မြားကြီး
စာရေးဆရာ အမြန်ဖြစ်လိုကြပါသလားခင်ဗျာ … ။ မြားကြီးမှာ စာရေးဆရာ အမြန်ဖြစ်နည်း နိဿရည်းတခု ရှိပါတယ်။ အသုံးတည့်မတည့်တော့ မြားကြီးမသိပါဘူး။ စိတ်ဝင်စားရင် လေ့လာနိုင်အောင် ဆရာစားပါမချန် မြားကြီး တင်ပြပေးပါမယ်။ မြားကြီး ကြုံတွေ့ခဲ့ရတဲ့ မြန်မာစာနယ်ဇင်းဗွက်အိုင်ထဲက ရလာတဲ့ နိဿရည်း တခုပါ။ အရင်ဖတ်ကြည့်ပြီးမှ အသုံးတည့်မတည့် ချိန်ဆစေလိုပါတယ်။ ဒါပေမယ့် အဲဒီနည်းအတိုင်း ကျင့် သုံးလို့ကတော့ စာရေးဆရာ အမြန်ဖြစ်မှာ သေချာပါတယ်။ အဲဒီနည်းနဲ့ စာရေးဆရာ ဖြစ်လိုတယ်ဆိုရင် ပြည့် စုံရမယ့် အရည်အချင်းတွေကတော့ …
(၁) မှင်အုပ်ဘောပင် (correction pen) တချောင်း ရှိရပါမယ်။
(၂) ဂျာနယ်တိုက်တတိုက်မှာ အယ်ဒီတာ လုပ်ရပါမယ်။
(၃) ကြော်ငြာကို လိမ်ပြီးတောင်းတတ်ရပါမယ် (ဥပမာ - ဂျာနယ်စောင်ရေ ငါးရာပဲ ထုတ်ဝေတာကို ငါးသောင်း ထုတ်ဝေပါတယ်လို့ လုပ်ငန်းရှင်ကို အတည်ပေါက် လိမ်ပြောပြီး ကြော်ငြာရအောင် တောင်းတတ်ရပါမယ်။ အဲ ဒါမှ ထုတ်ဝေသူက အယ်ဒီတာအဖြစ် အမြဲခန့်ထားမှာပါ။)
အဲဒီအချက် (၃) ချက်နဲ့ ပြည့်စုံရင် စာရေးဆရာ အမြန်ဖြစ်လို့ရပါပြီ။ ‘ဟာ … စာရေးဆရာဆိုတာ ပါရမီပါမှဖြစ် တာ၊ လွယ်လှချည်လား၊ မဖြစ်နိုင်ပါဘူး’လို့ အထင်မစောစေချင်ပါဘူး။ ဒီနည်းနဲ့ မြန်မာစာပေလောကထဲမှာ စာရေးဆရာ လုပ်နေခဲ့တဲ့သူတဦး အမှန်တကယ်ကို ရှိခဲ့တာပါ။ အဲဒီသူကတော့ ... ‘ - - - ’ ဂျာနယ်ရဲ့ အယ် ဒီတာချုပ် ‘ - - ’ ပဲ ဖြစ်ပါတယ်။ သူဟာ ဒီကနေ့အချိန်မှာတော့ နအဖပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အထူးအားထားနေတဲ့ မီဒီယာသမားတဦး ဖြစ်တယ်လို့လည်း သိရတယ်ခင်ဗျ (ဘောလုံးမှာဆို ရင်တော့ နအဖမီဒီယာအသင်းရဲ့ တိုက်စစ်မှူးတဦးပေါ့နော်)။ ဗိုလ်ကျော်ဆန်း ဖွဲ့စည်းပေးတဲ့ ပြည်ပမီဒီယာ တွေရဲ့ ထိုးနှက်မှုကို ပြန်လည်တုန့်ပြန် ရေးသားမယ့် (မီဒီယာကို မီဒီယာနဲ့ တိုက်မယ့်) ဦးဆောင်အဖွဲ့ထဲမှာ မြတ်ခိုင် (မဟာ၊ ကောင်းသတင်းဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာဂျာနယ်)၊ ဒေါက်တာသန်းထွဋ် အောင် (ဖတ်စ်အလဲဗင်း၊ ပရီးမီးယားအလဲဗင်း၊ ၀ီးကလီးအလဲဗင်း၊ ဘိုင်အလဲဗင်းဂျာနယ်)၊ မောင်ယဉ်ကျော် (မှုခင်းဂျာနယ်)၊ ကိုကို (စက်မှုတက္ကသိုလ်) (ဖလားဝါးနယူးစ်ဂျာနယ်၊ ရန်ကုန်တိုင်းမ်ဂျာနယ်)၊ ဇန်ဇန် (နံနက် ခင်းဂျာနယ်) ဆိုတဲ့ အယ်ဒီတာချုပ်တွေနဲ့အတူ ပလေယာတဦးအနေနဲ့ ပါဝင်သူတဦးလို့လည်း သိရပါတယ်။ ‘မန်းပေါက်ပေါက်’ နာမည်နဲ့ ပြည်ပမီဒီယာတွေကို တုန့်ပြန်တဲ့ ဆောင်းပါးတွေ ရေးသားနေသူတဦးလည်း ဖြစ်ပါသတဲ့။
အနှီအယ်ဒီတာချုပ်ဟာ အထက်က ပြောခဲ့တဲ့နည်းနဲ့ စာရေးဆရာလုပ်ခဲ့လို့ မြန်မာစာနယ်ဇင်းလောကမှာ အရမ်းကို ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ သူထွင်ခဲ့တဲ့နည်းမို့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အနှီဆရာသ မားရဲ့ နာမည်နှစ်လုံးကို ရှေ့ကထည့်သွင်းပြီး ‘ - - နိဿရည်း’ လို့လည်း ခေါ်စမှတ်ပြုပါတယ်။ ပိုပြီးစိတ်ဝင် စားသွားအောင် ‘ စာရေးဆရာ အမြန်ဖြစ်နည်း - - နိဿရည်း ’ ကို မြားကြီး အကျယ်တ၀င့် ရှင်းပြပေးပါမယ်။
တနေ့သ၌ပေါ့ခင်ဗျာ … ။
စာရေးဆရာ ဦးတင်ဦး(ကျူရှင်)က ပိတောက်မြေမဂ္ဂဇင်းက စာမူခနဲ့ မေတ္တာလက်ဆောင်စာအုပ် ထုတ်လာပြီး အိမ်ရောက်တော့ မဂ္ဂဇင်းကို စိမ်ပြေနပြေ ထိုင်ဖတ်သတဲ့။ အနှီအယ်ဒီတာချုပ်ရဲ့ စာမူကို ဖတ်တဲ့အခါကျတော့ မြန်မာတိုင်းမ်ဂျာနယ်မှာ ဒေါက်တာမင်းသန်း ရေးခဲ့တဲ့ စာမူနဲ့ တော်တော်တူနေတာကိုတွေ့တော့ (ဆရာဦးတင် ဦးက မြန်မာတိုင်းမ်ဂျာနယ်က ဘာသာပြန်အယ်ဒီတာတဦး ဖြစ်ပါတယ်) မသင်္ကာတာနဲ့ အိမ်မှာရှိတဲ့ မြန်မာ တိုင်းမ်ဂျာနယ်ကို ပြန်ရှာပြီး တိုက်ဖတ်ကြည့်သတဲ့။ အဲဒီမှာ ကလောင်နာမည်ပဲ ကွဲပြီး ‘၏ သည်’ မရွေး တူနေတာကို တွေ့ရသတဲ့။ အဲဒါနဲ့ နောက်တနေ့မှာ ပိတောက်မြေမဂ္ဂဇင်း အယ်ဒီတာချုပ်ကို သွားပြတော့ အယ်ဒီတာချုပ်လည်း အံ့အားတသင့် ဖြစ်သွားသတဲ့။ မူရင်းစာမူကို ပြန်ရှာပြီး စစ်ဆေးကြည့်တဲ့အခါ ‘ဒေါက် တာမင်းသန်း’ ဆိုတဲ့ ကလောင်နာမည်ကို မှင်အုပ်ဘောပင် (correction pen) နဲ့ အဖြူအုပ်ပြီး အပေါ်က ‘- -’ ဆိုပြီး အနှီအယ်ဒီတာချုပ်ရဲ့ နာမည်နှစ်လုံး ထပ်ရေးထားတာကို တွေ့ရသတဲ့။ အဲဒါနဲ့ အရင့်အရင်လတွေက မူရင်းစာမူတွေကိုပါ ပြန်ရှာပြီး စစ်ဆေးကြည့်လိုက်တော့ ‘ဒေါက်တာခင်မောင်ညို’ နဲ့ ‘သားသုခ’ ရဲ့ စာမူတွေမှာ ကလောင်နာမည်တွေကို correction pen နဲ့ အဖြူအုပ်ပြီး အနှီအယ်ဒီတာချုပ်နာမည် ထပ်ရေးထားတဲ့စာမူ စုစုပေါင်း (၈) မူတောင် တွေ့ရပါသတဲ့ခင်ဗျာ (အာ ရေး ဘား ဘား လို့သာ မြားကြီး တ လိုက်မိပါရဲ့)။
အဲဒီလို စစ်ဆေးတွေ့ရှိပြီးတဲ့နောက် မူရင်းစာမူတွေကို ပိတောက်မြေမဂ္ဂဇင်း အယ်ဒီတာချုပ်က ဒေါက်တာ မင်းသန်း၊ ဒေါက်တာခင်မောင်ညိုနဲ့ သားသုခတို့ကို ခေါ်ပြတဲ့အခါမှာ အဲဒီစာမူတွေဟာ အနှီအယ်ဒီတာချုပ်ရဲ့ ဂျာနယ်တိုက်ကို သူတို့ပို့ထားတဲ့ စာမူတွေ ဖြစ်နေပါသတဲ့။ ဇာတ်ရည်လည်းလည်ရော အနှီအယ်ဒီတာချုပ် တယောက် သူ့ဂျာနယ်ကို ပို့ထားတဲ့ စာမူတွေကို သူ့နာမည်တပ်ပြီး အလွဲသုံးစားလုပ်တာ ဘူးပေါ်သလို ပေါ်ခဲ့ပါလေရောတဲ့။ အဲဒီအဖြစ်အပျက်ကလည်း အနှီအယ်ဒီတာချုပ် အမျိုးသားစာပေဆု ပူပူနွေးနွေး ရပြီးကာစမှာ ဖြစ်ခဲ့တာပေါ့။ အဲဒီအမျိုးသားစာပေဆုရတဲ့ စာမူကိုရော အနှီအယ်ဒီတာချုပ် ကိုယ်တိုင်ရေးတာမှ ဟုတ်ရဲ့လား မသိဘူးနော်။ အဲဒီစာပေအလွဲသုံးစားမှုကြီးအတွက် အနှီအယ်ဒီတာချုပ်တယောက် မဂ္ဂဇင်း၊ ဂျာ နယ်တွေထဲမှာ တောင်းပန်စာတွေ ပလူပျံအောင် ထည့်လိုက်ရတာ ဟိုးလေးတကျော်ကို ဖြစ်သွားပါရောတဲ့ (နာ မည်ကြီးပုံက အဲသလို)။ မြန်မာပြည်မှာ မပြောနဲ့၊ ကမ္ဘာမှာတောင် တခါမှမဖြစ်ဖူးတဲ့ စာပေအလွဲသုံးစားမှု ကြီး ဖြစ်ပါသတဲ့။ ဒါပေမယ့် အနှီအယ်ဒီတာချုပ်ကတော့ မျက်နှာပြောင်ပြောင်နဲ့ပဲ သူလုပ်နေတဲ့ဂျာနယ်မှာ ဒီကနေ့ အထိ အယ်ဒီတာချုပ် ဆက်လုပ်နေလေရဲ့။
အဲဒါကြောင့် ‘ - - နိဿရည်း’ နဲ့ စာရေးဆရာ အမြန်ဖြစ်ဖို့ ပြည့်စုံရမယ့် အချက်တွေထဲမှာ မြားကြီးကတော့ နောက်ဆက်တွဲ အရည်အချင်းတချက် ထပ်ဖြည့်လိုက်ချင်ပါရဲ့။ အဲဒါကတော့ ‘နံပါတ် (၄) - မျက်နှာပြောင်ရဲသူ ဖြစ်ရပါမယ်’ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်ခင်ဗျား။ ဗိုလ်ကျော်ဆန်းကလည်း သူ့ရဲ့ဖွတ်ဘော (အဲလေ …) ဖွတ်မီဒီယာအသင်းမှာ အနှီအယ်ဒီတာချုပ်လို မျက်နှာပြောင်ရဲတဲ့ သူတွေကို ရွေးပြီး ခေါ်ခဲ့ဟန်တူပါရဲ့။ သြော် … နအဖကိုယ်တိုင်ကလည်း ကမ္ဘာမှာ သောက်ခွက်အပြောင်ဆုံး အစိုးရဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားနေ တာကိုး။ အဲဒါကြောင့် ဗိုလ်ကျော်ဆန်းနဲ့ သူ့ရဲ့ ဖွတ်မီဒီယာအသင်းကိုကြည့်ပြီး လိုက်လည်းလိုက်ဖက်ပါရဲ့ ဒီမင်း … ဒီစိုး … ဒီသူခိုးတွေနဲ့လို့ မြားကြီးမှတ်ချက်ချမိတာ မလွန်ဘူးထင်ပါရဲ့နော်။
မြားကြီး
Monday, September 8, 2008
စာရေးဆရာ အမြန်ဖြစ်နည်း နိဿရည်း (ဟာသ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment