Thursday, August 28, 2008

အပြစ်တွေ ပုံချနေရုံနဲ့မပြီး

ဇော်မင်း(လူ့ဘောင်သစ်)

ဧရာဝတီအွန်လိုင်းမှ ဆောင်းပါးရှင် ကျော်စွာမိုးရဲ့ “မညီညွတ်မှုများကြောင့် ပေးဆပ်ရသည့် အဖိုးအခများ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒီဆောင်းပါးမှာ ဆောင်းပါးရှင်က ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူအချို့နဲ့ တွေ့ဆုံမေးမြန်းပြီး မြန်မာ့ဒီမိုကရေစီအရေးဟာ ဘာ့ကြောင့် အခုအထိ အောင်ပွဲမရသေးတာ လဲဆိုတာကို တင်ပြထားပါတယ်။ မေးခွန်းအမေးခံရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ တူညီတဲ့အဖြေကတော့ ခေါင်းဆောင် များအကြား ညီညွတ်မှုကို မတည်ဆောက်နိုင်ခဲ့လို့ အောင်ပွဲမရခဲ့တာလို့ ဆိုပါတယ်။

မှန်ပါတယ်။ မမှားနိုင်တဲ့ အဖြေကို ပေးလိုက်ခြင်း ဖြစ်တယ်လို့လည်း ဆိုရမှာပါ။ သို့သော် အဲသလောက် အဖြေ ပေးရုံနဲ့ လုံလောက်ပြီလားဆိုတာကိုလည်း အဖြေပေးတဲ့သူတွေကို တဖက်မှာ ဂဃနဏ ပြန်မေးဖို့ လိုမယ်လို့ ယူဆမိပါတယ်။

နိုင်ငံရေးသမိုင်းမှာ ဖြစ်တည်ခဲ့တာတွေ၊ ပြောင်းလဲခဲ့တာတွေ၊ မပြောင်းလဲဘဲ ရှိနေသေးတာတွေ၊ ကြန့်ကြာနေ တဲ့ ကိစ္စတွေကို အကဲခတ်တဲ့နေရာမှာ တတ်နိုင်သမျှ သင်ခန်းစာ ထုတ်နှုတ်နိုင်အောင် တနည်းပြောရရင် အ ကျိုးရှိစေတဲ့ ချဉ်းကပ်မှုမျိုးတွေကနေတဆင့် ပြောဆို၊ ဝေဖန်၊ ထောက်ပြဖို့ လိုပါတယ်။ သူတို့ကြောင့်၊ ဟိုလူ တွေကြောင့်၊ ဒီခေါင်းဆောင်တွေကြောင့်ဆိုပြီး ခပ်လွယ်လွယ် အပြစ်ပုံချလိုက်ရုံနဲ့ မပြီးပါဘူး။ အဲဒါအပြင် အဲသ လို အပြစ်ပုံချလိုက်တာကိုက နောင်မှာ ထပ်ပြီး စိတ်ဝမ်းကွဲဖို့ တွန်းအားကို ဖြစ်စေနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီး၊ ဦးနုတို့သာ အဲဒီအချိန်တုန်းက ကိုယ့်လမ်းကိုယ်မသွားဘဲ ညီညွတ်ခဲ့ ရင် မြန်မာပြည်ရဲ့ ဇာတ်လမ်းက တမျိုးတဖုံ ဖြစ်သွားခဲ့နိုင်တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ကိုအောင် နိုင်ဦးက ဆိုထားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက ဘယ်လိုတမျိုးတဖုံ ဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ သူ့အ နေနဲ့ ဆက်ပြီးရှင်းလင်းပြောဆိုထားခြင်း မရှိပါဘူး။ ဥပမာအနေနဲ့ ပြန်မေးခွန်းထုတ်ရမယ်ဆိုရင် ခေါင်းဆောင် သုံးဦးသာ ညီညွတ်ခဲ့ရင် …

၁။ နိုင်ငံစုံ(သို့) အမေရိကန်တပ်တွေဝင်လာပြီး ကူညီမှာကို ရည်စူးပြောတာလား။ အဲဒီကာလတုန်းက မြန်မာ့ ရေပိုင်နက် အနီးအနားမှာ အမှတ် (၇) အမေရိကန်ရေတပ် ရောက်နေတယ်လို့ သတင်းများကလည်း ဖြစ်နေခဲ့ ပါတယ်။
၂။ မြန်မာ့တပ်မတော်ကြီး တခုလုံးက ခေါင်းဆောင်သုံးဦးနောက်ကို အလုံးအရင်းလိုက် ပြိုဆင်းပြီး ပါလာမှာကို ဆိုလိုတာလား။
၃။ သို့မဟုတ် စစ်တပ်က ဦးနေ၀င်းအပါအ၀င် မဆလခေါင်းဆောင်များရဲ့ ဦးဆောင်မှုကို လစ်လျူရှုလိုက်ပြီး ကြားနေပေါ်လစီကို ကိုင်စွဲကာ ဒီမိုကရေစီ ဖော်ဆောင်မှုကို မနှောက်ယှက်ဘဲ နေပေးမှာကို ဆိုလိုတာလား။

တဖက်က ကြည့်ပြန်ရင်လည်း ညီညွတ်ရေး ဆိုတာကို အဲသည့်တုန်းက ရှစ်လေးလုံးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်များနဲ့ ကျောင်းသားလူငယ်ထု အကြားမှာကော သဘောပေါက်ကြရဲ့လားဆိုတာ ပြန်ငဲ့စောင်းကြည့်ဖိုလည်း လိုပါတယ်။ အင်တာဗျူးခံရတဲ့ လူပုဂ္ဂိုလ်များလည်း အဲဒီအချိန်တုန်းက ကျောင်း သားတွေပါ။ ကျောင်းသားများလည်း အုပ်စုတွေ ကွဲနေခဲ့တာ အထင်အရှားပါ။ နောက်တချက်ကလည်း အဲဒီကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးကို အဲဒီတုန်းက ဘယ်လိုနားလည်သလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ထိုစဉ်ကာလက ဒေါ်စု၊ ဦးနု၊ ဦးအောင်ကြီးတို့နဲ့ တန်းတူအရေးပါတဲ့ သူများကလည်း တခြားသူများ မဟုတ်ပါ။ တိုင်းပြည်အနှံ့အပြားက ကျောင်းသားခေါင်းဆောင်များနဲ့ သူတို့ရဲ့ ကျောင်းသားအဖွဲ့အစည်းများ ဖြစ်ကြပါတယ်။

ဦးနုက ကျွန်ုပ်သာလျှင် တရားဝင် ၀န်ကြီးချုပ်ဖြစ်တယ်လို့ ကြေညာတော့ အဲဒီကျောင်းသားခေါင်းဆောင် အ များစုနဲ့ ကျောင်းသားအဖွဲ့အစည်းများက ဦးနုဟာ အသက်ကြီးမှ အာဏာရူးတယ်။ ကျောင်းသားတွေက လှုပ် ရှားမှုကို အသက်စွန့်ပြီး လုပ်ခဲ့တာအပေါ်မှာ အမြတ်ထုတ်တယ်။ ကျောင်းသားတွေရဲ့ အရိုးပုံပေါ်မှာ တက် ထိုင်တယ်လို့ ကက်ကက်လန်အောင် စွပ်စွဲခဲ့တာကိုလည်း အဲဒီတုန်းက ကျောင်းသားဖြစ်ခဲ့သူတိုင်း မမေ့ဖို့လို ပါတယ်။ ဥပဒေကြောင်းအရ ပြောရရင် ဦးနုလုပ်တာ မှားတယ်လို့ ပြောလို့မရပါ။ ဗိုလ်ချုပ်နေ၀င်းက သေနတ် ထောက်ပြီး လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဦးနုမှာ တရားဝင်မှု ရှိနေပါသေးတယ်။

ဦးနု အဲသလို နိုင်ငံရေးကျားကွက်ရွှေ့တာကို ကျောင်းသားလူငယ်အများစုက နားမလည်သလို လက်လည်းမခံ ခဲ့ကြပါဘူး။ ကျောင်းသားက ခေတ်ကောင်းပြီး တန်ခိုးကြီးနေတော့ ကျောင်းသားခေါင်းဆောင်တွေ လက်မခံတဲ့ ကိစ္စကို ကျန်တဲ့ နိုင်ငံရေးသမားကြီး အတော်များများကလည်း လက်ခံသဘောတူဖို့ အဆင်သင့် မဖြစ်ဘူးလို့ ယူဆနိုင်ပါတယ်။ သို့မဟုတ်ပါကလည်း ဦးနုအပေါ်မှာ အရင်ကရှိခဲ့တဲ့ နိုင်ငံရေးကျောင်းတော်က ရန်စတွေ ကြောင့် သဘောမတူတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သို့သော်လည်း အခုလို အနှစ်(၂၀) ကြာမှ ဦးနု အဲဒီတုန်းက လုပ်ခဲ့တဲ့ နိုင်ငံရေးကစားကွက်ဟာ လုပ်သင့်တဲ့ ကစားကွက်လို့ ၁၉၈၈ ကျောင်းသားမျိုးဆက်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း အတော်များများက အပြင်စကားဝိုင်းတွေမှာ ၀န်ခံကြပါတယ်။ နေရာအဆင့်ဆင့်မှာ လူငယ်ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့ သူများအနေနဲ့ ကိုယ်ကိုယ်တိုင် အားနည်းခဲ့တာကိုလည်း ပြန်ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ တဦးနဲ့တဦး အ ပြစ်တင် လက်ညှိုးထိုးတာတွေကို ရပ်ဆိုင်းသင့်ပါပြီ။ လူတိုင်း အမှားနဲ့ မကင်းကြပါ။

အင်္ဂလိပ်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ၀င်စတန်ချာချီက သူရဲ့ “Road to Victory” ဆိုတဲ့ စာအုပ်ထဲမှာ အခုလို ပြောခဲ့ဖူး ပါတယ်။ “အောင်ပွဲဆိုတာ လွယ်လွယ်နဲ့ ရလေ့မရှိတာ သဘာဝပါ။ မတော်တဆ ဖြစ်မှုတွေကလည်း ရှိ။ ဒီကြားထဲ အမှားမှားအယွင်းယွင်း လုပ်မိတာတွေလည်း ရှိပါတယ်။ တခါတရံမှာလည်း အရင်က အမှန်လို့ သတ်မှတ်ထားတာတွေက အခုမှားနေတတ်ပြီး၊ အရင်က မှားတယ်လို့ ထင်နေတာတွေ က အခုမှန်နေတတ်တဲ့ အခြေအနေမျိုးတွေကိုလည်း ကြုံရလေ့ရှိပါတယ်။ စစ်တပွဲ နွှဲရတယ်ဆိုတာ အ လွန်ခက်ခဲပါတယ်။ အထူးသဖြင့် တိုက်ပွဲထဲမှာ ကိုယ်တိုင်ဆင်နွှဲနေရတဲ့သူတွေအဖို့ ပိုလို့အခက်အခဲ တွေနဲ့ ရင်ဆိုင်ရပါတယ်”

ဆိုလိုတာကတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ကိုယ်လိုချင်တဲ့အတိုင်း ကိုယ်တွက်ထားတဲ့အတိုင်း အောင်ပွဲလမ်း ကြောင်းပေါ် ရောက်ချင်မှ ရောက်ပါလိမ့်မယ်။ ကိုယ်မထင်ထားတဲ့ ကိုယ်တွက်ချက်မထားတဲ့ အခြေအနေနဲ့ အောင်ပွဲလမ်းကြောင်းပေါ်ကို ရောက်သွားတာလည်း ရှိတတ်ပါတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ Win-Win situation “သူလည်းမနာ ကိုယ်လည်းမနာဆိုတဲ့ အခြေအနေမျိုး”၊ End game လို့ ပြောနေကြတဲ့ အဆုံးသတ် အဖြေရောက်ဖို့ တွက်ချက်မှုတို့ဆိုတာ ဖြစ်စေချင်တဲ့သူတွေဖက်က တွက်ချက်တာပါ။ ဒါပေမယ့် ကိုယ်တွက် သလို ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုတာကိုလည်း တဖက်မှာ ကြိုနားလည်ထားဖို့ လိုပါတယ်။

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ နိုင်ငံတွေမှာ အောင်ပွဲရတဲ့အခါကျမှသာ ဘာကြောင့် အောင်ပွဲရခဲ့ တယ်ဆိုတာကို ပြန်တွက်ချက်ကြရပါတယ်။ နိုင်ငံတခု ဖိနှိပ်အုပ်စိုးသူအောက်ကလွတ်ဖို့ (သို့မဟုတ်) ရလဒ် ကောင်းတဲ့ အသွင်ကူးပြောင်းမှုတခုဆီသို့ ဦးတည်နိုင်မှုတို့အတွက် ဘယ်ဖော်မြူလာကိုသုံးရင် အောင်မြင် မယ်လို့ အတိအကျ ကြိုပြီးတွက်ဖို့ အလွန်ခက်ပါတယ်။ စနစ်တကျ ဝေဖန်ထောက်ရှုပြတာမျိုးကို ကြိုဆိုရမှာ ပါ။ သို့သော် အောင်ပွဲမရသေးခင် (သို့) အောင်ပွဲမရသေးလို့ အပြစ်တင်တာကတော့ တဖက်သတ်ဆန်လွန်းပါ တယ်။

အရှေ့ဥရောပနိုင်ငံတွေမှာ ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့တာ ဘာလင်တံတိုင်းကြီး ပြိုခဲ့တဲ့ ၁၉၈၉ ကာလက စရမှာဖြစ်ပါတယ်။ ဘာလင်တံတိုင်းကြီး ပြိုခဲ့တာမှာလည်း အရှေ့အနောက် ဂျာမန်ပြည်သူတွေရဲ့ လှုပ်ရှားမှု တွေကြောင့်ဖြစ်သလို ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ကိုယ်တိုင် ပွင့်လင်းလွတ်လပ်တဲ့ လမ်းကြောင်း တံခါးကို ဖွင့်ပေးခဲ့လို့ဆိုတာ မမေ့ဖို့ လိုပါတယ်။ သူတို့ဆီမှာ ဖြစ်ပျက်ကြုံတွေ့ရတာတွေနဲ့ ကျနော်တို့ မြန် မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဘယ်လိုမှ မတူနိုင်ပါဖူး။ သူတို့ဆီမှာ ဖြစ်ပျက်ခဲ့တဲ့ Win-Win situation သူလည်းမနာ ကိုယ်လည်းမနာဆိုတဲ့ အခြေအနေမျိုးက နှစ်ဖက်စလုံး သဘောတူညီတဲ့အခါမျိုးမှာသာ အလုပ် ဖြစ်ပါတယ်။ တဖက်ဖက်က ဆန္ဒမရှိသေးဘူးဆိုရင် “Win-Win” အခြေအနေရောက်ဖို့ ခက်ခဲနေဆဲပါ။

ကိုညိုအုန်းမြင့်ရဲ့ တင်ပြချက်တခုဖြစ်တဲ့ “ မြန်မာလူမျိုးအများစုက ရပ်တည်ချက် ပြင်းထန်တာမျိုးကို သဘော ကျခဲ့ပြီး အပေးအယူလုပ်ရန် မလိုလားခဲ့ဟု” ဆိုတဲ့ ကောက်ချက်ကို ဆွေးနွေးချင်ပါတယ်။ ဒီကနေ့ခေတ် ကြီးမှာ မိမိထင်မြင်ချက် တခုတည်းနဲ့ ပြဿနာများကို မချဉ်းကပ်သင့်ပါ။ ကိုညိုအုန်းမြင့်အနေနဲ့ ရပ်တည်ချက် ပြင်းထန်တဲ့ လူအချို့နဲ့ တွေ့ဆုံဖူးလို့ ဒီလိုပြောဟန်ရှိတယ်လို့ ယူဆပါတယ်။ မြန်မာလူမျိုးတွေက ရပ်တည်ချက် ပြင်းထန်တာကို သဘောကျတယ်လို့ဆိုရင် ဘယ်လိုရပ်တည်ချက် ပြင်းထန်ကြောင်း စစ်တမ်းကောက်သုတေ သန လုပ်ထားတဲ့ အချက်တွေနဲ့ ကိုးကားပြောဖို့လိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အင်္ဂလိပ်အစိုးရကို နည်းနာပေါင်းစုံသုံးပြီး တိုက် ပွဲဝင်ခဲ့တာ မမေ့ဖို့လိုပါတယ်။ အင်္ဂလိပ်တွေနဲ့ တဖက်မှာ ဆွေးနွေးသလို တဖက်မှာလည်း မရခဲ့ပါက ပြန်ချ ဖို့အတွက် ပြင်ဆင်ထားခဲ့တာလည်း ရှိနေပါတယ်။ နောက်ဆုံး ဆွေးနွေးခြင်းနဲ့ လွတ်လပ်ရေးကို ရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ စစ်သွေးကြွနေခဲ့ပါက စစ်လက်ကျန် လက်နက်များကို အသုံးပြုပြီး စစ်အတွေ့အကြုံ ရှိလာခဲ့ပြီဖြစ်တဲ့ ရဲဘော်တွေနဲ့ အင်္ဂလိပ်ကို ပြန်ပြီးတိုက်ခိုက်နိုင်ပါတယ်။ အင်္ဂလိပ်တွေနဲ့ လေကုန်ခံပြီး ဆွေးနွေးဖို့ မလိုပါ။ အောင်ဆန်း-အက်တလီ စာချုပ်ဆိုတာလည်း ပေါ်လာခဲ့မည် မဟုတ်ပါ။ အင်္ဂလိပ်တွေ အားထားတဲ့ အိန္ဒိယတပ်တွေလည်း ထိုအချိန်က ၀န်ကြီးချုပ်နေရူးရဲ့ သဘောတူညီချက်မပါဘဲ မြန်မာပြည်စစ်မျက်နှာအတွက် အသုံးပြုလို့ မရတော့ပါ။

တကယ်တမ်းဆိုရပါက ရပ်တည်ချက်ပြင်းထန်သူများမှာ မြန်မာပြည်သူများမဟုတ်။ စစ်အစိုးရ ခေါင်းဆောင် ပိုင်းသာ ဖြစ်တယ်ဆိုတာ အခုအထိ ကွက်ကွက်ကွင်းကွင်း မြင်နေရဆဲပါ။ သက်သေတခု ထုတ်ပြချင်ပါတယ်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နအဖ၀န်ကြီး အောင်သောင်းရဲ့ မိန့်ခွန်းထဲမှာ “ဘဏ္ဍာရေးလုပ်ငန်းဆိုတာ လေးတန်းအောင်လည်း လုပ်လို့ရတယ်။ မြန်မာနိုင်ငံမှာ ဆည်တွေတည်ဆောက်သွားခဲ့တဲ့ အနော်ရထာဘုရင် ဟာ ဘယ်တက္ကသိုလ်မှ မတက်ဖူးဘူး ” ဆိုတဲ့ စကားကို ပြန်လေ့လာကြည့်ပါ။ အဲသလို လူမျိုးတွေသာလျှင် ရပ်တည်ချက် ပြင်းထန်သူများ ဖြစ်ပါတယ်။ မြန်မာလူမျိုးတစုံလုံးနှင့် မဆိုင်ပါ။ ထိုလူစားမျိုးတွေဟာ ဘယ်လို လုပ် “Win-Win ” အခြေအနေကို လက်ခံပါ့မလဲ။ Winner takes all နိုင်သူအကုန်ယူစတမ်း ဆိုတဲ့ စစ်တပ် နောက်ခံထားတဲ့ လူစားမျိုးတွေဖြစ်နေတာကို မမေ့အပ်ပါ။

တဖန် ကိုအောင်နိုင်ဦး အဆိုပြုထားတဲ့ အချက်တချက် ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာတွေကို အခုအချိန်မှာ ပြောမနေတော့ဘဲ အာဏာကို ဘယ်လိုခွဲဝေယူမလဲဆိုတာ ပြတ် ပြတ်သားသား ကမ်းလှမ်းဖို့လိုပါတယ်လို့ ဆိုထားတဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်လို့ အဖွဲ့ချုပ်က အာဏာ အတွက် သူတို့အနိမ့်ဖက်ကနေပြီး ကမ်းလှမ်းဦးတော့ စစ်အစိုးရက သဘောတူမယ်လို့ ထင်ပါသလား။ ပြော တာတော့ အကြံပေးတာကတော့ လွယ်ပါတယ်။ အကြံပေးသူက သူ့အကြံ အလုပ်မဖြစ်လို့ အလျော်ပြန်ပေးရ တယ် ဆိုတာမျိုးမရှိပါ။

နောက်တချက်ကလည်း စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ဇွတ်အတင်း အတည်ပြု ထားပြီး ဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။ ဘယ်သူနဲ့မှ အပေးအယူ မလုပ်ချင်လို့ ဒီလမ်းကြောင်းကို သွားနေတာဖြစ်ပါတယ်။

ညီညွတ်ရေးဆိုတာ လိုတာအမှန်ပါပဲ။ အာဖရိကစကားပုံ တခုရှိပါတယ်။ ပင့်ကူလေးများ ညီညွတ်သောအခါ ပင့်ကူအိမ်အမြောက်အများ ထုနဲ့ထည်နဲ့ရက်လုပ်ပြီး ခြင်္သေ့ကြီးကို ပင့်ကူအိမ်အတွင်း လှဲချထောင်ဖမ်းနိုင်လိုက် တယ် ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ ဒီလိုအဆို ဒီလိုစကားမျိုးတွေဟာ လူတွေကို စိတ်ခွန်အားဖြစ်ဖို့ အတုယူ စေလိုတဲ့သဘောနဲ့ ရှေးလူများထားခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ညီညွတ်ရေးရဖို့ ဆောင်ရွက်ရတာ တ ကယ်မလွယ်ပါဘူး။

အခြားတိုင်းပြည်တွေမှာတော့ ဘယ်လိုရှိမလဲ မသိပါ။ မြန်မာ့နိုင်ငံရေးသမိုင်း ဖြစ်စဉ်မှာတော့ လူတွေရဲ့ အ သည်းနှလုံးကို အောင်မြင်ထားတဲ့ ခေါင်းဆောင်တွေ ဦးဆောင်မှ ညီညွတ်ရေးကို ဆောင်ရွက်ရတာ ပိုမိုချော မွေ့စေပါတယ်။ သူလို ကိုယ်လိုလူမျိုးက ၀င်ပြောတဲ့ ညီရွတ်ရေးဟာ လက်တွေ့မှာ အရာထင်ဖို့ အလွန့်အလွန် အခွင့်အရေး နည်းပါးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးက ညီရွတ်ရေးကို အတိုင်းအတာတခုအထိ တည် ဆောက်နိုင်ခဲ့တာဟာ သူက အောင်ဆန်းဖြစ်နေလို့ပါ။ အောင်ဆန်းကို လူတွေက ယုံကြည်ကိုးစားလို့ ဖြစ်ပါ တယ်။

အဲတာကိုလည်း စစ်ဗိုလ်ချုပ်တွေက ကောင်းကောင်းသိနေတော့ အခုခေတ်မှာ ဒေါ်စုကို ထိန်းသိမ်းထားတယ်။ ဒါ့အပြင် အဆင့်အလိုက် နေရာအလိုက် အရေးပါတဲ့ လူကြည်ညိုတဲ့ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးထား လိုက်ပါတယ်။ ညီညွတ်ရေးတည်ဆောက်ဖို့ အခွင့်အလမ်း နည်းသွားအောင် ပိတ်ဆို့လိုက်တာပါ။ တချိန်တည်း မှာလည်း နိုင်ငံရေးလုပ်ငန်းတွေ အားနည်းသွားအောင် ချေမှုန်းတဲ့သဘောလည်း သက်ရောက်သွားပါတယ်။

နောက်တချက်ကတော့ ညီရွတ်ရေးတခုထဲ သာမက အခြားလိုအပ်ချက်များကိုလည်း ဖြည့်တင်းနိုင်ဖို့လိုပါ တယ်။ ထို့အတွက် လိုအပ်တဲ့ အရေအတွက်၊ လိုအပ်တဲ့ အရည်အချင်းများကို ဖြည့်တင်းနေဖို့ မပြတ်လိုပါ တယ်။ အဲသလို ဖြည့်တင်းနိုင်တာတောင်မှ တပြိုင်တည်းမှာ လိုအပ်တဲ့အချိန်ကာလမှာ လိုအပ်သလို ဆောင် ရွက်နိုင်ဖို့ အခြေအနေပေးမပေး ဆိုတာမျိုးကိုလည်း မေ့ထားလို့ မရပါဖူး။ ကိုယ့်ပြည်တွင်း အခြေအနေ၊ ဒေ သတွင်းအခြေအနေနဲ့ ကမ္ဘာ့အခြေအနေများအားလုံး အကျုံးဝင်ပါတယ်။

ကိုအောင်နိုင်ဦးနဲ့ ကိုညိုအုန်းမြင့်တို့ နှစ်ဦးစလုံး တင်ပြကြတဲ့အခါမှာ တိုင်းပြည်ကောင်းစေချင်တဲ့ စိတ်စေတ နာမျိုးနဲ့ ပြောတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ သို့သော် သူတို့ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ အနှစ် (၂၀) ကာလလောက်တုန်းက အဲသလို သိခဲ့ရင် နားလည်ခဲ့ရင် ခေါင်းဆောင်များကို အကြံကောင်းများ ပေးနိုင်ခဲ့မှာပါ။ ဒါတောင် ကာလအခြေအနေက သူတို့သိတဲ့အတိုင်း အကြံပေးဖို့ တင်ပြဖို့ အခွင့်သာဖို့လည်း လိုပါတယ်။ ဆိုလိုတာက အဲဒီအချိန်မှာ ကိုယ်ပြောတဲ့အတိုင်း ခေါင်းဆောင်တွေ လိုက်ပါဆောင်ရွက်မှာလား (သို့) ကိုယ့် အကြံပေးမှုဟာ ခေါင်းဆောင်တွေအထိပေါက်ရောက်ဖို့ အခြေအနေကပေးရဲ့လားဆိုတာလည်း ထည့်တွက် ဖို့လိုပါတယ်။ ကိုယ်ပေးတဲ့အကြံဟာ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ရောကိုက်ရဲ့လားဆိုတာလည်း သိဖို့လိုပါတယ်။

ဒါ့ကြောင့် အခုအချိန်ကျမှ အာဏာကို ခွဲဝေယူဖို့ပြောရင် စစ်အစိုးရကိုယ်၌ကကော လက်ခံပါ့မလားဆိုတာ လည်း အလေးအနက် စဉ်းစားစရာပါ။

နောက်ဆုံးတချက်အနေနဲ့ အကြံပေးလိုတာက ကျနော်တို့ မြန်မာပြည်သားအားလုံးမှာ တိုင်းပြည်ကောင်း ကျိုးအတွက် တာဝန်ရှိပါတယ်။ ငါက နိုင်ငံရေးအဖွဲ့အစည်းက မဟုတ်ဘူး။ ဒါ့ကြောင့် အနေသာကြီးလို့ မစဉ်း စားသင့်ပါဘူး။ ငါက လေ့လာသူသာဖြစ်တယ်။ ငါကတော့ ဂျာနယ်လစ်သာဖြစ်တယ်။ ငါကတော့ အဲန်ဂျီအို သာဖြစ်တယ်။ ဒါကြောင့် ငါတို့ပြောသမျှ သင်းတို့ နားထောင်ပေရော့ဆိုတဲ့ စိတ်ထားမျိုး မထားအပ်ပါ။

တကယ့်ညီညွတ်ရေးကို လိုလားတယ်ဆိုရင် ဘယ်တော့မှ အချိန်နှောင်းတယ်မရှိပါ။ ညီညွတ်ရေးကို အားဖြစ် စေတဲ့ ဝေဖန်သုံးသပ်မှုတွေ၊ အကြံပေးမှုတွေ၊ ခွဲခြမ်းစိတ်ဖြာမှုတွေကို စနစ်တကျ မာန်မာနကင်းကင်းနဲ့ ဆောင် ရွက်ပေးမယ်ဆိုရင် ကိုယ့်အသံကို လူတွေက တလေးတစားနဲ့ နားထောင်ကြမှာ ဖြစ်ပါတယ်။

ဇော်မင်း(လူ့ဘောင်သစ်)
၂၇၊ သြဂုတ်လ၊ ၂၀၀၈ ခုနှစ်

No comments: