Friday, August 15, 2008

လာရာလမ်း၊ ပစ္စုပ္ပန်ခြေလှမ်းနဲ့ ပုပ်လာတဲ့အသီး

ပြည်ချစ်ဘုန်းဘုန်း

ပြည်တွင်းက သူငယ်ချင်းက မေးလာတယ်။ `သူငယ်ချင်းရေ တက္ကသိုလ်အတွက် ဆောင်းပါးလေး ဘာလေး ရေးပါလား၊ တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းအတွက်´တဲ့။ စာရေးသူ သူငယ်ချင်းက ရန်ကုန်၊ ကမ္ဘာအေးက နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်မှာ ပညာသင်လာတာ အခုဆိုရင် ခြောက်နှစ်ရောက်လို့ M.A တန်း တက်ရောက်သင်ကြားနေသူဖြစ်တယ်။ စာရေးသူကလည်း ပြန်ပြောရတယ်။ `ဟာ … တက္ကသိုလ်အကြောင်း ကို တက္ကသိုလ်ထဲက ကိုယ်တော်တို့ကရေးမှ ပိုပြီးကောင်းမှာပေါ့။ တပည့်တော်တို့က ကြားဖူးနားဝပဲ ရှိတာ။ အရှင်တို့က ကိုယ်တွေ့ကြုံနေရတာ´လို့။ ဒါပေမယ့် သူက `ဘာပဲဖြစ်ဖြစ်ပေါ့၊ ဆောင်းပါးလေး တစ်ပုဒ် လောက်တော့ လုပ်ပါ´လို့ ဆိုလာတာနဲ့ ဒီဆောင်းပါးကို ရေးရပါတယ်။ အဲဒီလိုပြောပြီး နောက်တစ်ပတ်မှာ တက္ကသိုလ်က သူရေးစေချင်တဲ့ အချက်အလက်တွေကို အီးမေးလ်ပို့လာပါတယ်။ အဆိုပါ အချက်အလက်များ ကို အခြေခံပြီး တင်ပြသွားပါမယ်။

စာရေးသူ ဒီကိုရောက်မလာခင်က တက္ကသိုလ်နဲ့ တရင်းတနှီးကို ရှိခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေဆီ သွားသွား လည်နေကျ။ မင်းကွန်းဆရာတော်ဘုရားကြီးက အမြော်အမြင်ရှိရှိနဲ့ ဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ တက္ကသိုလ် ကြီး။ သာသနာကို မြန်မာမှာမက ကမ္ဘာကိုပါ ဖြန့်နိုင်စွမ်းရှိတဲ့ သာသနာပြု ရဟန်းတော်များ ပေါ်ပေါက်လာရေးကို အဓိက ရှေးရှုပါတယ်။ တက္ကသိုလ်အဆောင်တွေ တည်ဆောက်ဖို့အတွက် ဆရာတော်ကြီးဟာ အသက်အ ရွယ်နဲ့ မလိုက်အောင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို လှည်းနဲ့ပင့်လည်း ကြွ၊ လှေနဲ့ပင့်လည်း ကြွ၊ ပင်ပင်ပန်းပန်း နဲ့ကို အလှူငွေတွေ ရှာဖွေပြီး တည်ဆောက်ခဲ့ရတယ်။ တကယ်လည်း ဆရာတော်ကြီး ပင်ပန်းရကျိုးနပ်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြည်ပသာသနာ ပြန့်ပွားရေးအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု မရှိဘူးလို့ ဆိုနိုင်ပေ မယ့် သာသနာ့တက္ကသိုလ်ရဲ့ ကျေးဇူးနဲ့ တောင်တန်းဒေသက ညီရင်းအကိုတွေကို တရားဓမ္မတွေ ဝေငှပေးနိုင် ခဲ့ပါတယ်။

သာသနာ့တက္ကသိုလ်ကနေ အသိပညာတွေပေးပုံက တစ်မျိုး။ အပြင်က ကျောင်းတိုက်ကြီးတွေနဲ့ မတူဘူး။ အပြင်ကျောင်းတိုက်တွေမှာက သမိုင်းတို့၊ ဘာသန္တရတို့၊ အခြားဖတ်သင့်ဖတ်ထိုက်ရာ စာအုပ်တို့ဆိုတာ ဖတ်ဖို့ မလွယ်ပါဘူး။ ပြဋ္ဌာန်းကျမ်းစာကလွဲပြီး ကျန်တာတွေဖတ်ရင် အပြစ်ပေးခံရပါတယ်။ တကယ်ကို စာပေ၀ါသနာ ပါတဲ့ စာသင်သားတွေဟာ ဗဟုသုတ စာအုပ်စာပေတွေကို ခိုးကြောင်ခိုးဝှက် ဖတ်ရပါတယ်။ စာရေးသူ ဒီလိုပြောလိုက်တာဟာ အပြင်ကျောင်းက သံဃာတော်တွေဟာ ဗဟုသုတစာပေတွေ မရှိဘူးလို့ မဆိုလိုပါ ဘူးနော်။ ခေါက်ရိုးကျိုးနေတဲ့ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းပညာရေးလို့ဆိုတဲ့ Monastic Education ဟာ မှိုတက်နေပြီဆိုတာကို ပြချင်လို့ပဲ။ ဒါပေမယ့် တကယ့်ကို စာပေလိုက်စားတဲ့ ဗဟုသုတ လိုလားတဲ့ သံဃာ တော်တွေကတော့ ကိုယ်ထူကိုယ်ထ စာအုပ်စာပေများကို ဖတ်ရှုပြီး စာရေးဆရာလုပ် ပြည်သူကို အသိပညာ တွေ ပေးဝေနေဆဲပါပဲ။

ဒါပေမယ့် စနစ်ရဲ့ကျဉ်းကျပ်စွာတုပ်နှောင်မှုထဲက ခက်ခဲစွာ ရုန်းထွက်လာရတာဆိုတော့ အများစုဆိုတဲ့ စကား ကို သုံးစွဲခွင့် မကြုံသေးပါဘူး။ အနည်းစုကလေးပဲ ရှိပါတယ်။

အဲဒီ ကျယ်ပြန်တဲ့ ဗဟုသုတကြွယ်ဝတဲ့ သံဃာတော်များ များပြားလာမှသာ တနည်းအားဖြင့် ရဟန်းတော် တွေရဲ့ သုံးပုံနှစ်ပုံက ပြည်သူတွေလိုအပ်တဲ့ ပညာရပ်တွေကို ပေးနိုင်စွမ်းရှိမှသာ အဆိုပါ ပညာရေးကို `ခေတ်မီတယ်၊ လိုက်လျောညီထွေဖြစ်တယ်´လို့ ဆိုနိုင်ပါလိမ့်မယ်။ ပြောမယ့်သာ ပြောရတာ ဒါတွေက စိတ်ကူးယဉ်ရုံသာ ဖြစ်ပါတယ်။ လူကြီးဖြစ်သူက `ဒါ´ဆိုရင် `ဒါ´လိုက်လုပ်မှ လူတော်၊ သူတော်ကောင်းလို့ ပြောခံရမယ့် ဒီနေ့ မြန်မာတွေရဲ့ စိတ်ဓာတ်နဲ့ အားလုံးအတွက် လိုက်လျောညီထွေဖြစ်မယ့် ခေတ်မီတဲ့ ပညာ ရေးကို ပြဋ္ဌာန်းတည်ဆောက်ဖို့ မလွယ်ပါဘူး။ အင်း….ရကို မရနိုင်ပါဘူးလို့ ဆိုရမလို ဖြစ်နေတယ်။

သာသနာ့တက္ကသိုလ်ဟာ စ,ဖွင့်တုန်းက သူ့ခေတ်ရဲ့ တောင်းဆိုမှုကို မင်းကွန်းဆရာတော်ဘုရားကြီးနဲ့ နှစ် ဖက်လှ ဆရာဦးကျော်လွင်တို့က ဖြည့်ဆီးပေးတဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာပါ။ သူ့ခေတ်က တောင်းဆိုမှုနဲ့ ယခု လက်ရှိခေတ် တောင်းဆိုမှုဟာ မတူတော့ပါဘူး။ မတူပေမယ့် ဖွင့်စတုန်းက ပေးခဲ့တဲ့စနစ်က ယနေ့အထိ စွဲ ကိုင်ထားတုန်းပဲ။ လာရာလမ်းက ကောင်းခဲ့ပေမယ့် ပစ္စုပ္ပန်ခြေလှမ်းတွေက ယိမ်းလာတယ်။

မြန်မာတွေဟာ စစ်အစိုးရကို `မုန်းတယ်၊ မကြိုက်ဘူး´ဘယ်လိုပဲပြောပြော စစ်အစိုးရရဲ့ `အထက်အောက် စနစ်´က မိသားစုမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်၊ ကျောင်းတိုက်တွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေတာ တွေ့ရမယ်။ သာသနာ့တက္ကသိုလ်မှာလည်း အဲဒီအတိုင်းပဲ။ အထက်လူကြီးတွေရဲ့ စကားကို မြေ၀ယ်မကျ နား ထောင်တတ်မှ တပည့်ကောင်း ပီသတယ်။

ကတ္တား၊ ကံတောင် မှန်အောင်မခွဲတတ်တဲ့ ကိုယ်တော်တွေက အဋ္ဌကထာ၊ ဋီကာစာအုပ်ကြီးတွေကိုင်ပြီး ဆရာလုပ်နေသူတွေကလည်း အများကြီး။ တက္ကသိုလ်ထဲမှာတောင် ပေါ်တင်မပြောကြလို့သာရယ် ‘Master All Know’ ဆိုရင် ဘယ်ဆရာတွေကို ရည်ညွှန်းမှန်း ကျောင်းသားတွေက သိကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မသိတာ မရှိဘူးလေ။ ဆိုလိုတာက ဘာမှ အရည်အချင်း မပြည့်မီဘဲ ဆရာလုပ်နေသူတွေ အများကြီး ရှိလာတယ်။ တက္ကသိုလ်သမိုင်းမှာ အရည်အချင်းရှိပြီး အမှန်တကယ် တက္ကသိုလ်ကိုချစ်တဲ့ လူတော်တွေ အဝေး ရောက်သွားခဲ့ကြရတာတွေက အများကြီး ရှိခဲ့တယ်။

ခေတ်မီပြီး စာသင်ကောင်းတဲ့ ဆရာတွေလည်း ရှိပါတယ်။ ကျမ်းဂန်နှံ့စပ်သလို ခေတ်ပေါ်ပညာရပ်တွေ ကျွမ်းကျင်တဲ့ စာချဆရာတော်တွေလည်း အများကြီး ရှိပါတယ်။ အချို့ဆရာတော်တွေဟာ ဘာမှရပိုင်ခွင့်မှ မရရှိကြပေမယ့် စာသင်သား သံဃာတော်တွေလို နေထိုင်၊ စားသောက်ပြီး စေတနာသန့်သန့်နဲ့ တက္ကသိုလ်ကြီး တိုးတက်ရေးအတွက် တာဝန်ထမ်းဆောင်နေကြပါတယ်။

ဒါပေမယ့် တကယ်တတ်ကျွမ်းတဲ့ အဆိုပါဆရာတော်တွေက စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ စွမ်းအားရှင်ဒကာ တွေအောက်မှာ ဘာအာဏာမှ မရှိကြပါဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။

အခု ပြောပြတာတွေက အမြွက်မျှပဲ ရှိပါသေးတယ်။ ပစ္စုပ္ပန်ခြေလှမ်းကို အနည်းငယ် ဖော်ပြလိုက်တာပဲ ရှိပါ သေးတယ်။ အဓိကပြောချင်တဲ့ အချက်တွေ လွတ်ကုန်မှာစိုးလို့ ရပ်ထားလိုက်တယ်။

ဆိုတော့ `ဒီလို မဖြစ်သင့်တဲ့ လုပ်ရပ်တွေ၊ မဖြစ်သင့်တဲ့ ဆရာတွေ ဖြစ်နေတာကို လူကြီးတွေက ဘာမှ မလုပ် ဘူးလား´လို့ မေးချင်သူတွေ ရှိလာလိမ့်မယ် ထင်တယ်။ `ပုပ်လာတဲ့ အသီး´ဆိုတာ အခုမှ လာမှာပါ။

စစ်အစိုးရဟာ ဉာဏ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်တယ်။ သံဃာကို သံဃာနဲ့နှိမ်နင်းမှ ချိုးနှိမ်မှ ထိရောက် တယ်ဆိုတာ သူတို့သိတယ်။ အခု ပိုပြီးသိလာလို့ ပိုပြီးထိရောက်အောင် လုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သံဃာ့ဘောင်ထဲမှာ သူတို့စိတ်ကြိုက်လိုက်လုပ်မယ့် `စွမ်းအားရှင်ဘုန်းကြီး´တွေကို မွေးမြူလာတာ တွေ့ရ တယ်။ တချို့ စွမ်းအားရှင်ဘုန်းကြီးတွေကတော့ အစကတည်းက မကောင်းတာ၊ အစကတည်းက ကိုယ်ကျိုး ရှာသမား၊ အတ္တသမားတွေ။ ဘယ်သူသေသေ၊ ငတေမာရင် ပြီးရောဆိုတဲ့ အတန်းအစားတွေ။ တချို့ကျတော့ အစကတော့ စိတ်ကောင်းရှိသလို၊ အများအကျိုး သယ်ပိုးချင်စိတ်ရှိသလို ထင်ရတယ်။ ပစ္စည်းဥစ္စာ၊ လာဘ် လာဘနဲ့ ဖြားယောင်းလာတဲ့ အခါကျတော့ သူတို့ဟာ စစ်အစိုးရအလိုကျ `စွမ်းအားရှင်´တွေ ဖြစ်လာကြ တယ်။

သာသနာ့တက္ကသိုလ်၊ နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ရေးတဲ့ဆောင်းပါးဆိုတော့ သာသနာ့တက္ကသိုလ်ကို သန့် ရှင်းစေလိုတဲ့ သဘောနဲ့ သာသနာ့တက္ကသိုလ်က `စွမ်းအားရှင်ဘုန်းကြီး´တွေကိုပဲ အဓိက ရေးသွားပါမယ်။ စက်တင်ဘာ အရေးအခင်းကြီးမှာ သံဃာတွေ ဆန္ဒပြလို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး တေးသွားတွေဟာ နိုးကြားလာခဲ့တယ်။ သံဃာတော်တွေထဲက အမျိုး၊ ဘာသာ၊ သာသနာကို ချစ်တဲ့ သံဃာတွေလည်း ပေါ် ထွက်တယ်။ သူတို့ကို စစ်အစိုးရက ဘယ်လောက်ပဲ ထောင်ချ၊ အကျဉ်းချထားသည်ဖြစ်စေ ပြည်သူတွေက သူရဲကောင်းတွေအဖြစ် ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။

သာသနာ့တက္ကသိုလ်မှာလည်း ဆုတံဆိပ်တွေ ပေးခဲ့ကြတယ်။ ဘယ်ဆရာတော်ကတော့ ဆန္ဒပြသံဃာတော် တွေကို ဘယ်လိုကာကွယ်ပေးတယ်။ ဘယ်ဆရာတော်ကတော့ ဘယ်လိုကူညီပေးတယ်။ ရေးချင်တဲ့ အချက် အလက်တွေက အများကြီး။

စက်တင်ဘာအရေးအခင်းမှာ နာမည်ကြီးသွားတဲ့သူတွေ အများကြီးရှိတယ်။ တချို့က အများအတွက် ရှေးရှုလို့ နာမည်ကြီးတယ်။ တချို့က အများကို ချောက်ချလို့ နာမည်ကြီးတယ်။ ကျောင်းတိုက်တွေမှာလည်း ခုချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း နာမည်ကြီးတွေအကြောင်း ပြောဖြစ်ကြတယ်။

စာဖတ်သူတွေသိအောင် `စွမ်းအားရှင်ဘုန်းကြီး´ရဲ့ အကြောင်းကို အနည်းငယ် ပြောပြပါမယ်။ သာသနာ့ တက္ကသိုလ်မှာ စက်တင်ဘာ အရေးအခင်းတုန်းက နာမည်အကြီးဆုံးကတော့ လက်ရှိမကွေးဆောင်မှာ ကုတ် ကပ်နေတဲ့ ကြောင်သူတော် ကြွက်သူခိုး `စွမ်းအားရှင်ဘုန်းကြီး´ဖြစ်တယ်။

တကယ်တော့ သူဟာ စက်တင်ဘာရောက်မှ နာမည်ကြီးတာ မဟုတ်ပါဘူး။ အရင်ကတဲက တက္ကသိုလ်မှာ နာမည်ကြီးပါတယ်။ နာမည်ကြီးလား၊ မကြီးလားဆိုတာ သိရအောင် သူ့ရဲ့ နာမည်ပြောင်လေးတွေကို ကြည့် လိုက်ပါဦး။ သူ့အကြောင်းပြောတဲ့သူတိုင်း ဘယ်သူမှ သူ့ရဲ့ ဘွဲ့နာမည်အရင်းအတိုင်း ခေါ်ဝေါ်ပြောဆိုလေ့ မရှိကြဘူး။

`၀က်ကုန်း(၀ါဂွမ်း)၊ ထိပ်ပြောင်၊ ပြောင်ကြီး၊ ငပန်၊ ဂွေးပန်၊ ခွေးပု၊ ဂွေးပု၊ မစ္စတာအောလ်နိုး၊ အနောက် တောင်ပိုင်းစစ်ဌာနချုပ်´ဆိုတဲ့ နာမည်လှလှလေးတွေဟာ တက္ကသိုလ်သံဃာတွေ ပေးထားတဲ့ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးရဲ့ နာမည်တွေပါပဲ။ စက်တင်ဘာအရေးအခင်းမှာ သံဃာတွေကို အမျိုးမျိုး ပုတ်ခတ်ခဲ့ သူကလည်း ၀က်ကုန်းပါပဲ။ စာရေးသူရေးတာကို ကြည့်ပြီး သုံးသပ်ရင် သံသယဖြစ်နေလိမ့်မယ်။ အဆိုပါ နာမည်ပြောင်လေးတွေကို ကြည့်ပြီး သူ့ရဲ့ ကာရိုက်တာကို မှန်းကြည့်လို့ ရပါတယ်။ သူဟာ န.အ.ဖလိုပဲ ကိုယ့်အကျိုးအတွက်ဆိုရင် အားလုံးကို လုပ်ဝံ့တဲ့သူ ဖြစ်တယ်။ ရဟန်းဝတ်ပြီး `ဘယ်သူသေသေ ငတေမာ ပြီးရော´လူစားမျိုးဖြစ်တယ်။ စက်တင်ဘာ အရေးအခင်းမှာလည်း သံဃာတွေရဲ့ဘက်ကနေ ရပ်တည်ပေးခဲ့ သူ မဟုတ်ဘူး။ သူ့ကြောင့် တက္ကသိုလ်ပြင်ပ ရောက်သွားရတဲ့ သံဃာတော်တွေဟာ တက္ကသိုလ်သမိုင်းမှာ အများကြီးရှိခဲ့တယ်။ သူဟာ မင်္ဂလာဗျူဟာ … စတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေမှာလည်း လူတတ် ကြီးလုပ်ပြီး သင်တန်းဆရာ လုပ်နေသူလည်းဖြစ်တယ်။

နောက်စွမ်းအားရှင် တစ်ယောက်ကတော့ `လက်ရှိမော်ထိန်း၊ ဒု-ပါမောက္ခချုပ်´လုပ်နေတဲ့သူဖြစ်တယ်။ သူဟာ လည်း န.အ.ဖ ဘက်တော်သားပီပီ န.အ.ဖလိုပဲ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တတ်သူဖြစ်တယ်။ စက်တင် ဘာအရေးအခင်းမှာ စာသင်သား သံဃာတော်တွေဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒုတိယနာ ယကချုပ် ဆရာတော်ကိုလည်း တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ပြီး ပ,ထုတ်ခဲ့ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ တက္ကသိုလ်သမိုင်းမှာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ မော်ကွန်းထိန်းဆိုပြီး ရာထူးကြီး သုံးခုရှိပါတယ်။ စက်တင်ဘာအရေးအခင်းအပြီး မရှေးမနှောင်းမှာပဲ သူဟာ ပါမောက္ခရာထူး(ယာယီ)ကို တက် ယူပြီး န.အ.ဖ အလိုကျ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါမောက္ခချုပ်ရာထူးကို ဒေါက်တာအာဒိစ္စကို ခန့်ထားခဲ့ပါတယ်။ အမှန်က သူ့ရဲ့ မူလရာထူးကို ပြန်သွားရမှာပါ။ ဒါပေမယ့် စစ်အစိုးရကလည်း သူတို့ခိုင်းသမျှ အကုန်လုပ်ပေးတဲ့ မော်ကွန်းထိန်းကို ရာထူးအဆင့် နိမ့်သွားစေချင်ပုံမရဘူး။ ဒါကြောင့် တစ်ခါမှ မကြားဖူးတဲ့ `စီမံဒုတိယနာယကချုပ်´ဆိုတဲ့ ရာထူးတစ်ခု ထပ်တိုးပြီး သူဟာ ရာထူးတစ်ခု ထပ်ယူလိုက်ပါတယ်။ ဒီအခြေ အနေကို သံဃာတော်များဘက်က မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ဒုတိယနာယကချုပ် ဆရာတော်ကလည်း သဘောပေါက်ပါတယ်။ အစည်းအဝေးပြီးလို့ တစ်ရက်နှစ်ရက် အတွင်းမှာပဲ ရာထူးမှ နှုတ်ထွက်ခါ မိမိနေရင်း ကျောင်းကို ပြန်သွားပါတယ်။

သူ့အတွက်ကတော့ နားအေးသွားပါပြီ။ အေးအေးဆေးဆေး တရားဟောစာချ လုပ်နေရုံပါပဲ။ သူတော်ကောင်း တွေကတော့ သာသနာ့မျက်နှာနဲ့ အာဏာယှဉ်လာရင် သာသနာ့မျက်နှာကိုပဲ ကြည့်တတ်ကြပါတယ်။ တကယ် တမ်း နစ်နာတာကတော့ အမိတက္ကသိုလ်ကြီးနဲ့ တက္ကသိုလ်က သင်တန်းသား သံဃာတော်တွေပါ။

အဆိုပါ စွမ်းအားရှင်တွေဟာ အရာရာကို ခြယ်လှယ်ချင်တဲ့ သဘောနဲ့ ရာထူးအသစ်တွေ တိုးပြီး သူ့ကိုယ်သူ ပေးထားတယ်ဆိုတာ ထင်ရှားပါတယ်။ တက္ကသိုလ်မှာ မော်ကွန်းထိန်း၊ ပါမောက္ခချုပ် (ယာယီ)၊ စီမံဒု-ပါမောက္ခ ချုပ် … ရာထူးအမျိုးမျိုးယူပြီး အရသာတွေ့နေသူ ဖြစ်သွားတယ်။

သိမ်တော်ကြီးကျောင်းတိုက်က သူ့အတ္တတွေကို ပိုပြီး ခိုင်မြဲစေခဲ့တယ်။ သိမ်တော်ကြီးကျောင်းတိုက်ဆိုတာ မ.ဟ.န (နိုင်ငံတော်သံဃာ့မဟာနာယက)က ပိုင်တာ။ ဆိုတော့ အစိုးရကျောင်းပေါ့။ အစိုးရကျောင်းဖြစ်လို့ ကျောင်းထိုင်အဖြစ်ကနေ ဖယ်ပေးရမှာ ကြောက်တာနဲ့ အောက်ဖိ၊ ထက်ဖား စွမ်းအားရှင် ဖြစ်လာရတော့တာပဲ။

တကယ်တော့ သူဟာ အော်ကျယ်အော်ကျယ်ပြောဖို့၊ သံဃာတွေကို ကျောင်းထုတ်ဖို့နဲ့ ရာထူးတက်အောင် အရာရှိတွေကို မျက်နှာလုပ်ဖို့လောက်ပဲ သိပါတယ်။ ဒါကို မဟာနာယက ဆရာတော်ကြီးများ သိဖို့ကောင်းပါ တယ်။ လက်တွေ့မှာ မော်ထိန်းဟာ စစ်အစိုးရ အရာရှိများနဲ့ မဟာနာယက ဆရာတော်ကြီးများကို ပေါင်းပြီး အာဏာတည်မြဲဖို့နဲ့ ရာထူးတက်ဖို့ပဲ ကြိုးစားနေတာပါ။

စက်တင်ဘာအရေးအခင်းနဲ့ အရေးအခင်းမတိုင်မီ ဖြစ်ခဲ့တဲ့ ဆွမ်းကွမ်းမလုံလောက်မှု ပြဿနာတွေမှာ အခြား သော နာယကချုပ်၊ ဒုချုပ်နဲ့ သင်ကြားစီမံ ဆရာတော်တွေအားလုံက အမိတက္ကသိုလ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်နေပေမယ့် သူကတော့ တာဝန်မဲ့စွာပဲ သူနဲ့မဆိုင်ပါဘူး၊ သူ မကြာခင် နှုတ်ထွက်တော့မှာ မကြာခင် နားအေးရတော့မှာပါလို့ ပြောရက်တဲ့ စကားကိုကြည့်ခြင်းအားဖြင့် တက္ကသိုလ်အပေါ် ဘယ်လောက်ချစ်တယ် တက္ကသိုလ်ကနေ ဘာကို အမြတ်ထုတ်ချင်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။

ဒါပေမယ့် အရေးအခင်းပြီးလို့ တည်တည်ငြိမ်ငြိမ် ဖြစ်လာတဲ့အခါကျမှ သူက မဟာနာယက ဆရာတော် တွေနဲ့ပေါင်းပြီး သူပဲ ကိုင်တွယ်လိုက်လို့ အေးအေးဆေးဆေးဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြောခဲ့တာပါ။ ဘာမှမသိရှာတဲ့ ဆရာတော်ကြီးများနဲ့ သာသနာရေးဝန်ကြီးတို့ကလည်း လက်ရှိနာယကချုပ် ဆရာတော်ကြီးကို ရာထူးက ဖြုတ်ပြီး သူ့ကို ယာယီပါချုပ် တင်လိုက်ပါတယ်။ တကယ်တမ်းဖြစ်ရမှာက ကျောင်းသားအများစု လေးစားပြီး အရည်အချင်းရှိတဲ့ ဒုတိယနာယကချုပ် ဆရာတော်က ပါမောက္ခချုပ် ဖြစ်ရမှာပါ။ ဒါပေမယ့် သူက မဟာနာ ယက ဆရာတော်များနဲ့ စစ်အစိုးရဘက်တော်သားများကို ပူပေါင်းပြီး ယာယီပါချုပ်ရာထူးကို ရယူခဲ့ပါတယ်။

အပြင်မှာတော့ ဗိုလ်စောမောင် တိုင်းပြည်ကို ပြောခဲ့သလိုမျိုး သူက ရာထူးကို မလိုချင်ကြောင်း မလုပ်ချင်ဘဲ လုပ်ရခြင်းဖြစ်ကြောင်း သတင်းလွှင့်ပါတယ်။ တွေ့သမျှ လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ်များကိုလည်း သူ့ရဲ့သဘော ထားတွေကို ကိုယ်တိုင်နှုတ်မှ ထုတ်ပြောပါတယ်။ ကျောင်းသားများအပေါ်မှာလည်း စေတနာထားရှိတဲ့အ ကြောင်းကို မကြာခဏ ကိုယ်တိုင်နှုတ်မှ ထုတ်ပြောလေ့ရှိပါတယ်။

တကယ်တမ်း စေတနာရှိမရှိ ဆိုတာကိုတော့ ယာယီပါချုပ် ဖြစ်လာတဲ့အခါကျမှ လက်တွေ့သိလိုက်ရပါတယ်။ စက်တင်ဘာအရေးအခင်းကို အကြောင်းပြပြီး စစ်အစိုးရရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပုံကို သဘောမကျတဲ့ ကျောင်းသားများကို အပြစ်မရှိ အပြစ်ရှာပြီး စစ်အစိုးရအလိုကျ ကျောင်းမှ ထုတ်ပစ်ခဲ့ပါတယ်။ တက္ကသိုလ်ကို လည်း စစ်အာဏာရှင်တို့ရဲ့ မူအတိုင်း သင်ကြားစီမံ ဆရာတော်များ၊ ကျောင်းသားများ မနေနိုင်အောင် အ ကြောင်းအမျိုးမျိုးပြကာ စည်းကမ်းတင်းကျပ်ပါတယ်။

စစ်အာဏာရှင်များ သဘောကျအောင်လို့ အချို့သော အဆောင်းမှူးများကလည်း အာဏာရှင်ယာယီ ပါမောက္ခ ချုပ်နဲ့ ပေါင်းပြီး အပြစ်မဲ့တဲ့ ကျောင်းသားများကို ကျောင်းထုတ်စေခဲ့ပါတယ်။ တကယ်တမ်း စမ်းစစ်ကြည့်တော့ အထုတ်ခံရတဲ့ ကျောင်းသားတွေဟာ နိုင်ငံရေးကြောင့်မဟုတ်ဘဲ အဆောင်မှူးတွေရဲ့ အမြင်ကပ်တဲ့ ပုဒ်မတွေ ကြောင့်ဆိုတာ တွေ့ရပါတယ်။ အဆိုပါ အဆောင်မှူးတွေထဲမှာ မကွေးအဆောင်မှူးဟာ ထိပ်တန်းက ပါဝင်ခဲ့ တဲ့ စွမ်းအားရှင်ပဲ ဖြစ်ပါတယ်။

သူဟာ မင်္ဂလာဗျူဟာနဲ့ ဓမ္မဗျူဟာ လိုထင်းရှားတဲ့ ပြင်ပဌာနတွေမှာ လူပုဂ္ဂိုလ်များကို သင်တန်းအမျိုးမျိုး ပို့ချ ပြီး တက္ကသိုလ်ကို ခုတုံးလုပ်စားနေတဲ့ စွမ်းအားရှင် ဖြစ်ပါတယ်။ အဆောင်သံဃာများအပေါ်မှာ အလေးမထား ဘဲ ဒကာဒကာမပေါများရေး ဘုန်းကံကြီးရေးကိုသာ လုပ်ဆောင်နေသူပါ။

ဒါကိုလည်း အဆောင်နေသံဃာများနဲ့ တက္ကသိုလ်တစ်ဝန်းလုံးက သိကြပါတယ်။ သူ့ရဲ့အပြစ်တွေကို ဖုံးကွယ် ချင်တော့ ယခု ယာယီပါချုပ် တစ်ဖြစ်လဲ မော်ကွန်းထိန်းနဲ့ပေါင်းပြီး သူအမြင်မကြည်တဲ့ သင်တန်းသားများကို နိုင်ငံရေးပုဒ်မ ဘာပုဒ်မ ညာပုဒ်မတွေတပ်ပြီး ကျောင်းကနေ နှင်ထုတ်ခိုင်းပါတယ်။

အာဏာရူးနေတဲ့ မော်ထိန်းကလည်း ရာထူးအသစ်နဲ့ဆိုတော့ လက်စွမ်းပြချင်နေတာ အတော်ဖြစ်သွားပုံရပါ တယ်။ ချက်ချင်းပဲ မစူးစမ်း မစုံစမ်းဘဲနဲ့ အဲဒီသံဃာတွေကို စက်တင်ဘာမှာ ဦးဆောင်ပါတယ်ဆိုပြီး ကျောင်း ကနေ ထုတ်ပစ်ပါတယ်။ ပြီးတော့ သူတို့လုပ်တာ မဟုတ်ပါဘူး အစိုးရက စာတိုက်ရိုက်လာလို့ လုပ်တာပါ လို့ ပြောပါတယ်။ မကွေးအဆောင်မှူးနဲ့ မော်ကွန်းထိန်းတို့ရဲ့ ပူပေါင်းကြံစည်မှုကြောင့် တက္ကသိုလ်ကနေ ထွက် ခွာသွားရတဲ့ သံဃာတော်တွေဟာ အပါး၂၀-ထက် မနည်းတော့ပါဘူး။ အဲဒီ သံဃာငယ်တွေဟာ အရည်အချင်း ပြည့်ဝပြီး စာကြိုးစားတဲ့သူတွေပါ။ အနာဂတ်အတွက် မိမိကျေးရွာ မိမိမြို့နယ်တို့က အားထားနေတဲ့ အရှင် ကောင်းလေးတွေပါ။

စာရေးသူဟာ ပုဂ္ဂိုလ်ရေးတွေ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အစကောင်းခဲ့တဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးဟာ အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေရဲ့ လက်အောက်မှာ ပျက်စီးသွားမှာ စိုးမိပါတယ်။ ပြည်တွင်းပြည်ပမှ ရဟန်းရှင်လူ ပြည်သူများအားလုံး စွမ်းအားရှင် ဆရာတော်များအကြောင်းကို သိစေရန်၊ တက္ကသိုလ်နဲ့ ပတ်သက်ပြီး နစ်နာသွားခဲ့ကြရတဲ့ နစ်နာနေကြတဲ့ အခွင့်အရေးတွေ ဆုံးရှူံးနေတဲ့ စာသင်သား သံဃာတော်များ အကြောင်းကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်။

စွမ်းအားရှင်တွေကြောင့် ဒုက္ခရောက်သွားတဲ့ သံဃာတွေကို ဘယ်လို အကူအညီ ပေးကြမယ်ဆိုတာ စဉ်းစား ပေးကြဖို့ရန်နဲ့ စွမ်းအားရှင် သံဃာတော်များကို မြန်မာနဲ့ကမ္ဘာသိအောင် လုပ်ဖို့လိုပါတယ်။ `စွမ်းအားရှင်ဘုန်း ကြီး´တွေကို အများသိအောင် လုပ်ကြရပါမယ်။ ဒီနေ့ န.အ.ဖ စစ်အစိုးရရဲ့ လက်ကိုင်တုတ်တွေဟာလည်း စွမ်းအားရှင်တွေပဲ ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ သိပြီးပြီဆိုရင် သိတဲ့အတိုင်း အားလုံးစုပေါင်းပြီး စွမ်းအားရှင် နှိမ်နင်းရေးတွေ လုပ်ကြရမယ်။ ဒီလို စွမ်းအားရှင်တွေ ခေါင်းဆောင်ဖြစ်လာတဲ့ တက္ကသိုလ်ကြီး ဟာလည်း ဘယ်လောက်ပင် အစကောင်းခဲ့သည်ဖြစ်စေ ပုပ်လာတဲ့ အသီးလိုပဲ သုံးစားမရ ဖြစ်လာပါလိမ့်မယ်။

သူတို့ကို ထောက်ပံ့ပေးနေတဲ့ ဒကာဒကာမတွေဟာ အဆိုပါ စွမ်းအားရှင် ကိုယ်တော်တွေရဲ့ သရုပ်အမှန်ကို မသိရှာကြပါဘူး။ အများအကျိုးအတွက်ကို မကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ ကြည့်တတ်တဲ့ အဆိုပါ စွမ်းအား ရှင်တွေရှိနေတာ တက္ကသိုလ်အတွက် နစ်နာပါတယ်။ မင်းကွန်းဆရာတော်ကြီးသာ ဒီအကြောင်းတွေ သိခဲ့ မယ်ဆိုရင် အလွန်စိတ်ပင်ပန်း ဖြစ်နေပါလိမ့်မယ်။

အဆိုပါ စွမ်းအားရှင်ဘုန်းကြီးတွေနဲ့ ပတ်သတ်ဆက်စပ်တဲ့ ဒကာ၊ ဒကာမများ၊ ရဟန်းတော်များကို စာရေးသူ တိုက်တွန်းချင်ပါတယ်။ သူပြောငါပြောတွေက မသေချာပါဘူး။ စာရေးသူ ရေးတာတွေကိုလည်း မမေးမြန်းဘဲ မယုံစေချင်ဘူး။ သိချင်ရင် သာသနာ့တက္ကသိုလ်ကို သွားကြပါ။ မကွေးအဆောင်မှာနေတဲ့ သံဃာတော် တစ်ပါး ပါးကို မေးမြန်းပါ။ စုံစမ်းပါ။ စာရေးသူရေးတာတွေ ဟုတ်မဟုတ်ကို သွားရောက် မေးကြပါ။ တကယ့်အမှန် တရားတွေကို သိကြရပါလိမ့်မယ်။ စာရေးသူရေးတာတွေဟာ `လိုတောင် လိုနေသေးတယ်´လို့တောင် ပြော ဖြစ်နေပါလိမ့်မယ်။

အထူးသဖြင့် မင်္ဂလာဗျူဟာက တာဝန်ရှိသူတွေကို သိစေချင်ပါတယ်။ သင်တန်းသားတွေကိုလည်း သိစေချင် ပါတယ်။ အယုံအကြည် မမှားကြဖို့ သတိပေးချင်ပါတယ်။ တာဝန်ရှိသူတွေနဲ့ သင်တန်းသူ၊ သင်တန်းသား တွေအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေအကြောင်း သိချင်ရင် တက္ကသိုလ်ကို သွားရောက်စုံစမ်းနိုင် သလို သင်တန်းပို့ချနေတဲ့ တခြားဆရာတော်တွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဆရာတော်တွေက အရိပ်အ ခြည်လောက်တော့ ပြောပြပါလိမ့်မယ်။ သင်တန်းတာဝန်ရှိသူတွေ၊ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ အမိမြန်မာနိုင်ငံကို စစ်ကျွန်ဘ၀မှ အမှန်တကယ် လွတ်မြောက်စေချင်တယ် ဆိုရင်တော့ လုပ်သင့်လုပ်ထိုက် တာကို လုပ်ဖြစ်အောင်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

အမိမြန်မာနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်ကြပါတယ်ဆိုရင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအနေနဲ့ အဆိုပါ စွမ်းအားရှင် ဘုန်းကြီးတွေကိုသာမက တစ်နိုင်ငံလုံးက စွမ်းအားရှင်တွေကို လူ့အဖွဲ့အစည်းကနေ ကျဉ်ဖယ် ထားဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ န.အ.ဖရဲ့ ဒေါက်တိုင်တွေကို ဖြုတ်ထုတ်ပစ်ရာကျပါတယ်။ ဒီလိုလုပ် တာဟာ အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တကယ်ထိရောက်တဲ့ နည်းဖြစ် ကြောင်း သဘောပေါက်ကြရပါမယ်။

စာရေးသူအနေနဲ့ကတော့ နိုင်ငံကို ကောင်းအောင်လုပ်တာဟာ သာသနာကို ကောင်းအောင်လုပ်တာနဲ့ ခွဲခြား လို့ မရဘူးဆိုတာကို ချွင်းချက်မရှိ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သာသနာဆိုတာ နိုင်ငံကို အမှီပြုပြီးမှ ကြီးပွားရတာ ဖြစ်လို့ပါပဲ။ သာသနာ့သမိုင်းရဲ့ ဘယ်ကာလမှာပဲဖြစ်ဖြစ် နိုင်ငံမကောင်းရင် သာသ နာဆိုတာ အမှန်တကယ် မဖြစ်ထွန်းခဲ့ပါဘူး။ စေတီပုထိုးတွေ၊ ဘုရားတွေ တည်တာဟာ အမှန်တကယ် သာ သနာကို အဓွန့်ရှည်စေတဲ့နည်း မဟုတ်ပါဘူး။ အာဖဂန်နစ္စတန်စတဲ့ နိုင်ငံတွေကို ဥပမာယူစေချင်ပါတယ်။

ပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို ဗုဒ္ဓအဆုံးအမတွေနဲ့ ထုံးမွှမ်းစေရပါမယ်။ စာရိတ္တမဏ္ဍိုင်တွေကို ဗုဒ္ဓအဆုံးအ မတွေနဲ့ တည်ဆောက်ပေးရပါမယ်။ အခုဆိုရင် ပြည်သူတွေဟာ ယိုယွင်းခြစားနေတဲ့ အုပ်ချုပ်မှုယန္တယား အောက်မှာ စာရိတ္တမဏ္ဍိုင်တွေကလည်း ယိုယွင်းလာနေတာ စိတ်မကောင်းစွာနဲ့ မြင်နေရပါတယ်။ စာဖတ် သူများအနေနဲ့ ဒီလို အခြေအနေတွေကို လက်ပိုက်ကြည့်နေကြတော့မှာလား။ ကိုယ့်ကိုကိုယ် အဲဒီမေးခွန်းလေး မေးကြည့်စေချင်ပါတယ်။

ဒီနေ့ခေတ်အကြောင်းအရာတွေက ကြောင်လှောင်သံကွင်းဆက်လို ပိုပိုပြီး ဆက်စပ်လာတယ်။ တစ်ခုနဲ့တစ်ခု က ခွဲခြားပြီး ကြည့်လို့မရဘူး။ ဆိုတော့ … စာဖတ်သူအနေနဲ့ သင့်ပတ်ဝန်းကျင်က စွမ်းအားရှင် တစ်ယောက်ကို အမြင်မှန်ရအောင် ပြောဆိုနိုင်ရင် သို့မဟုတ် မရတဲ့အဆုံး ကျဉ်ဖယ်ထားနိုင်ရင် သင်ဟာ အမိမြန်မာနိုင်ငံ အတွက် ထမ်းဆောင်ရာကျသလို ဗုဒ္ဓမြတ်စွာသာသနာကို စောင့်ရှောက်ရာလည်း ကျပါလိမ့်မယ်။

အခုဆိုရင် သံဃာတွေဘက်က ရပ်တည်တဲ့ ဒုတိယပါမောက္ခချုပ်ကလည်း နှုတ်ထွက်သွားတယ်။ ပါချုပ်အသစ် ကလည်း တက္ကသိုလ်မှာ ၀ါမဆိုဘူး။ ဒါကြောင့် အာဏာရှင် မော်ကွန်းထိန်းဆရာတော်ဟာ ပါချုပ်လည်း သူ၊ ဒုချုပ်လည်း သူ၊ မော်ထိန်းလည်း သူနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပါပြီ။ စည်းမျဉ်းတွေလည်း စိတ်ကြိုက်ထုတ်ကာ အာဏာရှင်လုံးလုံး ဖြစ်သွားပါပြီ။ အဆောင်မှူးတွေကိုလည်း သူ့ဘက်ပါအောင် စည်းရုံး ပြီး သူ့လုပ်ငန်းတွေကို ထောက်ခံဖို့နဲ့ သံဃာတွေကို နှိမ်နှင်းဖို့ ဖိအားတွေပေးနေပါပြီ။

နောက်ထပ် အပြစ်မဲ့တဲ့ သံဃာတော်တွေ ဘယ်နှစ်ပါးလောက် ပန်းကောင်းအညွန့်ချိုး ခံရဦးမလဲ မသိပါဘူး။ အခုတော့ တက္ကသိုလ်ဟာ မင်းကွန်းဆရာတော်ကြီး အလိုကျမဟုတ်တော့ဘဲ စစ်အာဏာရှင်အလိုကျ အာ ဏာတည်မြဲရေး လာဘ်လာဘ ပေါများရေး နာမည်ကြီးရေးသာ ဖြစ်နေပြီဆိုတာ အားလုံးသိစေချင်လို့ ဒီစာကို အခက်အခဲ အမျိုးမျိုးကြားက ရေးလိုက်ပါတယ်။ ဒါကို တက္ကသိုလ်ကို အသစ်ဝင်လာမယ် သင်တန်းသား သံဃာများနဲ့ ပြည်တွင်းပြည်ပမှ တက္ကသိုလ်နွယ်ဖွား အရှင်မြတ်များသိရှိပြီး အရှင်ဘုရားတို့အနေနဲ့ စစ်အာ ဏာရှင် ခေါင်ဆောင်များ ပြုတ်ကျရေး ကြိုးစားနေသလို စစ်အာဏာရှင်အလိုကျ အုပ်ချုပ်နေတဲ့ န.အ.ဖဒေါက် တိုင် စွမ်းအားရှင် ဆရာတော်များကိုလည်း အများပြည်သူသိအောင် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းပါရ စေ။

သာသနာ့တက္ကသိုလ်မှ သံဃာတော်များအနေနဲ့လည်း အမိတက္ကသိုလ်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက် ရေးအတွက် စွမ်းအားရှင်ဘုန်းကြီးတွေကို အမိတက္ကသိုလ်က ပ, ထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ စွမ်းအား ရှင်များ သာသနာ့တက္ကသိုလ်မှ ပ,ပျောက်သွားမှသာ အရှင်ဘုရားတို့ ချစ်တဲ့ သာသနာ့တက္ကသိုလ်ကြီးဟာ သန့်ရှင်းလတ်ဆတ်စွာ ရှင်သန်လာပါလိမ့်မယ်။ ပုပ်လာတဲ့ အသီးကို ဖယ်ထုတ်ပြီးမှသာ ပြည်သူတွေအားလုံး စားသုံးလို့ရမယ့် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးများ သီးလာပါလိမ့်မယ်။

ပြည်ချစ်ဘုန်းဘုန်း
၁၄-၈-၀၈

No comments: