Saturday, August 30, 2008

မောင်ချောနွယ်အတု (ကဗျာ)

မောင်ချောနွယ်အတု
မောင်ချောနွယ်

မောင်ချောနွယ်အတုက ပြောတယ်
သန်းလေးဆယ်အတွက်
ထွန်ယက်ခဲ့ပါတယ်တဲ့
ကိုယ့်အတ္တမှ ကိုယ်မသေချာတဲ့
မောင်ချောနွယ်အတုကလေ …
သူတစ်ပါးချမ်းသာရေးအတွက် ပါဝင်ခဲ့ပါတယ်တဲ့
မောင်ချောနွယ်အတုကလေ …
မျက်လှည့်ဆရာရဲ့ ‘ဘင်’ ကိုမှ ၀ယ်မယ်တဲ့
မောင်ချောနွယ်အတုကလေ …
တစ်ဖက်သားကို ဒုက္ခပေးပုံပေါ့
ခမျာမှာ ဒီဘင်လေးနဲ့ လူစုရရှာတာကို
ဒီဘင်ကိုမှ ၀ယ်ဖို့ကြိုးစားနေလေရဲ့ …။

မောင်ချောနွယ်အတုက ပြောတယ်
အလမ္မာယ်ဆရာရဲ့ မြွေကိုဝယ်မယ်တဲ့
ဒီမြွေလေး ပြပြပြီးစားရတဲ့ တစ်ဖက်သားကိုမှလေ …။

မောင်ချောနွယ်အတုက ပြောတယ်
သူများတိုက်တဲ့ ရေခဲစိမ်ဘီယာကို
သူ့ခွက်ထဲ အရင်ထည့်ပေး
သူ့ကိုအရင်သောက်စေခြင်းနဲ့
မြှောက်စားရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ငါတို့ဟာ
အေသင်မြို့သားတစ်ဦးလို တွေးခေါ်ရမယ်
ဆိုကရေးတီး မဟုတ်ခဲ့တာ
သေချာဖို့လိုတယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
ဂိုးလ်ဒင်းဂိတ်တံတားကြီးပေါ်ကနေ
ကမ္ဘာလောကကြီးကို ရှုမျှော်ကြည့်ရမယ်တဲ့ …။

မောင်ချောနွယ်အတုကပြောတယ်
မက်ဒေါနားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
ဂေါ်ဘာချော့လည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လန်ဒန် ဒေါင်းနင်းသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
တောမရွာသားလည်း ဒုလ္လဘတစ်ခုနဲ့ပဲ
လူ့ဘ၀လောက် မှားယွင်းခွင့်ရှိတာ
ဘယ်ရှိမလဲတဲ့ …
လူညံ့ရွေးတဲ့နေရာမှာ တော်ရမယ်လို့
မောင်ချောနွယ်အတုက ပြောတယ်။

မောင်ချောနွယ်အတုဟာ
သူ့ဇနီးသည်
ညီမလေး မမမြင့်မှာ
(တကယ်တော့
ညီမလေးပါပဲ
သူ့ကို ကဗျာဆရာဖြစ်စေခဲ့သမို့
ညီမလေး မမမြင့်လို့
သူက ဂုဏ်ရည်မြှင့်ခေါ်ခဲ့တာပါ)
နှုတ်ခဲ့ရတဲ့ သွားတစ်ချောင်း
ပြန်စိုက်ပေးရဦးမယ်လို့
နေ့စဉ်နေ့စဉ် ထိသိနေရသူ
သတိတရ အားစိုက်နေရသူ
အချစ်ကို
သွားတစ်ချောင်းအပေါ် ပုံနေရသူမျှသာ
ဖြစ်လေရဲ့။

တကယ်တော့
မောင်ချောနွယ်အတုဟာ လူဖြစ်ပြီး
မောင်ချောနွယ်အစစ်ဟာ
လူမဟုတ်ဘူးလို့ မပြောလိုက်ကြပါနဲ့။ ။

မောင်ချောနွယ်

No comments: