Sunday, August 10, 2008

ငရဲနှင့် နိဗ္ဗာန်ဘုံကြားက လပွတ္တာ

ငြိမ်းချမ်းငြိမ်း

လပွတ္တာဆိုသည့် နာမည်သည် မေလ၂ရက်နေ့က မြန်မာနိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်က လုန်းမုန်တိုင်းနှင့်အတူ ကမ္ဘာ့သတင်းမီဒီယာများတွင် တမဟုတ်ချင်း ကျော်ကြားလာခဲ့သည့် နာမည်ဖြစ်သည်၊၊ ယခင်က မြန်မာနိုင်ငံကိုပင် ကောင်းကောင်းမသိခဲ့သော နိုင်ငံခြားသား အချို့မှာလည်း နာဂစ်၊ ဧရာဝတီ၊ ဘိုက လေးနှင့် လပွတ္တာ စသည့်နာမည်များကို ကောင်းကောင်း ရင်းနှီးခဲ့ရသည်၊၊ အချို့သော စာရင်းဇယားများ၏ အ ဆိုအရ လပွတ္တာမြို့ကလေး တခုတည်းမှာပင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ကျပ်သိန်းပေါင်းထောင်ချီ ပျက်စီး ဆုံးရှူံးခဲ့ရသလို လူတသိန်းကျော်အထိ သေကြေပျက်စီး ဆုံးရှူံးခဲ့ရသည်ဟု ဆိုသည်၊၊ တွေးကြည့်ပါ၊၊ ကမ္ဘာ ပျက်မတတ် ခံစားခဲ့ရသည့် လပွတ္တာမြို့သူမြို့သားများနှင့် အနီးအပါး မြို့နယ်ကျေးရွာများမှ မြို့သူမြို့သားများ အတွက် ငရဲတမျှဖြစ်ခဲ့မည်မှာ ဧကန်မလွဲပင်။ သို့သော်လည်း ယခုအချိန်တွင်မူ အချို့အချို့သောလူများအ တွက် လပွတ္တာမှာ နယူးယောက်မြို့နှင့်ပင် မလဲနိုင်သည့် နိဗ္ဗာန်ဘုံ ဖြစ်နေပေသည်။

မေလ ၂ ရက်နောက်ပိုင်း နာဂစ်အလွန်တွင် ပြည်တွင်းအခြေစိုက် နိုင်ငံတကာ NGO များ၊ ဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် အရေးပေါ်ရောက်လာကြသည့် နိုင်ငံတကာ NGO များ၊ ခါတော်မီ NGO များနှင့် NGO ကိုယ်စားလှယ်များ ၎င်းတို့၏ ကူညီထောက်ပံ့ရေး ရှေ့တန်းစခန်းအဖြစ် လပွတ္တာသို့ ရောက်ရှိပြီး နောက်တွင်မူ နာဂစ်မုန်တိုင်းဒဏ် ခံရသည်ဆိုသည်မှာ အိမ်မက်အလားပင် အစစ ပြောင်းလဲခဲ့သည်၊၊ လပွတ္တာမြို့လယ်ရှိ အိမ်ကြီးအိမ်ကောင်းများမှာ NGO များ၊ အကူအညီပေးရေး မစ်ရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရုံးခန်း၊ ဆေးခန်းနှင့် ဂိုဒေါင်များ ဖွင့်ရန်အတွက် ငှားရမ်းထားသောကြောင့် အဆမတန် ဈေးတက်ခဲ့ရသည် (အချို့ သော အိမ်များမှာ ဒေါ်လာနှင့်ပင် ငှားရသည်ဟုဆိုသည်)။ ထို NGO များအတွက် ရိက္ခာတင်သွင်းသူများ၊ ဆေးဝါး၊ အစားအစာနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသူ ရန်ကုန်စီးပွားရေးသမားများမှ ထပ်ချပ်မကွာ လိုက်ပါ ငှားရမ်းကြသောကြောင့်လည်း လပွတ္တာမြို့ထဲတ၀ိုက်တွင် ဌာနေများနည်းပါးသွားပြီး အိမ်ငှားခများမှာ အဆမ တန် ဈေးမြင့်သွားရခြင်းဖြစ်သည်ဟုဆိုသည်။ ယခင်က သာမန်မြို့ငယ်ကလေးတခုမျှသာဖြစ်သော လပွတ္တာမှာ နေ့ချင်းညချင်းဆိုသလို လန်ခရူဇာကားကြီးများ၊ NGO ကားများ၊ ၁၀ ဘီးတပ်ကားများ၊ ပျားပန်းခတ်ရာမြို့ ဖြစ် ခဲ့ရသည်၊၊

နာဂစ်ဒဏ်ကြောင့် ရွာပါပျောက်ခဲ့ရသည့် ပြင်စလူ၊ မကျီးပင်၊ ဘီဒူး၊ စလူစိပ် စသည့်ဒေသများမှ ရွာသူရွာ သားများမှာ အိမ်မက်ဆိုးထဲမှ ရုန်းမထွက်နိုင်သေးသော်လည်း NGO များနှင့် စီးပွားလမ်းဖြောင့် နေသူ များကမူ နောက်ထပ်မုန်တိုင်း ထပ်ဖြစ်ပါစေဦးဟု ကျိတ်၍ပင် ဆုတောင်းနေကြမလားမသိဟု ထိုဒေသမှ ပြန်လာသည့် ရန်ကုန်စာနယ်ဇင်း လူငယ်တဦး၏ ရင်ဖွင့်သံကို ကြားရသည့်အခါ အံ့သြဘနန်း ဖြစ်ရလေ သည်၊၊

ရန်ကုန်အခြေစိုက် ဂျာနယ်များတွင် ရေးခွင့်မရသည့် သူ၏ခရီးစဉ် အတွေ့အကြုံအရ “သူတို့ လူကြီးသား သမီးတွေလေ (နအဖ အရာရှိများ၏ သားသမီးများကို ဆိုလိုခြင်းဖြစ်သည်၊၊) NGO တော်တော်များများမှာ ၀င် လုပ်နေကြပြီ၊၊ အလုပ်ခေါ်ကတည်းက သာမန်လူက ရဖို့မလွယ်ဘူး၊ ဆရာဝန်နဲ့ အတွေ့အကြုံရှိထားပြီးသား သူတွေသာ ရကြတယ်”ဟု သူက ဆိုသည်၊၊ “တကယ်တော့ သူတို့တွေက ပြည်သူထဲကို ရောက်အောင် ဆင်းကြတာ မဟုတ်ဘူး၊၊ ရန်ကုန်၊ မြောင်းမြ၊ လပွတ္တာလောက်မှာပဲနေပြီး နေ့စားဝန်ထမ်းတွေကို ပြန်ငှားပြီး ခိုင်းထားတာ” ဟု သူက ဆက်ပြောပြသည်၊၊

ရန်ကုန်အခြေစိုက် စေတနာ့ဝန်ထမ်း အကူအညီပေးရေးအဖွဲ့မှ လူငယ်တဦးဆီကတော့ “လပွတ္တာမြို့ပေါ်မှာ တော့ NGO တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတွေနဲ့ နိုင်ငံခြားသား အကူအညီပေးရေးအွဲ့တွေဆို တာ ပျော်ပွဲစားထွက်လာသလိုပါပဲဗျာ၊၊ ဒုက္ခသည်တွေကတော့ ဘာမှသိပ်အခြေအနေ ထူးမ လာဘူး” ဆိုသည့် ညည်းတွားသံကို ကြားရသည်၊၊ “လပွတ္တာက အရင်လပွတ္တာ မဟုတ်တော့ဘူး အခု လပွတ္တာဗျ၊၊ NGO အ၀ယ် တော်အရာရှိ ကိုကိုကြီးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီက မာကတ်တင်း မမလေးသတင်းဆို တမြို့လုံးသိ၊ Aid Worker တဖြစ်လဲ ဆရာဝန်မလေးနဲ့ ဥရောပတိုက်သား ကိုကိုတို့ရဲ့ အချစ်ဇာတ်လမ်းတွေလည်း ရှိသေးတယ်” ဟု သူက ရင်ဖွင့်ခဲ့သေးသည်၊၊

ဒုက္ခသည်များအတွက် အကောင်းဆုံး မနက်ဖြန်ကို မျှော်ရမ်းမှန်းဆ ရှိလို့မဆုံးသေးစေကာမူ NGO ၀န်ထမ်း များ၊ အရာရှိများနှင့် နိုင်ငံခြားသားများကတော့ ရီပို့ (report) ဟု ခေါင်းစဉ်တပ်ထားသည့် ခရီးတွင် ပုသိမ်၊ ချောင်းသာတွင် သွားရောက်အပန်းဖြေခြင်းနှင့် စနေ၊ တနင်္ဂနွေ၌ ရန်ကုန်ရှိ နိုက်ကလပ်များတွင် အပန်းဖြေ ခြင်းတို့ဖြင့် လောကနိဗ္ဗာန် ဖြစ်နေပေသည်၊၊ NGO များတွင် အလုပ်အကိုင်ရရန်အတွက် စိတ်အားထက်သန် သော မြန်မာမိန်းကလေးများအကြားတွင် ရေပန်းစားနေသော သတင်းတခုမှာလည်း “ဒီ NGO မှာ အလုပ်ရ ချင်ရင် Country Director ဦးဘယ်သူနဲ့ပိုင်မှ” ဆိုသည့် သတင်းမျိုးကလည်း မကြားချင်မှ အဆုံးဖြစ်သည်။ သို့ သော်လည်း ထို NGO များနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ကား နအဖအာဏာ ပိုင်များ၏ တားမြစ်ချက်၊ ညွှန်ကြားချက်များနှင့် အမိန့်များကိုမူ တွင်တွင်ကြီး လိုက်နာကြပြီး မလောက်ငှသော ရွက်ဖျင်တဲများတွင် စုပြုံနေရသော ဒုက္ခသည်များ၏ အကျပ်အတည်းနှင့် ဆီနဲ့ရေလို ကွားခြားနေသော အဖြစ်မျိုးကို လပွတ္တာမြို့ မင်းလမ်းမပေါ်တွင် တွေ့နိုင်သည်ဟု ဆိုသည်၊၊ လူ ၁၅ ယောက်ခန့် နေထိုင်၍ရသော နှစ်ထပ်အိမ်ကြီးပေါ် တွင် NGO တခုမှ စီမံကိန်းဒါရိုက်တာကြီးတဦးနှင့် မော်ဒယ်ဂဲလ် တဖြစ်လဲ NGO ၀န်ထမ်းမလေးတို့ နှစ်ဦးသား ချစ်စခန်း ဖွင့်ထားသည့်ကိစ္စမှာလည်း ကြားရသူအပေါင်း တရားကျစရာတဲ့၊၊

လပွတ္တာနှင့် ပြင်စလူနယ်ဘက်မှ ပြန်လာသော စာနယ်ဇင်းသမားတဦး၏ ညည်းသံမှာမူ “အခုတော့ လပွတ္တာမှာ ရက်ဘတ်တလာ (လေရူးသုန်သုန် ၀တ္ထုကြီးထဲမှ ဇာတ်ကောင်)တွေ အများကြီးပဲဗျ၊၊ တချို့တွေကတော့ ဒုက္ခ သည်တွေကို ကူညီချင်တာနည်းနည်း NGO မှာ တနှစ်လောက်လုပ်ပြီးရင် နိုင်ငံခြားက သူတို့ရုံးတွေမှာ ပြောင်း လုပ်လို့ရပြီဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေက များများ”ဟု ဆိုသည်၊၊ သူ၏ ရန်ကုန် အပြန်လမ်းတွင်လည်း “ခါတော်မီ ခေတ်ပျက်လူနပ်ချမ်းသာများ …… နွားနှစ်ကောင် စည်အောင်ပဖေ ကျောင်း ဘ၀လောက်ကိုတောင် ပြန်မရတော့သည့် ဒုက္ခသည်များ …… အလုပ်အကိုင်ရှားပါးမှု နွံအတွင်းမှ ရုန်းမထွက်နိုင်သည့် မြန်မာအ မျိုးသမီးလေးများ၊ ငါးပွက်ရာ ငါးစာချပြီး ဘနဖူးသိုက်တူးသည့် စီးပွားရေးသမားများဖြင့် အတွေးတွေ ကြေး စည်လို သံစုံမြည်နေခဲ့သည်ဟုဆိုသည်၊၊

ငြိမ်းချမ်းငြိမ်း

No comments: