Saturday, August 2, 2008

လွမ်းလွန်လွန်းလို့ လွန့်လွန့်လူး

မြားကြီး

ပြည်တွင်းစာပေလောကမှာ မြားကြီးရှိစဉ်တုန်းက စာပေလောကသားတွေရဲ့ ပြုံးချင်စရာ ဖက်ရှင်တခုအ ကြောင်းကို ပြောပြချင်မိရဲ့။ ဘယ်လိုပြုံးချင်စရာ ဖက်ရှင်လဲဆိုတော့ စာပေလောကမှာ စာရေးဆရာကြီး (သို့) စာရေးဆရာမကြီး တဦးဦး ကွယ်လွန်ပြီဆိုတာနဲ့ နောက်နေ့ထုတ် ဂျာနယ်၊ နောက်လထုတ် မဂ္ဂဇင်းတွေမှာ ကွယ်လွန်သူကို အလွမ်းသယ်တဲ့ ဆောင်းပါးတွေ၊ ကဗျာတွေ၊ အမှတ်တရ စကားတွေကို သူ့ထက်ငါဦးအောင် အလုအယက် ရေးကြတာပါပဲ။

မကွယ်လွန်မီအချိန်က လူနာမေးတောင် မသွားခဲ့တဲ့သူက သုဿာန်လည်းရောက်ရော လူတွေကြားမှာ ဂုဏ် ပြုကဗျာရှည်ကြီးကို ငိုသံပါကြီးနဲ့ နန်းစတော့ပ် ရွတ်လိုရွတ်။ တချို့ကျတော့ အသုဘချခါနီး လူစည်တဲ့ အချိန် ကျမှ စားပွဲကို ဒုန်းကနဲ လက်သီးနဲ့ထုပြီး ‘ဒါ … ငါ့ဆရာကွ’လို့ အရှက်မရှိ အော်လိုအော် (ကွယ်လွန်သူက မသေခင်က သူ့ကို တပည့်အဖြစ် အသိအမှတ်ပြုသွားရဲ့လားမသိ)။ တချို့ကျတော့ ကွယ်လွန်သူ သက်ရှိ ထင်ရှားရှိစဉ်က အတင်းဝင်အတင်းထွက် မိတ်ဆက်ရင်း တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ လွမ်းချင်းဆောင်းပါး ရှည်ကြီးတွေ အခန်းဆက်ရေးကာ ‘စာရေးဆရာကြီး မကွယ်လွန်မီက လေထန်ကုန်းတွင် အမှတ်တရ’ဆိုတာ က တမျိုး၊ ‘စာရေးဆရာမကြီး မကွယ်လွန်မီက ဆွမ်းကျွေးတခုတွင် အမှတ်တရ’ ဆိုတာက တသွယ်၊ ‘စာရေး ဆရာကြီး မကွယ်လွန်မီက စာရေးသူနှင့် ဘီယာအတူတူ သောက်ခဲ့ကြစဉ်’ ဆိုတာက တနည်း မပြီးနိုင်မစီးနိုင် အလွမ်းသယ်ကြလေတော့ရဲ့။ မသိရင် ကွယ်လွန်သူ စာရေးဆရာကြီးနဲ့ပဲ လည်ပင်းဖက် ကြီးပြင်းခဲ့သယောင် ယောင်။

စာရေးဆရာတဦးကကျတော့ ကွယ်လွန်သူ စာရေးဆရာကြီးဟာ သူနဲ့ ခေတ်ပြိုင်လည်း မဟုတ်၊ သူ့ထက် လည်း စာပေသြဇာကြီးတဲ့ ပုဂ္ဂိုလ်ဖြစ်တာကို သိသိကြီးနဲ့ မီးသင်္ဂြိုဟ်စက်ထဲ ထည့်ခါနီးမှာ ‘သူငယ်ချင်းရေ သွားနှင့်တော့’လို့ အသံကွဲကြီးနဲ့ အသားလွတ် အသားယူပြီး ထအော်တော့ အကြောင်းသိတဲ့ လူတွေက ပြုံးစိစိ ဖြစ်ကုန်ကြတာပေါ့။ ကဗျာဆရာတဦးကျတော့လည်း ကွယ်လွန်တဲ့ ဆရာကြီးကို အလေးနီနဲ့ ဂုဏ်ပြုဖို့ ဘယ် သူကိုမှ ကြိုမပြောဘဲ ရုပ်ကလာပ်ဘေးကနေ အားလုံး‘ငြိမ်’လို့ အော်လိုက်တာကို ရေချိန်ကိုက်ပြီး ကြေကွဲနေတဲ့ ပန်းချီဆရာကြီးတဦးက ‘ဘာလို့ ငြိမ်ရမှာလဲကွ’ လို့ ပြန်အော်လိုက်လို့ ပွဲပျက်ခဲ့ရတယ် ဆိုတာမျိုးလည်း မြားကြီး ကြားခဲ့ရဘူးရဲ့။ အဲဒါတွေကပဲ စာပေလောကရဲ့ ဖက်ရှင်တခု ဖြစ်နေတယ် ဆိုပါတော့။

တခါကျတော့ စာရေးဆရာကြီး မြသန်းတင့်ဟာ အိမ်မှာနေရင်း လှေကားပေါ်က ပြုတ်ကျပြီး ဦးခေါင်းကို ထိခိုက် မိသွားလို့ ရန်ကုန်ဆေးရုံကြီး ICU မှာ တင်ထားရတယ်။ ဆရာကြီးဟာ တကိုယ်လုံးမှာ ပိုက်တွေ တန်းလန်းနဲ့ သတိမေ့မြောနေတယ်။ အဲဒီသတင်းကိုကြားတော့ ဆေးရုံမှာ လူနာအခြေအနေ လာမေးတဲ့ သူတွေနဲ့ ပြည့်နှက်နေတာပေါ့။ အဲဒီအထဲမှာ စာရေးဆရာကြီးတဦးနဲ့ ဓာတ်ပုံဆရာကြီး တဦးလည်း ပါလေရဲ့။ လူတွေအုံခဲနေတဲ့ အချိန်မှာပဲ လူနာလာမေးတဲ့ စာရေးဆရာကြီးဟာ ဆရာကြီးမြသန်းတင့်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်တာနဲ့ ကုတင်ဘေးမှာ မူးလဲသွားသတဲ့။ ဘေးကလူတွေလည်း ယပ်ခတ်ပေးသူပေး၊ ရှူးဆေး ဗူး ပေးသူပေးနဲ့ ပျာယာခတ်ကုန်ကြသတဲ့။ ခဏကြာတော့မှ သတိပြန်လည်လာလို့ ဘေးကလူတွေအားလုံး စိတ်အေးသွားကြသတဲ့။

အပြန်ကျတော့ အဲဒီစာရေးဆရာကြီးက လမ်းဖြေးဖြေး လျှောက်လာရင်း အတူလာတဲ့ ဓာတ်ပုံဆရာကြီးကို ‘ဟေ့လူ … ကျုပ်မူးလဲသွားတုန်းက အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်လိုက်သေးလား’လို့ မေးသတဲ့။ ဓာတ်ပုံဆရာ ကြီးက ဖလင်ကုန်နေလို့ မရိုက်ဖြစ်လိုက်တဲ့ အကြောင်းပြောတော့ စာရေးဆရာကြီးက ‘သေလိုက်စမ်း’ ဆိုပြီး နဖူးကို လက်နဲ့ရိုက်သတဲ့။ မြားကြီးလည်း အဲဒီအဖြစ်အပျက်ကို ဆရာကြီး မြသန်းတင့်ရဲ့ နားရေးအပြီး တပတ်လောက်ကြာမှ စင်ထရယ်ဟိုတယ်အောက်က ဘီယာဆိုင်မှာ ဓာတ်ပုံဆရာကြီး ပြောပြလို့ သိရတာပါ။

ဓာတ်ပုံဆရာကြီးပြောတဲ့ စာရေးဆရာကြီးအကြောင်းကို နားထောင်ပြီးတာနဲ့ မြားကြီးတယောက် ဘီယာလေး မြုံ့ရင်း ပြုံးစိစိ ဖြစ်နေတော့တယ်။ မြားကြီးရဲ့ ပြုံးစိစိ မျက်နှာထားကို ကြည့်ပြီး ဓာတ်ပုံဆရာကြီးက ‘ဟေ့ ဆရာသမား … တယောက်တည်း ဘာတွေပြုံးစိစိ ဖြစ်နေတာလဲ’လို့ မေးတယ်။ မြားကြီးက ‘အော် မူးလဲသွားတဲ့ ဆရာကြီးအကြောင်း စဉ်းစားနေမိလို့ပါ။ ကြည့်ရတာ စာရေးဆရာကြီးက သူ ဆရာမြသန်းတင့် ကုတင်ဘေးမှာ မူးလဲသွားတုန်းကပုံကို သူရေးတဲ့ ဆရာမြသန်းတင့် လွမ်းချင်းဆောင်းပါးရှည်ကြီးမှာ ထည့်သုံးချင်လို့နဲ့ တူပါ တယ်။ ဆေးရုံကို ဆရာမြသန်းတင့် ကျန်းမာရေး အခြေအနေ သွားမေးစဉ်က စာရေးသူ စိတ်ထိ ခိုက်ပြီး မူးမေ့လဲကျသွားပုံ ဆိုပြီးတော့လေ။ ဒါပေမယ့် ဆရာက ဖလင်ကုန်နေတာ တာဝန်မကျေသလို ဖြစ် တာပေါ့’လို့ ပြုံးစိစိနဲ့ ပြောလိုက်တော့ ဓာတ်ပုံဆရာကြီး တ၀ါးဝါးထရယ်တာ ဘီယာတွေသီးပြီး ချောင်းတ ဟွတ်ဟွတ် ဖြစ်နေပါတော့တယ်။

မြားကြီး

No comments: