်ငံရေးလှုပ်ရှား မှုတွေ မပါပါဘူး။ နိုင်ငံရေးသမားတွေနဲ့ မပတ်သက်ပါဘူး ဆိုတာပါပဲ။ မိုက်ခွက်ကို ကိုင်ခဲပြောတဲ့ လူကြီးမင်းက မွေးနေ့ရှင်ရဲ့ အမျိုးသား ဖြစ်ပါတယ်တဲ့။ အဲဒါနဲ့ လူတွေကလည်း ပြာပြာသလဲ ခွေးကြည့်ကြောင်ကြည့် တယောက်နဲ့တယောက် ကြည့်ကြ၊ တောင်တောင်မြောက်မြောက် အရပ်ရှစ်မျက်နှာလည်းနှံ့ရော သူ့ဆီမှာ အဲဒီမျက်လုံးတွေအားလုံး လာပေါင်းဆုံကြပါတယ်တဲ့။ သူဝတ်ထားတာက အနီရောင်တောက်တောက်ပေါ်မှာ အ၀ါရောင်စာလုံးကြီးကြီးနဲ့ Free Burma ဆိုတဲ့ စာရေးထားတဲ့ အင်္ကျီ၊ သူဆောင်းထားတာက အကျီနဲ့ဆင်တူ Free Burma ဦးထုပ်။ (အယ်လ်အေမှာ ခုချိန်နေ့ခင်းပိုင်းဆို နေခြစ်ခြစ်တောက် ပူပါတယ်)။

ကျွန်မက မေးကြည့်ပါတယ်။ အဲဒီလို မိန်းမမွေးနေ့မှာ နိုင်ငံရေးမပါပါဘူးလို့ဆိုတဲ့ လူကြီးမင်းက အသက် ဘယ်လောက်များ ရှိပြီလဲဆိုတော့ တတိယအရွယ်နီးပါး ရှိနေပြီတဲ့။ ကျွန်မရဲ့ မိတ်ဆွေကို ဘာပြန်ပြော လိုက်သလဲ ဘယ်လိုတုန့်ပြန်လိုက်သလဲ မေးကြည့်တဲ့အခါ သူက အေးအေးဆေးဆေးပါပဲ။ ‘ ဘာမှမပြောပါဘူး ဗျာ။ သူတို့ကြောက်တဲ့ အကျီ ကျွန်တော်က ၀တ်သွားမိတာကိုး။ ကျွန်တော်လည်း သူတို့အဲလောက် ကြောက်လိမ့်မယ် မထင်လို့ပါ။ နောက်ဆို ကျွန်တော် ၀တ်တာစားတာ ဆင်ခြင်ရမယ်။ အံ့သြတာတခုတော့ ရှိတယ်။ ကျွန်တော် သူတို့ပွဲကို ဘာအနှောက်အယှက်မှမပေးဘဲ ဘာလို့ အဲဒီလိုစင်ပေါ်တက် ကြေညာတဲ့အထိ အသည်းအသန် ဖြစ်သွားသလဲဆိုတာ’တဲ့။ သူက သူ့ရဲ့ ပြောနေကျဟန်ပန်အတိုင်း ပြုံုးပြီး အေးအေးဆေးဆေး ပြောပါတယ်။ (မဲ့ပြုံးမဟုတ်သလို နှစ်နှစ်ခြိုက်ခြိုက် အပြုံးမျိုးလည်း မဟုတ်ပါ။ သူစကားပြောရင် ပြုံးနေကျ ပုံမှန်အပြုံးမျိုးသာ ဖြစ်ပါတယ်)

‘အဲဒါနဲ့ အကိုပြန်လာရောလား’ ကျွန်မက မေးတော့ ‘ကျွန်တော်လည်း ထပြန်ရကောင်းမလား စဉ်းစားသေး တယ်။ လူတွေကလည်း ဟိုဟိုဒီဒီ ကြည့်ကြတယ်လေ။ ဒါပေမယ့်လေ သူများကို ကျွန်တော်တို့က နှောက်ယှက် ဖို့လာတာ မဟုတ်သလို စီးပွားလာရှာတာလည်း မဟုတ်ဘူးလေ။ လူမှုရေးကိစ္စတွေ လုပ်နေကျအတိုင်း လုပ် နေတာ။ ဒါနဲ့ကိုယ်လုပ်စရာရှိတာ လုပ်ပြီးမှ ပြန်လာပါတယ်’ တဲ့။

ကျွန်မ တွေးကြည့်မိတယ်။ မြန်မာလူမျိုးတွေ သုံးနေကျ ‘ပြီးတော့လည်း ပြီးတာပါပဲကွာ’ ‘နေပါစေတော့’ စတဲ့ စကားလုံးများ …။ နောက်ပြီး ဉာဏ်မီသလောက် စဉ်းစားမိတာတွေပါ။ အမေရိကန်ပြည်ထောင်စုနဲ့ အမေရိ ကားရောက် ရွှေ့ပြောင်းမြန်မာအမေရိကန်တွေအကြောင်း …။

အမေရိကန်ပြည်ထောင်စုဆိုတာ (သူတပါးကို မထိခိုက်ရင်) လွတ်လပ်စွာပြောဆို၊ လွတ်လပ်စွာရေးသားနိုင်တဲ့ ဒီမိုကရေစီနိုင်ငံတဲ့။ မြန်မာအချို့ အမေရိကားကို ရွှေ့ပြောင်းလာတာ တတိယအရွယ်ရောက်တဲ့အထိ နှစ် တွေလည်း မနည်းကြာမြင့်လာကြပြီိ။ ဒီပုံအတိုင်းဆို (သူတပါးကို မထိခိုက်လျှင်) ဦးထုတ်အကျီ လွတ်လပ်စွာ ၀တ်ဆင်ခွင့် ရှိတယ်ဆိုတာကို ဒီနေ့ထိ လက်မခံနိုင်ကြသေးတဲ့ မြန်မာအမေရိကန်တွေ ရှိသေးတယ်လို့ ယူဆ လိုက်ရမှာပေါ့နော်။ နောက်တခုက ‘နိုင်ငံရေး’ ‘နိုင်ငံရေးသမား’ ဆိုတာကို ‘ရာဇ၀တ်မှု’ ‘ရာဇ၀တ်ကောင်’ ဆိုတဲ့ စကားလုံးတွေနဲ့ သိပ်မသဲကွဲကြသေးတာလား။ မသဲကွဲချင်ယောင် ဆောင်နေကြတာလား။

ကမ္ဘာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲနေပုံအကြောင်း နေ့စဉ်အာရုံထားတဲ့ အမေရိကန်ပြည်ထောင်စုလို ကမ္ဘာ့ထိပ် သီးနိုင်ငံမှာ အရိုးဆွေးနေအောင် အသက်ဆက်နေထိုင်ခဲ့ကြ လက်ရှိနေထိုင်နေကြပြီး ‘နိုင်ငံရေး’ဆိုတဲ့ စကား လုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဘယ်လိုများ နားလည်လက်ခံခဲ့ကြသလဲ။ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဘယ်လိုများ သတ်မှတ်ခဲ့ကြသလဲ ကျွန်မအလွန်သိချင်ပါတယ်။ Free Burma ဆိုတဲ့စာလုံးနဲ့ အနီရောင်ကိုမြင်တာနဲ့ ပျာပျာ သလဲ ခါးခါးသီးသီးကို ယောက်ယက်ခတ်သွားရတဲ့အကြောင်းက ဘယ်လိုအာမေဋိတ်မျိုး ရွတ်ဆိုရမှန်း မသိရ လောက်အောင် ကျွန်မ တော်တော်အံ့သြရပါတယ်။

အမေရိကန်နိုင်ငံမှာ ‘နိုင်ငံရေး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကိုသိသိ မသိသိ ကိုယ်ယုံကြည်ရာကို တစိုက် မတ်မတ် ယုံကြည်ခွင့်ရှိပါတယ်။ ဥပမာ - အတိုက်အခံဘက်ကို ထောက်ခံသူတွေရှိသလို စစ်အစိုးရကို နှစ်နှစ် ခြိုက်ခြိုက် ယုံကြည်သူတွေ လက်ခံသူတွေလည်း ရှိမှာပါပဲ။ လူတဦးချင်းစီရဲ့ ခံယူချက်နဲ့ဆိုင်တာမို့ ဒါဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်စွက်ဖက်စရာ မဟုတ်ပါ။ ဒါပေမယ့် ဘာကိုယ်ပိုင်ခံယူချက် တခုတလေမှမရှိဘဲ ‘မြန်မာပြည် မပြန်ရဘဲနေမယ်။ ကြောက်စရာကြီး’ ဆိုတဲ့ စကားမျိုးတွေ ပြောတတ်ကြတဲ့ လူတွေထဲမှာ အမေ ရိကားမှာ နှစ်ချို့အရိုးဆွေးအောင်နေ စီးပွားရေးအရလည်း အဆင်ပြေ၊ နိုင်ငံသားတွေလည်း ဖြစ်ပြီးသား၊ ဘ၀ ကို ပြည့်ပြည့်စုံစုံ အောင်အောင်မြင်မြင် အခြေချပြီးသား တတိယအရွယ် ဇရာထောင်း မြန်မာအမေရိကန်များ တွေ ပါနေတာတော့ တော်တော်ခံစားလို့မရတဲ့ ကိစ္စပါ။

သူတို့ဟာ ကျွန်မတို့ အရွယ်တွေကို မျိုးဆက်နှစ်ဆက်စာလောက် နှစ်ပြန်မွေးလို့ရပြီး ကျွန်မတို့ထက် ဘ၀အ တွေ့အကြုံရော ဥာဏ်ပညာအရည်အချင်းရော နိုင်ငံတကာနဲ့ဆိုင်တဲ့ အသိပညာတွေပါ သာလွန်လိမ့်မယ်လို့ ကျွန်မက ယုံကြည်ပါတယ်။ (လူတယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကိုယ်အလေးချိန်ဖွံ့ဖြိုးမှု၊ အသက်အရွယ် ကြီးရင့်မှုနဲ့ အထိုက်အလျောက် ဆိုင်တယ်လို့ ကြားဖူးလို့ပါ။) သူတို့တွေဟာ ကျွန်မတို့ ပြည်ပရောက် မြန်မာ လူငယ်တွေကို ကောင်းကောင်းကြီးကို ဦးဆောင်သင်ပြနိုင်မယ်လို့လည်း လေးလေးစားစား ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်မို့ ကိုယ်တိုင်လူပုံအလည်မှာ စင်ပေါ်တက်ပြောလိုက်တဲ့ စကားတခွန်းဟာ ဘာကိုရည်ရွယ်တယ်၊ ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိတယ်၊ တဘက်သားကို ဘယ်လိုအကျိုးဆက် သက် ရောက်မှုရှိမယ်ဆိုတာမျိုးတွေကို အဲဒီလိုအသက်အပိုင်းအခြားနဲ့ (ရွှေ့ပြောင်းအဆင့်ကျော်လွန်ပြီး) မြန်မာအမေ ရိကန် လူကြီးမင်းများဟာ တင်းပြည့်ကျပ်ပြည့် နားလည်ပြီးသား ဖြစ်လိမ့်မယ်ဆိုတာ အားလုံးသိပြီးသား ကိစ္စ မျိုးပါ။

ကျွန်မ တခုမေးချင်ပါတယ်။ ‘နိုင်ငံရေး’ ‘နိုင်ငံရေးသမား’ ဆိုတဲ့ စကားတွေကြားရင် နှာစေးချင်သလို ရင်ကျပ် ချင်သလိုလို ဖြစ်လေ့ရှိတဲ့ ‘နိုင်ငံရေးတွေနဲ့ မပတ်သက်ဘူး’ ဆိုတဲ့ စကားကို ဖက်ရှင်တခုလို ကွမ်းငုံသလို ငုံငုံထားပြီး လူများပြီဆို ပြစ်ကနဲ ထွေးထွေးထုတ်ပြတတ်တဲ့ လူကြီးမင်းများကိုပါ။ မြန်မာနိုင်ငံဆိုတာနဲ့တွဲပြီး ဗိုလ်ချုပ်နေ၀င်းကို ကြားဖူးကြသလို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို ကြားဘူးပါသလား။ မြန်မာနိုင်ငံဆိုတာ နဲ့တွဲပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဆိုတာကို ကြားဘူးပါသလား။

အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ အတွင်းဝန်ရုံးမှာ စီးပွားရှာရင်း ရုတ်တရက် သေဆုံးသွားတာမဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အစည်းအဝေးထိုင်ရင်း သူတပါး လုပ်ကြံခံသွားရတယ်ဆိုတာလောက်ကို ရော နားစွန်နားဖျားလောက် ကြားဘူးပါသလားလို့ပါ။ လွန်ခဲ့တဲ့အပတ်က နှစ်၂၀ ကြာ ထောင်ထဲကလွတ်လာ တဲ့ အပြည်ပြည်ဆိုင်ရာက ဆုတွေဝိုင်းပေးကြတဲ့ အသက် ၈၀ အရွယ် ဟံသာဝတီဦးဝင်းတင်ဟာ သူ့ကိုယ်သူ ဒီနေ့ထိနိုင်ငံရေးသမားပါတဲ့။ မြန်မာအမေရိကန်များ အလွန်ပတ်သက်ချင်ကြတဲ့ မြို့တော်ဝန်၊ ကောင်စီလူကြီး ကစလို့ အထက်လွှတ်တော် အောက်လွှတ်တော် အမတ်မင်းများဟာလည်း ‘နိုင်ငံရေး’နဲ့ အကျွမ်းတ၀င်မရှိတဲ့ သူ တဦးမှမရှိကြပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်များကို အလွန်နှစ်နှစ်ခြိုက်ခြိုက် ၀တ်လေ့ရှိတဲ့ ကျွန်မသူငယ်ချင်းရဲ့ အသက် ၇ နှစ်အရွယ် တူကလေး ပြောလိုက်တဲ့ စကားကြောင့် ကျွန်မ တော်တော် စိတ်ထိခိုက်သွားရပါတယ်။ ‘သား နောက်ဆိုရင် ဘွားဘွားစုနဲ့ ဒေါင်းပုံပါတဲ့ တီရှပ်တွေဝတ်တော့ဘူးတဲ့’ ‘ဘာဖြစ်လို့လဲ သားရဲ့’လို့ မေးတော့ ‘ဟာ အန်တီကလဲ။ ဟိုဦးဦးလို လူတွေဝိုင်းကြည့်ခံရရင် ရှက်စရာကြီး’တဲ့။ ကျွန်မ ရုတ်တရက် ဆွံ့အသွားရပါတယ်။ ကလေးလေးက အမေရိကန်ပြည်ထောင်စုမှာ မွေးထားတဲ့ ပထမမျိုးဆက် မြန်မာအမေရိကန်ကလေး ...။ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ Freedom from Fear စာအုပ်နဲ့ ပြည်တွင်းမှာ ပြည့်လျှံကျပြီး ပြည်ပက ဒီမြေပေါ်မှာ စတင်ပျံ့ကျဲစပြုလာတဲ့ အကြောက်တရားမျိုးစေ့တွေ …။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တချို့ကလည်း ဒီလိုသုံးသပ်ကြပါတယ်။ အဲဒီ့ ဗုဒ္ဓဘာသာမြန်မာကျောင်းမှာ လုပ်တဲ့ အလှူဆိုတော့ ကျောင်းရဲ့မူဝါဒနဲ့ မကိုက်ညီလို့ နေမှာပေါ့တဲ့။ ကျွန်မကတော့ အဲဒီဗုဒ္ဒဘာသာ မြန် မာကျောင်းက သာသနာ့အနွယ်ဝင် သူတော်စင်များကို မသိဘူး မမြင်ဘူးတာမို့ ဘာမှမပြောလိုပါဘူး။ ဗုဒ္ဓက ‘ငါ့သာသနာမြေမှာ နိုင်ငံရေးမလုပ်ရ။ ငရဲအိုး ဇောက်ထိုးကျမယ်’လို့ ဘယ်တုန်းကမှ မဟောထားတဲ့အတွက် ကမ္ဘာမှာ သာသနာပြုနေတဲ့ အမေရိကားရောက် ဗုဒ္ဒဘာသာ(မြန်မာ) သာသနာ့အနွယ်ဝင် သူတော်စင်တွေမှာ အဲဒီလိုအတွေးမျိုး ရှိလိမ့်မယ်လည်း မမျှော်လင့်ပါဘူး။ နောက်ပြီး ကျွန်မမိတ်ဆွေက သာသနာ့မြေမှာ အရက် သောက်ပြီး အော်ဟစ်ဆဲရေးနေတာမျိုးမှ မဟုတ်တာ။

ဗုဒ္ဓဘာသာတိုင်း အခြေခံသိကြတဲ့ ငါးပါးသီလမှာ မုသာဝါဒကံဆိုတာ အမှန်တရားကိုဖျောက်ပြီး လိမ်လည် ပြောဆိုခြင်းပါတဲ့။ သူတပါးအကျိုးအပြစ်ကို မရည်ရွယ်ဘဲ အမှန်ကို အမှန်ပြောပြီး အမှားကို အမှားပြောဆိုတာ လည်း မုသာဝါဒကံ စောင့်ထိန်းရာ ရောက်ပါတယ်တဲ့။ အဲဒါနဲ့ဆန့်ကျင်ရင်တော့ မုသာဝါဒကံ ထိုက်ပါတယ်တဲ့။ ပြီးခဲ့တဲ့နှစ် ၂၀၀၇ က ခုလိုစက်တင်ဘာမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေ ဖိနပ်မပါဘဲ လမ်းလျှောက်ပြီး မေတ္တာသုတ် ရွတ်ခဲ့ကြပါတယ်။ အဲဒီလို ဘာလက်နက်တခုမှမပါ လက်အုပ်ချီပြီး ငြိမ်းငြိမ်း ချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတော်တွေကို ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ မြန်မာစစ်အာဏာပိုင်တွေက မျက်ရည်ယိုဗုံးခွဲ၊ ဦးခေါင်းပြောင် ပြောင်ကို တုတ်နဲ့ ရက်ရက်စက်စက် ရိုက်၊ ခြေထောက်နဲ့ ကန်၊ သေနတ်နဲ့ ရက်ရက်စက်စက် အနီးကပ်ကို ပစ် ပြီး ဖြိုခွဲခဲ့ဖူးပါတယ်။

ချက်ချင်း ပျံလွန်တော်မမူတဲ့ သံဃာတော်တွေကိုလည်း ထောင်ထဲမှာ လူမဆန်စွာ နှိပ်စက်၊ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ခဲ့ဖူးပါတယ်။ အဲဒီအော်ဂလီဆန်စရာ မြန်မာနိုင်ငံအရေးကိစ္စဟာ အခြားဘာသာဝင်တွေပါ လှိုက်လှိုက်လှဲလှဲ ခံစားရပြီး တကမ္ဘာလုံးလည်း ပျက်ပျက်ထင်ထင် သိပြီးသားကိစ္စပါ။ အဲဒီကိစ္စအတွက် ပီနန် ဆရာတော်ကြီး ဦးပညာဝံသ ကိုယ်တိုင်ဦးဆောင်ပြီး ‘သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ သံဃာအဖွဲ့အ စည်းကြီး’ ကို အမေရိကန်ပြည်ထောင်စုရဲ့ ဟောဒီအယ်လ်အေမြေမှာပဲ တရားဝင် ဖွဲ့စည်းခဲ့ပါတယ်။

သာသနာ့ဥသျှောင် အဖွဲ့အစည်းကြီးဟာ ဒီနေ့ထိ မြန်မာနိုင်ငံရေးသမားတွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ အရေး ကိစ္စမှန်သမ မငြိုမငြင် တာဝန်ထမ်းနေပါတယ်။ (မြန်မာဗုဒဘာသာမှာ ဘိက္ခူနီ အမျိုးသမီးရဟန်းတော် များသာ ရှိခဲ့ရင် ဘိက္ခူနီ မြန်မာအမျိုးသမီး ရဟန်းတော်များအဖွဲ့ဆိုတာ ပေါ်ပေါက်လာခဲ့ဦးမှာပါ) အဲဒီသာ သနာ့ဥသျှောင် အဖွဲ့အစည်းကြီးကပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ခဲ့တဲ့ ဗုဒ္ဓဘာသာရဟန်း တွေ ရက်ရက်စက်စက် အသတ်ခံရ အဖြိုခွဲခံခဲ့ရတဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကို သင်္ကန်းရောင်တော်လှန်ရေး နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

မနှစ်က ဒီအချိန်ဆို ကမ္ဘာအရပ်ရပ်မှာ မြန်မာပြည်က အနှိပ်စက်ခံရတဲ့ သံဃာတော်တွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနီရောင်တီရှပ်တွေ တပတ်လောက် ၀တ်ခဲ့ကြပါတယ်။ ၀မ်းပန်းတနည်းနဲ့ ဆုတောင်း ပွဲတွေ မီးထွန်းပွဲတွေ ကျင်းပခဲ့ကြတယ်။ ဘာသာကြီး ၄ ရပ်က ဘာသာရေး ခေါင်းဆောင်တွေကလည်း အဖိနှိပ်ခံ ဗုဒ္ဓဘာသာ သံဃာတော်တွေအတွက် မိမိတို့ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းပေးခဲ့ကြတယ်။ ကျွန်မရဲ့ မိတ်ဆွေကလည်း သင်္ကန်းရောင်တော်လှန်ရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အနီရောင် Free Burma တီရှပ်ကို သတိတရနဲ့ တပတ်လောက် ၀တ်ပစ်လိုက်မယ် စိတ်ကူးထားဟန်တူပါတယ်။ အဲဒီသာ သာနာ့မြေ ဗုဒ္ဓဘာသာမြန်မာကျောင်းကို ကျွန်မမိတ်ဆွေ Free Burma တီရှပ်ဝတ်သွားတဲ့နေ့က ၂၈ စက်တင် ဘာ၂၀၀၈ ဖြစ်ပါတယ်။

ဗုဒ္ဓသာ ဒီနေ့ထိ သက်တော်ထင်ရှားရှိဦးမယ်ဆိုရင် ဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး ဘယ်လိုတရားတော် တွေ ဟောကြားတော်မူမလဲ ကျွန်မ အလွန်သိချင်ပါတယ်။

ရေ၀တီ
၂၉ စက်တင်ဘာ ၂၀၀၈
နံနက် ၃ နာရီ ၄၅ မိနစ်

9 comments:

mg kyi poae said...

အဲဒီအဖိုးကြီးတွေလို ရှေ့ပိုင်းမျိုးဆက်ကလူတွေအများစုကြောင့် ဒီနေ့ဒီအချိန်မှာ ဒါမျိုးအဖြစ်ခံနေရတာပါ။ ကျွန်တော်တို့လက်ရှိမျိုးဆက်တွေလည်း အဲဒီအဖိုးကြီးတွေလို ဆက်လုပ်နေဦးမယ်ဆိုရင် နောက်မျိုးဆက်တွေလည်း ကျွန်တော်တို့အခုခံစားနေရတာထက်ဆိုးတာတွေခံစားရပါဦးမယ်။ ဗုဒ္ဓဘာသာမစစ်ရင် သုတ်တာမှန်တာလုပ်ဖို့ကြောက်နေကြဦးမှာပါပဲ

ဒူကဘာ said...

ဒီလိုလူမျိုးတွေပဲ asylum ခံတော့ ဗမာပြည်နိုင်ငံရေး ခုတုံးလုပ်ခဲ့ကြတာ citizen ဖြစ်တော့ စိတ်ပြောင်းပြီး န.အ.ဖ ဟိုဒင်းပြေးစုတ်ကြတာ၊ ပုံစံတူတွေ အမေရိကားမှာ ဒုနဲ့ဒေးပဲ ဗျို့

အ ဘ ။ said...

နအဖ လန်ဖါးတွေ များနေသေးလို....
ကျွန်တော်တို. အားလုံး...စစ်ကျွှန်ဘ၀ ကနေ ဒီနေ.အထိ မလွတ်နိုင်သေးတာ....
အဲဒီ နအဖ လန်ဖါးတွေ ကိုဖြစ်နိုင်ရင် ရတဲ.နည်းနဲ. ရှင်းကြ...ခွဲထုတ်ကြပါ။။။

Moe Cho Thinn said...

ပြည်ပရောက်တဲ့ တချို့သောသူများကလည်း ကြောက်မဲ့ ကြောက်တော့ စိတ်နဲ့တောင် မပြစ်မှားရဲဘူး ဖြစ်နေတယ်။ သတ္တိကြီးပုံများလေ..
အရမ်းကောင်းတဲ့ ပို့စ်လေးပါ။

MMO said...

အတော်စိတ်ပျက်စရာကောင်းတယ်ဗျာ...

Unknown said...

that old man should go to liye myanmar.

Dawn Gwin (ဒေါင်းဂွင်) said...

“နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့ စဉ်နှင့်အမျှ လူ့ လောကတွင် တွေ့ ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့ သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့ နှင့်အမြဲတစေ ဆက်သွယ်နေ၏” (ဗိုလ်ချုပ်အောင်ဆန်း)

မွေးနေ့ ရှင်ရဲ့ အမျိုးသား (၀ါ) ဖောက်ပြန်ရေးသမားကြီးတယောက် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ မမေ့သေးဘူးလို့ မျော်လင့်မိပါတယ်။

Dawn Gwin (ဒေါင်းဂွင်) said...

ဆရာဝန်လေးဘာလေးပြကြည့်ပါအုံး။ တတိယအရွယ်ရဲ့ စတုတ္ထဝေဒနာ (သူငယ်ပြန်ခြင်း) ဖြစ်ဖို့ များတယ်။

ATN said...

ဦးနှောက်က မဖွံဖြိုးပဲ အတ္တတွေပဲ ဖွံ့ဖြိုးနေလို့ ဖြစ်မှာပေါ့ဗျာ

သူ့အလိုလို သေသွားမှာပါ