Sunday, September 21, 2008

သွေးမုန်တိုင်း တိုက်ခတ်ဖို့များတဲ့ မြန်မာ့ဒီမိုကရေစီပွဲသိမ်း

ဒေါက်တာလွဏ်းဆွေ
(ရွှေဝါရောင်တော်လှန်ရေး မစတင်မီ ၃၀-၈-၂၀၀၇ နေ့က ခေတ်ပြိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

မြန်မာ့နိုင်ငံရေး အခြေအနေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး တိုင်းပြည်ကို နောက်တကြိမ် သွေးနဲ့ဆေးချဦးမှ ရမယ့်အနေအထားပါပဲ။ ၈၈-ခုနှစ်တုန်းကတော့ တပြည်လုံးအတိုင်းအတာနဲ့ ပထမအကြိမ် ဆေးချခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ ဒီမိုကရေစီသစ်ပင် ပေါက်မလာခဲ့ဘူး။ ကျနော်တို့ အတိုက်အခံ အင် အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်းတာတွေရှိခဲ့လို့ ရတဲ့အခွင့်အရေးတွေ လက် လွတ်ဆုံးရှုံးကုန်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ ဆက်ပြီးပြားပြားမှောက်ခဲ့ရတယ်။ ပြည်သူတွေရဲ့ဘ၀တွေ ဆက်လက်ကျိုးကြေခဲ့ရတယ်။ အဆိုးဝါးဆုံး၊ အနိမ့်ကျဆုံး အခြေအနေကို ရောက်ခဲ့ရတယ်။ အချိန်ကြာလာ တာနဲ့အမျှ ဖြေရှင်းရမယ့် ပြဿနာတွေ ပိုမိုများပြားလာခဲ့တယ်။ အဲသလို ‘ကျနော်တို့ အတိုက်အခံတွေဘက် က ခေါင်းဆောင်မှုအပိုင်းမှာ ချွတ်ယွင်းအားနည်းတာတွေရှိခဲ့လို့’ဆိုတဲ့ သုံးသပ်ချက်အပေါ် ၀ိဝါဒကွဲချင်လည်း ကွဲမယ်။ စိတ်ဆိုးဒေါသထွက်သူတွေလည်း ရှိချင်ရှိမယ်။ ကွဲကွဲ၊ ထွက်ထွက် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရင် တော့ ဒီအဖြေပဲ ထွက်လာမယ်လို့ ထင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုအနေနဲ့က မဆလတပါတီအာဏာရှင်စနစ်ကို ဖြိုချခဲ့တဲ့အရေးမှာ သွေးမြေ လည်း ကျပေးခဲ့ပြီးပါပြီ။ ဒီမိုကရေစီစနစ် ထူထောင်နိုင်ဖို့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ ၀င် အတိုက်အခံအင်အားစုတွေဘက်ကို အပြတ်အသတ် ပုံအောမဲပေးခဲ့ကြပြီးပါပြီ။ ကျန်တဲ့ပွဲသိမ်းပိုင်းက န၀တ၊ နအဖ စစ်ဏာရှင်တွေနဲ့ လူထုပါဝါတွေ တင်းပြည့်ကျပ်ပြည့် ရရှိထားတဲ့ အတိုက်အခံခေါင်းဆောင်တွေ စီးချင်းထိုးရမယ့် အပိုင်း။ နိုင်ငံရေးဦးနှောက်ကစားရမယ့်အပိုင်း ဖြစ်လို့ပါပဲ။ န၀တ၊ နအဖ စစ်အုပ်စုဝင်တွေ ကတော့ အာဏာကို လုံးဝလက်မလွှတ်ချင်လို့ တလျှောက်လုံး မျက်နှာပြောင်ပြောင်နဲ့ ကမ်းကုန်အောင် ညစ် ပတ်ခဲ့တာ ကမ္ဘာသိပါ။ အဲဒါကြောင့် နအဖရဲ့ညစ်ပတ်မှုတွေကို အထူးအထွေ ဋီကာချဲ့ရင်း အချိန်ကုန်ခံနေတာ ထက်စာရင် ကျနော်တို့ အတိုက်အခံတွေဘက်က အားနည်းချက်ရှိခဲ့တဲ့ အပိုင်းကို ပြန်လှန်သုံးသပ်ပြီး ဆက် လက်တိုက်ပွဲဝင်ခြင်းက ပိုပြီးအကျိုးများမယ်လို့ ယူဆပါတယ်။

ဘောလုံးစကားနဲ့ပြောရရင် နအဖက ပွဲအစကတည်းက ဂိုးမပေးချင်လို့ တဖက်က အန်အယ်လ်ဒီဦးဆောင်တဲ့ အတိုက်အခံအသင်းကို လူချ။ နည်းမျိုးစုံညစ်ပြီး ပိတ်ဆို့ကစားနေခဲ့တာပါ။ အဲဒါကို ‘ကျနော်တို့ကို လူချနေပါ တယ်။ အမျိုးမျိုး ညစ်ပတ်နေပါတယ်။ ဂိုးရှေ့မှာ တချိန်လုံး ပိတ်ကစားနေပါတယ်’လို့ အော်ဟစ်တိုင်တန်းနေရုံ နဲ့ မရပါဘူး။ ဘယ်လောက်ပဲအော်အော် ဂိုးသွင်းနိုင်မှ အောင်ပွဲရတယ်လို့ သတ်မှတ်ခံရမှာပါ။ နောက်ပြီး ၈၈-အရေးအခင်း ပြီးကာစ။ ၉၀-ရွေးကောက်ပွဲ နိုင်ကာစမှာ အတိုက်အခံအသင်းဘက်က တိုက်စစ်နဲ့ ကစားခွင့် ရခဲ့တာပါ။ အဲသလို တိုက်စစ်နဲ့ ဖိကစားခွင့်ရတုန်း ပိတ်ဆို့ပြီး လူချကစားနေတဲ့ နအဖအသင်းဘက်ကို ဂိုးမြန်မြန်သွင်းနိုင်အောင် ခပ်သွက်သွက် ထိုးဖောက်လိုက်ရမှာပါ။ ကွင်းဘေးက ပရိသတ်အားလုံးကလည်း အတိုက်အခံအသင်းဘက်ကို အင်တိုက်အားတိုက် အားပေးတဲ့ အနေအထားမျိုး ရှိခဲ့တာမဟုတ်လား။ အဲသလို အသာစီးရတဲ့ အနေအထားမှာ အတိုက်အခံအသင်းအနေနဲ့ ဂိုးမြန်မြန်သွင်းဖို့ မကြိုးစားဘဲ နအဖအသင်းကို လူချမကစားဖို့။ မညစ်ပတ်ဖို့။ ဂိုးရှေ့မှာ ပိတ်မကစားဖို့ဘဲ တချိန်လုံးတောင်းဆိုရင်း ခြေကုန်လက်ပန်းကျပြီး ဂိုးမသွင်းနိုင်ဘဲ အောင်ပွဲနဲ့ဝေးရတဲ့ အနေအထားမျိုးကို ရောက်ခဲ့ရတယ်။ ကြာတော့ တခဲနက် အော်ဟစ်အား ပေးလာတဲ့ ပရိသတ်ပါ စိတ်ပျက်လက်မှိုင်ချရတဲ့ အခြေအနေကို ဆိုက်တော့တာပါပဲ။

ဒါပေမယ့် ပြီးခဲ့တဲ့ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ ခေါင်းဆောင်မှုအပိုင်း အားနည်းတာတွေကို အတိ အလင်း ၀န်ခံပြောကြားဖော်ရတဲ့ အတိုက်အခံခေါင်းဆောင်တဦးကို တွေ့ခဲ့ရပါတယ်။ သူကတော့ ချင်းတိုင်း ရင်းသားခေါင်းဆောင် ဦးထောင်ကိုထန်းပဲ ဖြစ်ပါတယ်။ ဒီဗွီဘီက ထုတ်လွှင့်တဲ့ သြဂုတ်လ (၇)ရက်နေ့ အစီ အစဉ်မှာ သူက အခုလို ပြောကြားခဲ့ပါတယ်။

“ကနေ့ ၁၉နှစ်ကြာတဲ့အခါမှာ ဘယ်လိုအခြေအနေ ရောက်သွားသလဲလို့ မေးခွန်းထုတ်မယ်ဆိုရင်တော့ ကျ နော့်အမြင်ပြောရရင်တော့ ကျောင်းသားတွေက တာဝန်ကျေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေး တယ်။ ပြည်သူလူထု အခုလည်း တာဝန်ကျေတယ်။ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုကို မဲပေးပြီးတော့ အပြတ်အသတ် အနိုင်ရရှိအောင် လုပ်ပေးတယ်။ အဲဒီမှာ ကျနော်တို့အားနည်းတာက ကျနော်ကအစပေါ့လေ။ အားနည်းတာက လွှတ်တော်ကိုယ်စားလှယ်တော်တွေရယ်။ ၉၀ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီတွေရဲ့ အားနည်းချက်၊ ညံ့ ဖျင်းချက်ကြောင့် ဖြစ်တယ်။ အဲလို ကျနော် ဒီလိုပဲ တည့်တည့်ပြောချင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ၉၀ရွေးကောက်ပွဲကို စစ်အစိုးရက မူပြောင်းလဲပြီးတော့ လမ်းတခုကို နိုင်ငံရေးလမ်းစဉ်တခုကို သူကပြောင်းလဲသွားတယ်။ အဲဒီအခါကျတော့ နအဖနဲ့ ဘယ်လိုပုံစံနဲ့ ဆက်ဆံမလဲဆိုတာ နည်းလမ်းတခုကို ရှာဖွေပြီးတော့ လုပ်ရမယ်။ ဒါ ကျနော်တို့ အနိုင်ရနိုင်ငံရေးပါတီအုပ်စုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေ ဒါတွေကို ကျနော်တို့ မဆောင်ရွက်နိုင်ခဲ့ဘူး။ အဲဒီတော့ ၁၉နှစ်အထိ ကြာပေမယ့် အခုထက်အထိ ဘာမှ မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အကောင်အထည်ပေါ်တာ မတွေ့သေး ဘူး။ အထူးသဖြင့် ပြည်သူလူထုဆိုတဲ့နေရာမှာ ပြည်သူက မန်းဒိတ်ပေးထားတာ နိုင်ငံရေးပါတီတွေ အထူး သဖြင့် လွှတ်တော်ကိုယ်စားလှယ်တော်တွေမှာ မန်းဒိတ်ပါဝါပေးထားတယ်။ ပြည်သူပေးတဲ့ တာဝန်ကိုတော့ ကျေပွန်အောင်ထမ်းဆောင်ဖို့ လိုတယ်လေ။”

ဦးထောင်ကိုထန်းပြောခဲ့တဲ့အတိုင်း ကျနော်တို့ အတိုက်အခံအင်အားစုတွေဘက်က ခေါင်းဆောင်မှုအပိုင်းကို ပြန်လည် သုံးသပ်ကြည့်မယ်ဆိုရင် ...

စစ်အုပ်စုအနေနဲ့ အာဏာသိမ်းပြီးပြီးချင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက တတ်သိပညာရှင်အုပ်စုဝင် တွေကို အစီအစဉ်တကျ စတင်ဖြိုခွင်းခဲ့တယ်။ အဲဒီနောက် ၁၉၈၉ခုနှစ် ဇူလိုင်လမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းပြီးတဲ့ အချိန်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီမှာ မျိုးချစ်ရဲဘော်ဟောင်းအုပ်စုဝင်တွေပဲ အများစုကျန်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီကနေ့အချိန်အထိ လျှောက်လှမ်းခဲ့တဲ့ ကာလအများစုမှာ ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိကဦးဆောင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ် (ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က အဖမ်းဆီးအထိန်းသိမ်းခံဘ၀ နဲ့ နေရတဲ့အချိန်က အများစုဖြစ်နေလို့ပါ)။

အဲဒီတော့ ဒီကနေ့ဖြစ်တည်နေတဲ့ တော်လှန်ရေးရဲ့အနေအထားဟာ ဦးဆောင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီကို တလျှောက်လုံးနီးပါး အုပ်စီးခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ခေါင်းဆောင်မှုအပိုင်းနဲ့ အများကြီး သက် ဆိုင်နေတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့်လည်း မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ နိုင်ငံရေးလုပ်ဆောင်ချက် တွေကို မှတ်မိသလောက် ပြန်လည်ငဲ့စောင်း ကြည့်မိပါတယ်။ ဒါပေမယ့် ကျနော်က အန်အယ်လ်ဒီပါတီဝင် မ ဟုတ်ဘဲ ပြင်ပလေ့လာသုံးသပ်သူတဦးအနေနဲ့သာ ဖြစ်စဉ်တွေကို ပြန်လည်ဆက်စပ်ကြည့်ခြင်းဖြစ်တဲ့အတွက် ပါတီတွင်းကိစ္စ အသေးစိတ်တွေကိုတော့ ဗဟိုကော်မတီတွေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ အန်အယ်ဒီပါတီဝင်တွေက ပိုသိနိုင်မှာဖြစ်ပါတယ်။

နိုင်ငံရေးဖြစ်စဉ်တွေကို ပြန်လည်ငဲ့စောင်းကြည့်တဲ့အခါမှာ ၁၉၈၉ခုနှစ် ဇူလိုင်(၁၉)ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့ချီတက်ပွဲ ကိစ္စအကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဆွေးနွေးပြော ဆိုကြတဲ့ အသံဖမ်းတိတ်ခွေ နားထောင်ခဲ့ရတာကို ပြန်အမှတ်ရမိပါတယ်။ ကျနော်က ၁၉၉၀ ပြည့်ရွေး ကောက် ပွဲမတိုင်ခင် အပြင်ကိုပေါက်ထွက်လာတဲ့ အဲဒီအသံဖမ်းတိတ်ခွေကို နားထောင်ခဲ့ရတာပါ။ အဲဒီအထဲမှာ အာဇာ နည်နေ့ချီတက်မယ့် ကိစ္စကို ဆွေးနွေးရင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ သဘောထား အကြီးအကျယ် ကွဲနေကြတာကို ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ချီတက်မယ့်ဘက်က အပြင်းအ ထန်ဆွေးနွေးပြီး မျိုးချစ်ရဲဘော်ဟောင်းတွေကတော့ ချီတက်မှာကို ကန့်ကွက်တဲ့ဘက်ကနေ ပြောဆိုဆွေးနွေး နေကြတာ ဖြစ်ပါတယ်။ အဲဒီတိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးချစ်ရဲဘော်ဟောင်းတွေကို သူရဲ ဘောကြောင်သူတွေအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာကိုကြားရပြီး မျိုးချစ်ရဲဘော်ဟောင်းတွေက တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီတက်မယ့်လုပ်ရပ်ကို မိုက်ရူးရဲဆန်တဲ့သဘောမျိုး ရှုမြင်ပြောဆိုပြီး ဟား တိုက်ရယ်မောနေကြတာကို ကြားခဲ့ရပါတယ်။

အဲဒီအာဇာနည်နေ့ကိစ္စမှာ မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြဆိုတဲ့အတိုင်း မျိုးချစ်ရဲဘော် ဟောင်းတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်းရှိနေခဲ့ရင် ပြည်သူလူထုကလည်း တခဲနက် လိုက်ပါချီတက်ကြမှာ ဖြစ်တဲ့အတွက် တိုက်ပွဲအရှိန်အဟုန်က တမျိုးတမည် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတဖက် မျိုးချစ်ရဲဘော်ဟောင်းတွေကတဖက် ဖြစ်နေ တာကို စစ်အုပ်စုက အခွင့်ကောင်းယူပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ အတွက် တိုက်ပွဲအရှိန် လျော့ကျသွားခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီး ဇူလိုင်လမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဂန္ဓီခန်းမမှာ စုဝေးခွင့်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာဦးဝင်းတင်တို့ အဖမ်းခံနေရချိန်ဖြစ်တဲ့အ တွက် ဂန္ဓီခန်းမအစည်းအဝေးကို မျိုးချစ်ရဲဘော်ဟောင်းတွေကပဲ အဓိက ဦးဆောင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ခန်းမအပြင်မှာ စောင့်မျှော်နေကြတဲ့ ပြည်သူလူထုကြီးက အစိုးရအဖွဲ့ကြေညာရင် ထောက်ခံဖို့ စောင့်စားနေကြတာပါ။ စစ်အုပ်စုကလည်း အစိုးရအဖွဲ့ကြေညာမှာကို စိုးရိမ်လို့ (ကြေညာလို့ရတယ် ဆိုတာကို လည်း သိနေလို့) လန့်ဖြန့်ပြီး ၁/၉၀ကို အရေးပေါ် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်တဲ့ ဂန္ဓီခန်းမအစည်းအဝေးက ပြည်သူ့လွှတ်တော် ခေါ်ယူရေးကိုသာ တောင်းဆိုပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့လို့ ပြည်သူလူထုအနေနဲ့ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်လို တိုက်ပွဲခေါ်ရဲတဲ့ ခေါင်းဆောင်မျိုး အပြင်မှာမရှိတာ အတိုက်အခံအင်အားစုတွေအတွက် အကြီးအ ကျယ် နစ်နာခဲ့ရပါတယ်။

၂၆-၃-၁၉၉၁မှာတော့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ နအဖရဲ့ဖိအားပေးမှုတွေ (ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေမဲ့လုပ်ရပ်တွေကျူးလွန်တယ်။ နေအိမ်ခြံဝင်းအတွင်းမှာ အကြမ်းဖက်သောင်းကျန်းသူတွေ နေထိုင်ခွင့် ပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ)ကိုငုံ့ခံပြီး နအဖအလိုကျ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေထုတ်ပစ်ကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဘားမားတူဒေးဝက်ဘ်ဆိုက်မှာ ဖော်ပြ တဲ့ ‘ကေမှ ဖေဖေသို့’ ဆောင်းပါးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အန်အယ်ဒီရုံးမှာ မကပ်ရဘူးလို့ ဗဟိုက အမိန့်ထုတ်ခဲ့တယ် ဆိုတာကိုဖတ်ရတော့ မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ လူထုခေါင်းဆောင်အပေါ်ထား တဲ့ သဘောထားကို အံ့သြမှင်သက်မိခဲ့ရတယ်။ ပုသိမ်ထောင်ကထွက်လာတဲ့ ပါတီဝင်အမျိုးသမီးတဦးရဲ့ ပြောဆိုချက်အရလည်း မျိုးချစ်ရဲဘော်ဟောင်း တွေဦးဆောင်တဲ့ ဗဟိုကော်မတီဟာ နိုင်ငံရေးမှုနဲ့ ထောင်ကျ ပြီးထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပစ်တယ်လို့သိရတဲ့အခါ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပိုလို့နားမလည်နိုင်အောင် ဖြစ်ခဲ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်နဲ့ အထိန်းအသိမ်းခံနေရစဉ် ၁၉၉၃ခုနှစ် ဇန်န၀ါရီလမှာလည်း စစ်အုပ် စုကလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို မျိုးချစ်ရဲဘော်ဟောင်း ဦးအောင်ရွှေခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၈၆-ဦးသွားတက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီလုပ်ရပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ အင်အားစုတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပြီး စစ်အုပ်စုက စစ်ကျွန်သက်ရှည်အောင်ဖန် တီးမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပေါ်ပေါက်ရေးကို အားပေးအားမြှောက်ပြုသလို ဖြစ်ခဲ့ပါတယ်။ နအဖ အာဘော်တွေရေးနေတဲ့ စိုးမြကျော်ရဲ့ဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ထားတဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်လုပ် ဆောင်ခဲ့တယ်လို့ ရေးသားထားပုံကိုကြည့်ရင် နအဖနဲ့ပေါင်းပြီး လက်ဝါးရိုက်တယ်လို့ စွပ်စွဲတာတွေဟာ မ လွန်ဘူးလို့ ထင်ပါတယ်။ ထင်တဲ့အတိုင်းသာ ဟုတ်နေခဲ့ရင်တော့ အခုအထိ လျှောက်လှမ်းခဲ့ရတဲ့ တော်လှန် ရေးခရီးကြမ်းကြီးအပေါ် ‘သေပြီဆရာ’လို့ပဲ မှတ်ချက်ချဖို့ ရှိတော့ မယ်ထင်ပါရဲ့။

အခုအချိန်မှာတော့ နအဖက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ အတုအယောင်ဖွဲ့စည်းပုံကိုပဲ ဇွတ်အတည်ပြုဖို့ ခေါင်းမာမာနဲ့ ဆက်ကြိုးစားနေတယ်။ နအဖအနေနဲ့ကလည်း အာဏာကိုလက်မလွှတ်ရဲလို့သာ စိတ်ကူးယဉ် ကြိုးပမ်းနေတာပါ။ အဲသလို အာဏာလက်မလွတ်ရအောင် (မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ဦးဆောင်မှုနေရာကရအောင်) ဇွတ်လုပ်ယူလို့ ရသွားခဲ့ရင်လည်း တိုင်းပြည်ကို တည်ငြိမ်အောင် အုပ်ချုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိမှာပါ။ အခုအတိုင်းပဲ အတိုက်အခံအင်အားစုတွေ၊ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေက ဆန့်ကျင်မြဲဆန့်ကျင်၊ တော်လှန်မြဲ တော်လှန်နေကြဦးမယ်ဆိုတာကို သူတို့ သိမှာပါ။ တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်အတိုက်အခံအင်းအားစုက လာပြီးပူး ပေါင်းမှာလဲ။ ဘယ်တော်လှန်ရေးသမားက လာပြီးလက်နက်ချ အညံ့ခံမှာလဲ။ ရှင်းနေတဲ့ဥစ္စာ။ အဲဒီတော့ အ တုအယောင် ဖွဲ့စည်းပုံအတိုင်းသာ ဇွတ်လျှောက်မယ်ဆိုရင် ပြဿနာတွေက ဖြစ်မြဲအတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ တိုင်းသူပြည်သားတွေလည်း ဆက်ပြီး ဒုက္ခသုက္ခ ရောက်မြဲ ရောက်နေကြဦးမှာ မုချပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ဟာ စစ်တပ်က သူ့နေရာသူမနေဘဲ နိုင်ငံရေးဦး ဆောင်မှုအခန်းကဏ္ဍမှာ ၀င်ရှုပ်နေလို့ပါ။ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ စစ်တပ်က တမတ်သားမပြောနဲ့ တပြားသားပဲ ၀င်ပါလည်း ပြဿနာက တက်နေဦးမှာပါပဲ။ စစ်တပ်ဆိုတာ နိုင်ငံရေးရဲ့လက်အောက်ခံအနေနဲ့ပဲ ရှိရမှာပါ။ နိုင်ငံရေးဆိုတာ အများစုသော စစ်ခေါင်းဆောင်တွေ ကျွမ်းကျင်တဲ့အလုပ်မဟုတ်ပါဘူး။ တိမ်တောင် သဖွယ် မင်းရေးကျယ်တဲ့ အလုပ်မို့ တသွေးတသံတမိန့်စနစ်ကို ယဉ်ပါးနေတဲ့ စစ်ဗိုလ်တွေ အများစုအနေနဲ့ နိုင်ငံရေးပြဿနာတွေကို မကိုင်တွယ်တတ်၊ မဖြေရှင်းတတ်တာ သဘာဝကျပါတယ်။ အင်မတန်ရှုပ်ထွေးသလို အင်မတန်လည်း သိမ်မွေ့တဲ့ အလုပ်မို့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးသမားစစ်စစ်တွေပဲ ကိုင်တွယ်ဖြေ ရှင်းနိုင်မှာပါ။

ဒီလိုပြောလို့ စစ်ခေါင်းဆောင်တွေဆိုတာ နိုင်ငံရေးကို နားလည်တဲ့သူတွေ မဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါ ဘူး။ နားလည်တဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ကြည့်ပါ။ နိုင်ငံရေးကို နားလည်လို့၊ ၀ါသနာပါလို့၊ စစ်တပ်နဲ့ နိုင်ငံရေး မရောထွေးသင့်ဘူးလို့ ရှင်းရှင်းလင်းလင်း သိမြင်လို့ ဂျပန်တော်လှန်ရေး အပြီးမှာ စစ်တပ်က ထွက်ပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လိုက်တာပေါ့။ ဒီကနေ့ တိုင်းပြည်ကို သိပ် အုပ်ချုပ်ချင်နေတဲ့ နအဖစစ်ခေါင်းဆောင်တွေလည်း သတ္တိရှိရင် ဗိုလ်ချုပ်အောင်ဆန်းလို စစ်တပ်ကထွက်ပြီး ၀င်အရွေးခံပေါ့။ နိုင်ငံသားတယောက်အနေနဲ့ ၀ါသနာပါရင် နိုင်ငံရေးနယ်ထဲကို ၀င်နိုင်တဲ့ အခွင့်အရေးရှိနေ တာပဲဟာ။ အဲလိုတော့ သတ္တိမရှိဘဲ သေနတ်အားကိုးနဲ့ အချောင်အာဏာလိုချင်မှတော့ အခုလို ပြည်တွင်း ပြည်ပရဲ့ ဆန့်ကျင်မှုကိုခံရတာ နည်းတောင်နည်းသေးလို့ပဲ ပြောရမယ်ထင်တယ်။

အဲဒီတော့ ဒီကနေ့ နိုင်ငံရေးလောကမှာ ၀င်ရှုပ်နေတဲ့ စစ်တပ်အနေနဲ့ စစ်တန်းလျားကိုပြန်ပြီး ကိုယ့်ရဲ့အဓိက တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုသာ ကျေပြွန်အောင်ထမ်းဆောင်မယ်ဆိုရင် ဖြစ်နေတဲ့ ပြဿ နာတွေဟာ တော်တော်များများ လျော့ပါးပြေလည်သွားမှာပါ။ ဒါပေမယ့် ဒါကိုပဲ မိုက်မိုက်မဲမဲ ဆက်ကြိုးစားနေ ပုံထောက်ရင် နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်တွေအဖို့ စစ်အာဏာရှင်စနစ် ဆက်လက်ခိုင်မြဲအောင် မျက် လှည့်ပြရုံမှတပါး အခြားလမ်းကို ရွေးချယ်စရာမရှိလို့ဆိုတာထင်ရှားနေပါတယ် (သူတို့ရဲ့ သေရေးရှင်ရေးက ပိုပြီးအရေးကြီးတယ်လို့ ခံယူထားတာကြောင့် ဖြစ်မှာပါ)။

အဲဒီတော့ ကိုယ့်ဘက်က ဘာဆက်လုပ်မလဲဆိုတာကိုပဲ ကျနော်တို့ အတိုက်အခံတွေဘက်က ပြတ်ပြတ်သား သား စဉ်းစားဖို့ရှိတော့တယ်။ စဉ်းစားဖို့ဆိုရာမှာ (၁) တွေ့ဆုံဆွေးနွေးရေးနည်းလမ်း (၂) ပြည်သူတွေက မန်း ဒိတ်အပြည့်ပေးထားတဲ့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဦးဆောင်တိုက်ပွဲခေါ်ပြီး ပြည် သူလူထုပါလာအောင် ဆွဲခေါ်နိုင်မယ့်နည်းလမ်း (၃) အန်အယ်လ်ဒီဗဟိုကော်မတီက ဦးဆောင်တိုက်ပွဲခေါ်မှု မရှိတဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေအပါအ၀င် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဦးဆောင်တိုက် ပွဲဝင်ပြီး ပြည်သူလူထုပါလာအောင် စည်းရုံးခေါ်ဆောင်နိုင်မယ့်နည်းလမ်း (၄) မထင်မှတ်တဲ့အနေအထားကနေ လူထုပေါက်ကွဲအုံကြွမှု ဖြစ်ပေါ်လာ နိုင်တဲ့နည်းလမ်းဆိုပြီး နည်းလမ်းလေးသွယ် တွေ့ရမှာဖြစ်ပါတယ်။

အဲဒီနည်းလမ်းလေးသွယ်မှာ အမှတ်စဉ်(၁)ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကို ဖြစ်နိုင်မဖြစ်နိုင် အရင်သုံး သပ်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မဖြစ်နိုင်တဲ့ဟာကို ထိုင်စောင့်နေမယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ် တင်ပြီး လူထုကို ဒုက္ချဆင်းရဲတွင်းထဲပိုရောက်အောင် တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။ များသောအားဖြင့်တော့ အာဏာရှင်ဆိုသူတွေဟာ မနက်ဖြန်မှသာ ခွေးပြေးဝက်ပြေး ပြေးချင်ပြေးရပါစေ။ ဒီကနေ့အထိတော့ သူတို့ ကိုယ်သူတို့ အိုကေတယ်လို့ထင်တဲ့ လူစားတွေချည်းပါပဲ။ လူဆိုတာ သေရမှာကို ကြောက်တဲ့အမျိုးမို့ လက် ထဲမှာ သေနတ်ရှိနေတဲ့ အာဏာရှင်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကြတာ အဆန်းမဟုတ်ပါ ဘူး။

ဒါပေမယ့် သေမထူးနေမထူးဘ၀ ရောက်လာရင်တော့ လူတွေဟာ သေရမှာကို မကြောက်ကြဘူးဆိုတာကို အာဏာရှင်တွေအများစု စဉ်းစားမိပုံ မပေါ်ဘူး (အောက်ကနေ အချက်အလက်အမှားတွေနဲ့ မြှောက်ပင့်စား သောက်နေတဲ့လူတွေကလည်း သူတို့အနားမှာ များမှများပဲကိုး) တွေးမိတဲ့ အာဏာရှင်လည်း ရှိကောင်းရှိ မှာပါ။ အဲသလို တွေးမိတဲ့အာဏာရှင်မှလည်း တရားမျှတဲ့ ရွေးကောက်ပွဲ ဒါမှမဟုတ် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ နောက်ဆုတ်ပေးတတ်ကြတာပါ။ ဒါမျိုးနည်းလမ်းကို ရွေးချယ်တဲ့ အာဏာရှင်ကလည်း အလွန် အင်မတန်မှ ရှားပါတယ်။ အများစုက ခွေးကျကျရင်ကျ၊ မကျရင် ခွေးပြေးဝက်ပြေးပြေး၊ မပြေးရင် အသေ ထွက်ထွက် သူထွက်ဆိုတဲ့ အာဏာရှင်တွေချည်းပဲ။ နအဖအနေနဲ့ သူတို့ကျင်းပပေးခဲ့တဲ့ ၉၀ ရွေးကောက် ပွဲရလဒ်ကိုလည်း အကောင်အထည်ဖော်မပေးချင်။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းကိုလည်း မျက်ကွယ်ပြုပြီး ဘယ်သူမှမထောက်ခံတဲ့ အမျိုးသားညီလာခံကိုပဲ ပြီးအောင် ဇွတ်လုပ်နေပုံထောက်ရင် သူတို့ရဲ့ဇာတ်သိမ်းဟာ အာဏာရှင်အများစုသွားရာ လမ်းပဲဖြစ်လိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ နအ ဖအနေနဲ့ လူထုအုံကြွမှုဖြစ်လာနိုင်တဲ့ အကျိတ်အခဲကို ပြေပျောက်အောင် လုပ်ဆောင်ဖို့မှ မကြိုးစားပဲကိုး (ကြိုး စားဖို့ မတတ်နိုင်တော့တာလည်း ဖြစ်မှာပါ)။

အဲဒီတော့ ဒီကနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အကဲခတ်ရာမှာ နအဖအနေနဲ့ လူထုအုံကြွမှုနဲ့ ထိပ် တိုက်တိုးပြီး ဇာတ်သိမ်းရမယ့် အရိပ်အယောင်တွေ ပိုမိုယှက်သန်းလာနေတာကိုပဲ တွေ့နေရပါတယ်။ လူထု အုံကြွမှု ဖြစ်နိုင်ချေရှိတဲ့ အနေအထားက အမှတ်စဉ်(၂)၊ (၃)နဲ့ (၄)တွေအတိုင်း တာစူနေပါတယ်။ အမှတ်စဉ် (၂) နည်းလမ်းနဲ့ လူထုအုံကြွမှုကို ဖော်ဆောင်ဖို့ဆိုတာကတော့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ တိုက်ပွဲခေါ်ရဲမှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။ အထက်က သုံးသပ်ပြခဲ့တာတွေအတိုင်း ဆိုရင်တော့ မျိုးချစ်ရဲဘော်ဟောင်းတွေ ဦးဆောင်နေတဲ့ အန်အယ်ဒီစီအီးစီအနေနဲ့ တိုက်ပွဲခေါ်မယ့် အရိပ်အ ယောင်မတွေ့ရဘဲ တောင်းပွဲတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ပဲ ထိုင်စောင့်ဖို့ များနေတာကို တွေ့ရမှာဖြစ် ပါတယ်။ ရှစ်လေးလုံးနှစ်ပတ်လည်တုန်းကတော့ အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ...

“ပြည်သူလူထုကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်တဲ့ စိတ်ဆန္ဒရှိရု မဟုတ်ဘူး။ မိမိတို့ကိုယ်တိုင် မိမိတို့ လိုချင်တဲ့ဟာကိုလည်း ပြည်သူလူထုက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်လာကြဖို့ ကျနော်တိုက်တွန်းချင် တယ်” လို့ပြောသွားတာကို ဒီဗွီဘီမှာကြားလိုက်ရပါတယ်။ ဦးဥာဏ်ဝင်းရဲ့ ဖြေကြားချက်အပေါ် မေးခွန်း ထုတ် စရာရှိတာက လူထုပါဝင်လာချင်အောင် ရှေ့ကဦးဆောင်ဦးရွက်ပြုနေတဲ့ အန်အယ်လ်ဒီစီးအီးစီက ဘယ်လို တိုက်ပွဲတွေခေါ်နေလို့လဲ ဆိုတာပါပဲ။ ရှေ့ကဦးဆောင်နေတဲ့သူတွေက တိုက်ပွဲခေါ်မှလည်း လူထုကနောက်က နေ ပါဝင်လာမယ်လို့ မြင်မိပါတယ်။ လူအုပ်နောက်ကပဲ ဖုန်လိုက်ရှူနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

အဲဒီတော့ ဒီကနေ့အနေအထားမှာ လူထုပါဝင်တိုက်ပွဲဝင်လာဖို့ ဖြစ်နိုင်ချေအများဆုံး နည်းလမ်းကတော့ အ မှတ်စဉ်(၃)နဲ့ (၄)ပါပဲ။ (၃)နဲ့ (၄)ဟာ တပေါင်းတည်းဖြစ်သွားနိုင်တဲ့ အနေအထားလည်း လောလောလတ် လတ်မှာ တွေ့နေရပါပြီ။ အခုဆိုရင် လောင်စာဆီဈေးမြင့်တက်မှုကြောင့် ပြည်သူလူထုတွေပါ ပါဝင်လာတဲ့ ဆန္ဒပြပွဲတွေ ရန်ကုန် မြို့ရဲ့နေရာ အတော်များများမှာ ဖြစ်ပွားနေပါပြီ။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ဦးဆောင်မှုကြောင့် အရှိန်ရလာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ လောင်စာဆီကြောင့် စားဝတ်နေရေး ပိုမိုကြပ် တည်းမှုနဲ့ ကြုံတွေ့ရတဲ့ ပြည်သူလူထုရဲ့ဒေါသနဲ့ ပေါင်းစည်းလာနေပါပြီ။ နအဖအနေနဲ့လည်း ကြံ့ဖွံ့တွေ၊ စွမ်း အားရှင်တွေနဲ့ ရန်တိုက်ပေးပြီး အစွမ်းကုန်ခုခံဖို့ ပြင်ဆင်နေပါပြီ။

ဘယ်လိုအနေအထားမျိုးနဲ့ လူထုအုံကြွမှုဖြစ်ဖြစ် သေချာတာကတော့ လူထုအုံကြွမှုဖြစ်လာရင် အထိုက်အ လျောက် သို့တည်းမဟုတ် ကံဆိုးတဲ့ ပြည်သူတော်တော်များများ သွေးမြေကျကြဦးမှာပါပဲ။ နအဖက လက်ကိုင် တုတ် အဖြစ်အသုံးချနေတဲ့ ကြံ့ဖွံ့တွေ။ စွမ်းအားရှင်တွေ (အတုအယောင်ပြည်သူတွေ)လည်း သေကြေကြ မှာဖြစ်သလို မျိုသိပ်ခံစားထားသမျှတွေ ပေါက်ကွဲပြီး ဆန္ဒပြပွဲမှာ ပါဝင်လာမယ့် အစစ်အမှန် ပြည်သူတွေလည်း သေကြေကြရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အရေး မလွဲမသွေ ကြုံတွေ့ရဦးမယ့် ၀မ်းနည်းကြေကွဲဖွယ် ဖြစ်စဉ်ကြီးပါပဲ။ ဒါပေမယ့် အဲသလို ၀မ်းနည်းဖွယ်ရာ အဖြစ်ဆိုးကြီးတွေကို မကျော် လွှားရဲ၊ မကျော်လွှားနိုင်ရင်လည်း ကျနော်တို့ အားလုံးဟာ နောင်လာမယ့် သားစဉ်မြေးဆက်တွေအထိ အခုလို ပဲ လူဖြစ်ရတဲ့ဘ၀မှာ အကြိမ်ကြိမ်အခါခါ သေနေကြရတဲ့ အဖြစ်မျိုးနဲ့ တိုးနေကြဦးမှာပဲ မဟုတ်ပါလား။

ဒေါက်တာလွဏ်းဆွေ

1 comment:

minmaw said...

လေးစားပါတယ်။ ဒီလို ဆောင်းပါးမျိုးတွေ များများရေးနိုင်ပါစေ။ ဆရာတို့လို အသိအမြင်ကြွယ်ဝသူတွေ ဦးဆောင်ပြီး လုပ်သင့်တာကို လမ်းကြောင်းပေးဖို့ အကြံပြုဖို့ တိုက်တွန်းလိုပါတယ်ဆရာ။