Sunday, September 7, 2008
ဖင်းမ်ကျိုင် (သို့မဟုတ်) အမှောင်ကိုထွန်းညှိတဲ့ မီးအိမ်ရှင်
ဆိတ်ငြိမ်လွန်းလှသည့် စည်းရိုးမဲ့ ခြံဝင်းတခုထဲသို့ ၀င်ရောက်လိုက်သည်နှင့် သစ်ပင်စိမ်းစိမ်း၊ ၀ါးပင်စိမ်းစိမ်း များ အုပ်ဆိုင်းနေသည့်ကြားတွင် အေးချမ်းစွာ တည်ရှိနေသည့် Community Health Center အဆောက်အ ဦးလေးကို တွေ့ရသည်။ လေ့လာရေးခရီးရောက်ရှိလာကြသည့် ကျနော်တို့ ဂျာနယ်လစ်အဖွဲ့ကို ဆံပင်တိုတို၊ အင်္ကျီနီညိုဖျော့ဖျော့၊ ဂျင်းဘောင်းဘီ နက်ပြာဝတ် အမျိုးသမီးတဦးက ပြုံးရွှင်ဖော်ရွေစွာ ဆီးကြိုနှုတ်ဆက် သည်။ စကားပြန် ကိုစိုင်းက ‘ဖင်းမ်ကျိုင်’ ပါလားဟု နှုတ်ဆက်ရင်း မေးသည့်အခါ သူမက အပြုံးနှင့် ခေါင်း ညိတ်ပြသည်။ သူမ၏ အသွင်အပြင်က အသားအရေ ၀င်းဝင်းဝါ၀ါ စိုစိုပြေပြေ၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် ထွား ထွားကြိုင်းကြိုင်းမို့ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံထားရသည့် အမျိုးသမီးတဦးဟုဆိုလျှင် မြင်သူတိုင်းက အံ့သြမှင် သက်မိကြမည်မှာ အမှန်ပင်။
သူမ တည်ထောင်ထားသည့် Community Health Center အဆောက်အဦးရှေ့ရှိ စားပွဲတခုပေါ်တွင် သွေးစစ် သည့် ပစ္စည်းများ တင်ထားသည်ကို တွေ့ရပြီး မျက်မှန်နှင့် ခပ်၀၀ အမျိုးသမီးတဦးက အိပ်ခ်ျအိုင်ဗွီပိုးရှိသူ အမျိုးသမီးအချို့အား CD4 ပမာဏ စစ်ဆေးပေးနေသည်ကို တွေ့ရသည်။ ကျနော်တို့က သူမနှင့်တကွ Community Health Center ၀န်းကျင်တ၀ိုက်ကို ဓာတ်ပုံရိုက်ခွင့် ရှိပါသလားဟု ခွင့်တောင်းရာ သူမက စိတ်ကြိုက်ရိုက်နိုင်ကြောင်း ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားကာ စိတ်ကူးရသလို တဖျပ် ဖျပ် ရိုက်တော့သည်။ Community Health Center အတွင်းတွေ့ရသည့် အိမ်တွင်းမှုလုပ်ငန်း လုပ်နေကြ သည့် မြင်ကွင်းများ၊ သွေးစစ်နေကြသည့် မြင်ကွင်းများနှင့် Community Health Center တ၀ိုက်ရှိ စိတ်ဝင်စား ဖွယ် ၀ါးအဆောက်အဦး တချို့ကို မှတ်တမ်းဓာတ်ပုံ ရိုက်ကူးဖြစ်သည်။
ခဏအကြာတွင် ဖင်းမ်ကျိုင်က သူမနှင့် အင်တာဗျူးရန်အတွက် Community Health Center မျက်စောင်း ထိုးရှိ ခေါင်မိုးမြင့်မြင့် ၀ါးတဲလေးထဲသို့ ကျနော်တို့အဖွဲ့ကို ခေါ်သွားသည်။ ထိုနေရာတွင် သူမကို ကျနော်တို့ အင်တာဗျူးကြသည်။ ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြသည်။ ကြည်လင်အေးဆေးသည့် သူမ၏ ဖြေကြားသံ များကို နားထောင်ရင်း အမှောင်ကမ္ဘာလေးထဲ ကျရောက်ခဲ့စဉ်က သူမ၏ ဘ၀အကြောင်းကို ကြေကွဲဖွယ် ကြားသိရသည်။
သူမက “လွန်ခဲ့တဲ့ (၁၅) နှစ်တုန်းက ကျမအမျိုးသားဆီကနေတဆင့် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခဲ့တာပါ။ အသက် (၂၃) နှစ်မှာ သူနဲ့လက်ထပ်ပြီး မကြာခင်မှာပဲ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရတာပါ။ အမျိုးသားဆုံးသွားပြီး ကျမမှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိမှန်းလည်းသိရော ရွာကလူတွေက ၀ိုင်းပယ်ကြလို့ လူတွေနဲ့ဝေးတဲ့ လယ်ကွင်းထဲက တဲလေးတခုမှာ ကျမတယောက်ထဲ သွားနေခဲ့ရတယ်။ လူတွေက ကျမကို စကားလည်း မပြောကြတော့ဘူး။ အဆက်အဆံလည်း မလုပ်ကြတော့ဘူး။ တခါသားမှာ ကျမသွားစားတဲ့ ခေါက်ဆွဲဆိုင်က စားပြီးလို့ ပိုက် ဆံရှင်းမယ်အလုပ်မှာ ကျမစားထားတဲ့ ပန်းကန်နဲ့ ဇွန်းအတွက်ပါ ပိုက်ဆံရှင်းပေးဖို့ ပြောတယ်။ ကျမစားပြီး ရင် ပန်းကန်နဲ့ ဇွန်းကို လွှင့်ပစ်ရမှာမို့လို့တဲ့။ နောက်ပြီး ဆိုင်ကနေအထမှာ ကျမထိုင်ခဲ့တဲ့ခုံကို ရေနွေးပူနဲ့ လောင်းပြီး ဆေးချနေတာ ကျမမြင်လိုက်ရတယ်။ သူ့မျက်လုံးတွေက တစုံတခုကို ရွံရှာနေတဲ့ပုံပါပဲ။ ကျမ သူ့ကို မမုန်းပါဘူး။ ကျမ ဘာဆက်လုပ်ရမလဲ ဆိုတာကိုပဲ စဉ်းစားနေမိတယ်။ ကျမအတွက် အရမ်းစိတ်ထိခိုက်ပြီး အရမ်းစိတ်ဆင်းရဲခဲ့ရတဲ့ အချိန်တွေပါပဲ” ဟု အစွန့်ပယ်ခံ အတိတ်အကြောင်းကို တည်တည်ငြိမ်ငြိမ်ပင် ပြော ပြနေသည်။
ထိုသို့သော အမှောင်ဆုံးအချိန်ကာလများနှင့် ကြုံတွေ့ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံရင်ဆိုင် ခဲ့ပုံတွေကို သူမက ဆက်လက်ပြောပြသည်။ “အဲဒီအချိန်မှာ ကျမစိတ်ဓာတ်မကျဘဲ ရောဂါအကြောင်းကို တတ်နိုင်သလောက် လေ့လာတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ကျမသွားတက်တယ်။ ကျမက (၄) တန်းလောက်ပဲ ပညာသင်ခဲ့ရတော့ အင်္ဂလိပ်စာ အားနည်းတယ်။ ဒါပေမယ့် အဘိဓာန်အားကိုးနဲ့ ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ရှာဖတ်တယ်။ အဲဒီမှာ လူတဦးနဲ့တဦး ပြောဆိုဆက်ဆံရုံ၊ ထိတွေ့ ကိုင်တွယ်ရုံနဲ့ ဒီရောဂါ မကူးစက်နိုင်ဘူးဆိုတာကို ကျမသိခဲ့ရတယ်။ ကျမက အကြင်နာတရား လက်ကိုင် ထားတဲ့သူဆိုတော့ ကိုယ်နဲ့ဘ၀တူ လူတွေကို ကိုယ့်လိုဝိုင်းပြီးစွန့်ပယ်တာ မခံရအောင် ဘယ်လို ဖေးမကူညီ နိုင်မလဲ ဆိုတာကို စဉ်းစားတယ်။ နောက်ဆုံးမှာ အခုလုပ်နေတဲ့ Community Health Center လေးကို ထူ ထောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါပဲ။ ၁၉၉၃ ခုနှစ်မှာစပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ စလုပ်တုန်းကတော့ မိဘတွေကို ခွင့်တောင်းပြီး မိဘတွေ အိမ်မှာပဲ ရုံးခန်းလေးကို ဖွင့်ခဲ့တယ်။ အဖေက အုပ်ချုပ်ရေးမှူး၊ ကျမက စီမံခန့်ခွဲပြီး ပြုစုစောင့်ရှောက်ပေးတဲ့သူပေါ့။ အစပိုင်းမှာ ရွာကလူတွေက ကျမလုပ်တဲ့ အလုပ်အပေါ် နားမလည်ကြဘူး။ ဒါပေမယ့် ကျမက အိပ်ခ်ျအိုင်ဗွီပိုး ရှိသူတွေ၊ အေအိုင်ဒီအက်စ်နဲ့ နေထိုင်တဲ့သူတွေအပြင် တခြားရောဂါသည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်မစွမ်းလူနာတွေကိုလည်း ပြုစုစောင့်ရှောက်တဲ့အခါကျ တော့ (၂)နှစ်လောက်အကြာမှာ ရွာကလူတွေ ကျမအပေါ် တဖြေးဖြေး နားလည်လာကြတယ်။ ကူညီလာကြ တယ်။ အဲဒီအခါကျမှ ရွာလူကြီးတွေဆီ ကျမအကူအညီတောင်းတဲ့အခါ (၂) ဧကလောက်ရှိတဲ့ အခုနေရာလေး ကို ရခဲ့တယ်” ဟု အမှောင်ကမ္ဘာထဲက သူမရုန်းထွက်ခဲ့ပုံအကြောင်းကို ရှည်ရှည်ဝေးဝေး ပြောပြခဲ့သည်။
အင်တာဗျူးရင်းမှ Community Health Center တွင် သူမလုပ်ဆောင်နေသည့် လုပ်ငန်းဆောင်တာတွေ အကြောင်းကိုလည်း သိခွင့်ရခဲ့သည်။ “အစပိုင်းမှာတော့ ကိုယ်ဘာသာ ရုန်းကန်ခဲ့ရတယ်။ အိမ်နီးနားချင်းအချို့ ကို စည်းရုံးပြီး မိဘတွေအိမ်မှာ အမှတ်တရလက်ဆောင် သော့တွဲလေးတွေ ရောင်းဖို့ စလုပ်တယ်။ ၁၉၉၄ - ၉၆မှာ အေအိုင်ဒီအက်စ်ရောဂါ ထိန်းချုပ်ရေးကို လုပ်ဆောင်နေတဲ့ မြောက်ပိုင်းထိုင်း - သြစတြေးလျ စီမံကိန်း (NAPAC) ဆီကနေ ငွေကြေးအထောက်အပံ့ရဖို့ အကူအညီ တောင်းခဲ့တယ်။ နောက်ပိုင်းမှာ နယ်သာလန်နိုင်ငံ Terre Des Sommes ဖောင်ဒေးရှင်းက ကိုယ်စားလှယ်တွေ ဒေါင်ကွေးရွာကလေးကို ရောက်လာပြီး Community Health Center လေးဆောက်ဖို့ ငွေကြေး အထောက်အပံ့တွေ ပေးတယ်။ မကြာခင်မှာပဲ ဂျပန် NHK သတင်းဌာန ကျမကို အင်တာဗျူးတယ်။ အဲဒီနောက် ဂျပန် NGO အဖွဲ့တဖွဲ့ ဒေါင်ကွေးရွာကို ရောက် လာတယ်။ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တားဆီးရေးကို လုပ်ဆောင်နေတဲ့ အဲဒီဂျပန်ဖောင်ဒေးရှင်းက ဂျပန်မှာရောင်းတဲ့ တိရိစ္ဆာန် အရုပ်ကလေးတွေကို ရွာသားတွေလုပ်ပြီး ရန်ပုံငွေရှာနိုင်အောင် Teddy Bear Project ကို မတည်ပေးတယ်။ နိုင်ငံတော်တော်များများက စိတ်ဝင်စားတဲ့လူတွေ NGO တွေလည်း ကျမတို့ ဆီကို လာလေ့လာပြီး အကူအညီတွေပေးကြတယ်။ နောက်ပိုင်းမှာ တိရိစ္ဆာန်အရုပ်မျိုးစုံ၊ လက်ဆွဲအိတ်မျိုး စုံလုပ်ပြီး ချင်းမိုင်ညဈေးနဲ့ တနင်္ဂနွေဈေးတွေမှာ ရောင်းတယ်။ ပြည်တွင်းပြည်ပ NGO အဖွဲ့ (၁၅) ဖွဲ့လောက်ဆီ ကိုလည်း ပစ္စည်းတွေ ဖြန့်ဖြူးပေးတယ်။ အလုပ်အရမ်းကျတဲ့ ရာသီဆို အလုပ်သမားတဦးကို တနေ့ဘတ် (၁၅၀) အထိ ရကြတယ်” ဟု ရှင်းပြပြီး သူမပြုစုစောင့်ရှောက်မှုပေးနေသည့် အနေအထားတွေကိုပါ ဆက် လက်ပြောပြသည်။
“အခု ကျမတို့ လုပ်ဆောင်ပေးနေတဲ့ ကူညီမှုတွေကတော့ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေနေတဲ့ အိမ်တွေဆီကို အလည်အပတ်သွားတယ်။ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုတွေလုပ် တယ်။ တလကို (၂) ကြိမ် အတွေ့အကြုံတွေဖလှယ်ဖို့ အဖွဲ့လိုက် ဆွေးနွေးပွဲလေးတွေလုပ်တယ်။ အိပ်ခ်ျ အိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့နေထိုင်သူတွေ၊ အလုပ်လက်မဲ့အမျိုးသမီးတွေနဲ့ ဆင်းရဲနွမ်းပါးသူတွေကို လုပ်ငန်းခွင်သင် တန်းပေးပြီး အလုပ်လုပ်စေတယ်။ ရောဂါသည်တွေမဆုံးပါးမီမှာ ရောဂါသည်တွေနဲ့ မိသားစုဝင်တွေကို စိတ် ပိုင်းဆိုင်ရာအားပေးမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးတယ်။ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နဲ့ နေထိုင်သူတွေကို အစိုးရနဲ့ပုဂ္ဂလိကအေဂျင်စီတွေကနေ အကူအညီတွေ၊ ဆေးဝါးတွေရအောင် ဆက်စပ် ဆောင်ရွက်ပေးတယ်။ အခုအချိန်အထိ လူနာ (၅၀၀၀) ကျော်ကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီးပါပြီ။ အဲဒီအထဲ မှာ မြန်မာနိုင်ငံကလာတဲ့ လူနာ (၁၀၀၀) ကျော်ပါပါတယ်’ ဟုပြောပြီး သူမ၏ ဧည့်မှတ်တမ်းစာအုပ်မှ မြန်မာနာ မည်နှင့် ရေးသားထားသည့် အမှတ်တရ စာစုများကို ကျနော်တို့အား ထုတ်ပြသည်။
လူဦးရေ (၂၀၀) ခန့်နေထိုင်သည့် ဒေါင်ကွေးရွာလေးတွင် သူမ၏ခင်ပွန်း အပါအ၀င် ရွာသား(၃၀)ခန့် အေအိုင် ဒီအက်စ်ရောဂါနှင့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု သူမကပြောပြသည်။ သူမအနေနှင့်မူ အိပ်ခ်ျအိုင်ဗွီပိုးရှိကြောင်း သိခဲ့သည်မှာ (၁၅) နှစ်ရှိပြီဖြစ်သော်လည်း ယခုအချိန်အထိ အေအာဗွီဆေးစားဖို့ မလိုသေးကြောင်း၊ သူမအ နေနှင့် တကိုယ်ရည်ကျန်းမာရေးအတွက် ဂရုတစိုက် လုပ်ဆောင်ခဲ့ပုံတွေကို ယခုလို ဆက်လက်ပြောပြခဲ့သည်။ ‘ကျမ တနေ့ကို တနာရီလောက် ပြေးတယ်။ နေ့စဉ် မနက် (၂) နာရီဆို ထပြီး မိနစ် (၃၀) လောက် လမ်း လျှောက်ပြီးသွားရတဲ့ သင်္ချိုင်းထဲက လူသေမီးရှို့တဲ့ အလောင်းစင်ပေါ်မှာ ထိုင်ပြီး (၄၅) မိနစ်ကြာ အသုဘ ကမ္မဌာန်းရှုတယ်။ ခြံထဲမှာ ဘယဆေးပင်တွေစိုက်တယ်။ ကျန်းမာရေးကောင်းအောင် သင့်တော်တဲ့ ဘယဆေး တွေ မှီဝဲတယ်’ ဟု သူမ၏ တကိုယ်စာ ကျန်းမာရေးအတွက် ကျင့်ကြံနေထိုင်ပုံတွေကို ရှင်းပြသည်။
အင်တာဗျူး ပြီးဆုံးခါနီးမှာ သူမက ဘ၀တူ ဝေဒနာသည်တွေအတွက်လည်း အားပေးစကား ပြောကြားခဲ့သည်။ “ အဓိကကတော့ အိပ်ခ်ျအိုင်ဗွီပိုး ရှိသူတွေအနေနဲ့ စိတ်ဓာတ်က အရေးကြီးတယ်။ စိတ်ဓာတ်မကျဖို့ ပြောချင် တယ်။ အခြားရောဂါပိုးတွေ မ၀င်အောင် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုတယ်။ ကိုယ်ခံအားကျခဲ့ရင် စနစ်တ ကျ ဆေးသောက်ဖို့လိုတယ်။ အဓိကက စိတ်ဓာတ်ကြံ့ခိုင်ဖို့ပါပဲ” ဟု ကျနော်တို့ကို နှုတ်ဆက်ရင်း ပြောကြားခဲ့ သည်။ ဖင်းမ်ကျိုင်သည် ကိုယ်တိုင်အမှောင်ကမ္ဘာထဲ ကျရောက်ခဲ့ရုံမက ထိုဘ၀ထဲမှ ရုန်းထွက်ပြီး အမှောင်ထဲ က ဘ၀တူ လူသားတွေအတွက် အလင်းရောင်ထွန်းညှိပေးသည့် မီးအိမ်ရှင်လည်း ဖြစ်နေသည်ကို လေးစား အားကျဖွယ် တွေ့ရှိခဲ့ရသည်။ သူမကို တွေ့ဆုံချင်သူ၊ ကူညီလိုသူ စေတနာရှင်များနှင့် သူမထံမှ အကြံဥာဏ်ရ ယူလိုသူများ ရှိပါကလည်း ချင်းမိုင်မြို့ မြောက်ဖက်စွန်း ဒေါင်ကွေးရွာကလေးတွင် နေထိုင်သည့် သူမထံသို့ အ ချိန်မရွေး ဆက်သွယ်နိုင်ရန် သူမ၏ နေရပ်လိပ်စာလေးကို တပါတည်း ဝေငှလိုက်ရပါသည်။
Pimjai Intamoon
Administrator and Coordinator
Community Health Project
116 Moo 2 T. Don Kaew, A. Maerim, Chiang Mai 50180
Tel/Fax (053)862939 (01-8855713)
E-mail: pimjai99@hotmail.com
ဒေါက်တာလွဏ်းဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment